← Chapters

အခန်း ၁၀၉၆

Vol. 74 Ch. 1096

အခန်း ၁၀၉၆

Vol. 74 Ch. 1096

Chapter 1096 သတ်ဖြတ်ခြင်း စတင်ပြီ

ရွှစ်

ကောတဲယို၏ ပြတ်သွားသော လည်ပင်းမှ ရဲရဲနီသော သွေးများက ရေတံခွန်သဖွယ် ပန်းထွက်လာသဖြင့် မြေကြီးတစ်ခုလုံး ရွှဲစိုသွားသည်။

ကောတဲယို၏ ဦးခေါင်းကိုမူ ယဲ့ဖန်က လက်တစ်ဖက်ဖြင့် ဆံပင်မှနေ၍ ဆွဲကိုင်ထားသောကြောင့် လေထဲ တန့်နေ၏။ ထိုဦးခေါင်းပြတ်မှ သွေးများ တတောက်တောက် စီးကျနေသည်။

ဤမြင်ကွင်းကြောင့် ကျုံးလီအာ နားဝေတိမ်တောင် ဖြစ်သွားရသလို လင်းမိသားစုမှ သက်တော်စောင့် လေးယောက်သည်လည်း မှင်တက်မိနေလေသည်။

စက္ကန့်ပိုင်းအတွင်း လင်းမိသားစု၏ ဘဏ္ဍာစိုး ကောတဲယိုတစ်ယောက် ခေါင်းပြတ် သွားလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

*ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ဘုတ်!

ကောတဲယို၏ ဦးခေါင်းပြတ် အလောင်းက မြေကြီးပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျသွား သည့်အခါမှသာလျင် လင်းမိသားစု၏ သက်တော်စောင့် လေးယောက်လုံး တုန်ယင်လာပြီး သတိဝင်လာကြသည်။

“ခွေးမသား၊ မင်း … မင်း ဘဏ္ဍာစိုးကောကို သတ်ပစ်လိုက်တယ်၊ သွားပြီ … မင်း … မင်းတော့ သေပြီကွ”

“ဟာ မင်းက အမည်မသိပဲ၊ မင်း ထွက်မပြေးဘူးလား”

“…”

သက်တော်စောင့် လေးယောက်လုံး ထိတ်လန့်နေကြသည်။ ယဲ့ဖန်က ထွက်မပြေးရုံသာမက ရုတ်တရက် ပေါ်လာပြီး လူသတ်လိမ့်မည်ဟုပါ သူတို့ ထင်မထားမိပေ။ သို့သော် သူတို့ ပြန်ဖြေလာသည့် တစ်ခုတည်းသော အသံမှာ သေမင်းထံမှ မရဏ ခေါင်းလောင်းသံပင်။

“သတ်လိုက်”

ယဲ့ဖန်ထံမှ ထိုစကား ထွက်လာချိန်တွင် တောင်ပြိုသော အသံ ထွက်လာပြီး လင်းမိသားစု၏ သက်တော်စောင့် လေးယောက် တအံ့တဩ ကြည့်နေစဉ် သံချပ်ကာဝတ်စုံနှင့် လူတစ်ယောက် ရောက်လာသည်။

ထိုသူသည် ရှေးခေတ်မှ ထွက်လာသော စစ်နတ်ဘုရားလိုပင်။ ကြက်သီးထဖွယ်ကောင်းသော လူသတ်လိုသည့် အရှိန်အဝါများ ရှိသည်။

လင်းမိသားစုမှ သက်တော်စောင့် လေးယောက်လုံး လိပ်ပြာလွင့်မတတ် ကြောက်လန့် သွားကြသည်။

“သွားမယ်၊ ပြန်ပြီး မိသားစုခေါင်းဆောင်ကို သတင်းပို့ရမယ်”

လေးယောက်လုံးသည် တုံ့ဆိုင်းမနေဘဲ နောက်လှည့်၍ အဝေးသို့ ထွက်ပြေးလေသည်။ သူတို့သည် ကြောက်လန့်နေသော ယုန်များနှင့် ဆင်တူနေပြီး မျက်နှာပေါ်တွင် ယခင်က မောက်မာမှုများ ပျောက်ကွယ်ကာ သွေးပျက် ကြောက်ရွံ့ဟန်များ ထင်ဟပ်လာသည်။

လျှပ်စီးကဲ့သို့ အလင်းတန်းတစ်ခု လျင်မြန်စွာ ဖြတ်သန်းသွားပြီးနောက် လင်းမိသားစု၏ သက်တော်စောင့် လေးယောက်လုံး တောင့်တင်းသွားသည်။

သူတို့၏ ခန္ဓာကိုယ်များက မြေကြီးပေါ်သို့ ဘုန်းခနဲ တန်းစီ လဲကျသွားပြီး ဦးခေါင်းများက လည်ပင်းမှ ပြတ်ထွက်လာ လိမ့်ထွက်သွားလေသည်။ သွေးစက်များက လမ်းမကို အနီရောင် ခြယ်သသွားသည်။

မြေမီရောင် စစ်သည်တော် ထျဲမူထားသည် ပုရွက်ဆိတ် လေးကောင်ကို နင်းသတ်လိုက်သည်ဟု သဘောထားနေပုံရပြီး ဆောင့်ကြောင့်ထိုင်ကာ ခေါင်းပြတ်လေးလုံးကို ကောက်ယူလိုက်သည်။

လူငါးယောက်တိတိ သေသွားသော်လည်း ကျုံးလီအာသည် ယခုထိ အိပ်မက်မက်နေသည်ဟု ထင်မှတ်မိနေ၏။

“အစ် … အစ်ကိုယဲ့၊ တကယ်ပဲ ရှင်လားဟင်”

ကျုံးလီအာက အရှေ့မှ ယဲ့ဖန်ကို မော့ကြည့်နေမိသည်။ သူမ၏ စိတ်ထဲတွင် ဝမ်းနည်း၍ တွေဝေနေမှုများ ဖြစ်ပေါ်နေပြီးနောက် ယဲ့ဖန်၏ ရင်ခွင်တွင်းသို့ တိုးဝင်ကာ ငိုကြွေးလေသည်။ ဤအဖြစ်ကြောင့် ယဲ့ဖန် အံ့ဩသွားပြီး အဆောတလျင် မေးလိုက်သည်။

“လီအာ ဘာတွေဖြစ်နေတာလဲ”

“ဘာလို့ ဖျင်အန်းမြို့ကြီးက တိတ်ဆိတ်ပြီး လူတွေ ရှင်းနေရတာလဲ၊ ဒီလူတွေကရော ဘယ်သူလဲ”

အစောပိုင်းက ထျဲမူထားနှင့်အတူ ယဲ့ဖန် ဖျင်အန်းမြို့သို့ ပြန်လာချိန်တွင် ဖျင်အန်းမြို့၏ လမ်းမများက ခြောက်ကပ်၍ လူသူ ကျဲပါးနေသည်ကို တွေ့လိုက်ရသည်။ ဤသည်ကြောင့် သူ့စိတ်ထဲသို့ မကောင်းသော ခံစားချက်တစ်မျိုး ဝင်ရောက်လာသည်။

“အစ်ကိုယဲ့ ရှင် မသိဘူးလား”

ကျုံးလီအာက ခေါင်းလေးမော့၍ မျက်လုံးထောင့်မှ မျက်ရည်များကိုသုတ်၍ အဖြစ်အပျက်၏ အကြောင်းရင်းနှင့် သက်ရောက်မှုကို ရှင်းပြလိုက်သည်။

လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့က ရှေးဟောင်း ရတနာများကို မပေးလိုသဖြင့် ဆရာသခင်ကို သူ သတ်လိုက်သည်ဟူသော ကောလာဟလများ လွှင့်လိုက်ကြောင်း ကြားလိုက်ရသဖြင့် သူ မျက်မှောင်ကြုတ်သွားရသည်။

ထို့အတူ လူအိုကြီး ကျန်းမိန်က တပည့်များကိုခေါ်၍ ဖျင်အန်းမြို့သို့လာကာ မိမိဘက်မှ လူများကို သတ်မည်ဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူ၏ မျက်လုံး၌ သတ်ဖြတ်လိုသော အရိပ်အယောင်များနှင့် ပြည့်နှက်လာသည်။

“ကောင်းတယ်၊ သိပ်ကောင်းတယ်”

ယဲ့ဖန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရုတ်တရက် ပြုံးလာသည်။ အကယ်၍ သူနှင့် ရင်းနှီးသောသူသာ ဤအပြုအမူကို မြင်လိုက်ပါက ယဲ့ဖန် တစ်ယောက်ယောက်ကို သတ်တော့မည်ဖြစ်ကြောင်း သိနိုင်ပေသည်။

“အစ်ကိုယဲ့ မြန်မြန်၊ ကင်းမြီးကောက် လူသတ်သမားက သူတို့ အသာလေး ဖမ်းတာကို ခံလိုက်ရတာ၊ ထန်မိသားစုကလည်း သူတို့ ဖိနှိပ်ထား ခံရပြီး ခေါင်းတောင် မထူနိုင်ဘူး”

“ကျန်းမိန်နဲ့ ရွှမ်ယင်က တအား ကြောက်ဖို့ကောင်းတယ်၊ ပြီးတော့ ယဲ့မိသားစု၊ လင်းမိသားစုနဲ့ အခြားမိသားစုတွေကလည်း သူတို့ဘက်က ထောက်ခံနေကြတယ်”

“ရှင်သွားရင် သေချာပေါက် ရှင် သေလိမ့်မယ်”

ကျုံးလီအာ မျက်ရည်များ စီးကျလာပြန်သည်။ သူမက ယဲ့ဖန်၏ အင်္ကျီစကိုဆွဲ၍ ဆက်ပြောနေ၏။

“မြန်မြန်လုပ်ပါတော့၊ ဖျင်အန်းမြို့က ထွက်သွားပါ၊ ဘယ်တော့မှ ပြန်မလာပါနဲ့”

ကျုံးလီအာ၏ သွေးပျက်နေသော အသံကြောင့် ယဲ့ဖန် သူမခေါင်းလေးကို မပွတ်ပေးဘဲ မနေနိုင် ဖြစ်သွားရကာ ချိုသာစွာ ပြုံးလိုက်သည်။

“ကောင်မ‌လေး ဘာမှပြောစရာ မလိုဘူး”

“တစ်ယောက်ယောက်က သေချင်နေမှတော့ ငါ ကူးတို့ကို လိုက်ပို့ပေးရတာပေါ့”

“မင်း ငါ့ကို ဒီမှာစောင့်နေ”

ထိုသို့ပြောပြီးသည်နှင့် ယဲ့ဖန်က ကောတဲယို၏ ဦးခေါင်းပြတ်ကို ကိုင်၍ ရှေ့သို့ ထွက်သွားလေသည်။ သူ့အနောက်မှ ထျဲမူထားက ခေါင်းပြတ်လေးလုံးကိုကိုင်၍ လိုက်လာ၏။

ထိုအဖြစ်ကြောင့် ကျုံးလီအာ၏မျက်နှာ ပြာနှမ်းသွားသည်။ သူမ ယဲ့ဖန်ကို တားချင်ပါ သော်လည်း ယဲ့ဖန်က ဆုံးဖြတ်ချက် ချထားပြီးပုံရသည်။ ထို့ကြောင့် သူမပြောလည်း အာညောင်းရုံမှလွဲ၍ အသုံးမဝင်နိုင်ပေ။

ထိုအခိုက်တွင် ကျုံးလီအာသည် တစ်ကိုယ်လုံးမှ ခွန်အားများ စုပ်ယူခံလိုက်ရသကဲ့သို့ နုံးချိကာ မျက်နှာ ဖျော့တော့နေ၏။

“အစ်ကိုယဲ့၊ ရှင် … ရှင် အသက်ရှင်မှဖြစ်မယ်”

ပါးပြင်ထက်သို့ မျက်ရည်များ အဆက်မပြတ် စီးကျနေသည်။ သူမ ဤအမျိုးသား ဘေးကင်းကင်းနှင့် ပြန်လာနိုင်ရန် ဆုတောင်းနေမိသည်။

…

ထိုအချိန်တွင် ဖျင်အန်းမြို့ အားကစားကွင်း အပြင်ဘက်၌ ရုံတွင်းသို့ ဝင်သည့်လမ်းအား ပိတ်ဆို့ထားသည်။

ယဲ့မိသားစုနှင့် လင်းမိသားစုမှ အယောက်နှစ်ဆယ်ကျော်သော သက်တော်စောင့်များက အပြင်ဘက်ကို စောင့်ကြပ်နေကြသည်။

ထိုအခိုက်တွင် အားကစားကွင်းထဲမှ အရူးအမူး ကြွေးကြော်သံနှင့် အော်သံများကို အတိုင်းသား ကြားနေရသည်။

“ဟားဟားဟား … ကင်းမြီးကောက် လူသတ်သမားရဲ့ နောက်လူတစ်ယောက် အသေထိုးနှက် ခံရနေပြီ၊ မိုက်တယ်ကွာ”

“ဟုတ်တ်၊ အရင်တုန်းက ကင်းမြီးကောက် လူသတ်သမားက ဖျင်အန်းမြို့ မြေအောက်လောကရဲ့ ထိပ်သီးကွ၊ ဒီလိုလူမျိုးက ငါတို့ယဲ့မိသားစုနဲ့ လင်းမိသားစုရဲ့ ထိန်းချုပ်မှုအောက် ရောက်လိမ့်မယ်လို့ ဘယ်သူ ထင်ထားမလဲကွာ”

“သနားစရာပဲကွာ၊ အဲ့ချီးထုပ် အမည်မဲ့က ထွက်ပြေးသွားပြီ၊ မဟုတ်လို့ကတော့ ဒီနေ့ပွဲက ကြည့်ကောင်းပြီ”

“…”

လက်ရှိတွင် သက်တော်စောင့် နှစ်ဆယ်ကျော်က အတူစုဝေး၍ ဆေးလိပ်သောက်ကာ စကားစမြည် ပြောနေကြသည်။ အားလုံး၏ မျက်နှာ၌ ဂုဏ်ယူ မျှော်လင့်နေသော အရိပ်အယောင်များ ရှိနေ၏။

အဘယ်ကြောင့်ဆိုသော် ယနေ့ လွန်သွားသည်နှင့် လင်းမိသားစုနှင့် ယဲ့မိသားစုက ဖျင်အန်းမြို့၏ အရှင်သခင်များ ဖြစ်လာမည် ဖြစ်သောကြောင့်ပင်။ သူတို့သည်လည်း မျက်နှာပန်းသာ လာပေတော့မည်။

သူတို့ ပြောနေစဉ်မှာပင် မလှမ်းမကမ်းမှ ခြေသံနှစ်သံကို ကြားလိုက်ရသဖြင့် သက်တော်စောင့် နှစ်ဆယ်ကျော်လုံး လှည့်ကြည့်လိုက်မိသည်။

ဤနေရာသို့ လူနှစ်ယောက် လျှောက်လာသည်ကို တွေ့လိုက်ရသောအခါ သက်တော်စောင့် နှစ်ဆယ်ကျော်လုံး အံ့ဩသွားပြီး အော်ပြောလိုက်သည်။

“ဟေ့ကောင် လက်မှတ်က ရောင်းကုန်သွားပြီ၊ အထဲကိုဝင်မယ့်လမ်းကို ပိတ်လိုက်ပြီ၊ ထွက်သွားတော့”

“ဟားဟား … သူ့နောက်က ကောင်ကိုလည်း ကြည့်ပါဦး၊ အခုထိ သံချပ်ကာ ဝတ်ထားသေးတယ်၊ ရယ်ရတယ်ကွာ၊ အဲ့ကောင် ရူးနေတာလား”

“တကယ်ပါပဲကွာ၊ ဒီနေ့ခေတ်က လူက ရှေးခေတ်သံချပ်ကာမျိုး ဝတ်ထားသေးတယ်၊ အဲ့တော့ သူတို့ တကယ် စိတ်ဖောက်နေတာပေါ့၊ ဟားဟားဟား …”

ယခုအချိန်တွင် သက်တော်စောင့် နှစ်ဆယ်ကျော်လုံးက ယဲ့ဖန်နှင့် ထျဲမူထားအား လူပြက်ဟု ထင်မှတ်နေ၏။

သူတို့စကားကြောင့် ယဲ့ဖန်က စိတ်မဆိုးဘဲ ပြုံး၍ ပြန်ပြောလိုက်သည်။

“စိတ်မကောင်းပါဘူး၊ ငါတို့က အဆုံးအဖြတ် တိုက်ပွဲကြည့်ဖို့ ဒီကို လာတာ မဟုတ်ဘူး”

*ဟမ်*

*အဆုံးအဖြတ်ပွဲကို ကြည့်ဖို့ လာတာ မဟုတ်ဘူးလား*

သက်တော်စောင့် နှစ်ဆယ်ကျော်လုံး အံ့ဩသွားပြီးနောက် မကြိုဆိုသော မျက်နှာထားများဖြင့် ပြောလာသည်။

“မင်းက ဒီကို ဘာလာလုပ်တာလဲ”

“အသေခံဖို့ လာတာလား၊ ဟားဟားဟား …”

သူတို့သည် ယဲ့ဖန်ထံမှ ယန်စွမ်းအင် စီးဆင်းမနေသည်ကို ခံစားမိသဖြင့် အနိုင်ကျင့် နှိပ်စက်၍ လှောင်ပြောင်လိုစိတ်များ ထွက်ပေါ်လာသည်။ ထိုစကားများကြောင့် ယဲ့ဖန်၏အပြုံးက ပို၍ နတ်ဆိုးဆန်ကာ သွေးဆာဟန်ပေါက်လာလေသည်။

“မဟုတ်ဘူး”

“ငါတို့ ဒီကို … သတ်ဖို့လာတာ”

ထိုစကားသံက ရေခဲတမျှ အေးစက်လာသဖြင့် သက်တော်စောင့် နှစ်ဆယ်ကျော်လုံး ရုတ်ချည်းဆိုသလို ကျောချမ်းသွားရသည်။

သူတို့ သတိမဝင်ခင်မှာပင် သံချပ်ကာနှင့်လူက လူအုပ်ထံသို့ ပြေးဝင်လာ၏။ ထို့နောက် လက်ကိုလှုပ်ကာ လက်တစ်ဝါးစာ ဓားမြောင်တစ်လက် ထွက်ပေါ်လာသည်။

ရွှစ်! ရွှစ်!

သွေးများ ပန်းထွက်လာပြီးနောက် ကြက်သေ သေနေသော မျက်နှာထားများဖြင့် ဦးခေါင်းများသည် လည်ပင်းမှ တိခနဲ ပြတ်ထွက်ကာ သွေးများ အဆက်မပြတ် စီးကျ လာလေသည်။

သတ်ဖြတ်ခြင်း စတင်လေပြီ။

All Chapters