← Chapters

အခန်း ၁၀၉၀

Vol. 73 Ch. 1090

အခန်း ၁၀၉၀

Vol. 73 Ch. 1090

Chapter 1090 ထွက်ပြေးသွားသလား၊ သေသွားသလား

“လူအိုကြီး ကျန်းမိန်က တပည့်အဖြစ် လက်ခံဖို့ သဘောတူထားပြီးပြီ”

ယဲ့ကျန့်ရှုံး၏ စကားကြောင့် ယဲ့ရှောင်ထျန်းနှင့် လင်းမြောင်မြောင်တို့ အနည်းငယ် အံ့ဩသွားကြပြီးနောက် အလွန် ဝမ်းသာသွားကြသည်။

ယခုတစ်ခေါက်၌ သူတို့ အပြစ်ပေးခံရမည့်အစား လူအိုကြီး ကျန်းမိန်၏ တပည့် ဖြစ်လာလိမ့်မည်ဟု သူတို့ မထင်ထားမိချေ။

ဤသည်မှာ အလွန် ဂုဏ်ယူစရာကောင်းသော ဖြစ်ရပ်ပင်။ ဤသည်ကို တွေးတောမိပြီးနောက် နှစ်ယောက်သား အချင်းချင်း ပြန်ကြည့်လိုက်မိသည်။ ထိုအကြည့်၌ စိတ်လှုပ်ရှားမှုများ ဖုံးဖိမရအောင် ထင်ပေါ်နေ၏။

ယဲ့ကျန့်ရှုံး၏ ဘေးနားမှ လင်းမိသားစုခေါင်းဆောင် လင်းထျန်းဟောင်က ထီမထင်ဟန် ပျက်ရယ်ပြု၍ တင်းမာသော မျက်နှာထားဖြင့် ပြောလာသည်။

“အဲ့အမည်မသိက တော်တော် သေလမ်းရှာနေတာပဲ”

“သူ တစ်ယောက်တည်းနဲ့ ငါတို့ မိသားစုကြီး နှစ်ခုကို ခြိမ်းခြောက်နိုင်လိမ့်မယ်လို့ တကယ် ထင်နေတာလား၊ အရူးပဲ”

လင်းထျန်းဟောင်၏ စကားကြောင့် လင်းမြောင်မြောင်က ခပ်သွက်သွက် ပြောလေသည်။

“အဖေ ပြောတာ ဟုတ်တ်၊ အဲ့ယဲ့မျိုးရိုးနဲ့ကောင်က သမီးတို့ လင်းမိသားစုနဲ့ ယဲ့မိသားစုကို မျက်လုံးထဲတောင် မထည့်ဘူး”

“အရင်တုန်းက သူ သမီးကိုတောင် ပါးရိုက်ခဲ့သေးတယ်”

လင်းမြောင်မြောင်သည် ယခုအထိ ယဲ့ဖန်ထံ၌ ပါးရိုက်ခံရသည့် ကိစ္စကို မုန်းတီးနေသေးသည်။ သို့ရာတွင် သူမအသက်အား ယဲ့ဖန် ကယ်ထားခဲ့သည်ဟူသော အချက်ကိုမူ အပြီးတိုင် မေ့ပျောက်သွားလေသည်။

“မြောင်မြောင် စိတ်ချ၊ အဲ့ကောင်က လူအိုကြီး ကျန်းမိန်ရဲ့ လက်ထဲမှာ သေဖို့ ကံပါလာပြီးသား”

“သူက သေတော့မယ်လူတစ်ယောက်၊ သမီးက လူအိုကြီး ကျန်းမိန်ရဲ့ တပည့် ဖြစ်လာပြီး ကောင်းကင်အထိ ထိုးဖောက်သွားဖို့ ကံပါလာတဲ့လူ”

လင်းထျန်ဟောင် ပြုံးနေသည်။ သူ၏သမီးဖြစ်သူက ကျန်းမိန်၏ တပည့် ဖြစ်လာလျင် သူတို့၏ လင်းမိသားစုက ကြီးမားသော နောက်ခံတစ်ခု ရလာပေတော့မည်။

သူ၏ သမီးဖြစ်သူအား ယဲ့ဖန် ကယ်ခဲ့သလား၊ ယဲ့ဖန်က သူ့သမီး၏ ချောက်ချခြင်း ခံရသလား စသည့် မေးခွန်းများကို သူနှင့် လင်းမိသားစုက မည်သို့ အရေးစိုက်ပါမည်နည်း။

“ဟားဟားဟား … အစ်ကိုထျန်းဟောင် ပြောတာမှန်တယ်”

ယဲ့ကျန့်ရှုံးကလည်း ပြုံး၍ ပြောလာ၏။

“အဲ့ဒီ ထန်ယွင်အာက မင်းတို့ကို ကယ်ခဲ့တာက အမည်မသိလို့ ပြောတယ်၊ မင်းတို့ကို သူ တကယ် ကယ်ခဲ့တာ ဆိုရင်ရော ဘာဖြစ်လဲ”

“သူက ငါတို့ ယဲ့မိသားစုနဲ့ လင်းမိသားစုရဲ့ အောင်မြင်မှု ပန်းတိုင်ကို တက်လှမ်းနိုင်မယ့် လှေကားထစ် သက်သက်ပဲ”

“လူအိုကြီး ကျန်းမိန်ရဲ့ လက်ထဲမှာ သေရတာက သူ့အတွက် ငါတို့ မိသားစုကြီးနှစ်ခုက ပေးတဲ့ အကြီးမားဆုံး လက်ဆောင်ပဲ”

မိသားစု ခေါင်းဆောင်နှစ်ယောက်၏ စကားများကို ကြားပြီး အောက်ဘက်မှ ယဲ့မိသားစုဝင်များနှင့် လင်းမိသားစုဝင်များက အားပါးတရ ရယ်မောလာကြပြီး အခြေအနေက သက်တောင့်သက်သာ ရှိလာ၏။

“ဟုတ်တယ်၊ သူ လူအိုကြီး ကျန်းမိန်ရဲ့ လက်ထဲမှာ သေရမှာမို့ သူ အသက်ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးပြန် ဆပ်တာလို့ သဘောထားလို့ ရတာပဲလေ”

“ဟားဟား … အဲ့ကောင်တော့ အမှန်ကို သိပြီးရင် ဒေါသထွက်မလား မသိဘူး”

“ဟမ့် … လောကကြီးကိုက ကြီးနိုင်ငယ်ညှဉ်း လောကကြီးပဲလေ၊ သူက လူအိုကြီး ကျန်းမိန်လောက် မသန်မာ မှတော့ သူ သေသင့်တာပေါ့”

“…”

လက်ရှိအချိန်တွင် ယဲ့မိသားစုနှင့် လင်းမိသားစုမှ လူတိုင်းက မိသားစုကြီးတစ်ခု၏ ဂုဏ်ယူစရာသဖွယ် ပြောဆို နေကြသည်။

လက်ရှိတွင် သူတို့သည် ချမ်းသာသော လူများ၏ သွေးအေး၍ တစ်ကိုယ်ကောင်းဆန်သော စရိုက်ကို ပြသနေကြသည်။

သို့သော် လူအိုကြီး ကျန်းမိန်နှင့် ယဲ့ဖန်တို့၏ ရန်ငြှိုးတို့ကြောင့် ဖျင်အန်းတစ်မြို့လုံး ဆူညံပွက်လောရိုက်နေချိန်တွင် ယဲ့ဖန်သည် ပျောက်နေပုံရပြီး တစ်စက်ကလေးမျှ လှုပ်ရှားသံ မကြားရချေ။

ထိုသို့သောအချိန်၌ ဖျင်ယန်တောင်တွင် လူငယ်တစ်ယောက်က နိုင်လွန် ကတ္တရာခင်းထားသော တောင်တက် လမ်းပေါ်၌ ဖြည်းဖြည်းချင်း လျှောက်လှမ်းနေသည်။

ထိုလူငယ်သည် ကျောက်စိမ်းကဲ့သို့ အသားအရေ ကြည်လင်၍ ချောမောခံ့ညားသည်။ သို့သော် သူ၏ မျက်လုံးများက လောက၏ အနိမ့်အမြင့် အတက်အကျများကို ကြုံတွေ့ဖူးသကဲ့သို့ ရီဝေနေ၏။

“ထူးဆန်းတယ်၊ ဘာလို့ ဒီတောင်မှာ ယန်စွမ်းအင်တွေ ဒီလောက် ပေါများနေရတာလဲ”

လူငယ်လေးသည် နေရာအနှံ့ ခရီးသွားလာခဲ့သဖြင့် နာမည်ကျော်ကြားသော တောတောင်များနှင့် မြစ်များကို မြင်ခဲ့ဖူးသည်။

သို့သော် ဤတောင်ငယ်လေးပေါ်မှ ယန်စွမ်းအင် စုစည်းမှုလောက် မည်သည့်နေရာတွင်မှ မပေါများသဖြင့် အလွန် ထူးဆန်းလှသည်။

“ဒီတောင်ပေါ်မှာ ဘယ်လို ရှားပါး ရတနာမျိုး ရှိနေတာလဲ”

ထိုသို့တွေးတောပြီးနောက် ထိုလူငယ်လေးသည် ရင်တဒိန်းဒိန်းခုန်ကာ တောင်ထိပ်ပေါ်သို့ အလျင်အမြန် ပြေးတက်လေသည်။

သူ၏ပုံရိပ်သည် သရဲတစ္ဆေအလား အလွန် လျင်မြန် ဖျတ်လတ်လှသဖြင့် ရွှေရောင် ခန္ဓာကိုယ်အဆင့်ထက် ကျော်လွန်နေသည်မှာ အသေအချာပင်။ ချက်ချင်းဆိုသလိုပင် အိမ်ရာဝင်းထံသို့ သူ ရောက်လာ၏။

“လှလိုက်တဲ့ အိမ်ရာ၊ ဒီမှာနေပြီး ပေါများတဲ့ ယန်စွမ်းအင်တွေနဲ့သာ အားဖြည့်နေလိုက်ရင် မကျင့်ကြံရင်တောင်မှ အဆင့်တက်လာမှာ သေချာတယ်”

လက်ရှိတွင် ထိုလူငယ်၏ မျက်လုံးများက တလက်လက် တောက်ပနေပြီး အိမ်ရာဝင်းထဲသို့ ဝင်ရန် ရှေ့တိုး လိုက်သည်။

သို့သော် ထိုလူငယ်သည် ရှေ့တိုးလိုက်သည်နှင့် တစ်ကိုယ်လုံး ဓာတ်လိုက်သွားသကဲ့သို့ ဖြစ်ကာ နောက်သို့ ဆုတ်လိုက်ရသည်။

“မကောင်းတော့ဘူး”

ထိုလူငယ်သည် မျက်နှာပျက်သွားပြီး မရဏ အငွေ့အသက် ဖုံးလွှမ်းခံလိုက်ရသည်ဟု ခံစားလိုက်မိသဖြင့် ဆက်တိုက် ဆုတ်လိုက်မိသည်။

သူ့ရှေ့မှ မြေကြီးက ချက်ချင်း ပေါက်ကွဲလာပြီး မျက်စိရှေ့သို့ ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ ထိုသူသည် မျှော်စင်အလား အရပ် ရှည်လျားပြီး ခြောက်သွေ့သော သွေးများ ကပ်ညိနေသည့် သံချပ်ကာကို ဝတ်ဆင်ထားကာ မိစ္ဆာ အငွေ့အသက်များ ထွက်ပေါ်နေသည်။

“အခု ရောက်လာတာ ဘယ်သူလဲ”

ထိုသူသည် ပထမ ဧကရာဇ်၏ စစ်သည်တော်ဖြစ်သော ထျဲမူထားပင်။ သူသည် ထိုလူငယ်အား လူသတ်သမား တစ်ဦးသဖွယ် ကြည့်နေသောကြောင့် ထိုလူငယ် ကျောချမ်းသလို ခံစားလိုက်ရသည်။

“လခွမ်း ဒီတောင်လေးမှာ ဘယ်လိုလုပ် ဒီလို သန်မာတဲ့ စစ်သား ရှိနေတာလဲ”

ထိုလူငယ် ထိတ်လန့်နေ၏။ ထျဲမူထားထံမှ အန္တရာယ်ပေးနိုင်သော အငွေ့အသက်မျိုး ရနေသဖြင့် သူ့တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထလာရသည်။ ထို့ကြောင့် သူသည် မရိုင်းပျဝံ့ဘဲ အလျင်အမြန် ပြန်ဖြေလိုက်သည်။

“ကျွန်တော် ခရီးသွား တစ်ယောက်ပါ၊ ကျွန်တော် ဒီနေရာကနေ ဖြတ်သွားတာမို့လို့ တစ်ချက်လောက် ဝင်ကြည့်ချင် ရုံလေးပါ၊ အဲ့လိုလုပ်လို့ အဆင်ပြေမလား သိချင်ပါတယ်”

ဤလူငယ်လေးက ထျဲမူထားအား လေးစားရိုသေနေသည်ကိုသာ ဟွိုင်အန်း စီရင်စုခေါင်းဆောင် မြင်သွားပါက အံ့ဩသွားလောက်သည်။

“ထွက်သွား”

ထျဲမူထားက အေးစက်စွာ ပြန်ပြော၍ လူငယ်အား ထပ်မကြည့်တော့ဘဲ တစ်ဖက်လှည့်ကာ အိမ်ရာအနောက်သို့ လျှောက်သွားလေသည်။ ထိုအခါ လူငယ်လေး၏ မျက်နှာက နီမြန်းလာသည်။ သူ့ဘဝတစ်လျှောက်လုံးတွင် သူ့အား ဤသို့ ပြောရဲသည့်လူက ဤလူ ပထမဆုံးပင်။

“မင်းအရှင်သခင်က တော်တော်ရိုင်းတာပဲ၊ ဟွိုင်အန်းမြို့က ရာထူးကြီးတဲ့လူတွေတောင်မှ ငါ့ကို အဲ့လို မပြောရဲဘူး”

လူငယ်လေး၏ မျက်နှာထားက အေးစက်လာလေသည်။ အထူးသဖြင့် ထျဲမူထားက သူ့အား ဘာမဟုတ်သော လူတစ်ယောက်သဖွယ် ဆက်ဆံခဲ့သဖြင့် သူ ပို၍ ဒေါသထွက်လာပြီး လက်သီးကိုဆုပ်ကာ ထျဲမူထားအား အားဖြင့် ထိုးနှက်လိုက်သည်။

ဤလက်သီးချက်၌ လူငယ်က ခွန်အား ဆယ်ရာခိုင်နှုန်းကို ထည့်သွင်းထားသဖြင့် ရွှေရောင်ခန္ဓာကိုယ် အဆင့်အောက်၌ ရှိသော မည်သူမဆို မုချ သေဆုံးပေလိမ့်မည်.

ဈာန်ဝင်စားခြင်းအဆင့်သို့ ရောက်နေသူ ဖြစ်လျင်တောင်မှ ဤလက်သီးချက်အား တောင့်ခံနိုင်မည် မဟုတ်ပါ။ သို့သော် ထျဲမူထားက သတိထားမိပုံ ရသည်။ ထိုလူငယ်လေး ထိုးနှက်လာသည်နှင့် ပျက်ရယ်ပြု၍ ပြန်ပြောလိုက်သည်။

“ပုရွက်ဆိတ်ကောင်က သေလမ်းရှာနေတာပဲ”

ထျဲမူထားက နောက်ပြန်လှည့်၍ ထိုလူငယ်၏ လက်သီးကို လက်သီးဖြင့် ပြန်ထိုးလိုက်သည်။ လက်သီးနှစ်လုံး ထိပ်တိုက် တွေ့လာသည်နှင့် ဖိအားလှိုင်းများ ထွက်ပေါ်လာသည်။

ထျဲမူထားသည် ခန္ဓာကိုယ် လှုပ်ခါသွားရုံမျှသာ ဖြစ်သွားသော်လည်း လူငယ်လေးသည် တစ်ဖက်လူ၏ ပြင်းထန်သော ခွန်အားကို လက်မောင်းတစ်လျှောက် ခံစားလိုက်မိသဖြင့် ထိတ်လန့်သွားရသည်။

သူ နောက်သို့လွင့်ထွက်သွားပြီး ခြေထောက်နှစ်ချောင်းက မြေကြီးနှင့် တရွတ်တိုက် ပွတ်ဆွဲမိသွားသဖြင့် မြေကြီးတွင် မြောင်းနှစ်ခု ဖြစ်လာလေသည်။ နှစ်မီတာကျော်အထိ လွင့်သွားပြီးမှ ရပ်တန့်သွားသည်။ လူငယ်သည် ဟန်ချက် ထိန်းမိပြီးသည်နှင့် သွေးတစ်လုပ် အန်သွားသည်။

“ဒါ … ဒါ ဘယ်လိုဖြစ်ရတာလဲ”

လူငယ် နားဝေတိမ်တောင် ဖြစ်နေသည်။ သူကဲ့သို့သောလူက ဖျင်အန်းမြို့မှ အစောင့်တစ်ယောက်၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားလိမ့်မည်ဟု မယုံနိုင် ဖြစ်နေ၏။ ဤအဖြစ်ကိုသာ ဟွိုင်အန်း စီရင်စုတစ်ခုလုံး သိသွားပါက ငလျင်လှုပ်သကဲ့သို့ လှုပ်ခါသွားလောက်သည်။

“ထွက်သွားမလား အသေခံမလား”

ထျဲမူထားသည် လူငယ်လေးအား ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်သကဲ့သို့ ဂရုမစိုက်၊ အထင်သေးစွာဖြင့် အေးတိအေးစက် ကြည့်နေသည်။

“ကောင်းတယ်၊ သိပ်ကောင်းတယ်”

“ငါ ဟွိုင်အန်း စီရင်စုကို လျှောက်သွားနေတာ နှစ်ရာချီနေပြီ၊ ငါ ဝင်လို့မရတဲ့ နေရာကို အခုမှ ပထမဆုံးအကြိမ် ရောက်ဖူးတာပဲ”

လူငယ်သည် ပါးစပ်ထောင့်မှ သွေးကိုသုတ်၍ ထျဲမူထားအား စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။

“ဒီနေ့ ငါ အထဲကို ဝင်ကိုဝင်ရမှ ဖြစ်မယ်”

ထိုသို့ပြောပြီးသည်နှင့် ထိုလူငယ်သည် ဖျတ်ခနဲ လှုပ်ရှားကာ ထျဲမူထားကို ကျော်၍ အိမ်ရာတွင်းသို့ ပြေးဝင် လေသည်။

ဆယ်မီတာ၊ ငါးမီတာ၊ တစ်မီတာ။ မျက်တောင် တစ်ခတ်အတွင်းမှာပင် ထိုလူငယ်သည် အိမ်ရာရှေ့သို့ ရောက်လာပြီး အထဲဝင်နိုင်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။ ထိုစဉ် သံချပ်ကာနှင့် အစောင့်က သူ့ကို မတားဘဲ သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေသဖြင့် သူ အံ့ဩသွားရသည်။

“ဘာတွေဖြစ်နေတာလဲ”

ထိုလူငယ်သည် အံ့ဩသွားသော်လည်း အိမ်ရာထဲသို့ ခြေချရန် ပြင်လိုက်သည်။

“ထွက်သွား”

အိမ်ရာတွင်းမှနေ၍ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီး ထိုလူငယ်ပေါ်သို့ ဧရာမ လက်ဝါးတစ်ခု ကျဆင်းလာ၏။

All Chapters