← Chapters

အခန်း ၁၀၇၄

Vol. 72 Ch. 1074

အခန်း ၁၀၇၄

Vol. 72 Ch. 1074

Chapter 1074 ဖျင်အန်းမြို့၏ မင်းသား

“ဒါ … ဒါကို အစ်ကိုယဲ့ လုပ်လိုက်တာလား”

ကျုံးလီအာ အလွန်အမင်း မှင်တက်အံ့ဩမိနေ၏။ ကြမ်းပြင်ပေါ်မှ အလောင်းများကိုကြည့်ပြီး မျက်စိရှေ့မှ နတ်ဆိုးဆန်သောပုံရိပ်နှင့် သူမ၏ ကြင်နာတတ်သော အစ်ကိုယဲ့အား သူမ ယှဉ်ကြည့်၍ မရနိုင် ဖြစ်နေသည်။ သူမဘေးမှ ကင်းမြီးကောက် လူသတ်သမားကမူ မချိပြုံး ပြုံးနေလေသည်။

“မမလေး လီအာ၊ လူ … လူကြီးမင်းက မကောင်းဆိုးဝါးလိုပါပဲ”

*မကောင်းဆိုးဝါး*

ဤစကားမှလွဲ၍ ယဲ့ဖန်နှင့် လိုက်ဖက်ညီသော စကားလုံးကို ကင်းမြီးကောက် လူသတ်သမား စဉ်းစားမရချေ။ ရက်စက် ကြမ်းကြုတ်၍ သွေးဆာလွန်းသူ။ မကောင်းဆိုးဝါးဟူသော စကားလုံးကသာ မျက်စိရှေ့မှ လူ၏ပုံစံကို အပြည့်အဝ ဖော်ပြနိုင်၏။

တစ်ဖက်တွင်မူ မိန်းမဝကြီးသည် ကြောက်လန့်တကြားဖြင့် ကြမ်းပြင်ပေါ် လဲကျသွားသည်။

“ဘယ်လို ... ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”

သူမသည် သွေးပေနေသော ဘူးတောင်းသဖွယ် ဖြစ်နေသော အဆိပ်မိကျောင်းကို ကြည့်လိုက်ပြီးနောက် ကြမ်းပြင်အနှံ့ ပျံ့ကြဲနေသော အလောင်းများကို တစ်ဖန်လှည့်ကြည့်မိကာ သတိလစ်လုနီးပါး ဖြစ်သွားလေသည်။

ယဲ့ဖန်က အမှိုက်တစ်စသာ ဖြစ်သည်ဟု သူမ ထင်ခဲ့သောကြောင့် တော်ဝင် ဟင်းလျာ အမွေအနှစ်ကို လုယူရန်နှင့် သူမ အရှက်ကွဲခဲ့ရသည့်အတွက် လက်စားချေရန် အဆိပ်မိကျောင်းနှင့် ဖိအားပေး၍ နှိပ်စက်ရန် ရောက်လာ ခဲ့သည်။

သို့ရာတွင် ရလဒ်က ဤသို့ ဖြစ်လာလိမ့်မည်ဟု သူမ ထင်မထားမိပေ။ ယဲ့ဖန်၏ခွန်အားက အလွန် ပြင်းထန်မှန်း သူမ ကြိုသိခဲ့ပါက တစ်ပါးသူက သူမကို သတ်မည်ဟု ခြိမ်းခြောက်လျင်တောင်မှ ယဲ့ဖန်ကို သူ ရန်စမိမည် မဟုတ်ပါ။ ယခုအခါတွင်မူ အရာအားလုံး အဆုံးသတ်သွားလေပြီ။

ယဲ့ဖန်က ရွှေရောင်ဓားကို ကိုင်ဆွဲ၍ အဆိပ်မိကျောင်းထံသို့ တစ်လှမ်းချင်း လှမ်းသွားသည်ကို သူမ မြင်လိုက်ရသောအခါ သူမ၏ အမြင်များ ဝေဝါး၍ သတိလစ်လာပြန်သည်။

“မင်း ... မင်း ငါ့ကို သတ်လို့မရဘူး၊ မင်း ငါ့ကို မသတ်နိုင်ဘူးကွ”

အဆိပ်မိကျောင်း အလွန် ကြောက်ရွံ့နေ၏။ ဤမျှ ရူးသွပ်သော လူမျိုးကို သူ တစ်ခါမှ မမြင်ဖူးပါ။ သူကိုယ်တိုင်တောင်မှ ယဲ့ဖန်၏လက်ထဲတွင် တစ်ချက်လေးမှ မခုခံနိုင်သလို သူ၏ တစ်ရာကျော်သော လူများသည် ကြက်ကလေး၊ ငှက်ကလေးကဲ့သို့ အသတ်ခံလိုက်ရသည်။

ယဲ့ဖန်၏ တိုက်ပွဲဝင်ခွန်အားက ရက်စက်လွန်းလှသည်။

“မင်းကို သတ်လို့မရဘူး ဟုတ်လား”

ယဲ့ဖန်က ထီမထင်ဟန်ပြုံး၍ အဆိပ်မိကျောင်းကို စူးစိုက်ကြည့်ပြီး မေးလိုက်သည်။

“အဲ့လိုမသတ်နိုင်တဲ့ အကြောင်းပြချက်လေး တစ်ခုလောက် ပြောကြည့်ပါဦး”

ထိုစကားကြောင့် အဆိပ်မိကျောင်း၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။ သို့သော် သူသည် တစ်စုံတစ်ရာကို စဉ်းစားမိပြီးနောက် ဝမ်းသာအားရ ဖြစ်လာပြီး အမူအရာက တင်းမာလာလေသည်။

“ငါက မင်းသားရဲ့လူပဲ၊ မင်း ငါ့ကို သတ်ရင် မင်းသားရဲ့ လက်စားချေတာကို ခံရလိမ့်မယ်”

“အဲ့အခါကျရင် မင်းတင်မကဘဲ မင်းအနားက လူတွေအားလုံး သေမှာကွ”

အဆိပ်မိကျောင်း၏ စကားများက ကြမ်းကြုတ်ရက်စက်လှသည်။ မင်းသားဟူသော အမည်နာမကို ကြားလိုက် ရသောအခါ ဘေးပတ်လည်မှ လူများအားလုံး အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။ ကင်းမြီးကောက် လူသတ်သမားတောင်မှ မျက်နှာပျက်သွားရသည်။

“လူကြီးမင်းယဲ့၊ အဆိပ်မိကျောင်းက မင်းသားနဲ့ ပတ်သက်နေတယ်လို့ ကောလာဟလတွေ ရှိပါတယ်၊ ဒီကိစ္စကို ... မေ့လိုက်တာ ပိုကောင်းပါတယ်”

ကင်းမြီးကောက် လူသတ်သမားက စိုးရိမ်နေသော အမူအရာဖြင့် ယဲ့ဖန်ကို ပြောလိုက်သည်။ ကင်းမြီးကောက် လူသတ်သမား ပြောသည်ကို နားထောင်ပြီး မိန်းမဝကြီးကပါ အလျင်အမြန် ဝင်ပြောလေသည်။

“လူငယ်လေး၊ အရှင် ကင်းမြီးကောက် ပြောတာမှန်တယ်၊ မင်းသားက မင်း လုံးဝ ရန်မစနိုင်တဲ့ လူတစ်ယောက်ပဲ၊ ပြီးတော့ မင်းလည်း ဒေါသထွက်ပြီး လူသတ်ခဲ့ပြီးပြီပဲ၊ ငါတို့ ဒီမှာပဲ ရပ်လိုက်ရအောင်လား”

လက်ရှိတွင် မိန်းမဝကြီးသည် စိတ်ထဲ၌ ပျော်ရွှင်နေ၏။

“မင်းမပြောနဲ့၊ ဖျင်အန်းတစ်မြို့လုံးက ပထမတန်းစား မိသားစု ခုနစ်ခုတောင်မှ မင်းသားကို ရန်မစရဲဘူး”

“ဒီတစ်ခေါက် အဆိပ်မိကျောင်း ဒီလာတာကို မင်းသားလည်း သိတယ်၊ မင်းသာ သူ့ကို သတ်လိုက်ရင် မင်းသားရဲ့ ရန်သူ ဖြစ်သွားမှာပဲ”

မင်းသားဟူသော နာမည်က တောင်တန်းတစ်ခုဟု ထင်မှတ်ရပြီး မည်သူမှ အသက်ရှူရ ကြပ်သလို ဖြစ်နေကြသည်။

ကင်းမြီးကောက် လူသတ်သမားနှင့် ကျုံးလီအာတို့တောင်မှ ထိုသို့ဖြစ်နေကြလေသည်။ အားလုံး၏ အမူအရာများကို ကြည့်ပြီး ယဲ့ဖန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။

အဆိပ်မိကျောင်း၏ နောက်ကွယ်၌ မင်းသားဟူသော သောက်ကောင်တစ်ကောင် ရှိနေလိမ့်မည်ဟု သူ ထင်မထားမိချေ။

တစ်စုံတစ်ရာကို တွေးမိသွားပြီးနောက် ယဲ့ဖန်က မချိုမချဉ်ပြုံးလိုက်ပြီး အဆိပ်မိကျောင်းကို ပြန်ကြည့်၍ ပြောလိုက်သည်။

“ဒီလိုဆိုမှတော့၊ ငါ့ကို မင်း လာဖမ်းတာကရော အဲ့မင်းသားရဲ့ အကြံပဲလား”

ထိုစကားကြောင့် အဆိပ်မိကျောင်း အံ့ဩသွားလေသည်။ ထို့နောက် ယဲ့ဖန် ကြောက်သွားပြီဟု ထင်သွားလေ၏။ မင်းသား၏ နာမည်သတင်းက ကြောက်စရာ ကောင်းလှသလို သူ၏နောက်ကွယ်မှ အင်အားစုကလည်း ကြောက်စရာ ကောင်းပေသည်။ သူသည် မင်းသား၏ ခွေးအဆင့်မျှသာ ရှိလေသည်။

ထို့ကြောင့် ယဲ့ဖန် ကြောက်သွားသည်က ပုံမှန်ဖြစ်လေ့ရှိသော ကိစ္စပင်။ ထိုသို့နားလည်သွားပြီးနောက် အဆိပ်မိကျောင်း၏ ကြောက်စိတ်များ တဖြည်းဖြည်း လွင့်ပြယ်သွားပြီး ရင်ကိုကော့၍ ယဲ့ဖန်ကို ပြန်ပြောလိုက်သည်။

“ဒါပေါ့၊ ငါ ဒီကိုမလာခင် မင်းသားကို သတင်းပို့ခဲ့တယ်”

“မင်းသားက သဘောတူလို့ ငါ ဒီကို လူတွေခေါ်လာခဲ့တာ”

ယဲ့ဖန် တစ်ချက်ပြုံးလိုက်ပြီးနောက် ခုံတစ်လုံးကို ဆွဲယူ၍ ထိုင်လိုက်သည်။

“ခေါ်လိုက်”

သူ့စကားကြောင့် အဆိပ်မိကျောင်းနှင့် အခြားသူများ အံ့ဩသွားပြီး ဘာမှမပြောနိုင်တော့ချေ။

“ငါ မင်းကို အဲ့မင်းသားဆီ ခေါ်ဖို့ ပြောနေတာ”

“ငါ သူနဲ့ စကားပြောမယ်”

ယဲ့ဖန်သည် ပြဿနာများကို မနှစ်မြို့ပါ၊ ယခု ပြဿနာများကို ပြိုင်တူ ဖြေရှင်းနိုင်ပေတော့မည်။ မင်းသားဟု ခေါ်သောလူကိုလည်း သူ သိချင်မိသည်။

ယဲ့ဖန်စကားကို ကြားလိုက်ရသောအခါ အဆိပ်မိကျောင်း၊ ဖန်းရီပေါ်နှင့် အခြားသူများအားလုံး စိတ်အေးသွားပြီး သက်ပြင်းချလိုက်မိသည်။

ယဲ့ဖန်က ဤအခွင့်အရေးကို အသုံးချ၍ မင်းသားနှင့် သိကျွမ်းချင်နေသည်ဟု သူတို့ ထင်သွားကြလေသည်။ တစ်နည်းအားဖြင့် ဆိုရလျင် မင်းသား ရောက်လာသည်နှင့် မင်းသားကို မျက်နှာလို မျက်နှာရ လုပ်မည်ဟု ထင်နေကြသည်။

ထိုသို့ ထင်သွားပြီးနောက် အဆိပ်မိကျောင်းသည် စိတ်ထဲ၌ ကျိတ်၍ လှောင်ပြောင်လိုက်ပြီး ယဲ့ဖန် ကိုယ့်သေတွင်း ကိုယ်တူးနေသည်ဟု ထင်နေ၏။

*မင်းသားနဲ့ တွေ့ချင်တယ်ပေါ့*

*မင်းကများ*

သို့သော် သူသည် အရေးမပါသော စကားများ ပြောမနေဘဲ ဝမ်းကွဲအစ်မကို မျက်စိမှိတ်ပြလိုက်သည်။ ထိုအခါ မိန်းမဝကြီးက လက်၌ပတ်ထားသည့် နာရီကို အသာထိ၍ နံပါတ်တစ်ခုကို ခေါ်လိုက်သည်။

ပုံရိပ်ယောင် ဖန်သားပြင်တစ်ခု ပေါ်လာသည်။ ဖန်သားပြင်ထဲမှနေ၍ ညစ်ညမ်းသော အော်သံများ ထွက်ပေါ်လာ၏။ ထို့အတူ ဖန်သားပြင်တွင် လူငယ်တစ်ယောက်က မိန်းမလှများနှင့် အိပ်ရာထက်၌ လူးလှိမ့်နေသော မြင်ကွင်းတစ်ခု ပေါ်လာလေသည်။

ထိုလူငယ်၏ မျက်နှာက ဖြူရော်နေပြီး ခန္ဓာကိုယ်က ဝိုင်ကြောင့် ချောင်ကျနေသည်။ ခန္ဓာကိုယ်အောက်မှ မိန်းမလှလေးများကို ဖျက်ဆီးရင်း ခေါင်းပင်မော့မကြည့်ဘဲ အမောတကာ ပြောလိုက်သည်။

“အဆိပ်မိကျောင်း၊ မင်း တော်ဝင်ဟင်းလျာ အမွေအနှစ်ကို ရလာပြီလား”

ထိုလူငယ်သည် ဖန်သားပြင်ကို တစ်ချက်ကလေးမှ မကြည့်သဖြင့် အဆိပ်မိကျောင်း မည်မျှ အဖြစ်ဆိုးနေသလဲ မသိပေ။ ထိုစကားကြောင့် အဆိပ်မိကျောင်းက ယဲ့ဖန်ကို မကြည်ကြည့် တစ်ချက်ကြည့်၍ ပြန်ပြောလိုက်သည်။

“တောင်းပန်ပါတယ်၊ မင်းသား၊ ကျွန်တော် မအောင်မြင်ခဲ့ပါဘူး၊ အခြေအနေက ရှုပ်ထွေးသွားပါတယ်၊ မင်းသား ကိုယ်တိုင် ဒီလာမှ ဖြစ်ပါမယ်”

ထိုစကားကြောင့် ဖန်သားပြင်ပေါ်မှ လူငယ်သည် လှုပ်ရှားမှုကို ရပ်တန့်၍ ဖန်သားပြင်ကို လှမ်းကြည့်လာသည်။ ထိုအခါတွင်မှ သူ ထိတ်လန့်သွားရသည်။

အဆိပ်မိကျောင်း သွေးအလိမ်းလိမ်း ဖြစ်နေသည်ကို သတိထားမိပြီးနောက် သူ၏ ဖြူရော်သော မျက်နှာထားက တင်းမာလာသည်။

“ဟိုကောင် လုပ်တာလား၊ မင်း ငါမင်းသားရဲ့ နာမည်ကို ထုတ်မပြောဘူးလား”

ဤလူငယ်သည် သူ့နာမည်ကိုသာ ထုတ်ပြောလိုက်ပါက မည်သူမှ မလှုပ်ရှားဝံ့တော့ဟု ထင်မှတ်နေ၏။ အဆိပ်မိကျောင်းက အောင့်သက်သက်ပြုံးကာ ပြန်ပြောလိုက်သည်။

“မင်းသား၊ သူက မင်းသားနဲ့ စကားပြောချင်တယ်တဲ့၊ ကျေးဇူးပြုပြီး ဒီကို လာခဲ့ပေးပါ”

“ဟမ့် ... တွားသွားကောင်ကများ၊ တော်ဝင် ဟင်းလျာ အမွေအနှစ်ကြောင့်သာ မဟုတ်ရင် ငါ သူ့ကို ပျင်းလွန်းလို့ အရေးတောင် လုပ်မိမှာ မဟုတ်ဘူး”

ထိုလူငယ်သည် ဤသို့ပြောနေသော်လည်း တော်ဝင် ဟင်းလျာ အမွေအနှစ်နှင့် ပတ်သက်၍ အလွန် စိတ်လှုပ်ရှား နေမှန်း သိသာလှသည်။

“သူ့ကို စောင့်ခိုင်းထားလိုက်၊ ငါ ခဏနေရင် လာခဲ့မယ်”

ထိုစကားအဆုံး၌ ဖန်သားပြင် ပြန်ပိတ်သွားသည်။ ထိုအခါ ဘားတစ်ခုလုံး ဆူညံ ပွက်လောရိုက်လာပြန်၏။

“မင်းသား လာမှာလား၊ ဒီလူလည်း မင်းသားရဲ့ နာမည်ကို ကြားပြီး ကြောက်သွားတဲ့ပုံပဲ၊ အဲ့ဒါကြောင့် မင်းသားကို နှုတ်ဆက်ချင်နေတာ ဖြစ်မယ်”

“ဟုတ်တာပေါ့၊ ဖျင်အန်းမြို့က သိုင်းပညာရှင်တွေထဲမှာ မင်းသားရဲ့ အကိုင်းအခက်ကို မခိုချင်တဲ့သူ ဘယ်သူ ရှိလို့လဲ”

“...”

လူတိုင်း ပြောဆိုဆွေးနွေးနေကြပြီး တစ်ယောက်ပြီး တစ်ယောက် ယဲ့ဖန်ကို အလွန် အထင်သေးဟန်ဖြင့် ကြည့်လာကြသည်။

သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်က တစ်ဖက်လူ၏ လူများကို သတ်ခဲ့သော်လည်း တစ်ဖက်လူအား လှည့်စားချင်နေပြီး တစ်ဖက်လူ ရောက်လာသည်နှင့် အရှက်မရှိ မျက်နှာလုပ်မည်ဟု ထင်နေကြလေသည်။ ဖန်းရီပေါ်နှင့် အခြားသူများ တောင်မှ ယဲ့ဖန်ကို ပျက်ရယ်ပြုလာပြန်သည်။

“ချီး ... ဘာတွေများ တော်နေလို့လဲ၊ မင်းသားရဲ့ နာမည်ကို ကြားတာနဲ့ ဘာမှမလုပ်ရဲတော့ဘူး မဟုတ်လား”

“ဟုတ်တယ်၊ ခဏနေရင် မင်းသားက ဒီကို ရောက်လာတော့မှာ၊ သူက ဒီအခွင့်အရေးကို အလွတ်မပေးဘဲ စကား ပြောချင်နေသေးတယ်”

“...”

ဆယ့်ငါးမိနစ်ပင် မပြည့်သေးခင်မှာပင် တံခါးဝမှ ခြေသံများ ထွက်ပေါ်လာပြီး များစွာသော ကိုယ်ရံတော်များ နှင့်အတူ လူငယ်တစ်ယောက် ဝင်လာ၏။

“ဘယ်ကောင် ငါ့ခွေးကို ဒဏ်ရာရအောင် လုပ်တာလဲ”

“ဒီမင်းသားရှေ့ ထွက်မလာသေးဘူးလား”

All Chapters