အခန်း ၁၀၉၂
Vol. 73 Ch. 1092
Chapter 1092 သေဖို့အချိန်ကျပြီ
စာတန်းများနှင့် ပြည့်နေသော ကိုယ်ပိုင် အာကာသယာဉ်တစ်စီးက တစ်ခဏအတွင်း ကောင်းကင်ယံမှနေ၍ လင်းမိသားစု အိမ်တော်သို့ ဖြည်းဖြည်းချင်း သက်ဆင်းလာသည်။
မြေပြင်ပေါ်မှ လူများစွာတို့သည် ဒူးထောက်နေပြီးသာ ဖြစ်နေ၏။ လူတိုင်း အလွန် ကျိုးကျိုးနွံနွံ ရှိနေကြပြီး ရှေ့မှ ဦးဆောင်နေသော လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းဆိုလျင် ခန္ဓာကိုယ်များပင် တုန်ယင်နေသည်။
လူအိုကြီး ကျန်းမိန်သည် သူတို့၏ ဘဝ၌ မြင်ဖူးသော အသန်မာဆုံး လူများထဲမှ တစ်ယောက် ဖြစ်သည်။ ထိုသို့သော လူစားမျိုး၏ တပည့် ဖြစ်လာတော့မည်ကို တွေးမိရုံနှင့်တင် သူတို့ စိတ်လှုပ်ရှားလာရသည်။
ထိုအခိုက်တွင် အားလုံး မျှော်လင့်စောင့်စားနေချိန်၌ ကိုယ်ပိုင် အာကာသယာဉ်များက မြေကြီးပေါ် ဆိုက်ကပ် လာ၏။
လေယာဉ်တံခါး ပွင့်လာပြီးနောက် သွားကြိုဆိုသည့် ဖျင်အန်းမြို့မှ ပုဂ္ဂိုလ်ကြီးများအားလုံး တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။
ထိုလူများကို ဦးဆောင်လာသူမှာ ယဲ့မိသားစုခေါင်းဆောင် ယဲ့ကျန့်ရှုံး၊ လင်းမိသားစု ခေါင်းဆောင် လင်းထျန်းဟောင်နှင့် ယန်မိသားစုခေါင်းဆောင် ယန်ရီရှန်။
သူတို့၏ အနောက်မှ အခြားမိသားစုကြီးများ၏ မိသားစု ခေါင်းဆောင်များ လိုက်ပါလာသည်။ တစ်ယောက်ချင်းစီသည် ဖျင်အန်းမြို့၌ ဩဇာညောင်းသူများ ဖြစ်ကြသည်။
သို့သော် ယခုအခါ၌ ထိုလူများသည် တံခါးဝမှ ထွက်လာပြီးသည်နှင့် တံခါး တစ်ဖက်တစ်ချက်၌ ရိုသေစွာ ရပ်နေကြပြီး ပြိုင်တူ ဦးညွှတ်၍ ဂါဝရပြုလေသည်။
“ဆရာသခင်ကို ကြိုဆိုပါတယ်”
ယဲ့ကျန့်ရှုံးနှင့် အခြားသူများ၏ နှုတ်ဆက်သံအဆုံး ခြေသံများ ထွက်ပေါ်လာပြီး လေယာဉ်ထဲမှ လူနှစ်ယောက် ထွက်လာသည်။
ထိုသူနှစ်ယောက်မှာ အဘိုးအိုတစ်ယောက်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်တို့ ဖြစ်သည်။ ရှေ့မှ လျှောက်လာသော အဘိုးအိုမှာ မုတ်ဆိတ်မွေးနှင့် ဆံပင်တို့ပါ ဖြူဖွေးနေပြီး ဘဝလောကဓံအား ကြံ့ကြံ့ခိုင်စွာ ရင်ဆိုင်ခဲ့ဖူးပုံ ပေါ်သည်။ အထူးသဖြင့် သူ၏ ရှည်လျားသော မျက်ခုံးမွေးက ပါးအထိ ကျလုနီးပါး ဖြစ်နေသည်။
သူ၏မျက်လုံးများသည် စူးရှလင်းလက်လှပြီး လူအများအား စိုက်မကြည့်ဝံ့အောင် ပြုလုပ်နိုင်သည်။ သူ့အနောက်မှ လူလတ်ပိုင်းအရွယ် အမျိုးသားက တရိုတသေနှင့် လိုက်လာသည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်တွင် ယန်စွမ်းအင်များနှင့် ပြည့်နှက်နေပြီး ယာဉ်ထဲမှ ကြောက်စရာကောင်းသော မိစ္ဆာကောင် ထွက်လာသည်ဟု ထင်မှတ်မှားရသည်။
ထိုအဘိုးအိုနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတို့က လင်းမြောင်မြောင်နှင့် အခြားသူများကို သိမ်းကျုံး ကြည့်လိုက်စဉ် လူတိုင်း တုန်လှုပ်သွားပြီး သားရဲတစ်ကောင်၏ စိုက်ကြည့်ခြင်း ခံရကာ ကြက်သီးထ သွားလေသည်။
“သန်မာလိုက်တဲ့ အရှိန်အဝါ၊ ဒါ … ဒါ ငါ မြင်ဖူးသမျှထဲမျ အသန်မာဆုံးလူပဲ”
“ဒါ ဈာန်ဝင်စားခြင်းအဆင့် သိုင်းပညာရှင်မလား၊ မြတ်စွာဘုရား … ငါ့ဝိညာဉ် လွင့်သွားသလို ခံစားလိုက်ရတယ်”
“ပြီးတော့ အဲ့လူလတ်ပိုင်းအရွယ် အမျိုးသားက ကျန်းမိန်ရဲ့ ဒုတိယတပည့် ဆရာသခင် ရွှမ်ရင် မဟုတ်လား”
“…”
မြေကြီးပေါ်၌ ဒူးထောက်နေသော လူငယ်များသည် မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်လာ၏။ လူအိုကြီး ကျန်းမိန်သာမက ဆရာသခင် ရွှမ်ရင်ပါ လိုက်ပါလာလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ သိုင်းပညာရှင် နှစ်ယောက် ရောက်လာသဖြင့် အားလုံး ထိတ်လန့်လာသည်။ သို့သော် လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်း တို့မှာမူ စိတ်ထဲ၌ ဝမ်းသာ ပျော်ရွှင်နေကြသည်။
“သန်မာလွန်းတယ်၊ ဆရာသခင်နဲ့ ယှဉ်လိုက်ရင် ယဲ့မျိုးရိုးနဲ့ကောင်က ပုရွက်ဆိတ်သာသာပဲ ရှိတယ်”
“ဟုတ်တယ်၊ ဆရာသခင် ရွှမ်ရင်တစ်ယောက်တည်းနဲ့တင် သူ့ကို အသေရိုက်သတ်လို့ ရတယ်လို့ ငါ ခံစားနေတယ်”
နှစ်ယောက်သား အချင်းချင်း ပြန်ကြည့်၍ ထီမထင်ဟန် ပြုံးလိုက်လေသည်။ ယခင်က ယဲ့ဖန်က ဆရာသခင်အား ရိုက်သတ်လိုက်သည်ကို သူတို့ မြင်ဖူးခဲ့သော်လည်း ထိုအချိန်က ဆရာသခင်သည် သေလူဖြစ်ပြီးသဖြင့် သူ၏ ခွန်အားကို အားကုန် မထုတ်သုံးနိုင်ပေ။
လက်ရှိ ဆရာသခင် ရွှမ်ရင်သည် အဆင့်ကိုး ရွှေရောင်ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်သည်။ ဈာန်ဝင်စားခြင်း အဆင့်၌ ရှိသော ဆရာသခင် ကျန်းမိန်က ပို၍ သန်မာသေးသည်။ ထို့ကြောင့် ယဲ့ဖန် သေချာပေါက် သေဆုံးရပေလိမ့်မည်။
“အားလုံး ပင်ပန်းသွားပြီပဲ”
ထိုစဉ် လူအိုကြီး ကျန်းမိန်က မြေကြီးပေါ် ဒူးထောက်နေသော လူငယ်များကို တစ်ချက်ကြည့်၍ အသာပြုံး လိုက်သည်။
ထိုစကားကြောင့် လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်း အပါအဝင် လူငယ်များအားလုံးက ကျယ်လောင်စွာ သံပြိုင် ပြောဆိုလေသည်။
“ဆရာသခင် ရောက်လာတာကိုက ဖျင်အန်းမြို့အတွက် ဝမ်းသာစရာပါ”
လူငယ်တိုင်း စိတ်အားတက်ကြွနေ၏။ ဤမြင်ကွင်းကြောင့် လူအိုကြီး ကျန်းမိန်က အလွန်အမင်း ကျေနပ် အားရဟန်ဖြင့် ခေါင်းညိတ်ကာ ပြုံးလိုက်သည်။
“ဆရာသခင် ကျန်းမိန်၊ ဆရာသခင် ရွှမ်ရင် ကြွပါ”
ထိုစဉ် လင်းထျန်းဟောင်းက ဆရာတပည့်နှစ်ယောက်ကို ကြိုဆိုသော အမူအရာဖြင့် ပြောလာသည်။
“လင်းမိသားစုခေါင်းဆောင်လည်း ပင်ပန်းသွားပြီ”
ထိုသို့ပြောပြီးသည်နှင့် လူအိုကြီး ကျန်းမိန်သည် ဒုတိယ တပည့်ဖြစ်သူ ရွှမ်ရင်နှင့်အတူ အခြားသူများအား ဦးဆောင်၍ လင်းမိသားစု အိမ်တော်ထဲသို့ လျှောက်သွားလေသည်။
ဖျင်အန်းတစ်မြို့လုံး၏ မိသားစုခေါင်းဆောင်များက လင်းမိသားစု၌ လာစုဝေးနေသဖြင့် လင်းမိသားစုသည် ဂုဏ်ယူ ဝမ်းမြောက်နေ၏။
လင်းမိသားစု၏ ခန်းမထဲသို့ ရောက်သောအခါ ဆရာသခင် ကျန်းမိန်က နေရာ၌ထိုင်၍ အားလုံးကို တစ်ချက် ကြည့်ကာ မေးလိုက်သည်။
“ငါ့တပည့် အသတ်ခံရတဲ့နေ့တုန်းက အဲ့ဒီမှာ ဘယ်သူ ရှိနေတာလဲ”
ထိုစကားကို ကြားလိုက်ရချိန်တွင် အားလုံး စိတ်အားထက်သန်လာသည်။ လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့ ကမူ အလျင်အမြန် ရှေ့ထွက်၍ လူအိုကြီး ကျန်းမိန်ရှေ့ ဒူးထောက်လိုက်သည်။
“ဆရာကို လျှောက်တင်ပါတယ်၊ ဆရာသခင် အသတ်ခံရတုန်းက ကျွန်မတို့ နှစ်ယောက် ရှိနေပါတယ်”
လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့က ဦးညွှတ်၍ ပြန်ဖြေလေသည်။ သူတို့နှစ်ယောက်၏ စကားကြောင့် လူအိုကြီး ကျန်းမိန်၏ အကြည့်က သူတို့ထံ ရောက်လာ၏။ သူက နှစ်ယောက်လုံး၏ အတွေးကို သိနေဟန်ဖြင့် စိုက်ကြည့်ကာ အေးတိအေးစက် မေးလိုက်သည်။
“အဲ့အကြောင်း ရှင်းပြစမ်း”
“ဟုတ်ကဲ့ ဆရာ”
လင်းမြောင်မြောင်က ပြန်ဖြေ၍ ချက်ချင်း ရှင်းပြလေသည်။
“အဲ့တုန်းက ကျွန်မ၊ ထန်ယွင်အာ၊ ယဲ့ရှောင်ထျန်း၊ အမည်မသိ လူကြီးမင်းတို့က ဆရာသခင်နဲ့အတူ ဖျင်ယန် တောင်ကို အတူတူ တက်ခဲ့ပါတယ်”
“အိမ်ရာထဲကို ဝင်သွားပြီးတော့ ကျွန်မတို့ သရဲတစ္ဆေနဲ့ ကြုံရပါတယ်၊ အမည်မသိဆိုတဲ့ ခွေးသူခိုးက ကျွန်မတို့လို ကြောက်လန့်နေလို့ ဆရာသခင်ကပဲ သူ့အစွမ်းနဲ့ သရဲတစ္ဆေတွေကို သတ်ပြီး ကျွန်မတို့ကို ကယ်ခဲ့ပါတယ်၊ အဲ့နောက် လမ်းတစ်လျှောက်လုံး ဆရာသခင်ကပဲ သရဲတစ္ဆေ တစ်ရာကျော်ကို နှိမ်နှင်းခဲ့ရပါတယ်”
“အဲ့အမည်မသိ ခွေးသူခိုးက အစကနေ အဆုံးအထိ တစ်ကြိမ်လေးတောင် မတိုက်ခဲ့ပါဘူး”
“နောက်ဆုံးတော့ ဝံပုလွေလို ယုတ်မာတဲ့ အဲ့ကောင်က ဆရာသခင် သူ့အသက်ကို ကယ်ခဲ့တာကို မသိကျိုးကျွန် ပြုပြီးတော့ ဆရာသခင်ကို အလစ်ဝင်တိုက်ပြီး သတ်ခဲ့ပါတယ်”
“ဆရာသခင်က သူ့လက်ထဲမှ အဖြစ်ဆိုးစွာနဲ့ သေဆုံးခဲ့ရတာပါ”
လင်းမြောင်မြောင်၏ စကားကို ကြားပြီး ခန်းမတစ်ခုလုံး ဆူညံပွက်လောရိုက်လာသည်။ လင်းမြောင်မြောင်၏ စကားက ဆရာသခင်အား လူ့အသက်ကယ်သော သူရဲကောင်းတစ်ယောက်အသွင် ပြောင်းသွားစေပြီး ယဲ့ဖန်အား ကျေးဇူးမသိတတ်သော ယုတ်မာသည့် ဝံပုလွေလိုလူစား ဖြစ်သွားစေသည်။
*အသက်သခင် ကျေးဇူးရှင်ကို ခိုးကြောင်ခိုးဝှက် တိုက်ပြီး သတ်တယ်တဲ့လား*
*လက်မခံနိုင်စရာပဲ*
“ချီးပဲ၊ ယဲ့မျိုးရိုးနဲ့ကောင် ရူးနေပြီပဲ”
“ဟုတ်တယ်၊ ဒီလို ဝံပုလွေလို ယုတ်မာတဲ့လူကို ဒီအတိုင်း မထားသင့်ဘူး၊ သတ်မှဖြစ်မယ်”
“ဆရာသခင် ကျန်းမိန်၊ လူသတ်သမားကို သတ်လိုက်ပါ”
“…”
ကြွေးကြော်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာ၏။ ဖျင်အန်းမြို့မှ လူတိုင်း ဒေါသစိတ်များနှင့် ပြည့်နှက် လာလေသည်။
လူအိုကြီး ကျန်းမိန်နှင့် ဆရာသခင် ရွှမ်ရင်တို့၏ မျက်နှာထားများက သုန်မှုန်၍ ကြောက်စရာ ကောင်းလာသည်။
“ယုတ်ညံ့ပြီး အရှက်မရှိတဲ့ကောင်ပဲ၊ အသက်သခင် ကျေးဇူးရှင်ကိုတောင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ပြီး သတ်ရဲတယ်၊ တစ်စစီ ခုတ်သတ်သင့်တဲ့ကောင်”
လူအိုကြီး ကျန်းမိန်က လေသံမာမာနှင့် ဆက်မေးလိုက်သည်။
“ထန်ယွင်အာ ဘယ်မှာလဲ”
လူအိုကြီး ကျန်းမိန်က ထန်ယွင်အာကိုရှာ၍ ဤကိစ္စ၏ ဖြစ်ရပ်မှန်ကို ဆုံးဖြတ်ချင်နေပုံ ပေါ်သည်။ ထိုအခါ ယဲ့ရှောင်ထျန်းက အလောတကြီး ဝင်ပြောလိုက်သည်။
“ဆရာကျန်းမိန်၊ ထန်ယွင်အာက အမည်မသိ ခွေးသူခိုးကို သဘောကျနေတာ ကြာပါပြီ”
“ခွေးသူခိုးကောင်က ဆရာသခင်ကို သတ်လိုက်မှန်း သိတာတောင်မှ သူ့ကို ကာကွယ်နေပါသေးတယ်၊ အခုတောင်မှ ထန်မိသားစုတစ်ခုလုံးက အမည်မသိ ခွေးသူခိုးကောင်ဘက်မှာ နေတာပါ”
ထိုစကားက ပျားအုံကို တုတ်နှင့် သွားထိုးလိုက်သကဲ့သို့ လူအိုကြီး ကျန်းမိန်၏ မျက်လုံး၌ လူသတ်ချင်စိတ်များ ပိုမို ပြင်းထန်လာသည်။
“ယုတ်မာတဲ့ ခွေးသူခိုးအတွဲပဲ”
“မနက်ဖြန် နေ့လယ် ငါတို့ ဆရာတပည့်နှစ်ယောက် လူသတ်သမားကို သတ်ပြီး လက်စားချေဖို့ စီစဉ်လိုက် ကြတာပေါ့”
“သူ့ကို သေချာပေါက် တစ်စစီ ဖြစ်အောင် လုပ်ပစ်မယ်”
ထိုစကားကြောင့် လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့ အလွန် ဝမ်းသာသွားသည်။ ထို့နောက် နှစ်ယောက်လုံးက လူအိုကြီး ကျန်းမိန်ကို ရိုရိုသေသေ ထပ်၍ ဦးညွှတ်လိုက်သည်။
“ဆရာ၊ ဆရာသခင်က ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ပါ၊ ဆရာက ဆရာသခင်နဲ့ ကျွန်တော်တို့ရဲ့ ဆရာသခင်ပါ”
“ဆရာသခင်ကိုယ်စား ကျွန်မတို့နှစ်ယောက် ဂါဝရပြုတာကို ဆရာ လက်ခံပေးပါ”
လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့က အလွန် ရိုသေကိုင်းရှိုင်းဟန်ဖြင့် ပြောလာသည်။ လူအိုကြီး ကျန်းမိန်၏ မျက်နှာ၌ ကျေနပ်ရိပ်များ ထင်ဟပ်လာ၏။
“မင်းတို့လို ကျေးဇူးသိတတ်တဲ့လူက တော်တော်ရှားတယ်”
“ငါ လက်ခံတယ်”
ထိုစကားကြောင့် လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့က အလွန် စိတ်လှုပ်ရှားပြီး အလျင်အမြန် ဒူးထောက်လိုက်သည်။
“လင်းမြောင်မြောင်/ယဲ့ရှောင်ထျန်းက ဆရာ့ကို ဂါဝရပြုပါတယ်”
“ဒုတိယ စီနီယာအစ်ကိုကိုလည်း ဂါဝရပြုပါတယ်”
နှစ်ယောက်သား ဒူးထောက်လိုက်ချိန်တွင် ထီမထင်ဟန် ပြုံးနေကြသည်။
*အမည်မသိကောင် …. နင့်အတွက် သေဖို့အချိန်တန်ပြီ”