← Chapters

အခန်း ၁၀၈၂

Vol. 73 Ch. 1082

အခန်း ၁၀၈၂

Vol. 73 Ch. 1082

Chapter 1082 ယန်နယ်မြေမှ ရှေးဟောင်း အမွေအနှစ်

“အရူး”

ထိုစကားနှစ်လုံးကို ကြားလိုက်ရပြီးနောက် လင်းမြောင်မြောင်၏ အပြုံးသည်လည်း အေးခဲသွားကာ ကြက်သေ သေသွားရသည်။ ဘေးပတ်လည်မှ စားသုံးသူများလည်း အလွန်အမင်း မှင်တက်သွားကြသည်။

*အရူးတဲ့လား*

*ဒီနိမ့်ကျတဲ့ ကောင်က ချမ်းသာပြီး လှပတဲ့ လင်းမြောင်မြောင်ကို စော်ကားနေတာလား*

စားသုံးသူများအားလုံး ထိတ်လန့်သွားကြပြီး ယဲ့ဖန်အား မယုံနိုင်ဟန်ဖြင့် ကြည့်လာကြသည်။

*ရူးမိုက်တဲ့ကောင်ပါလား*

ယဲ့ဖန်သည် ဖျင်အန်းမြို့၏ ပန်းလေးပွင့်ထဲမှ လင်းမြောင်မြောင်အား အရူးဟု ပြောရဲသည့် ပထမဆုံးသူပင်။ လင်းမြောင်မြောင်တောင်မှ သူမ နားကြားလွဲလေသလားဟု ထင်မှတ်သွားရသည်။

*ငါ နိမ့်ကျတဲ့လူရဲ့ စော်ကားတာကို ခံလိုက်ရတာလား*

*သေသင့်တဲ့ကောင်*

“ခွေးကောင်၊ နင်ကများ ငါ့ကို ဆဲဆိုရဲတယ်လား၊ ငါက ဖျင်အန်းမြို့ရဲ့ ထိပ်တန်းမိသားစု သုံးခုထဲက လင်းမိသားရဲ့ အကြီးဆုံး မမလေးဆိုတာ နင် သိရဲ့လား”

“ဒီမမလေးက နင့်ကို မိနစ်ပိုင်းအတွင်း သတ်ပစ်နိုင်တယ်”

လင်းမြောင်မြောင် ဒေါသထွက်လွန်းသဖြင့် အဆုတ်ကွဲမတတ် အော်ဟစ်ပြောဆိုလေတော့သည်။ သူမ စကားအဆုံး၌ ဖြောင်းဟူသော အသံနှင့်အတူ သူမ ပါးရိုက်ခံလိုက်ရပြီး လူတစ်ကိုယ်လုံး လွင့်ထွက် သွားလေသည်။

သူမ၏ ပါးပြင်၌ နီရဲနေသော လက်ဝါးရာ ထင်ကျန်နေ၏။ ဤသည်မှာ ယဲ့ဖန်က ခွန်အားကို ထိန်းချုပ်ထား၍သာ ဖြစ်သည်။ သူသာ အားကုန်သုံးလိုက်ပါက လင်းမြောင်မြောင် တစ်ချက်တည်းဖြင့် ပေါက်ကွဲသွားလောက်သည်။

ဤမျှ ထိန်းချုပ်ထားသော်လည်း သူ၏ ရိုက်ချက်က ထိတ်လန့်စရာ ကောင်းနေသေးသည်။ ဘေးပတ်လည်မှ စားသုံးသူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်ကာ မျက်လုံး ပြူးကျယ်သွားကြသည်။ လင်းမြောင်မြောင် သည်လည်း မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ မှင်တက်နေမိသည်။

“နင် … နင် ငါ့ကို ရိုက်လိုက်တာလား”

သူမ၏ မာနအား အရှက်တရားက ရိုက်ချိုးသွားလေသည်။ သူမ ယဲ့ဖန်ကို မကျေမချမ်း ကြည့်နေမိသည်။ သူမ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတော့မည့်အချိန်၌ ကားသံ ထွက်ပေါ်လာပြီး ကျွင်းအန့် R3 ကားတစ်စီးက ကျုံးမိသားစု စားသောက်ဆိုင်ရှေ့သို့ ရပ်လာသည်။

ကျွင်းအန့် R3 သည်လည်း နာမည်ကြီး ကားတစ်စီး ဖြစ်ပြီး ယွမ် ခုနစ်သိန်းကျော် တန်ဖိုးရှိသည်။ လင်းမြောင်မြောင်၏ သန်းချီသော V8 ကားနှင့်ယှဉ်လျင် အလွန် တန်ဖိုးနည်းလှ၏။

ထိုစဉ် ကားထဲမှအနီရောင်ဝတ်စုံနှင့် မိန်းမပျိုတစ်ယောက် ထွက်လာ၏။ သူမသည် ဖျင်အန်းမြို့၏ နံပါတ်တစ် ပန်းပွင့် ထန်ယွင်အာပင်။

ထန်ယွင်အာကို မြင်လိုက်ရသဖြင့် ဘေးပတ်လည်မှ လူများအားလုံး အံ့ဩသွားပြန်သည်။ သို့သော် လင်းမြောင်မြောင်က ကယ်တင်ရှင်ကို မြင်လိုက်ရသကဲ့သို့ ထန်ယွင်အာထံ ပြေးသွားပြီး ပြောလိုက်သည်။

“ယွင်အာ၊ အံကိုက် ရောက်လာတာပဲ”

“မြန်မြန် အမည်မသိ လူကြီးလေးကို ခေါ်ပြီး ဒီသူတောင်းစားကို ရှင်းထုတ်ပေးဖို့ အကူအညီ တောင်းပေးပါ”

“သူတောင်းစား”

သူမစကားကြောင့် ထန်ယွင်အာ အံ့ဩသွားသည်။ ထို့အပြင် လင်းမြောင်မြောင်၏ မျက်နှာပေါ်မှ လက်ဝါးရာကိုပါ တွေ့လိုက်ရသဖြင့် သူမ မျက်မှောင်ကြုတ်သွားလေသည်။

“မြောင်မြောင်၊ ဘာဖြစ်တာလဲ၊ ငါ နင့်ကို သိုသိုသိပ်သိပ် နေဖို့ ပြောခဲ့တယ် မဟုတ်ဘူးလား၊ နင် ဘာလို့ အခြားသူတွေနဲ့ ရန်ဖြစ်ရတာလဲ”

“ဒါတွေအားလုံးက သူ့ကြောင့်ပဲ”

လင်းမြောင်မြောင်က ယဲ့ဖန်ကို လက်ညှိုးထိုး၍ မကျေနပ်မုန်းတီးဟန်ဖြင့် ပြောလာသည်။

“ဒီနိမ့်ကျတဲ့ သူတောင်းစားက ငါ့ကို အရူးလို့ ပြောတဲ့အပြင်ကိုမှ ရိုက်ပါရိုက်သေးတယ်”

“ငါ မကျေနပ်ဘူး၊ ငါဆိုတဲ့ လင်းမြောင်မြောင်က အခုမှ ပထမဆုံးအကြိမ် ပါးရိုက်ခံရတာ၊ ဒီအမုန်းကို ချေဖျက်ပစ်မှ ရမယ်”

ထို့နောက် သူမက ထန်ယွင်အာကို ဆက်ပြောလေသည်။

“ယွင်အာ၊ အမည်မသိ လူကြီးမင်းက ကြောက်စရာကောင်းတယ် မဟုတ်လား၊ ငါက သူ့ကို ဒီလာရှာပင်မယ့် အရိုက်ခံလိုက်ရတယ်၊ သူ့ကို ထွက်လာခိုင်းပြီး ငါ့အတွက် ဒီသူတောင်းစားကို ဒေါသဖြေဖျောက်နိုင်အောင် ကူညီခိုင်းလိုက်ပါ”

ယခုအချိန်အထိ လင်းမြောင်မြောင်က မာနကို မချသေးဘဲ မောက်မာစွာ ပြောဆိုနေ၏။ သို့သော် လင်းမြောင်မြောင် လက်ညှိုးထိုးပြသည့်လူက ယဲ့ဖန် ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ ထန်ယွင်အာ မျက်နှာ မည်းမှောင်သွားသည်။ သူမ လင်းမြောင်မြောင်ကို ကျော်၍ ယဲ့ဖန်ထံ ခပ်သွက်သွက် လျှောက်သွားလေသည်။

“ယွင်အာ၊ နင် …”

လင်းမြောင်မြောင် အံ့ဩသွားရသလို ဘေးပတ်လည်မှ စားသုံးသူများလည်း အံ့ဩသွားကြသည်။ သူတို့၏ အံ့ဩနေသော အကြည့်အောက်မှာပင် ထန်ယွင်အာက ယဲ့ဖန်ရှေ့ ရောက်သည်နှင့် ဦးညွှတ် အရိုအသေပေး၍ လေးစားကာ တက်ကြွသော လေသံဖြင့် နှုတ်ဆက်လေသည်။

“ထန်ယွင်အာ အမည်မသိ လူကြီးမင်းကို အရိုအသေ ပေးပါတယ်”

ထိုစကားကြောင့် အရာအားလုံး တိတ်ဆိတ်သွားသည်။ ကျုံးမိသားစု၏ တံခါးဝ၌ မည်သည့်အသံမှ ထွက်မလာတော့သလို စားသုံးသူများအားလုံး ပါးစပ် အဟောင်းသား ဖြစ်နေကြသည်။ လင်းမြောင်မြောင် သည်လည်း မယုံနိုင်သော မျက်နှာထားမျိုး ဖြစ်နေ၏။

“သူ … သူက အမည်မသိ လူကြီးမင်းလား”

လင်းမြောင်မြောင် အံ့ဩသွားရသည်။ သူမ ယခု ဤနေရာသို့ လာရခြင်းက ထန်ယွင်အာက အမည်မသိ လူကြီးမင်းနှင့် ရင်းနှီးကြောင်း သိသဖြင့် လင်းမိသားစုက လင်းမြောင်မြောင်ကို လွှတ်၍ သွားတွေ့ခိုင်းခြင်း ဖြစ်သည်။ သို့သော် ဤအခြေအနေမျိုး ဖြစ်သွားလိမ့်မည်ဟု သူမ လုံးဝ ထင်မထားမိပါ။

ထန်ယွင်အာက ဒေါသထွက်နေသော အမူအရာဖြင့် လင်းမြောင်မြောင်ကို အော်ငေါက်လေသည်။

“မြောင်မြောင်၊ နင် ဘာလုပ်နေသေးတာလဲ၊ ဒီလာပြီး အမည်မသိ လူကြီးမင်းကို တောင်းပန်လေ”

ထိုစကားကြောင့် လင်းမြောင်မြောင် စိတ်လှုပ်ရှားကာ တုန်ယင်သွားရသည်။ ယဲ့ဖန်က မင်းသားနှင့် သွေးနဂါးတို့အား သတ်လိုက်သည့် ကောလာဟလ သတင်းကို ပြန်တွေးမိပြီး သူမ လည်ပင်းယားလာကာ ရင်ထဲမှ မကျေနပ်စိတ်ကို မြိုသိပ်၍ ရှေ့သို့ လှမ်းသွားပြီး ယဲ့ဖန်ကို တောင်းပန်လိုက်သည်။

“ကျွန် … ကျွန်မ တောင်းပန်ပါတယ်၊ အမည်မသိ လူကြီးမင်း၊ ဒါ … ကျွန်မအမှားပါ၊ ကျွန်မ ရှင့်ကို တောင်းပန် ပါတယ်”

လင်းမိသားစု၏ မမလေးက တစ်ပါးသူကို ဦးညွှတ်၍ တောင်းပန်နေလိမ့်မည်ဟု ဘေးနားမှ လူများအားလုံး ထင်မထားမိပေ။

“လတ်စသက်တော့ သူက အမည်မသိ လူကြီးမင်း ဖြစ်နေတာကိုး၊ မထင်ရဘူး”

“မင်းသားနဲ့ သွေးနဂါးကို သူ ရိုက်သတ်လိုက်တယ်လို့ ငါ ကြားလိုက်တယ်၊ လင်းမြောင်မြောင်ကို သူ အရူးလို့ ပြောလိုက်တာကို ငါ မအံ့ဩတော့ဘူး၊ ဒီမိန်းမက တော်တော် ပိန်းတာပဲ”

“…”

ဘေးပတ်ဝန်းကျင်မှ လူများ၏ လှောင်ရယ်သံများကြောင့် လင်းမြောင်မြောင် ကျိတ်၍ ဒေါသထွက်လာရသည်။ ယခုအဖြစ်သည် သူမဘဝတွင် အရှက်အရဆုံးအဖြစ်ပင်။ သူမသည် မပြောခံရသော်လည်း ပြန်မပြောနိုင်သလို အရိုက်ခံရသည်ကိုလည်း ပြန်မတိုက်နိုင်ပေ။

ဤခံပြင်းမှုကြောင့် လင်းမြောင်မြောင်၏ ယဲ့ဖန်အပေါ် မုန်းတီးစိတ်က ပိုမို၍ ကြီးထွားလာရသည်။ ယဲ့ဖန်ကမူ လင်းမြောင်မြောင်အား မရှိသလို သဘောထား၍ ကြည့်ပင်မကြည့်ဘဲ ထန်ယွင်အာကိုသာ ပြောလိုက်သည်။

“ဘာပြောချင်တာလဲ”

ထိုစကားသံက ထန်ယွင်အာ၊ လင်းမြောင်မြောင်နှင့် အခြားသူများအား စကားပြောရမည်ကို ပျင်းရိနေပုံ ရသည်။ သူ့ပုံစံကြောင့် ထန်ယွင်အာ မချိပြုံး ပြုံးလိုက်မိသည်။

သူမသည် ဖျင်အန်းမြို့၏ အလှဆုံး နံပါတ်တစ် ပန်းပွင့်လေး ဖြစ်ပြီး အမျိုးသား အများစုက သူမအား တပ်မက်သော အကြည့်များဖြင့် ကြည့်လေ ရှိသည်။ ယဲ့ဖန်တစ်ဦးတည်းကသာ သူမကို အမြဲ လူသေဟု သတ်မှတ်ထားသော အကြည့်မျိုးဖြင့် ကြည့်လေ၏။ ထန်ယွင်အာက ယဲ့ဖန် ဂေးများ ဂေနေသလားဟု တွေးမိ သေးသည်။

“လူကြီးမင်းယဲ့ ဒီတစ်ခေါက် ကျွန်မတို့ လာတာက”

“အရင်တုန်းက ကျွန်မတို့ ထန်မိသားစုနဲ့ လင်းမိသားစုက ဖျင်အန်းမြို့ပြင်က ဖျင်ယန်တောင်မှာ ကျင့်ကြံခြင်းအတွက် အိမ်တော်တွေ အတူ ဆောက်လုပ်ခဲ့တယ်”

“အဲ့နေရာက ဖျင်အန်းမြို့ရဲ့ နေအသာဆုံး နေရာတစ်ခုပါ၊ ဒါပေမဲ့ ဘာကြောင့်မှန်း မသိဘဲ ကျွန်မတို့ ကျင့်ကြံခြင်း အိမ်တော်တွေ ဆောက်ပြီးတာနဲ့ တောင်ပေါက် ယန်စွမ်းအင်တွေ ရုတ်တရက် ပျောက်ကုန်တယ်”

“အဲ့အစား မှောင်မိုက်လာပြီးတော့ သရဲတစ္ဆေတွေနဲ့ ပြည့်နှက်လာပါတယ်”

ထန်ယွင်အာ မျက်မှောင်ကြုတ်လာသည်။

“အဲ့တုန်းကနေ အခုထိ ကျွန်မတို့ ထန်မိသားစုက အကြီးအကဲနဲ့ လင်းမိသားစုက မျိုးဆက်တွေ အဲ့မှာ သေဆုံး သွားပါတယ်”

“ပြီးတော့ သာမန်လူ ခြောက်ဆယ့်ငါးယောက်၊ လုံခြုံရေးအစောင့် သုံးဆယ့်နှစ်ယောက်နဲ့ ဆရာသခင် ရှစ်ယောက် အဲ့မှာ သေခဲ့ပါတယ်”

ထိုသို့ပြောပြီးနောက် ထန်ယွင်အာက လင်းမြောင်မြောင်ကို ဆွဲ၍ ယဲ့ဖန်ကို ထပ်မံ အရိုအသေ ပေးလိုက်သည်။

“အဲ့ဒါကြောင့် ကျွန်မတို့ ထန်မိသားစုနဲ့ လင်းမိသားစုက လူကြီးမင်းကို အကူအညီ တောင်းချင်တာပါ၊ ဒီကိစ္စ ပြီးသွားတာနဲ့ ကျင့်ကြံခြင်း အိမ်တော်တွေကို ဆရာသခင်ကို လက်ဆောင်အဖြစ် ပေးပါ့မယ်၊ ကျွန်မတို့ မိသားစုနှစ်ခု ကိုယ်စား အချည်းနှီး သေသွားရတဲ့ လူတွေအတွက် လက်စားချေပေးဖို့ တောင်းဆိုပါရစေ”

ထန်ယွင်အာ၏ ရှင်းပြမှုကို နားထောင်ပြီးနောက် ယဲ့ဖန်က ဂရုမစိုက်ဟန်ဖြင့် မျက်လုံး ပြန်မှိတ်လိုက်သည်။

“စိတ်မဝင်စားဘူး”

ထိုစကားကြောင့် ထန်ယွင်အာ အောင့်သက်သက် ပြုံးလိုက်မိသလို လင်းမြောင်မြောင် ပို၍ ဒေါသထွက်လာ၏။

ထန်မိသားစုနှင့် လင်းမိသားစု၏ မျိုးဆက်ဖြစ်သော လှပသည့် ထန်ယွင်အာနှင့် လင်းမြောင်မြောင်တို့က အကူအညီ တောင်းနေခြင်း ဖြစ်ပြီး တန်ဖိုးကြီးသော အိမ်တော်များကို လက်ဆောင် အဖြစ် ပေးမည်ဟု ပြောပါသော်ငြားလည်း ယဲ့ဖန်က စိတ်မဝင်စားဘူးဟူသော စကားဖြင့် ငြင်းပယ်လိုက်သည်က မယုံနိုင်စရာ ကောင်းလှသည်။

သို့သော် ထန်ယွင်အာက လက်မလျှော့သေးပါ၊ အိမ်တော်၌ သေသွားရသည့် လူများထဲတွင် သူမ၏ ဦးလေးများလည်း ပါရှိခဲ့သည်။ ထို့ကြောင့် သူမ ထပ်ပြောလိုက်သည်။

“လူကြီးမင်း ကျွန်မတို့ခန့်မှန်းချက်အရဆို အဲ့မှာ ရှေးဟောင်း အမွေအနှစ် ရှိနိုင်ပါတယ်”

ထိုစကားကြောင့် ယဲ့ဖန် ချက်ချင်း မျက်လုံးပြန်ဖွင့်လာ၏။

All Chapters