အခန်း ၁၁၀၂
Vol. 74 Ch. 1102
Chapter 1102 လူအိုကြီး ကျန်းမိန်၏ ဝှက်ဖဲတစ်ချပ်
စင်မြင့်အလယ်ဗဟို နေရာ၌ ဖုန်မှုန့်များ လွင့်ပြယ်သွားသောအခါ စင်မြင့်တစ်ခုလုံး သားရဲတစ်ကောင်၏ ဖျက်ဆီးခြင်း ခံလိုက်ရသကဲ့သို့ ပျက်စီးရှုပ်ပွနေသည်ကို လူတိုင်း တွေ့လိုက်ရသည်။
စင်မြင့်ပေါ်တွင် လူတစ်ယောက်က မတ်တပ်ရပ်နေပြီး ကျန်တစ်ယောက်က လဲနေ၏။ အားလုံးကို ထိတ်လန့်သွားစေသည့် အချက်မှာ မတ်တပ်ရပ်နေသည့်လူက ယဲ့ဖန် ဖြစ်နေခြင်းပင်။
သူသည် သေနတ်တစ်လက်ကဲ့သို့ ဖြောင့်မတ်စွာ ရပ်နေပြီး ဘေးပတ်လည်က ဖုန်ထနေသော်လည်း သူ့ခန္ဓာကိုယ်က သပ်ရပ်သန့်ရှင်းနေဆဲပင်။
သူ၏ ခြေထောက်အောက်၌ လူအိုကြီး ကျန်းမိန်သည် ခန္ဓာကိုယ် တစ်ဝက်နီးနီး ကျိုးကြေကာ ဒဏ်ရာနေရသည်။
ဝေါ့!
ထိုစဉ် လူအိုကြီး ကျန်းမိန်က သွေးတစ်လုပ် အန်လာ၏။ သူ၏ ဘယ်လက်တစ်ခုလုံး ကျိုးနေပြီး ပခုံးနှင့် ရင်ဘတ်တို့သည် ပွင့်ထွက်လုနီးနီး ဖြစ်နေကာ ကြမ်းပြင်ပေါ်၌ ခွေးသေတစ်ကောင်သဖွယ် ဆောက်တည် ရာမရစွာ လဲနေသည်။
“ရှုံးသွားတယ်၊ ငါ့ ချန်ရှန့်လက်ဝှေ့က ရှုံးသွားတာလား”
ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာထက်စာလျင် လူအိုကြီး ကျန်းမိန်၏ စိတ်ဒဏ်ရာက ပို၍ ဆိုးရွားလေသည်။ သူ့အဖြစ်သည် တောင်ထိပ်သို့ တက်နေသော လူတစ်ယောက်က အားဖြင့် ကန်ချခံလိုက်ရသဖြင့် ဒဏ်ရာရသွားသည့် အဖြစ်နှင့် ဆင်တူနေသည်။ ဤစိတ်ဒဏ်ရာက သေလုမျောပါးပင်။
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဖျင်အန်း မြို့အားကစားကွင်း တစ်ခုလုံး ဆူညံပွက်လောရိုက် လာသည်။
ပြင်ပကျင့်စဉ် ကျင့်ကြံသူ အမည်မသိက လူအိုကြီး ကျန်းမိန်အား လက်ချောင်းတစ်ချောင်းတည်းဖြင့် အနိုင်ပိုင်းလိုက်သည်။ ဤမြင်ကွင်းက ထောင်ချီသော ပွဲကြည့် ပရိသတ်များကို အလွန်အမင်း စိတ်လှုပ်ရှား သွားစေသည်။
“မြတ်စွာဘုရား သန်မာလွန်းလိုက်တာ၊ အမည်မသိ လူကြီးမင်းက အတိုက်အခိုက်မှာ ထူးချွန်တာပဲ”
“မယုံနိုင်စရာပဲ၊ ဒါ ပြင်ပကျင့်စဉ် ကျင့်ကြံသူ ဟုတ်သေးရဲ့လား၊ သောက်ကျိုးနည်း သူက ဘာကြီးလဲ”
“မဖြစ်နိုင်ဘူး ဈာန်ဝင်စားခြင်းအဆင့် သိုင်းပညာရှင်က ပြင်ပကျင့်စဉ် ကျင့်ကြံသူကြောင့် လွင့်ထွက်သွား ရတယ်တဲ့လား၊ ဘာတွေဖြစ်ကုန်တာလဲ”
“…”
ထောင်ချီသော ပွဲကြည့်ပရိသတ်များထံမှ မိုးခြိမ်းသံကဲ့သို့သော အသံများ ဆူညံစွာ ထွက်ပေါ်လာ၏။ များမကြာမီမှာပင် ထိတ်လန့်သံများမှနေ၍ အားပေးသံများအဖြစ်သို့ ပြောင်းလဲသွားသည်။
“ပြိုင်ဘက်ကင်း အမည်မသိ”
“ပြိုင်ဘက်ကင်း အမည်မသိ”
“…”
ပွဲကြည့်သူတိုင်း စိတ်လှုပ်ရှားကာ မျက်နှာ နီမြန်းလာပြီး ယဲ့ဖန်အား လေးစားအားကျစိတ်ဖြင့် ကြည့်လာသည်။
လက်ချောင်းတစ်ချောင်းတည်းဖြင့် ဈာန်ဝင်စားခြင်းအဆင့်ကို အနိုင်ပိုင်းခဲ့သည်။ ဤအဖြစ်သာ အပြင်သို့ ပျံ့နှံ့သွားပါက ယဲ့ဖန်သာမက ဖျင်အန်းတစ်မြို့လုံးပင် ကျုံးကျိုး နယ်မြေ၌ နာမည်ကြီးလာပေမည်။
လူတစ်ချို့ ပျော်ရွှင်နေသော်လည်း အချို့က ဝမ်းနည်းနေကြသည်။ လင်းမိသားစုနှင့် ယဲ့မိသားစုသည် ယင်ကောင် စားလိုက်မိသကဲ့သို့ မျက်နှာကြီးများ ရှုံ့မဲ့နေ၏။ အဆုံးမရှိသော အေးစက်မှုက သူတို့ကို ဝါးမျိုနေသည်။ မည်သို့သော မကောင်းဆိုးဝါးမျိုးအား သူတို့ ရန်စမိမှန်း မတွေးတတ်တော့ချေ။
“လင်းမြောင်မြောင်၊ ယဲ့ရှောင်ထျန်း ဝံပုလွေလိုကောင်တွေ နင်တို့ မြင်ပြီလား”
“လူကြီးမင်းယဲ့ နိုင်ပြီ၊ သူ လုပ်နိုင်ခဲ့ပြီ”
ထန်ယွင်အာသည် ယခုထက်ပို၍ စိတ်မလှုပ်ရှားနိုင်တော့ပေ။ သူမ၏ လှပ၍ ဆွဲဆောင်မှုရှိသော မျက်နှာလေးက စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေပြီး လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းကို အော်ပြော လိုက်သည်။
လက်ရှိအချိန်၌ ထန်ယွင်အာသည် သူမ လှောင်ပြောင် စော်ကားခံခဲ့ရသမျှ အားလုံး ဖွင့်ထုတ် လိုက်ရသည်ဟု ခံစားမိနေ၏။ သူမဘဝ၌ ယခုလောက် မပျော်ဖူးသေးပါ။
သူမ၏ စကားများက လင်းမြောင်မြောင်တို့၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်သွားပြီး ပါးများ ကျဉ်တက်လာသလို ခံစားလိုက်ရသည်။
“ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ၊ ငါ့ဆရာက … ဘယ်လိုလုပ် ရှုံးရတာလဲ”
လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့သည် ထိုင်ခုံ၌ ကြက်သေ သေနေကြသည်။ သူတို့ ထရပ်ရန်ပင် ခွန်အား မရှိချေ။ သူတို့၏ စိတ်ထဲ၌ ယခင်က သူတို့ ပြောခဲ့သော မောက်မာသည့် စကားများက ပဲ့တင်ထပ် နေ၏။
“ခွေးသူခိုး ယဲ့ဖန်၊ ငါ့ဆရာက နင့်ကို ခွေးသတ်သလို သတ်မှာ”
“ငါ့ဆရာ မပြောနဲ့ ငါ့ ဒုတိယ စီနီယာ အစ်ကိုတောင် နင့်ကို တစ်ချက်တည်းနဲ့ ရိုက်သတ်လို့ ရတယ်”
ယခင်က သူတို့ပြောခဲ့သည့် မောက်မာသော စကားများက ယခု သူတို့မျက်နှာကို တဖြောင်းဖြောင်း ရိုက်နှက်နေသည်ဟု ခံစားမိနေ၏။
သူတို့ မျက်နှာမပြဝံ့အောင် ရှက်ရွံ့နေသည့်အပြင် ယဲ့ဖန်၏ ရက်စက်သော နည်းလမ်းများကို စဉ်းစားမိပြီး နှစ်ယောက်လုံး ရေခဲကန်ထဲ ကျသွားသကဲ့သို့ အေးစိမ့်သွားလေသည်။
“မျိုးမစစ်လေး မင်းက သိပ်ဟုတ်နေတယ်ပေါ့လေ”
သို့ရာတွင် အားလုံး ထိတ်လန့်ခြင်း၌ နစ်မျောနေစဉ် လူအိုကြီးကျန်းမိန်က သားရဲကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လာ၏။ သူ့စကားသံ၌ မကျေနပ်ဟန်နှင့် ရူးသွပ်ဟန်များ ပါဝင်နေသည်။
ထိုစကားသံကြောင့် အားကစားကွင်းတစ်ခုလုံး ချက်ချင်း တိတ်ကြသွားသည်။ ပွဲမပြီးသေးဟု လူတိုင်း ခံစားမိသည်။
“မင်းက သန်မာတယ်ပေါ့၊ အဲ့တော့ ဘာဖြစ်လဲ”
“ငါ ရှုံးသွားပင်မယ့် မင်း မသေဘူးလို့မှ မဆိုလိုတာ၊ ဟားဟားဟား …”
လူအိုကြီး ကျန်းမိန်၏ ရူးသွပ်နေသော အော်သံကို ကြားပြီး အားလုံး၏ စိတ်ထဲ၌ မကောင်းသော ခံစားချက်တစ်ခု ဝင်ရောက်လာသည်။
*ဧကန္တ*
*ဒီလူအိုကြီးမှာ ဝှက်ဖဲ ရှိနေသေးတာလား*
ကျေနပ်နေသော ထန်ယွင်အာသည်လည်း ချက်ချင်း မျက်နှာပျက်သွားသည်။ ကြောက်လန့်နေသော လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့မှာမူ အားပြည့်လာဟန်ဖြင့် ထရပ်လာသည်။ နှစ်ယောက်လုံး စိတ်လှုပ်ရှားနေသောကြောင့် ခန္ဓာကိုယ်ပါ တုန်ယင်နေ၏။ အဘယ်ကြောင့်ဆိုသော် လူအိုကြီး ကျန်းမိန်၏ ဝှက်ဖဲက သူတို့၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်မည် ဖြစ်သောကြောင့်ပင်။
“အဲ့တော့ ဘာဖြစ်လဲ”
ယဲ့ဖန်သည် နည်းနည်းလေးမျှ မတုန်လှုပ်ဟန်ဖြင့် အေးစက်စက် ကြည့်နေသည်။ လူအိုကြီး ကျန်းမိန်၏ ဝှက်ဖဲက သူ့စိတ်ကို နည်းနည်းလေးမျှ ဂယက်ရိုက်စေပုံ မရပေ။
လူအိုကြီး ကျန်းမိန်သည် စင်မြင့်ပေါ်၌ လဲနေပြီး သွေးအန်နေသော်လည်း ယဲ့ဖန်အား သေလူ တစ်ယောက်ကို ကြည့်သကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ ကြည့်နေသည်။
“ဟားဟားဟား … ဘာဖြစ်မှာလဲဆိုတော့ မင်း သေမှာပေါ့ကွ”
ထိုသို့ပြောပြီးနောက် လူအိုကြီး ကျန်းမိန်သည် အားကစားကွင်း ဝင်ပေါက်သို့ လှမ်းကြည့်၍ အော်ပြော လိုက်သည်။
“ဆရာ ဦးလေး ရန်တန်း ကျေးဇူးပြုပြီး … ထွက်လာပါတော့”
အော်သံက အားကစားကွင်းတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။ ထိုအမည်ကြောင့် လူတိုင်း ကြက်သေ သေသွားကြသည်။
ရန်တန်း၊ ထိုနာမည်ကို ကြားသည်နှင့် အားလုံး၏ စိတ်ထဲတွင် သွေးပျက်စိတ်များ ဝင်ရောက်လာသည်။ ဟွိုင်အန်း စီရင်စုတွင် ရန်တန်းဟူသော နာမည်နှင့် လူတစ်ယောက်သာ ရှိသည်။
ထိုသူသည် ဟုန်ကူးတောင်မှ အရှင် ရန်တန်းပင်။ အရှင် ရန်တန်းသည် ဟွိုင်အန်းစီရင်စုတွင်းမှ ကြောက်စရာ အကောင်းဆုံးသော လူအိုကြီးများထဲမှ တစ်ယောက် ဖြစ်သည်။
တစ်ချိန်က ယန်နယ်မြေ၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီး သားရုအုပ်ကြီးက မြို့တွင်းသို့ ဝင်ရောက်ကာ သက်ရှိများကို သတ်ဖြတ်ခဲ့သည်။
ဟွိုင်အန်းစီရင်စုမှ အေအဆင့် ထောင်အတွင်း အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး လူမသိသော ရာဇဝတ်သားများနှင့် လူသတ်သမားများက သားရဲအုပ်အား ခုခံတိုက်ခိုက်နေသော လူအများကို သတ်ဖြတ်ခဲ့သည်။
နောက်ဆုံးတွင် ထိုမြို့သည် ရာဇဝတ်များ၏ နိဗ္မာန်ဘုံ ဖြစ်လာလေသည်။ ထိုမြို့တွင် အေအဆင့် ရာဇဝတ်သားများ တစ်ထောင်နီးနီး ရှိပြီး ထိုသူများထဲမှ အားအနည်းဆုံးသူမှာ အဆင့်ခုနစ် ရွှေရောင် ခန္ဓာကိုယ်အဆင့် သိုင်းပညာရှင်များ ဖြစ်လေသည်။
ထိုသူများထဲတွင် အဆင့်ကိုး ရွှေရောင်ခန္ဓာကိုယ်အဆင့်နှင့် ဈာန်ဝင်စားခြင်းအဆင့် သိုင်းပညာရှင်များက များပြားလှသည်။
ထိုအချိန်တွင် ရန်တန်း ပေါ်ထွက်လာခဲ့သည်။ သူသည် ရာဇဝတ်မြို့တော်သို့ ဝင်သွားပြီး ဓားတစ်လက် တည်းဖြင့် ထောင်ချီသော ရာဇဝတ်သားများကို သတ်ခဲ့သည်။
ထိုတိုက်ပွဲသည် ဟွိုင်အန်း စီရင်စု၏ သမိုင်းတွင် ပထမဆုံး သမိုင်းတွင် တိုက်ပွဲ ဖြစ်လေသည်။ ထိုအချိန်မှစ၍ အရှင် ရန်တန်းအား ဟွိုင်အန်း စီရင်စုသားများက အင်မော်တယ်အဖြစ် သတ်မှတ် လေးစားခဲ့ကြသည်။
“အဲ့ဒီလူများလား”
ထန်မင်လီ မျက်ခုံးလှုပ်လာ၏။ အရှင် ရန်တန်းက ဈာန်ဝင်စားခြင်း တစ်ပိုင်းအဆင့် သိုင်းပညာရှင်အား လက်သီးတစ်ချက်တည်းဖြင့် ပေါက်ကွဲသေဆုံးသွားအောင် လုပ်ခဲ့သည်ကို သူ့မျက်လုံးဖြင့် တပ်အပ် မြင်ခဲ့ဖူးသည်။
လက်ရှိအချိန်တွင် အားလုံးက အားကစားကွင်း၏ ဝင်ပေါက်ကိုသာ ကြည့်နေကြသည်။ ထိုအကြည့်များထဲတွင် စိတ်လှုပ်ရှားသော အကြည့်၊ ကြောက်လန့်သော အကြည့် စသည့် အကြည့်မျိုးစုံ ပါဝင်နေ၏။
လူတိုင်း စိတ်ဝင်တစား ကြည့်နေစဉ်မှာပင် အားကစားကွင်း၏ ဝင်ပေါက်မှနေ၍ လူတစ်ယောက် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။ ထိုသူကို မြင်လိုက်ရချိန်တွင် ယဲ့ဖန် မသိမသာ အံ့ဩသွားသည်။