အခန်း ၁၁၀၁
Vol. 74 Ch. 1101
Chapter 1101 လက်ချောင်းတစ်ချောင်းနှင့် ချန်ရှန့်လက်ဝှေ့ တိုက်ပွဲ
“အား…”
ထိုအခိုက်တွင် စင်မြင့်ထက်မှ အသည်းခိုက်အောင် အော်ဟစ်လိုက်သော အော်သံတစ်သံ ထွက်ပေါ် လာ၏။
ထိုအသံတွင် အဆုံးအစမဲ့သော ကြောက်စိတ်များ ပါဝင်နေသဖြင့် နားထောင်နေသူတိုင်း ခေါင်းမွေးထောင် သွားသည်ဟု ခံစားရသည်။
အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ လူအိုကြီး ကျန်းမိန်သည် နောက်သို့ ဆယ်လှမ်း ဆုတ်လိုက်ရလေသည်။
သူ၏ လက်ကောက်ဝတ်မှ သွေးများ ဆက်တိုက် စီးကျနေ၏။ အားကစားကွင်း ပတ်လည်မှ ကြည့်ရှုသူများသည်လည်း လူအိုကြီး ကျန်းမိန်၏ ညာဘက် လက်ကောက်ဝတ် ကျိုးကြေသွားသည်ကို တွေ့လိုက်ရသည်။
အရိုးများက အရေပြားထဲကပင် ငေါထွက်လာသဖြင့် အရိုးဖြူဖြူများကို မြင်နေရသည်။ လူအိုကြီး ကျန်းမိန်သည်လည်း ထိတ်လန့်နေသော အမူအရာဖြင့် ပြောလိုက်ရသည်။
“မဟုတ်ဘူး … မဖြစ်နိုင်လိုက်တာ”
လက်ရှိတွင် အားကစားကွင်းထဲမှ ထောင်ချီသော လူများသည်လည်း ငြိမ်ကျနေပြီး ရင်တဒိန်းဒိန်း ခုန်နေကြသည်။ အားလုံး မြင်နေရသည့်အရာကို ယုံရခက်နေ၏။
“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ၊ လူအိုကြီး ကျန်းမိန်က … ရှုံး … ရှုံးသွားတာလား”
ယဲ့ရှောင်ထျန်း ထိုင်ခုံမှ ထရပ်မိကာ မှင်တက်မိနေသည်။ သူသည် လူအိုကြီး ကျန်းမိန်၏ ကျိုးသွားသော လက်ကောက်ဝတ်ကို ကြည့်ပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။
သူသည်သာမက ယဲ့မိသားစုဝင်များ အားလုံး၏ စိတ်ထဲတွင် အေးစက်သော ခံစားချက်များ ဝင်ရောက် လာသည်။
ထို့အပြင် လင်းမြောင်မြောင်၊ လင်းမိသားစု၊ အနောက်ဘက်မှ ဖန်းရီပေါ်၊ ဖေးဖေးနှင့် အခြားသူများ သည်လည်း သရဲနှင့် တွေ့လိုက်ရသကဲ့သို့ ခြောက်ခြားသွားကြသည်။ ဤအဖြစ်ကြောင့် ထန်မင်လီနှင့် ထန်ယွင်အာတို့ပင် ထိတ်လန့်သွားရသည်။
လူအိုကြီး ကျန်းမိန်သည် ဟွိုင်အန် စီရင်စုတစ်ခုလုံး၌ ဆယ်စုနှစ်နှင့်ချီ၍ ကျော်ကြားသော မိစ္ဆာအိုကြီး ဖြစ်သည်။ သူ့ဘဝတွင် အရှုံးဟူ၍ မကြုံဖူးလုနီးပါးပင်။ အချို့သော လူအိုကြီးများမှလွဲ၍ ကျန်လူများ အားလုံး လူအိုကြီး ကျန်းမိန်ကို လေးစားရသည်။
သို့သော် ယခုအခါ၌ သူ၏ တပည့်များက တစ်စုံတစ်ယောက်၏ လှည့်ကွက်အတွင်း အသတ်ခံလိုက်ရပြီး သူသည်လည်း တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားရသည်။ ဤသို့သော ထိတ်လန့်မှုမျိုးက အားလုံး၏ အမြင်ကို ကပြောင်းကပြန် ဖြစ်သွားစေသည်။
“မင်း …. မင်း ဘယ်လိုကျင့်စဉ်မျိုးကို ကျင့်ကြံတာလဲ၊ ပြင်ပကျင့်စဉ် ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ”
လူအိုကြီး ကျန်းမိန် အော်ဟစ်လိုက်မိသည်။ သူ၏ လက်သီးအား ယဲ့ဖန် အသာလေး ဖမ်းခဲ့သည်။ တစ်ဖက်လူက သူ့လက်ကို အသာညှစ်လိုက်ချိန်တွင် ယန်စွမ်းအင်ထက်ပင် ဆယ်ဆ သို့မဟုတ် အဆတစ်ရာမက ပြင်းထန်သော စွမ်းအင် ပမာဏတစ်ခုကို သူ ခံစားလိုက်မိသည်။
ယဲ့ဖန်က သူ့အမေးကို လုံးဝ ပြန်မဖြေချေ။ သူသည် လူသတ်သမား တစ်ဦးကဲ့သို့ လူအိုကြီး ကျန်းမိန်ထံ လျှောက်လှမ်းလာ၏။
ယဲ့ဖန်၏ ခြေလှမ်းတစ်လှမ်းတိုင်းက လူအိုကြီး ကျန်းမိန်၏ နှလုံးသားကို ဖျစ်ညှစ်လာသလိုပင်။ သူ၏ နဖူးမှ ချွေးစေးများ တတောက်တောက် စီးကျလာလေသည်။
“ယန်စွမ်းအင် မရှိဘူး၊ မင်းခန္ဓာကိုယ်မှာ ယန်စွမ်းအင် စီးဆင်းနေတာ မဟုတ်ဘူး၊ ဒါ ပြင်ပကျင့်စဉ် ကျင့်ကြံသူရဲ့ စွမ်းအင်ပဲ”
ယဲ့ဖန်က ကျားစားခံရမည့် ဝက်ယောင်ဆောင်၍ ကျားအား ပြန်စားတော့မည့်လူစားမျိုးဟု လူအိုကြီး ကျန်းမိန် ထင်နေမိသည်။
သို့သော် ခြုံငုံစဉ်းစားပြီးနောက် ယဲ့ဖန်၌ မည်သည့် ယန်စွမ်းအင်မှ စီးဆင်းမနေသည်ကို တွေ့လိုက် ရသည်။ ရုတ်ချည်းဆိုသလိုပင် သူ၏မျက်နှာ၌ မလိုလားဟန်များ စွန်းထင်းလာ၏။
“ပြင်ပကျင့်စဉ် ကျင့်ကြံသူတစ်ယောက်က ဒီလောက် သန်မာမယ်လို့ ငါ မယုံဘူးကွ”
“ငါ လုံးဝ မယုံဘူး”
ထိုသို့ ကြုံးဝါးပြီးနောက် သူသည် ခန္ဓာကိုယ်တွင်းမှ ယန်စွမ်းအင်များကို စုစည်းလိုက်သည်။ ထိုအခိုက်တွင် သူ့တစ်ကိုယ်လုံး မီးဖိုပေါ်မှ အိုးတစ်လုံးကဲ့သို့ ပူလောင်လာသည်။ ပြင်းထန်သော အဖျက်စွမ်းအင် အငွေ့အသက်နှင့်အတူ ယဲ့ဖန်အား ရက်စက်ခက်ထန်စွာ ကြည့်လိုက်သည်။
“မျိုးမစစ်လေး သေပေတော့”
လူအိုကြီး ကျန်းမိန်သည် ဘယ်လက်သီးဖြင့် ယဲ့ဖန်အား ဆက်တိုက် ထိုးနှက်လေသည်။
“ချန်ရှန့် လက်ဝှေ့သိုင်း”
ထိုလက်သီး၌ လူအိုကြီး ကျန်းမိန်၏ တိုက်ပွဲဝင်ခွန်အားများ အဆုံးထိ ထုတ်ဖော်ထားမှန်း သိသာလှသည်။ ထိုလက်သီးချက်ကြောင့် စင်မြင့်တစ်ခုလုံး ဘေးသို့ လွင့်စဉ်သွားပြီး ဖုန်များ ထလာ၏။
လေဆင်နှာမောင်းကဲ့သို့ အဖျက်စွမ်းအင်တစ်မျိုး ဖြစ်ပေါ်နေလေသည်။ လက်သီး၏ အရှိန်အဝါကြောင့် ရှေ့တန်းမှ ပွဲကြည့်ပရိသတ်များ လွင့်ထွက်သွားရသည်။
“ချန်ရှန့် လက်ဝှေ့လား၊ မြတ်စွာဘုရား လူအိုကြီး ကျန်းမိန်က သူ့ရဲ့ ဝှက်ဖဲကို ထုတ်သုံးတော့မှာလား”
“လွန်ခဲတဲ့ နှစ်သုံးဆယ်က လူအိုကြီး ကျန်းမိန်က လက်သီးနဲ့ လမ်းတစ်ခုလုံးကို ရှင်းလင်းဖူးတယ်၊ အဲ့လက်သီးချက်ကြောင့် လူတစ်ရာနီးနီး သေသွားတယ်လို့ ပြောကြတာ”
“ဟုတ်တယ် အဲ့တိုက်ပွဲက လူအိုကြီးကျန်းမိန် ဟွိုင်အန်း စီရင်စုကို တုန်လှုပ်စေခဲ့တဲ့ တိုက်ပွဲပဲ၊ အမည်မသိက သူ့ကို ဒီအတိုင်းအတာအထိ တွန်းအားပေးနိုင်မယ်လို့ ထင်မထားမိဘူး”
“…”
လက်ရှိတွင် လူအိုကြီးကျန်းမိန်က ဝှက်ဖဲအား ထုတ်သုံးနေသည်ကို မြင်ပြီး ပွဲကြည့် ပရိသတ်များအားလုံး ထိတ်လန့် သွေးပျက်သွားသည်။
ထိတ်လန့်သွားရသည့် ပထမအချက်မှာ ထိုလက်သီးချက်သည် အဆုံးမရှိသော ခွန်အားများ ပါဝင်နေသည့် ချန်ရှန့်လက်ဝှေ့သိုင်းပင်။ ဒုတိယအချက်မှာ ယင်းသည် ယဲ့ဖန်အား တုန်လှုပ်သွားစေမည့် ခွန်အား ဖြစ်နေသောကြောင့် ဖြစ်လေသည်။
ယခင်က လူတိုင်းသည် လူအိုကြီးကျန်းမိန်တို့ ဆရာတပည့်က ယဲ့ဖန်ကို မိနစ်ပိုင်းအတွင်း ဖိနှိပ်နိုင်သော တစ်ဖက်သတ် တိုက်ပွဲဟု ထင်ခဲ့သည်။
သို့သော် အချိန်တိုအတွင်း ဆရာတပည့်၌ တစ်ယောက်က အသတ်ခံရပြီး ကျန်တစ်ယောက်က ယဲ့ဖန်ကို ရှုံးသွားလိမ့်မည်ဟု မည်သူမှ ထင်မထားမိချေ။
“အောင်မြင်ရမယ်၊ အောင်မြင်မှ ဖြစ်မယ်”
ယဲ့ရှောင်ထျန်းနှင့် ယဲ့မိသားစုဝင်များ၊ လင်းမြောင်မြောင်နှင့် လင်းမိသားစုဝင်များအားလုံး လည်ချောင်းထဲမှ နှလုံး ခုန်ထွက်လာတော့မည်ဟု ခံစားနေရကာ မျှော်လင့်တကြီးဖြင့် ဝိုင်းကြည့် နေကြသည်။
ချန်ရှန့် လက်ဝှေ့ အရှိန်အဝါများက ယဲ့ဖန်ကို လွှမ်းခြုံသွားသည်။ ထိုအဖျက်စွမ်းအင်က မျက်စိရှေ့မှ အရာအားလုံးကို ဖျက်ဆီးနိုင်ပုံ ရသည်။
ယဲ့ဖန်က မတုန်လှုပ်ဘဲ လက်ချောင်းလေး တစ်ချောင်းသာ ဆန့်ထုတ်၍ ချန်ရှန့် လက်သီးသိုင်းအား ခုခံလိုက်သည်ကို လူတိုင်း တွေ့လိုက်ရသည်။ ဤမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။
*လက်ချောင်းတစ်ချောင်းနဲ့ ချန်ရှန့် လက်ဝှေ့ တိုက်ပွဲလား*
ထောင်ချီသော ပွဲကြည့်ပရိသတ်များအားလုံး ဆူညံပွက်လောရိုက်သွားပြီး ယဲ့ဖန်အား အရူး တစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်မိသည်။
“သွားပြီ အမည်မသိ လူကြီးမင်းက ဘဝမြင့်လွန်းတယ်”
ဤမြင်ကွင်းကြောင့် ထန်မင်လီ သက်ပြင်းချလိုက်မိသလို ထန်ယွင်အာနှင့် ကင်းမြီးကောက် လူသတ်သမားတို့ မျက်နှာ ပြာနှမ်းသွားသည်။
ထျဲမူထား တစ်ယောက်တည်းသာ စင်မြင့်အောက်၌ သစ်သားရုပ်တုသဖွယ် မလှုပ်မယှက် ရပ်နေလေသည်။ သူ၏ အမူအရာက စိုးရိမ်စိတ် တစ်စက်ကလေးမှ ဝင်ပုံမပေါ်ချေ။
“ဟားဟားဟား အမှိုက်ကောင် သေပေတော့”
လူအိုကြီး ကျန်းမိန်သည် ယဲ့ဖန်၏ ရူးမိုက်သော အမူအရာကိုကြည့်ပြီး ဝမ်းသာအားရ ဖြစ်သွားသည်။ ချန်ရှန့် လက်ဝှေ့သည် သူ၏ အားအပြင်းဆုံး သိုင်းကွက်ပင်။
ဝုန်း!
ချက်ချင်းဆိုသလိုပင် စင်မြင့်တစ်ခုလုံး ပေါက်ကွဲ၍ ဖုန်မှုန့်များ ပျံ့လွင့်လာ၏။ ဖုန်မှုန့်များက လူတိုင်း၏ မျက်လုံးထဲ ဝင်သွားသဖြင့် မျက်လုံးမှိတ်လိုက်ရသည်။
ထိုအခိုက်တွင် အားကစားကွင်းတစ်ခုလုံး ဖိအားပြင်းလာသည်။
“သေသွားပြီလား”
ပွဲကြည့်ပရိသတ်တိုင်း ဤတိုက်ပွဲအပြီး၌ ဘယ်သူသေမလဲ သိချင်နေကြသည်။ ထိုစဉ် ဖုန်မှုန့်များကြားထဲမှ လေးလံသော တစ်စုံတစ်ရာ လဲကျသွားသံကို အားလုံး ကြားလိုက်ရသည်။ လင်းမိသားစုနှင့် ယဲ့မိသားစုများ၏ အပြုံးများက ပိုမို ပီပြင်လာ၏။
“ကောင်းတယ်၊ တစ်ယောက်ယောက်တော့ လဲသွားပြီ၊ အဲ့ဒါ ခွေးသူခိုး အမည်မသိပဲ နေမယ်”
“ဟား … ငါ ကြောက်လို့ သေတော့မယ်၊ လူအိုကြီး ကျန်းမိန် အောင်မြင်သွားလို့ တော်သေးတယ်”
“ချန်ရှန့် လက်ဝှေ့အောက်မှ မသေတဲ့ ပြင်ပကျင့်စဉ် ကျင့်ကြံသူဆိုလို့ တစ်ယောက်မှ မရှိဘူး၊ အဲ့လိုမျိုးမှ မဖြစ်နိုင်တာ”
“…”
မိသားစုကြီးနှစ်ခုလုံး စိတ်အေးသွားပြီး ရယ်မောလုနီးပါး ဖြစ်လာသည်။ လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့ဆိုလျင် အချင်းချင်း ပြန်ကြည့်လိုက်ပြီး နဖူးမှ ချွေးစေးများကို သုတ်လိုက်သည်။ ယဲ့ဖန်၏ တိုက်ပွဲဝင်ခွန်အားကြောင့် သူတို့ ကြောက်ခဲ့ကြမှန်း သိသာလှပေသည်။
“အဲ့ခွေးသူခိုး သေသွားလို့ ကံကောင်း … ဘယ်လို”
လင်းမြောင်မြောင် စကားမဆုံးခင်မှာပင် စင်မြင့်နေရာမှ ဖုန်မှုန့်များ လွင့်ပြယ်သွားသည်။ ထိုအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် အားကစားကွင်းတစ်ခုလုံး အေးစက်တောင့်တင်းသွားလေသည်။