← Chapters

အခန်း ၁၀၉၁

Vol. 73 Ch. 1091

အခန်း ၁၀၉၁

Vol. 73 Ch. 1091

Chapter 1091 လူအိုကြီး ကျန်းမိန် ရောက်လာပြီ

ထိုဧရာမလက်ဝါးသည် မှင်ကဲ့သို့ မည်းနက်ပြီး ၎င်းကို မြင်လိုက်ရသည်နှင့် လူငယ်သည် ကြက်သီးတဖြန်းဖြန်း ထသွားရသည်။ သူ့စိတ်ထဲသို့ အံ့ဩ၍ မယုံနိုင်သော အတွေးများ ဝင်ရောက်လာသည်။

“ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ၊ အိမ်ရာထဲမှာ ပိုကြောက်စရာကောင်းတဲ့လူမျိုး ရှိနေပါလား”

ထိုလူငယ် မယုံနိုင် ဖြစ်နေ၏။ သူသည် ဟွိုင်အန် စီရင်စု၌ နှစ်ပေါင်းများစွာ သွားလာခဲ့ပြီး သူနှင့် ယှဉ်နိုင်သူဟူ၍ လူအနည်းစုသာ ရှိသည်။

သို့ရာတွင် ဤမြို့ငယ်လေး၌ သူသည် လက်သီးတစ်ချက်ကြောင့် ဒဏ်ရာရခဲ့သလို ကြောက်စရာကောင်းသော လက်ဝါးချက်နှင့်လည်း ရင်ဆိုင်နေရသည်။ ဤသည်က လူငယ်၏ အတွေးအမြင်ကို ကပြောင်းကပြန် ဖြစ်သွား စေသည်။

“သေစမ်း”

ထိုလူငယ်သည် မည်းနက်သော ဧရာမ လက်ဝါးက သူ့ပေါ် ကျလာသဖြင့် မဆင်မခြင် မပြုမူရဲဘဲ အားကုန်သုံး၍ ထိုလက်ဝါးချက်ကို ပြန်လည် တိုက်ခိုက်လိုက်သည်။

လက်ဝါးချက်နှင့် လက်သီးချက်တို့ ထိပ်တိုက် တွေ့သွားချိန်တွင် ထိုလူငယ်၏ လက်မောင်းရိုးမှနေ၍ အက်သံများ ထွက်ပေါ်လာသည်။ ထိုလက်ဝါးချက်ကြောင့် သူသည် အားနည်းလှသော ယင်ကောင်သဖွယ် မီတာရာချီ၍ လွင့်ထွက်သွားရသည်။

မြေကြီးပေါ် ပြန်ပြုတ်ကျလာသည်နှင့် ထိုလူငယ် အဆက်မပြတ် သွေးအန်လာသည်။ သူ၏ခန္ဓာကိုယ်မှ သွေးတစက်စက် ကျနေသဖြင့် ကြည့်ရဆိုးလှသည်။ ကျိုးသွားသော လက်မောင်းမှ ပျံ့နှံ့လာသည့် ဝေဒနာကြောင့် တစ်ကိုယ်လုံး တုန်ယင်လာသည်။

“ငါ့လက် ကျိုးသွားတာပဲ၊ ဒါ တစ်ဖက်က ငါ့ကို ညှာပေးလိုက်တဲ့ သဘောပါလား”

“မဟုတ်ရင် ငါ သေနေလောက်ပြီ”

ဤလက်ဝါးချက်ပိုင်ရှင်က သူ့ကို သတ်ချင်သော ဆန္ဒမရှိကြောင်း လူငယ် ခံစားမိနေသည်။ ထိုသို့မဟုတ်ပါက ဤလက်ဝါးချက်နှင့်တင် သူ သေသွားလောက်သည်။ ဤသို့ စဉ်းစားမိပြီးနောက် လူငယ်သည် ပိုမို ထိတ်လန့်လာပြီး မြေကြီးပေါ်မှ အသည်းအသန် ထရပ်လိုက်သည်။

ထို့နောက် သူသည် အိမ်ရာဘက် မျက်နှာမူ၍ မြေကြီးပေါ် ဝပ်တွားကာ အရိုအသေ ပေးလိုက်သည်။

“စီနီယာ ဒီမှာ ရှိနေတာကို ဒီဂျူနီယာ မသိလိုက်လို့ ခုနက ရိုင်းပျမိသွားပါတယ်၊ စီနီယာ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”

“သက်ညှာပေးခဲ့တဲ့အတွက်လည်း စီနီယာကို ကျေးဇူးတင်ပါတယ်၊ ဒီဂျူနီယာ ချက်ချင်း ထွက်သွားပါ့မယ်”

လူငယ်သည် ပြောပြီးသည်နှင့် နောက်သို့ တစ်လှမ်းခြင်း ဆုတ်လိုက်သည်။ သံချပ်ကာနှင့်လူသာမက အိမ်ရာပိုင်ရှင်ကပါ ဘာမျှဆက်မပြောသည်ကို တွေ့လိုက်ရသည့်အခါမှသာ သူ နောက်လှည့်၍ တောင်ခြေသို့ တစ်ချိုးတည်း ပြေးဆင်းလေတော့သည်.

လူငယ်သည် ယခုမှ ပထမဆုံးအကြိမ် ထွက်ပြေးဖူးခြင်း ဖြစ်သည်။ သို့သော် သူ တစ်ချက်ကလေးမှ ရှက်ရွံ့သလို မခံစားမိပါ။ ထိုအစား သူ့စိတ်ထဲ၌ ဝမ်းသာစိတ်များသာ ပြည့်နှက်နေ၏။

“အရမ်း မရိုင်းသွားလို့ တော်သေးတယ်၊ မဟုတ်ရင် ငါ မသာ ဖြစ်နေလောက်ပြီ”

လူငယ် မချိပြုံး ပြုံးလိုက်မိသည်။ မြို့ငယ်လေး နှစ်မြို့၌ သူ့အား အနိုင်ယူနိုင်သော လူနှစ်ယောက် ရှိနေခြင်းက သူ့ကဲ့သို့သော လူအတွက် ကြီးမားသော ထိုးနှက်ချက်ပင်။

“ထားပါတော့လေ၊ ဒီကိစ္စ ပြီးတာနဲ့ ငါ ဖျင်အန်းကနေ မြန်မြန် ထွက်သွားရမယ်”

“ဒီနေရာက အချိန်ကြာကြာ နေလို့ရတဲ့ နေရာ မဟုတ်ဘူး”

ထိုလူငယ်၏ ပုံရိပ်သည်‌ တောင်ခြေ ရောက်သည်နှင့် ပျောက်ကွယ်သွားလေသည်။ ဤကိစ္စအားလုံးကို အိမ်ရာ အနောက်ရှိ ဂူထဲမှ ယဲ့ဖန်က အရေးမစိုက်ပေ။

သူ၏ ခန္ဓာကိုယ်၌ ယန်စွမ်းအင်များနှင့် ပြည့်နှက်နေပြီး လက်ရှိတွင် သူ၏ ခွန်အားက အန္တိမ အလယ်အလတ် အဆင့်သို့ ရောက်နေသည်။

“နဂါးသွေးကြောအောက်မှာ ကျင့်ကြံတာက သိုင်းအဆင့်ကို မြန်မြန်ဆန်ဆန် တက်လာနိုင်စေတာပဲ”

ယဲ့ဖန်၏ မျက်လုံးများက လက်နေ၏။ တစ်ခါ အဆင့်တက်လျင် အဆင့်ငယ် နှစ်ခု၊ သုံးခုမျှကို ချိုးဖောက်နိုင်နေ၏။ ဤသို့ မြန်ဆန်သော အဆင့်တက်နှုန်းက ကျုံးကျိုး အင်ပါယာတစ်ခုလုံးကို တုန်လှုပ်သွားစေလောက်သည်။

“ဒါပေမဲ့ မလုံလောက်သေးဘူး”

ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံမျှပြုံး၍ မျက်လုံးပြန်မှိတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တွင်းမှ ဘုံကိုးပါး ယန်စွမ်းအင်က ရုတ်တရက် ပူပြင်းလာပြီး လှည့်ပတ်စီးဆင်းလာ၏။ နဂါးသွေးကြောမှ ပျံ့လွင့်လာသော ယန်စွမ်းအင် များကလည်း ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသည်။ ထို့ကြောင့် သူ၏ အရှိန်အဝါက ပို၍ ကြောက်စရာ ကောင်းလာလေသည်။

…

တစ်ရက်၊ နှစ်ရက်။ လျှပ်တစ်ပြက်အတွင်း နှစ်ရက်တာက လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ယနေ့သည် လူအိုကြီး ကျန်းမိန် ရောက်လာပြီး အမည်မသိ လူကြီးမင်းကို လိုက်ရှာ၍ လက်စားချေမည့် ရက်ဖြစ်သည်။

ဖျင်အန်းတစ်မြို့လုံး ရှင်းလင်း၍ သပ်ရပ်နေ၏။ လူအိုကြီး ကျန်းမိန်ကို ထောက်ခံသည့် မြို့သူမြို့သားများသည် လမ်းတစ်ဖက် တစ်ချက်စီ၌ ရပ်၍ ကြိုဆိုနေကြသည်။

အားလုံး၏ စိတ်ဝင်စား ကြည့်နေသော အကြည့်အောက်၌ ကောင်းကင်ထက်မှနေ၍ ကိုယ်ပိုင် အာကာသယာဉ် တစ်စီး ပျံသန်းလာသည်။

ဖျင်အန်းမြို့မှ မိသားစုကြီးများ ပိုင်ဆိုင်သော ကိုယ်ပိုင်အာကာသယာဉ်များအား ယခုအခါတွင် လူအိုကြီး ကျန်းမိန်ကို ကြိုဆိုသည့် စီးတော်ယာဉ်များအဖြစ် အသုံးပြုနေသည်။ ထို့အပြင် ကိုယ်ပိုင် အာကာသယာဉ်တိုင်း၏ ထိပ်ပိုင်းတွင် စာတန်းများ ချိတ်ဆွဲထားသည်။

“ကျန်းမိန် ရောက်လာပြီ၊ အမည်မသိ ခွေးကောင်ကို အပြစ်ပေးတော့မည်” ဟူသော စာတန်းအား လင်းမိသားစု၏ ကိုယ်ပိုင် အာကာသယာဉ်၌ ချိတ်ဆွဲထားလေသည်။

“အမည်မသိ ခွေးသူခိုးကောင်ရဲ့ သွေးနဲ့ ဆရာသခင်ရဲ့ ဝိညာဉ်ကို ပူဇော်မယ်” ဟူသော စာတန်းကိုမူ ယဲ့မိသားစု၏ ကိုယ်ပိုင်အာကာသယာဉ်က ချိတ်ဆွဲထား၏။

ထုံမိသားစု၏ ကိုယ်ပိုင် အာကာသယာဉ်ကမူ ဤသို့ ချိတ်ဆွဲထားပြန်သည်။

“မနက်ဖြန် ဖျင်အန်းမြို့ရဲ့ အားကစားကွင်းက အမည်မသိ သေမယ့်နေရာပဲ”

“…”

လက်ရှိတွင် ဖျင်အန်းမြို့မှ လူအားလုံးနီးပါးသည် ထိုစာတန်းများကို ရှင်းလင်းစွာ မြင်နေရသည်။ ဖျင်အန်းမြို့မှ လူများ ကြည့်နေစဉ်မှာပင် ထိုအာကာယာဉ်များက လင်းမိသားစု ရှိရာနေရာသို့ ပျံသန်းသွားသည်။

ယခုအခါတွင် လင်းမိသားစုက ဖျင်အန်းမြို့၏ ပထမ အရှင်သခင် ဖြစ်လာမည့် ပုံပင်။ မိသားစု အိမ်တော်တစ်ခုလုံး လင်းထိန်၍ အရောင်အသွေ စုံလင်နေ၏။

ဖျင်အန်းမြို့၏ ဩဇာကြီးသော လူများက လင်းမိသားစု၏ အိမ်တော်ရှေ့၌ စောင့်နေကြသည်။ ထိုလူများ ကြားထဲတွင် လင်းမြောင်မြောင်က မိတ်ကပ် တော်တော် လိမ်းထားသဖြင့် အလွန် လှပနေသည်။ ယဲ့ရှောင်ထျန်းကမူ မိသားစု ခေါင်းဆောင်သဖွယ် မားမားမတ်မတ် ရပ်နေလေသည်။

သူတို့နှစ်ယောက်က သူတို့၏ ဆရာဖြစ်လာမည့် လူအိုကြီး ကျန်းမိန်၏ အမြင်တွင် အကောင်းဆုံး ထင်မြင်ချက်မျိုး ရှိစေချင်နေကြသည်။

“မြောင်မြောင် ဂုဏ်ယူပါတယ်၊ မင်းက အတော်ဆုံးမှန်း ငါ သိပါတယ်”

“ဟားဟားဟား … အစ်ကိုရှောင်ထျန်း၊ ခင်ဗျား လူအိုကြီး ကျန်းမိန်ရဲ့ တပည့် ဖြစ်ပြီးသွားရင် ခင်ဗျား မိတ်ဆွေတွေကို ကောင်းကောင်း ဂရုစိုက်ရမယ်နော်”

“…”

လက်ရှိအချိန်တွင် ဖျင်အန်းမြို့၏ မိသားစုကြီးများမှ လူငယ်များအားလုံးနီးပါးသည် လသော်တာကို ကြယ်တာရာများ ဝန်းရံသကဲ့သို့ လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့ကို ဝိုင်းနေကြလေသည်။

ထိုနေရာတစ်ခုလုံး မျက်စိကျိန်းလောက်သော လက်ဆောင်များနှင့် ပြည့်နေပြီး နှစ်ယောက်လုံး အကျေနပ်ကြီး ကျေနပ်နေ၏။

သဘောအကျဆုံးသူမှာ လင်းမြောင်မြောင်ပင်။ ယခင်က သူမသည် ဖျင်အန်းမြို့၏ ပန်းလေးပွင့်၌ နံပါတ်လေး နေရာ၌သာ ရှိခဲ့ပြီး ထန်ယွင်အာ၏ အနိုင်ပိုင်းခြင်း ခံရကာ အားလုံးက ထန်ယွင်အာဘေး၌ စုနေခဲ့သည်။

“ဟွန့် ထန်ယွင်အာ အဲ့အမည်မသိကောင်ဘက်က နေဖို့ ရွေးချယ်တဲ့ နင့်ကိုယ်နင်ပဲ အပြစ်တင်လိုက်တော့”

“အဲ့အမည်မသိကောင် အသတ်ခံရပြီးရင် နင့်ထန်မိသားစုလည်း ဇာတ်သိမ်းပြီ၊ ငါဆိုတဲ့ လင်းမြောင်မြောင် ကတော့ ကျန်းမိန်ရဲ့ တပည့်ဖြစ်လာပြီး အများလေးစား ခံလာရတော့မှာ”

လင်းမြောင်မြောင်က မာနကြီးသော ဒေါင်းမလေးသဖွယ် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးနေသည်။ သူမဘေးမှ ယဲ့ရှောင်ထျန်းသည်လည်း တက်ကြွလန်းဆန်၍ မာန်အပြည့်နှင့် ရှိနေလေသည်။ သူသည်လည်း ယဲ့ဖန်နှင့် ထန်ယွင်အာအကြောင်း တွေးမိနေ၏။

“ထန်ယွင်အာ၊ ထန်ယွင်အာ၊ မင်း ငါ့ကို အထင်သေးခဲ့ဖူးတယ်၊ အခု ငါ မင်းကို အမြင့်ကို မတက်လှမ်းနိုင်အောင် လုပ်နိုင်ခဲ့ပြီ”

ယဲ့ရှောင်ထျန်း စိတ်လှုပ်ရှားစွာ ပြုံးရယ်နေသည်။ ယဲ့ဖန် သေဆုံးပြီး ထန်ယွင်အာ၏ အလွန် စိတ်ပျက်သွားသော အမူအရာကို မြင်ရရန် သူ မစောင့်နိုင်တော့ချေ။

“ဟိုသောက်အမည်မသိဆိုတဲ့ကောင်၊ နေနှင့်ဦးပေါ့၊ ငါ့ဆရာက မင်းကို မကြာခင် သတ်တော့မှာ”

“ငါ့ယဲ့မိသားစုရဲ့ ရှေးဟောင်း ရတနာကို လုယူချင်တာလား၊ စိတ်ကူးယဉ်နေလိုက်တော့”

ထိုစဉ် လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့ အချင်းချင်း ပြန်ကြည့်လိုက်မိသည်။ ယခုအချိန်ထိ သူတို့၏ ကံကောင်းခြင်းအား မယုံနိုင်ကြသေးပေ။

လူတိုင်း၏ ဂုဏ်ပြုစကားကြောင့် လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့ ဂုဏ်ယူနေချိန်တွင် ကောင်းကင်မှ အာကာသယာဉ်များ ပျံသန်းလာ၏။ အနောက်မှ လိုက်ပါလာသော ယာဉ်တစ်စီးကြောင့် စောင့်နေသော လူတိုင်း ဝမ်းသာသွားကြသည်။

“လာကြ၊ ဆရာသခင် ကျန်းမိန်ကို ဒူးထောက်ပြီး အရိုအသေပေးကြတော့”

လင်းမြောင်မြောင်က ထိုသို့အော်ပြောပြီးသည်နှင့် ယဲ့ရှောင်ထျန်းနှင့်အတူ ဖျင်အန်းမြို့မှ မိသားစုကြီးများကို ဦးဆောင်၍ ကောင်းကင်ယံမှ ယာဉ်အား အရိုအသေ ပေးလေသည်။

“ဆရာသခင် ကျန်းမိန်ကို ကြိုဆိုပါတယ်”

လူအိုကြီး ကျန်းမိန် ရောက်လာလေပြီ။

All Chapters