အခန်း ၁၀၉၃
Vol. 73 Ch. 1093
Chapter 1093 တိုက်ရိုက်ထုတ်လွှင့်ခြင်း
လူအိုကြီး ကျန်းမိန်နှင့် ဆရာသခင် ရွှမ်ရင်တို့က အမည်မသိ လူကြီးမင်းနှင့် တိုက်ခိုက်တော့မည်။ ထိုသတင်းသည် တောင်ပံပေါက်နေသကဲ့သို့ ဖျင်အန်းမြို့၏ လမ်းမများနှင့် လမ်းကြို လမ်းကြားအထိ ပျံ့နှံ့သွားလေသည်။
ဖျင်အန်းတစ်မြို့လုံး ဆူညံပွက်လောရိုက်သွားသည်။ ဖျင်အန်းမြို့၏ ပုံရိပ်ယောင် ကွန်ရက်တွင်လည်း မြို့သူ မြို့သားများ ပြောဆိုနေကြသည်။ လူအိုကြီး ကျန်းမိန်တို့ ဆရာတပည့်နှင့် အမည်မသိ လူကြီးမင်းတို့တွင် မည်သူ နိုင်မလဲ လေ့လာစမ်းစစ်နေသည်။
သို့သော် အားလုံးက တစ်ဖက်သက် အတွေးတစ်ခုသာ ရှိသည်။ အမည်မသိ လူကြီးမင်း ရှုံးကိုရှုံး၍ သေလိမ့်မည်ဟု ထင်နေကြသည်။
“ဟားဟားဟား … အမည်မသိ ခွေးသူခိုးကောင်ရဲ့ အဆုံးသတ် ရောက်လာပြီကွ၊ သူ့ကို ဆရာသခင်က ကယ်ခဲ့ပင်မယ့် သူက ကျေးဇူးရှင်ကို ပြန်သတ်လိုက်သေးတယ်၊ သေရင်တောင် မသနားထိုက်တဲ့ကောင်”
“ချီးပဲ၊ အမည်မသိ လူကြီးမင်းက ဖျင်အန်းမြို့ရဲ့ သူရဲကောင်း ဖြစ်ခဲ့တာကို၊ သူ အရင်တုန်းက သွေးဇီးကွက် လင်ဖေးကို သတ်ခဲ့တာလေ၊ ဘယ်လိုလုပ် သူက လက်စားချေမယ့် လူစားမျိုး ဖြစ်နေတာလဲ”
“ဖွီ သွေးဇီးကွက် လင်ဖေးကို သတ်ခဲ့လည်း ဘာဖြစ်လဲ၊ သူက မနာလိုတတ်တဲ့ လူစားမျိုးပဲ၊ ဒီလို ဆိုးရွားတဲ့ ကိစ္စကို လုပ်ခဲ့တဲ့ကောင်”
“…”
ဖျင်အန်းမြို့၏ ကွန်ရက်တွင် စာများ ပလူထနေပြီး ဖျင်အန်းမြို့မှ လူအားလုံးက ဆူဆူညံညံ ပြောဆိုနေ၏။ တစ်ယောက်၊ နှစ်ယောက်က ယဲ့ဖန်ဘက်မှ ပြောပေးလျင်တောင်မှ များစွာသော လူအများ၏ နှုတ်အားဖြင့် ဆဲဆိုခြင်း ခံရလေသည်။
အွန်လိုင်းပေါ်မှ လူများသည် တညီတညွတ်တည်း လူအိုကြီး ကျန်းမိန်တို့ ဆရာတပည့်ဘက်မှ ထောက်ခံ၍ ယဲ့ဖန်ကို ခေါင်းဖြတ်ချင်နေကြသည်။
ထိုညတွင် ဘုရင့်ဘား၏ စားပွဲဝိုင်း နံပါတ် ၆၀၆၌ ဖန်းရီပေါ်၊ ဖေးဖေးနှင့် အခြားသူများအားလုံး စုဝေးနေသည်။ ယခင်က သူတို့သည် ယဲ့ဖန်ကြောင့် အရှက်ကွဲခဲ့ရပြီး ပြန်လည် မတိုက်ဝံ့ခဲ့ချေ။
ထိုကိစ္စအပြီးတွင် ယဲ့ဖန်ကို ရန်စခဲ့မိသည့်အတွက် မိသားစုများသည် ထန်မိသားစု၊ ကင်းမြီးကောက် လူသတ်သမားနှင့် အခြားသူများ၏ ဖိနှိပ်ခြင်းများ ခံရပြီး ကံဆိုးမိုးမှောင် ကျခဲ့သည်။
ယခုဘဝ၌ သူတို့ လက်စားချေနိုင်မည့် မျှော်လင့်ချက် မရှိတော့ဟု သူတို့ ထင်ခဲ့မိသော်လည်း အခွင့်အရေးက ဤမျှ အလျင်အမြန် ရောက်လာလိမ့်မည်ဟု သူတို့ မျှော်လင့်မထားမိပါ။
“ဟားဟားဟား … အဲ့အချိန်တုန်းက ငါ ယဲ့ဖန်နဲ့ မရင်းနှီးခဲ့လို့ နည်းနည်း ကံကောင်းသွားတယ်”
ဖန်းရီပေါ်က သူ့ကိုယ်သူ ဂုဏ်ယူ၍ နေ၏။ ထိုနေ့က ကိုယ့်ပါးကိုယ် ရိုက်ခဲ့သည်ကို သူ မေ့လျော့သွားသလို ယဲ့ဖန်နှင့် မိတ်ဆွေမဖြစ်နိုင်တော့သည့်အတွက် နောင်တရခဲ့သည်ကိုလည်း မေ့သွားလေသည်။ လက်ရှိတွင် သူ့၌ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများသာ ပြည့်နှက်နေသည်။
“အဲ့တုန်းက ငါတို့သာ အဲ့ကောင်နဲ့ သိကျွမ်းခဲ့ရင် အခု ငါတို့ သူ့ကြောင့် ထိခိုက်နေလောက်ပြီ”
ဖန်းရီပေါ် ပျက်ရယ်ပြုလိုက်သည်။ သူ့စကားကို ကြားသည်နှင့် ဘေးနားမှ ဖေးဖေးနှင့် အခြားသူများကလည်း အလျင်အမြန် သဘောတူလာကြသည်။
ယခင်က သူတို့ ယဲ့ဖန်ကို ရန်စမိခဲ့သဖြင့် သူတို့၏ နောက်ကွယ်မှ မိသားစုများ ဖိနှိပ်ခံရသောကြောင့် သူတို့ နောင်တရပြီးရင်း ရခဲ့သည်။ ယခုအခါတွင် သူတို့သည် ကံဆိုးမှုမှ လွတ်မြောက်သွားသည်ဟုသာ ထင်
“သခင်လေး ရီဖန်း ကျေးဇူးကြောင့်ပဲဗျာ၊ မဟုတ်ရင် ကျုပ်တို့လည်း ကင်းမြီးကောက် လူသတ်သမားလို မိသားစုကြီးတွေက လူတွေရဲ့ ဖမ်းတာကို ခံရပြီး မီးကင်ခံရတော့မယ့် ဝက်တစ်ကောင်လို ဖြစ်နေတော့မှာ”
“ဟုတ်တယ်၊ အရင်က ကျုပ် နောင်တရခဲ့ပင်မယ့် အခုတော့ အဲ့ယဲ့ဖန် လုံးဝ ဇာတ်သိမ်းတော့မယ် ထင်တယ်”
“…”
လူအများစုက ဆက်လက်၍ စကားပြောနေကြသည်။ သို့သော် သူတို့ ပြောသမျှ စကားတိုင်းသည် ယဲ့ဖန်နှင့် မသိကျွမ်းခဲ့၍ ကံကောင်းသွားသည်ဟူသော စကား ပါနေ၏။ လူတိုင်း၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ပြီး ဖန်းရီပေါ်က တီးတိုး ပြောလိုက်သည်။
“ဒီနေ့ လူအိုကြီး ကျန်းမိန် ရောက်လာတော့ လင်းမိသားစုက ကင်းမြီးကောက် လူသတ်သမားနဲ့ အဖွဲ့ရဲ့ အဓိက အဖွဲ့ဝင်တွေကို ဖမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်တယ်လို့ ငါ ကြားခဲ့တယ်”
“လက်ရှိ မြေအောက်လောကတော့ ပြောင်းလဲပြန်ပြီ”
ထိုစကားကို ကြားသောအခါ ဖေးဖေးနှင့် အခြားသူများ သက်ပြင်းမချဘဲ မနေနိုင်လောက်အောင် ဖြစ်သွားကြသည်။
ထိုညက ကင်းမြီးကောက် လူသတ်သမား၏ ယဲ့ဖန်ဘက်မှ မားမားမတ်မတ် ရပ်တည်ခဲ့သော မြင်ကွင်းကို သူတို့ ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပင်။ ထိုအဖြစ်ကြောင့် သူတို့ ထိတ်လန့် ကြောက်ရွံ့ခဲ့ရသည်။
ထိုညလွန်သော် ကင်းမြီးကောက် လူသတ်သမားသည် ဖျင်အန်းမြို့၏ မြေအောက်လောကတွင် နာမည်အကြီးဆုံး ဘုရင်တစ်ပါး ဖြစ်လာပြီး ဖျင်အန်းမြို့ မြေအောက်လောကအား စုစည်းနိုင်လုနီးပါး ဖြစ်ခဲ့သည်။
သူတို့အနောက်မှ မိသားစုများက ကင်းမြီးကောက် လူသတ်သမား၏ ဖိနှိပ်ခြင်းကို အနည်းအများမဆို ခံရသဖြင့် ဘေးဒုက္ခ ရောက်လာပြီဟု ထင်ခဲ့ကြသည်။
သို့သော် နာမည်ကြီးနေသည့် ကင်းမြီးကောက် လူသတ်သမားက နှစ်ရက်၊ သုံးရက်အတွင်း လင်းမိသားစု၏ ဖမ်းဆီးခြင်း ခံရပြီး အောင်မြင်မှုများ တစ်စစီ ပြိုလဲသွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ဖေးဖေးက အထင်သေး လှောင်ပြောင်သော အပြုံးမျိုး ပြုံးလာသည်။
“ပြီးတော့ ထန်မိသားစုရောပဲ၊ ငါ ယဲ့ဖန်ကို ရန်စမိတယ်ဆိုတာ သိသွားတာနဲ့ ငါ့မိသားစုကို ဆက်တိုက် အနိုင်ကျင့်နေတာ၊ အခုတော့ ပိုကောင်းသွားပြီ၊ မနက်ဖြန် ယဲ့ဖန် အသတ်ခံရပြီးရင် ထန်မိသားစုရဲ့ ပျက်သုဉ်း ခြင်းလည်း ရောက်လာတော့မှာ”
ထိုသို့ပြောပြီးသည်နှင့် ဖေးဖေးက ရက်စက်ယုတ်မာသော အပြုံးမျိုး ပြုံးလာပြန်သည်။ ယဲ့ဖန် သေသည်ကို မြင်ရရန် သူမ မစောင့်နိုင်သလို ယဲ့ဖန်ကို ထောက်ခံသည့် လူများအားလုံး အဖြစ်ဆိုးနှင့် ကြုံတွေ့ရသည်အား မြင်ရရန် မစောင့်နိုင်တော့သည့်ပုံပင်။ မိမိလူများ၏ အမူအရာကိုကြည့်ပြီး ဖန်းရီပေါ်က ပြုံးစစနှင့် ဆက်ပြောလာသည်။
“ငါ နောက်ဆုံးရထားတဲ့ သတင်းကတော့ မနက်ဖြန် လုပ်မယ့် နောက်ဆုံးတိုက်ပွဲကို ဖျင်အန်းမြို့ရဲ့ အားကစားကွင်းထဲမှာ ကျင်းပမယ်လို့ ကြားတယ်”
“ငါ လက်မှတ်တစ်ချို့ ရထားတယ်၊ မင်းတို့ ကြည့်ချင်လား”
*လက်မှတ်*
ထိုစကားကြောင့် ဖေးဖေးနှင့် အခြားသူများအားလုံး ဝမ်းသာအားရ ဖြစ်သွားလေသည်။
“ငါ သွားချင်တာပေါ့၊ ယဲ့မျိုးရိုးနဲ့ကောင် ဘယ်လို ဆိုးဆိုးရွားရွား သေမလဲ ငါ ကြည့်ချင်တယ်”
“ငါလည်း သွားချင်တယ်၊ အရင်က သူ ငါ့ကို အရှက်ခွဲခဲ့တာ၊ သူ ငရဲသွားရမှာကို မျက်လုံးနဲ့ တပ်အပ်မြင်ချင်တယ်”
“…”
လူ တစ်ယောက်ပြီး တစ်ယောက်က တက်ကြွစွာ ပြောဆိုလာသဖြင့် ဖန်းရီပေါ်၏ အပြုံးက ပို၍ ပီပြင်လာသည်။
“ကျုံးလီအာ စောင့်နေလိုက်၊ ယဲ့မျိုးရိုးနဲ့ကောင် သေသွားတာနဲ့ ငါ မင်းကို ငါ့အောက် သွင်းပစ်မယ်”
…
ဖန်းရီပေါ်နှင့် အခြားသူများသာမက ယိုယွင်းနေသော အိမ်ငှားခန်းလေး၌ အားပင်းသည်လည်း ခေတ်ကုန်နေသော ဘီဗွီသရီး စမတ်ကွန်ရက် နာရီကိုကြည့်ကာ တက်ကြွနေ၏။
ဘုရင့်ဘား၌ ယဲ့ဖန်ကို ရန်စခဲ့မိပြီးနောက် သူ ဘားမှ အထုတ်ခံရသလို မည်သည့်ဆိုင်ကမှ သူ့ကို အလုပ်မခန့် ကြချေ။
နောက်ဆုံးတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အိမ်ရာမဲ့ လူများ၏ လုပ်ငန်းထဲသို့ ရောက်သွားပြီး စားဝတ် နေရေးအတွက် အမှိုက်လိုက်ကောက်ရတော့သည်။ သူ၏ ရင်ထဲတွင် ယဲ့ဖန်အား အချိန်အတော်ကြာအောင် မုန်းတီးနေပြီ ဖြစ်သည်။
“ယဲ့မျိုးရိုးနဲ့ကောင် မင်း ဒီနေ့ သေရမယ်ကွ၊ ဟားဟားဟား …”
အားပင်းသည် အပြုံးကြီး ပြုံးနေပြီး ယဲ့ဖန်၏ စုတ်ပြတ်နေသော အလောင်းကို မြင်ရရန် ဆုတောင်းနေသည်။ လက်ရှိတွင် သူသည် ပုံရိပ်ယောင် ကွန်ရက်ကို လက်ညှိုးဖြင့် ထိလိုက်ပြီး သူ၏ ကွန်ရက်အမည်အား “မြေယိုးယဲ့” ဟု အမည်ပေးလိုက်ပြီး ဖျင်အန်း၏ လောင်းကစားကွန်ရက်တွင် ပို့စ်တစ်ခု တင်လိုက်သည်။
“နောက်ဆုံးတိုက်ပွဲ လောင်းကစား”
“မနက်ဖြန် အမည်မသိ အသတ်ခံရတဲ့နေ့အတွက် အလုပ်သမား စီမံခန့်ခွဲမှုက တိုက်ရိုက် ထုတ်လွှင့်မယ်”
“ဘယ်သူ ဖော်လိုလုပ်ပြီးပြီလဲ”
ထိုပို့စ် ထွက်လာပြီးသည်နှင့် ဖျင်အန်းမြို့မှ လောင်းကစား သမားများအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ဤကွန်ရက်သည် သာမန် လောင်းကစား ကွန်ရက်ဖြစ်သည်။ ယင်းအား ဖျင်အန်းမြို့၏ ရက်စက်သော လောင်းကစား ကုမ္ပဏီပိုင်ရှင်က ဖွင့်ထားခြင်း ဖြစ်ပြီး သူ့၌ နက်ရှိုင်းသော နောက်ခံနှင့် တိုက်ခိုက်ရေးသမားများ အများကြီး ရှိလေသည်။
လောင်းကစားကွန်ရက်၌ စာရင်းသွင်းထားသော အသုံးပြုသူတိုင်း နာမည်အရင်းကို မဖြစ်မနေ ဖြည့်သွင်းရသည်။ သို့မှာသာ လောင်းကစားမှ ရသော ငွေများကို ထုတ်နိုင်မည် ဖြစ်သည်။
သို့မဟုတ်ပါက ဤလောင်းကစား ကုမ္ပဏီ၏ ဆိုးရွားသော လူမိုက်များက ကူ၍ ငွေထုတ်ပေးသည်။ ထိုအတွက် အခကြေးငွေ ပြန်ပေးရ၏။
မနက်ဖြန် နောက်ဆုံးတိုက်ပွဲအတွက် လောင်းကစားပို့စ်များ ရှိသော်လည်း တိုက်ရိုက်ထုတ်လွှင့်ခြင်းဖြင့် လောင်းကစား လုပ်သော ပို့စ်မျိုး တစ်ခုမှ မရှိသေးပေ။
ချက်ချင်းဆိုသလိုပင် ဖျင်အန်းတစ်မြို့လုံး၏ လောင်းကစားကွန်ရက်က ဆူညံပွက်လောရိုက်လာသည်။ ကြည့်ရှုသူ အရေအတွက်ကလည်း တစ်ခဏအတွင်း တစ်သောင်းသို့ ရောက်လာပြီး ပြန်ဖြေသော စာသားများက တစ်ထောင် ကျော်လာ၏။
“မြေရှင် ၆၆၆က မင်းကို လက်မထောင် အားပေးတယ်၊ အမည်မသိကောင် မနက်ဖြန် သေကိုသေရမယ်”
“တစ်စစီ ခုတ်မှာလား၊ စိတ်လှုပ်ရှားစရာပဲ၊ အလုပ်သမား စီမံခန့်ခွဲမှု အဖွဲ့ဝင်တစ်ယောက်နဲ့ အမည်မသိ ချစ်သူများအဖွဲ့နဲ့တော့ တွေ့ပြီ၊ ငါ အမည်မသိ မသေတဲ့ဘက်က ယွမ်တစ်ရာ လောင်းတယ်ကွာ”
“အလုပ်သမား စီမံခန့်ခွဲမှုဘက်က နှစ်ရာ လောင်းတယ်ကွာ”
“ဟားဟားဟား … သူ တီကောင်ကိုပဲ အရူးလုပ်လို့ရမယ်”
တစ်ခဏအတွင်းမှာပင် ထိုပို့စ်က နာမည်ကြီးလာသည်။ အမည်မသိ ချစ်သူများအဖွဲ့ဝင်များက စတင်၍ လောင်းလာကြသဖြင့် အားပင်း၏ ပို့စ်တွင် လူဆူလာ၏။ ဤသည်ကိုကြည့်ပြီး အားပင်း စိတ်လှုပ်ရှားလာသည်။
“ဟား … ငါ ချမ်းသာပြီ၊ ဆယ်မိနစ်အတွင်း ကွန်ရက်ကို ပေးရမယ့် စရိတ်အတွက် ယွမ်တစ်ထောင်နီးနီး ရနေပြီ”
“မိုက်တယ်”
အားပင်း စိတ်မလှုပ်ရှားဘဲ မနေနိုင် ဖြစ်သွားရသည်။ သူ့စိတ်ထဲတွင် ယဲ့ဖန်ကို ပြန်အမှတ်ရသွားပြီး ကြုံးဝါး လိုက်သည်။
“ဟ … ယဲ့မျိုးရိုးနဲ့ကောင်၊ မင်း သေခါနီးမယ်လို့တောင် ငါ မထင်ထားမိဘူး၊ ပြီးတော့ မင်းက ငါ့ကိုပါ ကံကောင်းအောင် လုပ်ပေးသေးတယ်”
လက်ရှိတွင် သူသည် မနက်ဖြန်ကို မစောင့်နိုင်ဖြစ်နေ၏။ ယဲ့ဖန် သေဆုံးကြောင်း သတင်းကို ကြားချင်နေမိသည်။