အခန်း ၁၀၈၇
Vol. 73 Ch. 1087
Chapter 1087 မလေးမစား လုပ်ရဲတယ်လား
“ဒါ … ဒါ ယန်စွမ်းအင် နဂါးသွေးကြောပဲ”
ဂူအတွင်း နက်ရှိုင်းသော တစ်နေရာ၌ လက်မောင်းအထူမျှ ရှိသော သလင်းကျောက်တစ်ခု ရှိနေသည်ကို ယဲ့ဖန် တွေ့နေရသည်။
သာမန်လူများက ဤသတင်းကျောက်ကို အထူးတဆန်း ဖြစ်နေမည် မဟုတ်သော်လည်း ယဲ့ဖန်၏ အမြင်က သာမန်လူများထက် ပို၍ ကျော်လွန်ပေသည်။ ထို့ကြောင့် ဤသလင်းကျောက်ထဲ၌ များစွာသော ယန်စွမ်းအင် ရှိနေသည်ကို သူ ရှင်းလင်းစွာ မြင်နေရလေသည်။
၎င်းသည် နဂါးသွေးကြော အငယ်စား ဖြစ်သော်လည်း ကြောက်စရာကောင်းသော ယင်စွမ်းအင်၏ ဖိနှိပ်မှုကြောင့် တစ်စက်ကလေးမျှ မလွတ်မြောက်နိုင်ပေ။
“ဖျင်ယန်တောင်ရဲ့ ယန်စွမ်းအင် စုစည်းမှုက ဖျင်အန်းမြို့ထက် ဆယ်ဆပိုများနေခဲ့တာကို ငါ မအံ့ဩတော့ဘူး၊ ယန်စွမ်းအင် နဂါးသွေးကြောက ဒီနေရာမှာ ပုန်းကွယ်နေတာပဲ”
ယဲ့ဖန်၏ မျက်လုံးများက လက်ခနဲ ဖြစ်လာပြီးနောက် သံသယဝင်စွာ ရေရွတ်လိုက်မိသည်။
“ဘယ်လိုအရာကများ ယန်စွမ်းအင် နဂါးသွေးကြောကို ဖိနှိပ်ပြီး ဒီနေရာကို တစ္ဆေဂူဖြစ်အောင် ပြောင်းလဲ လိုက်တာလဲ”
“ဟိုဆရာသခင်ကို ဘာက သတ်လိုက်တာလဲ”
ယဲ့ဖန် မျက်မှောင်ကြုတ်မိသွားသည်။ ယန်စွမ်းအင် နဂါးသွေးကြောကို ဖိနှိပ်နိုင်သည့်အပြင် ယင်စွမ်းအင်ကိုပါ ပျံ့လွင့်အောင် လုပ်နိုင်သောအရာ။ ဤသည်က အလွန်ကို ထူးဆန်းလွန်းလှသည်။
ထိုသို့စဉ်းစားမိပြီးနောက် ယဲ့ဖန် ဂူကို စူးစိုက်ကြည့်လိုက်မိသည်။ သူ ကြည့်နေစဉ်မှာပင် ဂူ၏နံရံနှင့် မြေကြီးတို့က အရောင်မှိန်စ ပြုလာ၏။
သူ သေချာကြည့်၍ ရှေ့သို့ ဆက်လျှောက်လာလိုက်သည်။ သူ ရှေ့သို့ နှစ်လှမ်းမျှ လှမ်းပြီးသည်နှင့် ရုတ်တရက် ယန်စွမ်းအင် နဂါးသွေးကြောသို့ သွားရာ မြေကြီးက အက်ကွဲလာသည်။
ထို့နောက် မြေကြီးထဲမှ ဧရာမ ကြေးနီရောင် ခေါင်းတလားတစ်ခု ထွက်ပေါ်လာ၏။ ထိုခေါင်းတလားထဲမှ ကျောချမ်းဖွယ်ကောင်းသော အငွေ့အသက်များ ပျံ့လွင့်လာလေသည်။
ခေါင်းတလားတွင်းမှ ရှေးဟောင်း အငွေ့အသက်များပါ ထွက်ပေါ်လာ၏။ ခေါင်းတလားပေါ်၌ စိမ်းပြာရောင် ရေညှိများပင် တက်နေလေသည်။ ဤရှေးဟောင်း ခေါင်းတလားက မြေကြီးထဲ၌ မြှုပ်နှံခံထားရသည်မှာ နှစ်ပေါင်းများစွာ ကြာနေပုံရသည်။ ထို့အပြင် ခေါင်းတလားပေါ်၌ ပျက်စီးစပြုနေသော မှော်စာရွက်များ ရှိနေသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။
“ချိပ်ပိတ် မှော်စာလုံး၊ ဒီရှေးဟောင်း ခေါင်းတလားက နှစ်တစ်သိန်းလောက် ရှိနေလောက်တယ်၊ ခေါင်းတလားပေါ်က ချိပ်ပိတ် မှော်စာလုံးကလည်း ပျက်စီးနေပြီ”
“ရှေးဟောင်း ခေါင်းတလားရဲ့ အရောင်နဲ့ ပုံစံအရဆို ကျုံးကျိုးနယ်မြေရဲ့ ချင်ခေတ်က ဖြစ်ဖို့များတယ်”
ကျင်းခေတ်၊ ဤစကားလုံးသည် ယဲ့ဖန်နှင့် မစိမ်းပေ။ သူ၏ မှတ်ဉာဏ်ထဲမှ ဘုံကိုးပါး ဧကရာဇ်ထဲမှ ဧကရာဇ်တစ်ပါးသည် ချင်ခေတ်၏ ပထမဆုံးသော ဧကရာဇ် ဖြစ်သည်။
မဟာတံတိုင်းကို တည်ဆောက်၍ ကျုံးကျိုးနယ်မြေကို စုစည်းကာ အရပ်မျက်နှာအနှံ့သို့ စစ်ချီပြီး ကျုံးကျိုး၏ မဆုံးမသတ်နိုင်သော အခြေခံအုတ်မြစ်ကို ဖွဲ့စည်းခဲ့သည်။
ဤသည်ကို တွေးမိပြီးနောက် ယဲ့ဖန်၏ မျက်လုံး၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ထင်ဟပ်လာ၏။
“ဖြစ်နိုင်တာက … ဒါက …”
ယဲ့ဖန် သေချာ မဆုံးဖြတ်နိုင်ခင်မှာပင် ရှေးဟောင်း ခေါင်းတလား၏ အဖုံးက ဖြည်းဖြည်းချင်း ဘေးသို့ ရွေ့လာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ရှေးဟောင်း ခေါင်းတလားတွင်းမှနေ၍ နီညိုရောင် လက်တစ်ဖက် ထွက်လာ၏။
“ဟဲဟဲ … သေချင်တဲ့ နောက်ပုရွက်ဆိတ်တစ်ကောင် ရောက်လာပြီပဲ”
“ကောင်းတယ် … သိပ်ကောင်းတယ်”
ထိုအသံသည် ကြောက်စရာကောင်းလှပြီး ငရဲမှ ထွက်လာသည်ဟု ထင်ရလောက်အောင် ကျောချမ်းစရာ ကောင်းလှသည်။ ထို့နောက်တွင်မူ ယဲ့ဖန်၏ စိတ်လှုပ်ရှားနေသော အကြည့်အောက်၌ ချပ်ဝတ်တန်ဆာနှင့် စစ်သားတစ်ဦး ထွက်လာ၏။
သံချပ်ကာ ဝတ်ထားသော သူသည် ဖျက်ဆီးမရနိုင်ဟု ထင်မှတ်မှားရသည်။ ခန္ဓာကိုယ်က ကျားတစ်ကောင်ကဲ့သို့ သန်မာ၍ အရေပြားက ရွှံ့ဝါဖြင့် ဖုတ်ထားသကဲ့သို့ အဝါရောင်သန်းနေပြီး နဖူး၌ ပျက်စီးနေသော အဆောင်စာရွက်လည်း ရှိနေသည်။
သူ၏ မျက်လုံးများက ရေခဲသဖွယ် အေးစက်စူးရှပြီး တစ်ကိုယ်လုံးက လွန်ခဲ့သော နှစ်တစ်သိန်းမှ သွေးပင်လယ်ထဲမှ ကုန်းထလာသကဲ့သို့ ထင်မှတ်ရပြီး သံချပ်ကာ၌ ရှေးနတ်မင်းများ၏ သွေးများ စွန်းထင်း နေလေသည်။ ထို့အတူ ကျောချမ်းဖွယ်ကောင်းသော အရှိန်အဝါကလည်း ဆက်တိုက် ပျံ့လွင့်လာနေသည်။
ယဲ့ဖန်တောင်မှ မျက်နှာ အမူအရာ ပြောင်းလဲသွားရသည်။ ဤစစ်သည်တော်က အလွန်တရာ ကြောက်စရာ ကောင်းကြောင်း သူ သေချာပေါက် ပြောနိုင်သည်။ ရွှေရောင်ခန္ဓာကိုယ်၌ ပြိုင်ဘက်ကင်းသည်ဟူသော ထိုဆရာသခင်က ဤလူရှေ့၌ အလွန်တရာမှကို အားနည်းလွန်းလှ၏။
ယဲ့ဖန်သာ ဘုံကိုးပါး ယန်စွမ်းအင်ကို မပိုင်ဆိုင်ထားပါက ဤအရှိန်အဝါကြောင့် တုန်လှုပ်သွားလောက်သည်။ ထိုစဉ် ကြောက်စရာကောင်းသော မိစ္ဆာာ စစ်သည်တော်က နီညိုရောင် ရှေးဟောင်း ခေါင်းတလားထဲမှ ထွက်လာ၏။ ချက်ချင်းဆိုသလိုပင် မြေဆီလွှာများ လှုပ်ရှားလာပြီး တောင်များ လှုပ်ခါလာလေသည်။
အေးစိမ့်သော ယင်စွမ်းအင်များက ယဲ့ဖန်ထံသို့ တိုက်ခတ်လာသဖြင့် ရေခဲအိမ်ထဲ ကျသွားသကဲ့သို့ ချမ်းစိမ့် လာရသည်။
“ဒီဖျင်ယန်တောင်လေးက ငါ့ကို ယန်စွမ်းအင် နဂါးသွေးကြောတင် မကဘဲ ပထမဧကရာဇ်ရဲ့ စစ်သားကိုပါ ပေးလာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
ယဲ့ဖန် စိတ်လှုပ်ရှားစွာ ပြုံးလိုက်မိသည်။ နီညိုရောင် စစ်သားမှာမူ သူ၏ အတွေးကို တစ်စက်ကလေးမျှ မသိချေ။ လက်ရှိတွင် ထိုစစ်သားက သတ်ဖြတ်ခြင်း နတ်ဘုရား ပြန်လည် မွေးဖွားလာသကဲ့သို့ ယဲ့ဖန်အား အေးစက် ခက်ထန်စွာ စူးစိုက်ကြည့်နေ၏။
“ခေတ်သစ် လူငယ်လေး၊ မင်းက ဒီနတ်ဘုရား အနားယူတာကို လာနှောင့်ယှက်တာပဲ”
“အခု မင်း သေလို့ရပြီ …”
ထိုစစ်သား၏ မျက်လုံးတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ တောက်ပနေပြီး လက်ကိုမြှောက်၍ ယဲ့ဖန်၏ ဦးခေါင်းကို ရိုက်ချလေသည်။
ထိုရိုက်ချက်တောင် လေဟာနယ်ပင် မသိမသာ အက်လာရပြီး လေတိုးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ ဤရိုက်ချက်သည် သန်မာသော ရွှေရောင်ခန္ဓာကိုယ်အဆင့် သိုင်းပညာရှင်ကိုတောင်မှ ရိုက်သတ်နိုင်သည်။
“တကယ်လား…”
သို့သော် ယဲ့ဖန်က နည်းနည်းလေးမျှ မကြောက်လန့်ချေ။ ပထမဧကရာဇ်၏ မှတ်ဉာဏ်များက သူ့အတွေးအား လွှမ်းမိုးလာသဖြင့် သူ့ထံမှ ပထမဧကရာဇ်၏ စွမ်းအင်အငွေ့အသက်များ ထွက်ပေါ်လာသည်။
ထို့နောက် ဘုံကိုးပါး ယန်စွမ်းအင်ကို လက်ဝါး၌ စုစည်း၍ နီညိုရောင် စစ်သား၏ လက်ဝါးကို အားဖြင့် ပြန်ရိုက်လိုက်သည်။
ဝုန်း!
ထိုအခါ လက်ဝါးနှစ်ခုကြား၌ လျှပ်စီးများ လက်ခနဲ ဖြစ်သွားပြီး စစ်သားသည် မည်သို့မျှ မတုံပြန်လိုက်နိုင်ဘဲ အရှိန်အဝါ၏ ဖိနှိပ်ခြင်း ခံလိုက်ရသည်။ သူ အကြီးအကျယ် မျက်နှာပျက်သွားသည်။
“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး”
လက်ဝါးမှတစ်ဆင့် တုန်လှုပ်ဖွယ်ကောင်းသော စွမ်းအင်ကို ခံစားလိုက်မိသဖြင့် သူ၏မျက်နှာတွင် အံ့ဩဟန်များ ထင်ဟပ်နေ၏။ ဤခံစားချက်က အသန်မာဆုံးသော သားရဲနှင့် တိုက်ခိုက်လိုက်ရသည်ဟု ထင်မှတ်လိုက်ရသည်။
ဝုန်း!
သံချပ်ကာ ဝတ်ထားသော်ငြားလည်း သူသည် ကျောက်နံရံနှင့် ဝင်ဆောင့်သွားပြီး မျက်နှာ ဖြူရော်လာ၏။
“ပထမ ဧကရာဇ်ရဲ့ ချီစွမ်းအင် … မင်း … မင်းမှာ ဘယ်လိုလုပ် ပထမ ဧကရာဇ်ရဲ့ ချီစွမ်းအင် ရှိနေတာလဲ”
နီညိုရောင် စစ်သားသည် အလွန်အမင်း မှင်တက် အံ့ဩနေလေသည်။ သူသည် နိုးထလာပြီးနောက် ပထမ ဧကရာဇ် ပျောက်ကွယ်သွားပြီး သန်းချီသော ချင်စစ်သည်တော်များ ချိပ်ပိတ်ခံလိုက်ရပြီး ပြန်နိုးထ မလာနိုင်တော့ကြောင်း သိလိုက်ရသည်။
သို့သော် ပထမ ဧကရာဇ်၏ ဝိညာဉ် အငွေ့အသက်ကို ခေတ်သစ် လူတစ်ယောက်ထံမှ ခံစားလိုက်မိမည်ဟု သူ ထင်မထားမိချေ။
ပထမ ဧကရာဇ်၏ ချီစွမ်းအင်က သူ့ကို ဖိနှိပ်လာသောကြောင့်သာလျင် သူ လွင့်ထွက်သွားရခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ရွှေရောင်ခန္ဓာကိုယ်အဆင့်အထက်၌ ရှိနေသောသူပင် သူ့အား အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်ပါ။
ပထမ ဧကရာဇ်ခေတ်မှ နီညိုရောင် စစ်သား၏ မျက်လုံးတွင် မျက်ရည်များ အနည်းငယ် ဝေ့တက်လာ၏။ သို့သော် ယဲ့ဖန်က ဘုရင်တစ်ပါးကဲ့သို့ အရှိန်အဝါမျိုးကို ထုတ်ဖော်လျက် ပြန်ပြောလိုက်သည်။
“ငါက ပထမ ဧကရာဇ်ပဲ၊ မင်း မလေးမစား လုပ်ဝံ့သလား”
ပထမ ဧကရာဇ်၏ ပြင်းထန်သော အရှိန်အဝါကြောင့် စစ်သား တုန်လှုပ်သွားသည်။ သူသည် လွန်ခဲ့သော နှစ်တစ်သိန်းက ဧကရာဇ်နောက် လိုက်၍ အရပ်မျက်နှာအနှံ့ သွေးစွန်းသော စစ်ပွဲများ ဆင်နွှဲခဲ့သည်ကို ပြန်မြင် ယောင်လာ၏။
ပထမ ဧကရာဇ်၊ ကျုံးကျိုးနယ်မြေအား သိမ်းပိုက်ခဲ့သူ၊ ထိုနယ်မြေမှ ထောင်သောင်းချီသော လူများအား အညံ့ခံလာအောင် ပြုလုပ်ခဲ့သူ။
သူ၏ အတွေးထဲမှ ပထမ ဧကရာဇ်၏ ပုံရိပ်နှင့် မျက်စိရှေ့မှ ယဲ့ဖန်၏ပုံစံက တစ်ထပ်တည်း ကျလာသဖြင့် ထိုစစ်သား ဒူးများ ပျော့ခွေလာကာ ဒူးထောက်လိုက်မိသည်။
“မင်း … မင်းက တကယ်ပဲ ငါ့ဧကရာဇ်လား”
သူ ထိတ်လန့်ကာ စိတ်လှုပ်ရှားနေ၏။ ရှုပ်ထွေးနေသော ခံစားချက်များကြောင့် ထိုစစ်သား ရင်တုန်နေမိသည်။ ယဲ့ဖန်က ဘာတစ်ခွန်းမှ မပြောဘဲ လက်ချောင်းတစ်ချောင်းကို လှုပ်ယမ်းလိုက်သည်။
ထိုအခါ ထိုစစ်သား၏ အရှေ့၌ ပုံရိပ်လွှာများ ထွက်ပေါ်လာ၏။ ထိုပုံရိပ်မှာ ပထမ ဧကရာဇ်က သန်းချီသော ချင်စစ်သည်တော်များကို ဦးဆောင်၍ ကျုံးကျိုးနယ်မြေအား သိမ်းပိုက်ခဲ့သည့် ပုံရိပ်များ ဖြစ်လေသည်။
ဤသည်ကိုမြင်ပြီးနောက် စစ်သားသည် တစ်ချက်ကလေးမှ သံသယ မဝင်တော့ဘဲ မျက်ရည်များ စီးကျလာကာ မိမိ ကိုးကွယ်ရာ နတ်မင်းကို မြင်လိုက်ရသကဲ့သို့ ရင်ဘတ်ပေါ် လက်တင်၍ ခေါင်းငုံ့ကာ ဂါဝရပြုလာ၏။
“နီညိုရောင် စစ်သား ထျဲမူထားက ဧကရာဇ်ကို ဂါဝရပြုပါတယ်”