← Chapters

အခန်း ၁၀၈၀

Vol. 72 Ch. 1080

အခန်း ၁၀၈၀

Vol. 72 Ch. 1080

Chapter 1080 အမည်မသိ လူကြီးမင်း ... ဒဏ္ဍာရီတစ်ပုဒ်

“ဒါ ... ဒါ ဘာကျင့်စဉ်လဲ”

အဆိပ်မိကျောင်းနှင့် မိန်းမဝကြီးတို့ အမှုန်ဖြစ်ပြီး ပျောက်ကွယ်သွားသည်ကိုကြည့်ပြီး ဘားထဲမှ လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားကြသည်။

“သေသွားပြီလား၊ ဘာအရိုးမှတောင် မကျန်ခဲ့ဘူး၊ မြတ်စွာဘုရား ... အမည်မသိ လူကြီးမင်း ဘယ်လိုလုပ် လိုက်တာလဲ”

လူတိုင်း၏ မျက်နှာ၌ ကြောက်လန့် အံ့ဩမှုများနှင့် ပြည့်နှက်သွားသည်။ ထန်မင်လီနှင့် ထန်ယွင်အာတောင်မှ စိတ်ထဲတွင် ပြင်းစွာ တုန်လှုပ်သွားကြသည်။

တစ်ချက်ကြည့်ရုံနှင့် လူကို အမှုန့်ဖြစ်သွားအောင် လုပ်နိုင်သော ကျင့်စဉ်။ ဤကျင့်စဉ်အား သူတို့ မကြားဖူးသလို မြင်လည်း မမြင်ဖူးကြချေ။ ကြောက်စရာ ကောင်းလွန်းလှပါ၏။

သို့သော် ယဲ့ဖန်က ပုရွက်ဆိတ်နှစ်ကောင်ကို သတ်လိုက်သည်ဟု သဘောထားပုံရပြီး မျက်နှာက မထူးခြားပုံ ပေါ်နေ၏။ သူသည် နေရာ၌ အူကြောင်ကြောင်နှင့် ရပ်နေဆဲဖြစ်သော ကျုံးလီအာကို လက်ယပ်၍ လှမ်းခေါ်လိုက်သည်။

“လီအာ သွားကြမယ်”

“ဟင် ... အင်း”

ထိုအခါတွင်မှ ကျုံးလီအာ ထိတ်လန့်နေရာမှ သတိဝင်လာပြီး ချက်ချင်း နောက်သို့ အမီလိုက်၍ ယဲ့ဖန်နှင့်အတူ ဘုရင့်ဘားမှ ထွက်သွားလေသည်။ သူမသည်သာမက ကင်းမြီးကောက် လူသတ်သမားနှင့် အခြားသူများကလည်း နောက်မှ လိုက်သွားကြသည်။

ဤသည်ကိုကြည့်ပြီး ထန်မင်လီနှင့် ထန်ယွင်အာတို့ ဦးဆောင်သည့် တစ်ထောင်သော ထန်မိသားစုဝင်များနှင့် ဘားထဲမှ လူများအားလုံးတို့သည် ယဲ့ဖန်ထွက်သွားရာဘက်သို့ လှည့်၍ ဦးညွှတ် အရိုအသေ ပေးလာ၏။

“အမည်မသိ လူကြီးမင်းကို နှုတ်ဆက်ပါတယ်”

“အမည်မသိ လူကြီးမင်းကို နှုတ်ဆက်ပါတယ်”

“...”

ဘားထဲတွင် နှုတ်ဆက်သံများ ပဲ့တင်ထပ်နေ၏။ ဖျင်အန်းမြို့၏ ထိပ်တန်းပုဂ္ဂိုလ် ထန်မင်လီမှစ၍ သာမန်လူအဆုံး ထောင်ချီသော လူများက လူတစ်ယောက်ကို နှုတ်ဆက်စကား ပြောနေကြသည်။

ဤအဖြစ်သည် အလွန် ထူးဆန်းဖွယ်ကောင်းလှပြီး အပြင်လူများ သိသွားပါက ဖျင်အန်းတစ်မြို့လုံး အုတ်အော် သောင်းတင်း ဖြစ်သွားလောက်သည်။

ယဲ့ဖန်နှင့် အခြားသူများ ထွက်သွားသည့်အခါမှသာ ထန်မင်လီနှင့် ထန်ယွင်အာတို့ အချင်းချင်း ပြန်ကြည့် လိုက်မိသည်။ သူတို့၏ မျက်နှာတွင် ကြောက်စိတ်များ ထင်ဟပ်နေသေးသည်။

“ယွင်အာ၊ ထန်မိသားစုက မျိုးဆက်အားလုံးကို စုစည်းဖို့ အမိန့်ပေးလိုက်”

“ပြီးရင် အမည်မသိ လူကြီးမင်းကို ရန်စရဲတဲ့ ဘယ်သူ့ကိုမဆို မိသားစုထဲက ထုတ်ပယ်ပြီး ချက်ချင်း သုတ်သင်ပစ်မယ်လို့ ပြောလိုက်”

မင်းသားသည် ထန်မင်လီ၏ မွေးစားမြေးတစ်ယောက် ဖြစ်သည်။ သူ့ကို အလွန် အလိုလိုက်ထားသော်လည်း သွေးသား တော်စပ်ခြင်း မရှိပေ။

မင်းသား၏ နှစ်ပေါင်းများစွာ ဆိုးရွားသော အပြုအမူများကို ထန်မင်လီ သိသော်လည်း မျက်ကွယ်ပြုထားခဲ့သည်။ ယခု ယဲ့ဖန်၏ လက်ထဲ၌ မင်းသား သေသွားသော်လည်း သူ အထွန့်မတက်ရဲချေ။

လက်ရှိတွင် သူသည် သူ၏ ထန်မိသားစုက ယဲ့ဖန်၏ လက်အောက်မှ အမြင့်တစ်နေရာသို့ တက်ရောက် သွားနိုင်ရန်သာ မျှော်လင့်နေ၏။

“ဟုတ်ကဲ့ပါ အဘိုး”

ထန်ယွင်အာက ယဲ့ဖန်၏ နောက်ကျောအား လှမ်းကြည့်နေမိသည်။ ဖျင်အန်းမြို့၏ ပန်းလေးပွင့်ထဲမှ တစ်ပွင့် ဖြစ်သော ထန်ယွင်အာသည် ဤသို့ ခြယ်လှယ်နိုင်သော၊ သူမကို လျစ်လျူရှုနိုင်သော ယောကျာ်းတစ်ယောက်ကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

သူမ၏အလှက ယဲ့ဖန်၏ မျက်လုံးထဲတွင် ကြည့်ရန် မထိုက်တန်သော လူ့ဦးခွံတစ်ခုဟု သတ်မှတ်ထားပုံရသည်။

“စိတ်ဝင်စားစရာကောင်းတဲ့လူပဲ၊ ရှင့်မှာ လျှို့ဝှက်ချက် ဘယ်လောက်များများရှိလဲဆိုတာ ဒီထန်ယွင်အာက သိအောင် လုပ်ရမှာပေါ့”

ထန်ယွင်အာက ကြည်လင်စွာ ပြုံးလိုက်သည်။ ထို့နောက် ထန်မိသားစုမှ လူများအားလုံး ထွက်လာကြသည်။ ထန်မိသားစုဝင်များအားလုံး ထွက်သွားပြီးနောက် စားပွဲဝိုင်း ၆၀၆၌ တိတ်ဆိတ် ငြိမ်သက်သွားသည်။

ဖန်းရီပေါ်၊ အားပင်း၊ ဖေးဖေးနှင့် အခြားသူများသည် ဆိုဖာပေါ်၌ စိတ်ပျက်လက်ပျက် ထိုင်နေကြပြီး အရှက်ရပြီး နောင်တရနေကြလေသည်။

ဖြောင်း!

ဖန်းရီပေါ်က လက်ဆန့်၍ ကိုယ့်ပါးကိုယ် ပြန်ရိုက်လိုက်သည်။ ထိုအခါ ယခင်က ယဲ့ဖန်ကြောင့် အရိုက်ခံထားရသည့် ဒဏ်ရာမှ သွေးများ ပိုထွက်လာ၏။

“သခင်လေးရီပေါ်၊ ရှင် …”

ဖန်းရီပေါ်က ကိုယ့်ပါးကိုယ် ပြန်ရိုက်လိမ့်မည်ဟု ဖေးဖေးနှင့် အခြားသူများ ထင်မထားမိချေ။

“ငါက အရူးပဲ”

လက်ရှိအချိန်တွင် ဖန်းရီပေါ်က မိမိ၏ တုံးအမှုကြောင့် အော်ငိုလုနီးပါး ဖြစ်နေသည်။

“လီအာက လူကြီးမင်းယဲ့ကို ဒီခေါ်လာတယ်ဆိုတာက ငါတို့ကို သူနဲ့ မိတ်ဆွေဖြစ်စေချင်မှန်း သိသာနေတာပဲ၊ ဒါပေမဲ့ ငါတို့က မဟုတ်တာ လုပ်လိုက်မိတယ်၊ ငါတို့ ဘာလုပ်ကြမလဲ”

ဖန်းရီပေါ်၏ ရင်ထဲ၌ သွေးစိမ်းရှင်ရှင် ယိုကျနေ၏။ တစ်ဖက်လူသည် အမည်မသိ လူကြီးမင်း ဖြစ်ပြီး သွေးဇီးကွက် လင်ဖေးအား ခေါင်းဖြတ် သတ်နိုင်သူ ဖြစ်လေသည်။

အကယ်၍ သူတို့သာ သူနှင့် ပတ်သက်ချင်ပါက တစ်ဖက်လူအား စကားတစ်ခွန်းနှစ်ခွန်းမျှ ပြောလိုက်ရုံနှင့် ရနေပြီ ဖြစ်သည်။ ထိုသို့ဆိုလျင် သူတို့သည်သာမက သူတို့၏ နောက်ကွယ်မှ မိသားစုများပါ ဖျင်အန်းမြို့၌ အေးအေးလူလူ သွားလာနိုင်ပြီ ဖြစ်သည်။ သို့သော် ယခုအခါ၌ အရာအားလုံး ဆုံးရှုံးသွားလေပြီ။

သူတို့သည် ယဲ့ဖန်နှင့် ဆက်ဆံရေးတစ်ခု ထူထောင်ရန် ကျဆုံးရုံသာမက သူ့ကိုပါ ရန်စမိခဲ့သည်။ ဤသည်က နောင်တွင် ဖန်းရီပေါ်နှင့် ဖန်းမိသားစုတစ်ခုလုံးအတွက် ကပ်ဆိုးတစ်ခု ဖြစ်လာနိုင်၏။ ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို တွေးမိပြီး ဖန်းရီပေါ် တုန်လှုပ်သွားသည်။

သူသည်သာမက ဖေးဖေးနှင့် အခြားသူများလည်း နောင်တရနေကြသည်။ ဒူးထောက်ဝပ်တွား၍ ယဲ့ဖန် သူတို့ကို ခွင့်လွှတ်မည်ဆိုလျင် သူတို့ အကြိမ်တစ်ထောင်၊ တစ်သောင်းမက ဒူးထောက်ဝပ်တွားမိမှာပင်။ သို့သော် ယခု ဘာမှ မဖြစ်နိုင်တော့ချေ။

သူတို့ မည်မျှ နောင်တရပါသော်လည်း သူတို့၏ နောင်တက အားပင်းနှင့် ယှဉ်နိုင်မည် မဟုတ်ပါ။ စားသောက်ဆိုင်တွင် သူသည် ယဲ့ဖန်နှင့် ဆက်ဆံရေးကောင်း ရရှိရန် အခွင့်အရေး ရှိခဲ့သည်။ ဘားတွင်လည်း သူသည် ယဲ့ဖန်နှင့်အတူ အနားယူနိုင်ခွင့် ရှိခဲ့ပါသည်။

သို့ရာတွင် သူ၏ မနာလိုမှုနှင့် တုံးအမှုကြောင့် အရာအားလုံး လွတ်မြောက်သွားလေပြီ။ ယနေ့ည အဖြစ်အပျက် သတင်းသာ ပျံ့နှံ့သွားပါက ဤဘားတွင်သာမက ဖျင်အန်းတစ်မြို့လုံးတွင် သူ့ကို အလုပ်ခန့်ရဲမည့် ဆိုင်တစ်ခုမှ မရှိတော့ဟု အားပင်း သေချာပေါက် ပြောနိုင်လေသည်။

သူ၏ခွန်အားနှင့်ဆိုလျင် သားရဲမိစ္ဆာများကို အမဲလိုက်၍ စားဝတ်နေရေး ဖြေရှင်းသည်ကလည်း သေတွင်း တူးသလို ဖြစ်နေ၏။ ထို့ကြောင့် သူ့အတွက် ငတ်သေရန်သာ ရှိတော့သည်။

“သွားပြီ၊ ငါ … ငါတော့ သွားပြီ”

အားပင်း မျက်နှာပြာနှမ်းသွားပြီး လက်နှစ်ဖက်ဖြင့် ခေါင်းကို အုပ်ကာ ညည်းတွားမိသည်။ တစ်ချိန်တည်းမှာပင် ဘုရင့်ဘား၏ အပြင်ဘက် လမ်းမထက်တွင် ကင်းမြီးကောက် လူသတ်သမားနှင့် အခြားသူများက ယဲ့ဖန်နောက်သို့ လိုက်နေကြသည်။

ကင်းမြီးကောက် လူသတ်သမား၏ လူများအားလုံး ဒဏ်ရာရထားသော်လည်း သေစေနိုင်သော် ဒဏ်ရာများ မဟုတ်ပေ။

လက်ရှိတွင် သူတို့အားလုံး ပြုံးရယ်နေကြသည်။ အမည်မသိ လူကြီးမင်းသည် သွေးဇီးကွက် လင်ဖေးကို သတ်ခဲ့သည့် မြို့သူရဲကောင်း ဖြစ်သည်။

သူတို့သည် ဂုဏ်ယူဝင့်ကြွားနေသော အမူအရာများဖြင့် လျှောက်နေကြပြီး အားလုံး အိပ်မက်မက်၍ မယုံနိုင်သော ခံစားချက်မျိုး ခံစားမိနေသည်။

ယဲ့ဖန်၏ ကျောပြင်ကို ကြည့်ပြီး ကင်းမြီးကောက် လူသတ်သမားနှင့် အခြားသူများက တစ်စုံတစ်ရာကို ဆုံးဖြတ် လိုက်ကြသည်။

အားလုံး ယဲ့ဖန်ရှေ့သို့ ပြေးသွားကြသည်။ ထို့နောက် မြေကြီးပေါ် ဒူးထောက်လိုက်သည်။

“လူကြီးမင်းယဲ့၊ ကျုပ် … ခင်ဗျားနောက်ကို လိုက်ချင်ပါတယ်”

ကင်းမြီးကောက် လူသတ်သမားနှင့် အခြားသူများက ယဲ့ဖန်အား နတ်မင်းတစ်ပါးကို ကြည့်သကဲ့သို့ တောက်ပစွာ ကြည့်နေကြသည်။ ဤသည်ကိုကြည့်ပြီး ယဲ့ဖန်က ခန့်မှန်းမိထားဟန်ဖြင့် ပြုံးကာ ကင်းမြီးကောက် လူသတ်သမား၏ ပခုံးကို ပုတ်လိုက်သည်။

“ငါ မင်းကို ပြောခဲ့တာကို သတိရပါ”

ထိုသို့ပြောပြီး ယဲ့ဖန်က ကျုံးလီအာကိုခေါ်၍ တန်းထွက်သွားသည်။ ကင်းမြီးကောက် လူသတ်သမားနှင့် အခြားသူများအားလုံး မှင်တက်သွားပြီးနောက် ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားလေသည်။

ယဲ့ဖန်က သူတို့ ပြောတာကို မငြင်းသဖြင့် သူနှင့် အခြားသူများ ပြောသည်ကို လက်ခံပေးလိုက်ပြီဟု နားလည်သွားကြပြီး ဘီလီယံချီသော ဆုကြေးများ ပေါက်သွားသကဲ့သို့ အလွန်အမင်း စိတ်လှုပ်ရှားလာ၏။

“သိပ် … သိပ်ကောင်းတယ်၊ အမည်မသိ လူကြီးမင်းက ငါတို့ကို လက်ခံလိုက်ပြီပဲ”

ကင်းမြီးကောက် လူသတ်သမားနှင့် အခြားသူများအားလုံး အလွန် စိတ်လှုပ်ရှားနေကြသည်။ ရေတိမ်ခရိုင်၏ ဘုရင် ကင်းမြီးကောက် လူသတ်သမားက လူတစ်ယောက်၏ အနောက်သို့ လိုက်ပါခစားခွင့် ရသည့်အတွက် ဝမ်းသာနေသည်ကိုသာ ဖျင်အန်းမြို့မှ လူများသာ သိသွားပါက ထိတ်လန့်သွားလောက်သည်။

သို့သော် စိတ်လှုပ်ရှားနေရာမှ ကင်းမြီးကောက် လူသတ်သမားက သူ့လူအားလုံးကို တည်ငြိမ်စွာ ပြောလိုက်သည်။

“ညီအစ်ကိုတို့၊ ငါတို့ လူကြီးမင်းယဲ့နောက်ကို လိုက်ပြီဆိုတော့ ငါတို့ သူ့ကို သေတဲ့အထိ ခစားရမယ်၊ ပြီးတော့ ဂုဏ်ယူစရာတွေနဲ့ ဝမ်းနည်းစရာတွေကို မျှဝေခံစားရမယ်”

“အနီးအနားက မြို့တွေကို ချက်ချင်း လူလွှတ်ပြီး သေရွာက ပြန်ရှင်လာတဲ့လူတွေနဲ့ ရုတ်တရက်ကြီး ထူးဆန်းသွားတဲ့ လူတွေအားလုံးကို လိုက်ရှာကြ”

ထိုစကားကြောင့် အားလုံး မျက်နှာတည်သွားပြီး ခေါင်းငုံ့၍ အမိန့်နာခံကြောင်း ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့”

နောက်ဆုံးတွင် ကင်းမြီးကောက် လူသတ်သမားက စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သူသည် ဖျင်အန်းမြို့၏ ကောင်းကင်ယံကို မော့ကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြုံးလိုက်လေသည်။

“ဒီတစ်ခေါက် ဖျင်အန်းမြို့က လောကကို လှုပ်ခါစေတော့မယ်နဲ့ တူတယ်”

…

တစ်ချိန်တည်းမှာပင် ကျုံးလီအာသည် ယဲ့ဖန်နောက် လိုက်နေရင်း ထိတ်လန့်နေဆဲ ဖြစ်နေသည်။ အဆိပ်မိကျောင်း၏ ထူးချွန်သော လူတစ်ရာကို သတ်လိုက်ခြင်း၊ မြေအောက်လောကဘုရင် နှစ်ပါးဖြစ်သော သွေးနဂါးနှင့် အဆိပ်မိကျောင်းကို သတ်ခြင်း၊ မင်းသားကို အသေရိုက်သတ်ခြင်း၊ ထန်မိသားစုကို အညံ့ခံအောင် ပြုလုပ်၍ ကင်းမြီးကောက် လူသတ်သမားအား နောက်လိုက်အဖြစ် ရလာခြင်း။

အရာအားလုံးက ကျုံးလီအာအတွက် အိပ်မက်သဖွယ် ဖြစ်နေသည်ဟု ခံစားနေရသော်လည်း အရာအားလုံးက သူမ မျက်စိရှေ့၌ ဖြစ်သွားခြင်း ဖြစ်သည်။ ထို့အပြင် ထိုအရာအားလုံးက ဤလူကြောင့် ဖြစ်လာခြင်းပင်။

ယနေ့ညက ဖျင်အန်းမြို့၏ လူအများ အမှတ်ရနေမည့် ညဖြစ်လာပြီး ဒဏ္ဍာရီသဖွယ် ဖြစ်လာလိမ့်မည်ဟု ကျုံးလီအာ သိနေ၏။ အမည်မသိ လူကြီးမင်း … ဒဏ္ဍာရီတစ်ပုဒ်။

စာစဉ် ၇၂ ဤတွင် ပြီးပါပြီ။

All Chapters