အခန်း ၁၀၉၉
Vol. 74 Ch. 1099
Chapter 1099 ငါ မင်းအတွက် အဲ့ဒါအားလုံး လုပ်ပေးမယ်
လက်ရှိအချိန်တွင် ယဲ့ဖန် စင်မြင့်ပေါ် တက်သွားသည်ကို အားလုံး မြင်ပြီး ဆူညံသံများ ထွက်ပေါ်လာ၏။
“စတော့မှာလား၊ အမည်မသိနဲ့ ရွှမ်ရင်ရဲ့ တိုက်ပွဲ၊ ဆရာသခင် ရွှမ်ရင် ဆယ်ကွက်အတွင်း သူ့ကို သတ်နိုင်မယ်လို့ ငါ ထင်တယ်”
“ချီးပဲ ဆရာသခင် ရွှမ်ရင်က အဆင့်ကိုး ရွှေရောင်ခန္ဓာကိုယ်အဆင့်ကွ၊ ဟိုအမည်မသိက ယန်စွမ်းအင် စီးဆင်းနေတာ မရှိသလို ပြင်ပကျင့်စဉ်ကို ကျင့်ကြံတဲ့သူ၊ လှည့်ကွက်တော့ ရှိမယ်ထင်တယ်”
“ဟားဟားဟား … ဘယ်နေရာမှာ လှည့်ကွက် လိုမှာလဲကွ၊ ဆရာသခင် ရွှမ်ရင်ရဲ့ ကြောက်စရာကောင်းတဲ့ ယန်စွမ်းအင်ကတင် အဲ့ကောင်ကို ဒူးထောက်အောင် လုပ်နိုင်တယ်လို့ ငါ ခံစားနေရတယ်”
“…”
လူအုပ်များကြားထဲတွင် လင်းမိသားစုနှင့် ယဲ့မိသားစုတို့က ကျယ်လောင်စွာ ရယ်မောနေကြသည်။ သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်သည် ပြင်ပကျင့်စဉ်ကို ကျင့်ကြံသူ ဖြစ်ပြီး ဆရာသခင် ရွှမ်ရင်နှင့် လုံးဝ မယှဉ်နိုင်ဟု သတ်မှတ်ထားကြသည်။
ဆွေးနွေးပြောဆိုနေသံများကို နားထောင်ပြီး ထန်ယွင်အာသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြီး မျက်နှာ သုန်မှုန်နေ၏။သူမသည် လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့အား စိုက်ကြည့်၍ အေးတိအေးစက် လေသံဖြင့် ပြောလိုက်သည်။
“နှစ်ယောက်လုံး စောင့်နေလိုက်ကြ၊ ခဏနေရင် နင်တို့ နောင်တမရဖို့ ငါ မျှော်လင့်တယ်”
ထန်ယွင်အာ၏ စကားကြောင့် လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့ အံ့အားသင့်သွားပြီးမှ ရယ်မော လိုက်လေသည်။
“ဟားဟားဟား … နောင်တ ဟုတ်လား၊ ထန်ယွင်အာ တံခါးကြားထဲ နင့်ခေါင်းညပ်မှာကို စိုးရိမ်နေတာလား၊ အဲ့ပြင်ပကျင့်ကြံသူက ဆရာသခင် ရွှမ်ရင်ကြောင့် အသတ်ခံရမှာလေ၊ ငါတို့က နောင်တ ရစရာလား”
“ဟုတ်တ်၊ ထန်ယွင်အာ ယဲ့မျိုးရိုးနဲ့လူကိုလည်း နင် ကြည့်ဦး၊ သူက ဆရာသခင် ရွှမ်ရင်ရှေ့မှာ လေလုံးထွားနေတာနော်၊ ခဏနေရင် နောင်တရမယ့်လူက နင်ပဲ ဖြစ်မှာ”
လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့သည် ယဲ့ဖန်အား ချောက်ချရသည့်အတွက် နောင်တမရချေ။ ယဲ့ဖန် မကယ်ခဲ့လျင် နှစ်ယောက်လုံး သရဲတစ္ဆေများ လက်ချက်ဖြင့် သေသွားလောက်ပြီဟူသည့် အချက်ကိုလည်း မေ့ထားသည်မှာ အတော်ကြာနေလေပြီ။
ယခု သူတို့သည် ကောက်ကျစ်သော ဝံပုလွေများကဲ့သို့ သူတို့၏ အသက်သခင် ကျေးဇူးရှင်အား တစစီ ဆွဲစုတ်ရန် မစောင့်နိုင်ကြတော့ချေ။
ထန်ယွင်အာက ဘာမျှပြန်မပြောဘဲ စင်မြင့်ထံသို့သာ ကြည့်နေလိုက်သည်။ စင်မြင့်ပေါ်တွင် ယဲ့ဖန်နှင့် ရွှမ်ရင်တို့က မျက်နှာချင်းဆိုင် ရပ်နေကြသည်။
“ပြင်ပ ကျင့်ကြံသူလား”
ရွှမ်ရင်က ယဲ့ဖန်ကို ကြည့်၍ နှုတ်ခမ်းတွန့်ရုံမျှ ပြုံးကာ အထင်သေးဟန် ဖော်ပြလာသည်.
“ဟေ့ကောင် မင်း သိလား၊ ငါ့လက်ထဲမှာ သေသွားတဲ့ ပြင်ပကျင့်ကြံသူပေါင်း တစ်ရာရှစ်ဆယ့် ကိုးယောက် ရှိတယ်၊ မင်းက တစ်ရာ့ကိုးဆယ်မြောက်လူ ဖြစ်လာမယ့်အတွက် ဂုဏ်ယူပါတယ်”
ထိုစကားများထဲတွင် ယဲ့ဖန်အား အသတ်ခံရတော့မည့် သိုးပေါက်သဖွယ် သူ သတ်မှတ်ထားကြောင်း ပေါ်လွင်နေ၏။ သို့ရာတွင် ယဲ့ဖန်၏ မျက်နှာက ရေခဲတမျှ အေးစက်နေဆဲပင်။
“ဒါ မင်းရဲ့ နောက်ဆုံးစကားလား”
သူက ဆရာသခင် ရွှမ်ရင်ထက် ပို၍ မောက်မာနေသေးသည်။ အားကစားကွင်း တစ်ခုလုံးမှ လူတိုင်း သွေးပျက်သွားလေသည်။ ပြင်ပကျင့်ကြံသူက အဆင့်ကိုး ရွှေရောင်ခန္ဓာကိုယ် ဆရာသခင်အား ဤသို့ ပြောရဲသည်တဲ့လား။
ရွှမ်ရင်တောင်မှ အနည်းငယ် အံ့ဩသွားလေသည်။
“ဟားဟားဟား … ကောင်းပြီလေ၊ မင်းက ငါ မြင်ဖူးသမျှ ပြင်ပကျင့်ကြံသူထဲမှာ အသန်မာဆုံးသူ မဟုတ်ပင်မယ့် အမောက်မာဆုံးသူပဲ”
“အဲ့တော့ ငါ …”
ထိုသို့ပြောနေစဉ် ဆရာသခင် ရွှမ်ရင်၏ အကြည့်က အေးစက်လာသည်။
“မင်းသောက်ခေါင်းကို နင်းချေဖို့ စဉ်းစားထားတယ်”
*ခေါင်းကိုနင်းချေမယ်*
ထိုစကားက ဘေးပတ်လည်မှ လူများ၏ သွေးအား ပွက်ပွက်ဆူသွားစေသည်။ လင်းမိသားစုနှင့် ယဲ့မိသားစုမှ လူတိုင်းက လက်သီးလက်မောင်းတန်း၍ ကြွေးကြော်လာ၏။
“ခေါင်းကိုခွဲ”
“ခေါင်းကိုခွဲ”
“…”
အရူးအမူး ကြွေးကြော်သံများက အားကစားကွင်းအနှံ့သို့ ပဲ့တင်ထပ်သွားသည်။ ဖန်းရီပေါ်၊ ဖေးဖေးနှင့် အခြားသူများတောင်မှ စိတ်လှုပ်ရှားစွာ လိုက်အော်ကြသည်။
ထိုအမူအရာက ယဲ့ဖန်၏ ဦးခေါင်းက ဆရာသခင် ရွှမ်ရင်၏ ခြေဖဝါးအောက်၌ နင်းချေခံလိုက်ရသည်ကို မြင်လိုက်ပြီးသည့် ဟန်ပန်အမူအရာများပင်။
“မင်း မြင်လား”
ဆရာသခင် ရွှမ်ရင်က အားလုံး၏ ကြွေးကြော်သံကြောင့် အလွန် ပျော်ရွှင်နေ၏။ သူသည် ယဲ့ဖန်အား ပမွှားတစ်ကောင်ကို လက်ညှိုးထိုးသကဲ့သို့ လက်ညှိုးထိုးလာသည်။
“လူတိုင်းက မျှော်လင့်နေကြတယ်၊ အဲ့တော့ မင်း သေလို့ရပြီ”
ထို့နောက် ဆရာသခင် ရွှမ်ရင်က ယန်စွမ်းအင်များကို စီးဆင်းစေပြီးနောက် ယဲ့ဖန်ထံသို့ လှစ်ခနဲ ပြေးဝင်သွားသည်။ ထိုအခိုက်တွင် ဆရာသခင် ရွှမ်ရင်၏ အရှိန်က လျှပ်စီးသဖွယ် လျင်မြန် လွန်းလှသည်။
လျင်မြန်လွန်းလှသဖြင့် လူတိုင်း သေချာမမြင်နိုင်ခင်မှာပင် ယဲ့ဖန်ရှေ့သို့ သူ ရောက်သွားသည်။ မျက်စိရှေ့မှ အဖြစ်အပျက်ကြောင့် အားကစားကွင်း အနှံ့မှ လူတိုင်း ထိတ်လန့်သွားကြသည်။
အထူးသဖြင့် ကင်းမြီးကောက် လူသတ်သမားနှင့် ထန်မိသားစုပင်။ သူတို့အားလုံး ခေါင်းမွေး ထောင်လာသည်။ သူတို့ကိုသာ ဤသို့ တိုက်ခိုက်လာပါက သူတို့ ချက်ချင်း သေသွားလောက်၏။
“လူကြီးမင်းယဲ့ သတိထားပါ”
“အမည်မသိ လူကြီးမင်း မြန်မြန်ရှောင်ပါ’
အားလုံး စိုးရိမ်တကြီး အော်ဟစ်မိသည်။ သို့သော် ယဲ့ဖန်က မကြားသယောင်ပြု၍ ဆရာသခင် ရွှမ်ရင် ပြေးဝင်လာသည်နှင့် လက်တစ်ဖက်ကို မြှောက်လိုက်သည်။
ထိုမြင်ကွင်းကြောင့် လူတိုင်း မှင်တက်သွားလေသည်။
*လက်ဝါးနဲ့ ခုခံချင်တာလား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ပြင်ပကျင့်ကြံသူရဲ့ ရုပ်ခွန်အားက အဆင့်ကိုး ရွှေရောင်ခန္ဓာကိုယ်အဆင့် သိုင်းပညာရှင်လောက်မှ မသန်မာတာ*
*လက်ဝါးနဲ့ ခုခံတာက သေကြောင်းကြံနေတာပဲလေ*
“သေပေတော့”
ဆရာသခင် ရွှမ်ရင်၏ မျက်လုံး၌ အထင်သေးဟန်များ ထင်ဟပ်နေပြီး ယဲ့ဖန်အား လက်သီးဖြင့် အားကုန် ထိုးလိုက်သည်။
ထိုလက်သီးချက်၌ ယန်စွမ်းအင်များ အပြည့်အဝ ပါဝင်နေ၏။ ထိုလက်သီးချက်ကြောင့် စင်မြင့်တစ်ခုလုံး အက်ကွဲလာသည်။ တစ်ခဏအတွင်းမှာပင် လက်သီးတစ်လုံးနှင့် လက်ဝါးတစ်ခုတို့ ထိုးနှက်မိသွားလေသည်။
ဝုန်း
ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် အားကစားကွင်းတစ်ခုလုံး တုန်ခါသွားသည်။ စင်မြင့်ပေါ်တွင် ဖုန်မှုန့်များ တထောင်းထောင်း ထလာပြီး လူရိပ်တစ်ခုက ဖုန်မှုန့်များကြားထဲမှ လွင့်ထွက်လာသည်ကို အားလုံး တွေ့လိုက်ရသည်။
မြေကြီးပေါ်သို့ အရှိန်ဖြင့် ကျသွားပြီးနောက် သွေးသံတရဲရဲနှင့် ကြည့်ရဆိုးလာသည်။ ထိုလူသည် တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသကဲ့သို့ ဖြစ်နေပြီး လက်မောင်း ကျိုးကြေကာ ခန္ဓာကိုယ်တစ်ဝက်က ရိုက်နှက်ခံထားရလေသည်။ ဤသည်ကိုကြည့်ပြီး ထိုသူက ယဲ့ဖန်ဖြစ်လိမ့်မည်ဟု အားလုံး ကောက်ချက်ချလိုက်သည်။
“ဆရာသခင် ရွှမ်ရင်ကတော့ တစ်ချက်တည်းနဲ့ သတ်လိုက်ပြီပဲ”
“ဟားဟားဟား … သောက်ကျိုးနည်း အမည်မသိ လူကြီးမင်းပါကွာ၊ ပုရွတ်ဆိတ်လို ပြင်ပကျင့်ကြံသူက ဆရာသခင်ရဲ့ လက်သီးချက်ကြောင့် လွင့်မထွက်ဘဲ ဘယ်နေပါ့မလဲ”
“ဟုတ်ပါ့ကွာ၊ အခုတော့ ခွေးသေတစ်ကောင်လို ဖြစ်နေလောက်ပြီ၊ နောက်တစ်ဆင့်က သူ့ခေါင်းကို နင်းခြေပြီး ခွဲပစ်တာပဲ”
“…”
လက်ရှိတွင် ထိုအဖြစ်ဆိုးနေသော လူကို သေချာမမြင်ရသဖြင့် လင်းမိသားစုနှင့် ယဲ့မိသားစုမှလူများက ယဲ့ဖန်ဟု ထင်နေကြသည်။ လူတိုင်း အရူးအမူး ဩဘာပေးနေကြသည်။
လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့ဆိုလျင် ဝမ်းသာလွန်း၍ ထခုန်လုနီးပါး ဖြစ်နေ၏။ လင်းထျန်းဟောင်နှင့် ယဲ့ကျန့်ရှုံးတို့သည်လည်း အချင်းချင်း ဂုဏ်ပြုစကား ပြောနေကြသည်။
လူအုပ်အနောက်မှ ဖန်းရီပေါ်နှင့်ဖေးဖေးတို့ဆိုလျင် ပြောစရာမရှိလောက်အောင် ဝမ်းသာနေပြီး အားလုံး၏ မျက်နှာထားက ပန်းပွင့်သကဲ့သို့ ဖြစ်နေ၏။
သို့သော် အားလုံး၏ ဩဘာသံကို ကြားပြီးနောက် ထိုအဖြစ်ဆိုးနေသောလူက ရုတ်တရက် သွေးအန်လေသည်။ ထိုအခါတွင်မှ သူ၏မျက်နှာကို အားလုံး မြင်လိုက်ရသည်။
အားကစားကွင်း တစ်ခုလုံးမှ ကြွေးကြော်သံများ ချက်ချင်း တိခနဲ ရပ်တန့်ကာ တိတ်ဆိတ်သွားသည်။ အသီးသီး ဂုဏ်ပြုစကား ပြောနေသော မိသားစုနှစ်ခုမှ မျိးဆက်များသည်လည်း စင်မြင့်အား သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ကြည့်နေမိသည်။
“သူ … သူက ဆရာသခင် ရွှမ်ရင်လား”
“မဟုတ်ဘူး မဖြစ်နိုင်ဘူး၊ ငါ မူးနေတာပဲ ဖြစ်မယ်၊ ဘယ်လိုလုပ် လွင့်ထွက်သွားတဲ့လူက ဆရာသခင် ရွှမ်ရင် ဖြစ်နေရတာလဲ”
“…”
ကြောက်လန့်တကြား ပြောဆိုသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်နေပြီး လူတိုင်း နှလုံးသား ပေါက်ထွက်မတတ် ဖြစ်နေကြသည်။ လူအိုကြီး ကျန်းမိန်ဆိုလျင် တုန်လှုပ်သွားပြီး ထိုင်ခုံမှ ထလိုက်မိသည်။
လူတိုင်း ထိတ်လန့်နေစဉ်မှာပင် ဖုန်မှုန့်များကြားထဲမှ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက် ထွက်လာ၏။ ထိုသူကား ယဲ့ဖန်ပင်။
“လှည့်ကွက်လား”
“ခေါင်းကိုခွဲမယ် ဟုတ်လား”
ယဲ့ဖန်က နတ်ဆိုးသဖွယ် ပြုံးနေသဖြင့် အားကစားကွင်းထဲမှ လူတိုင်း ခေါင်းမွေးထောင်သွားကြသည်။
“ငါ မင်းအတွက် အဲ့ဒါ အားလုံး လုပ်ပေးရတာပေါ့”
ထိုသို့ပြောပြီး ယဲ့ဖန်က ခြေထောက်တစ်ဖက်ကိုမြှောက်၍ အရှိန်ဖြင့် နင်းချလိုက်သည်။
“မလုပ်နဲ့”
ကြောက်လန့်တကြား အော်ဟစ်လိုက်သံနှင့်အတူ ဂျွတ်ဟူသော ကျယ်လောင်သော အသံတစ်သံပါ ယှဉ်တွဲ ထွက်ပေါ်လာသည်။
ဆရာသခင် ရွှမ်ရင်၏ ဦးခေါင်းသည် ခြေထောက်တစ်ဖက်အောက်၌ ဆွေးမြည့်နေသော ဖရဲသီး တစ်လုံးသဖွယ် နင်းချေခံရပြီး ပေါက်ထွက်သွားလေသည်။