အခန်း ၁၁၀၅
Vol. 74 Ch. 1105
Chapter 1105 ဒီနေ့ ဖျင်အန်းမြို့ကို သွေးနဲ့ဆေးမယ်
“ကျေးဇူးပြုပြီး စီနီယာ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”
အရှင် ရန်တန်း၏ ထိတ်လန့်တကြား ပြောဆိုလိုက်သော စကားကို ကြားရသောအခါ အားကစားကွင်း တစ်ခုလုံး သုသာန်အလား တိတ်ဆိတ်ငြိမ်သက်သွားသည်။
ပွဲကြည့်စင်မှ ထောင်ချီသော လူများအားလုံး မျက်လုံးကျွတ်ကျမတတ် ဖြစ်သွားကြသည်။ လူတိုင်း မြင်နေရသည့် အရာများကို မယုံနိုင် ဖြစ်နေသည်။
မြင့်မြတ်သော အရှင်ရန်တန်း၊ ဟွိုင်အန်း စီရင်စု၏ သူရဲကောင်းဖြစ်သူ။ ထိုသို့သောလူအား ယဲ့ဖန်က ကြက်ပေါက်ကို ရိုက်သကဲ့သို့ ရိုက်လိုက်သဖြင့် သွေးအန်ကာ ရန်ပင် ပြန်မစရဲပေ။ ထို့အပြင် သူက ယဲ့ဖန်ရှေ့ ပြေး၍ ဒူးထောက်ဝပ်တွား၍ တောင်းပန်နေသေးသည်။ လက်ရှိတွင် လူတိုင်း လောကကြီး မူမမှန်တော့ဟု ခံစားမိလာသည်။
*ဘာတွေ ဖြစ်နေတာလဲ*
*ဘယ်သူ ငါ့ကို ရှင်းပြပေးနိုင်မလဲ*
အထူးသဖြင့် မိသားစုကြီး နှစ်ခုဖြစ်သော လင်းမိသားစုနှင့် ယဲ့မိသားစုမှ လူများပင်။ သူတို့ ကယ်တင်ရှင်နှင့် တွေ့ပြီဟု ထင်ထားခဲ့သော်လည်း ယခု သူတို့၏ ကယ်တင်ရှင်က ခွေးတစ်ကောင် သဖွယ် အရိုက်ခံလိုက်ရသည့်အပြင် တောင်းပန်နေရသည်။
ဤသည်က သူတို့၏ အတွေးအမြင်က ကပြောင်းကပြန် ဖြစ်သွားစေသည်။ လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့သည် နှေးကွေးလေးကန်သွားသကဲ့သို့ ခုံပေါ် ပစ်ကျသွားလေသည်။
ဖန်းရီပေါ်၊ ဖေးဖေးနှင့် အခြားသူများသည်လည်း သူတို့၏ ပါးစပ်ထဲသို့ ဘဲဥပင် ထည့်နိုင်လောက် သည်အထိ ပါးစပ် အဟောင်းသား ဖြစ်နေကြသည်။ သူတို့၏ မျက်လုံးတွင် ထိတ်လန့် ချောက်ချားဟန်များ ထင်ဟပ်နေ၏။ ထန်မိသားစုမှ လူများပင် မှင်တက်အံ့အားသင့်ကြသည်။
“ဘိုးဘိုး … ဘိုးဘိုး၊ ဒီမှာ ဘာတွေ ဖြစ်နေတာလဲဟင်”
ထန်ယွင်အာ နားဝေတိမ်တောင် ဖြစ်သွားရသည်။ သူမနှလုံးသားမှ စိုးရိမ်စိတ်များအစား ထိတ်လန့်စိတ်များက အစားထိုး ဝင်ရောက်လာသည်။ ထန်မင်လီသည်လည်း မျက်ခုံးကိုပွတ်၍ မသေချာဟန်ဖြင့် ပြောလေသည်။
“အရှင် ရန်တန်းက လူကြီးမင်းယဲ့ကို သိနေတာလား၊ ပြီးတော့ လူကြီးမင်းယဲ့ဆီမှာ ရှုံးခဲ့တာလား”
ထန်မင်လီ၏ စကားကြောင့် ထန်လွင်အာနှင့် ဘေးပတ်လည်မှ လူများအားလုံး ထိတ်လန့်သွားလေသည်။
*ရှုံးသွားတာလား*
*ဟုတ်သားပဲ*
ထိုအကြောင်းပြချက်တစ်ခုတည်းသာ မျက်စိရှေ့မှ အရာအားလုံးကို ရှင်းပြနိုင်ပေသည်။
“ဆရာဦးလေး ခင်ဗျား ဘာလုပ်တာလဲ”
“ခင်ဗျား … ခင်ဗျား ဘယ်လိုလုပ် ဒီမျိုးမစစ်လေးကို တောင်းပန်ရတာလဲ”
လူအိုကြီး ကျန်းမိန်က တအံ့တဩ ပြောပြီး သွေးအန်ပြန်သည်။ မယုံနိုင်စရာပင်။ သူ့ဦးလေး၏ အကျင့်စရိုက်ကို သူ အသိဆုံးပင်။
*တစ်ချိန်က သွေးဆူး အဆိပ်လင်းယုန်က သန်မာခဲ့တယ် မဟုတ်ဘူးလား၊ အဲ့လိုလူစားမျိုးကို ငါ့ဆရာ ဦးလေး သတ်လိုက်လို့ ဟွိုင်မြစ်ကမ်းဘေးမှာ သေနေတာကို တွေ့ခဲ့တာလေ*
“ပါးစပ်ပိတ်ထား”
အရှင်ရန်ထန်းက သွေးပျက်နေသော မျက်နှာထားဖြင့် ကျန်းမိန်ကို ပြန်အော်လိုက်သည်။
“ကျန်းမိန် ငါ ကိစ္စတိုင်းကို စဉ်းစားတတ်ပင်မယ့် ဒီကိစ္စကို မသိခဲ့ဘူး၊ မင်းက ဒီစီနီယာကို ရန်စရဲတဲ့အထိ မိုက်မဲလှချည်လား”
“မင်းကို ငါ မပြောခဲ့ဘူးလား၊ စီနီယာတစ်ယောက်သာ မညှာတာခဲ့ရင် လွန်ခဲ့တဲ့နှစ်ရက်ကတည်းက ဖျင်ယန်တောင်မှာ ငါ သေနေလောက်ပြီ”
အရှင်ရန်တန်း၏ စကားကြောင့် လူအိုကြီး ကျန်းမိန် နားဝေတိမ်တောင် ဖြစ်သွားရသည်။ လွန်ခဲ့သည့် နှစ်ရက်ကတည်းက ဖျင်အန်းမြို့သို့ အရှင် ရန်တန်း ရောက်လာသည်ကို သူ သိပါသည်။ ရောက်လာသည်နှင့် သူ ဖျင်ယန်တောင်သို့ တက်ရန် စီစဉ်ခဲ့သည်။
မနေ့က ကျန်းမိန် ဖျင်အန်းမြို့သို့ ရောက်လာပြီးနောက် သူ့ဆရာဦးလေးဆီ လည်ပတ်ခဲ့သည်။ ထိုအခါ ဆရာဦးလေးက သူ့အား ဖျင်ယန်တောင်၌ ကြောက်စရာကောင်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း ထိုလူအား သူ ရန်မစသင့်ကြောင်း အလေးအနက် တိုက်တွန်းလေသည်။
သို့သော် သူ့ဆရာဦးလေး ပြောခဲ့သည့် ရန်မစသင့်သော ပုဂ္ဂိုလ်က ယဲ့ဖန် ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိပါ။
*ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ကျန်းမိန် အလွန်အမင်း မှင်တက်မိနေသည်။ အရှင် ရန်တန်းက အထိတ်လန့်ဆုံးပင်။ ယဲ့ဖန်က ဖျင်ယန် တောင်ပေါ်မှ ပုဂ္ဂိုလ် ဖြစ်နေသည်ကိုသာ သူ ကြိုသိနေပါက သူ ရန်စဝံ့မည် မဟုတ်ပါ။
“စီ … စီနီယာ၊ ရန်တန်း ရိုင်းပျမိပါတယ်၊ ကျေးဇူးပြုပြီး ဒေါသကို ချုပ်ထိန်းပေးပါ”
ရန်တန်းသည် ယဲ့ဖန်ကို မော်ကြည့်ရဲသည့် သတ္တိပင် မရှိသောကြောင့် ခေါင်းငုံ့ထားသည်။ သူ့နဖူးမှ ချွေးစေးများ စီးကျလာ၏။
ဤမြင်ကွင်းကိုသာ ဟွေအန်းစီရင်စုတစ်ခုလုံး မြင်သွားပါက စီရင်စုတစ်ခုလုံး၏ ခေါင်းဆောင်များအားလုံး ထိတ်လန့်သွားမည်မှာ အသေအချာပင်။
မြင့်မြတ်သော ရန်တန်းက အမှားလုပ်ထားသော ကလေးတစ်ယောက်ကဲ့သို့ တုန်ယင်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ယဲ့ဖန်က ဘာမှမပြောဘဲ ကျန်းမိန်ကိုသာ တည့်တည့်စိုက်ကြည့်နေ၏။
“အခု မင်း သေလို့ရပြီလား”
ထိုစကားက ကျန်းမိန်၏ နားထဲတွင် မရဏခေါင်းလောင်း မြည်ဟီးသကဲ့သို့ ကြားလိုက်ရပြီး တစ်ကိုယ်လုံး တုန်ယင်သွားသည်။
သူသည် ကျိုးကြေနေသော ခန္ဓာကိုယ်ဖြင့် ယဲ့ဖန်ရှေ့သို့ တွားသွား၍ ကြောက်လန့်တကြား အော်လေသည်။
“စီနီယာ အသက်ချမ်းသာပေးပါ၊ ဒီဂျူနီယာ မသိခဲ့လို့ စီနီယာကို ရန်စမိပါတယ်၊ ကျွန်တော့်အသက်ကို ချမ်းသာပေးဖို့ စီနီယာကို တောင်းဆိုပါတယ်”
ထိုသို့ပြောပြီးသည်နှင့် လူအိုကြီး ကျန်းမိန်က နဖူးနှင့် ကြမ်းပြင်တိုက်၍ ဆက်တိုက် တောင်းပန်နေ၏။ ဤအပြုအမူက ခွေးတစ်ကောင်လိုပင်၊ ရှက်စရာကောင်းပြီး ကြည့်ရဆိုးလှသည်။
ဤမြင်ကွင်းကြောင့် ယဲ့ရှောင်ထျန်းနှင့် လင်းမြောင်မြောင်တို့ အိပ်မက်မက်နေသည်ဟု ထင်မှတ် သွားကြသည်။
“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”
နှစ်ယောက်လုံး၏ ရင်ထဲတွင် မြင်းအကောင်တစ်သောင်းလောက် ကဆုန်စိုင်း ပြေးလွှားနေသည်ဟု ခံစားရသည်။ လူအိုကြီး ကျန်းမိန်သည် သူတို့ အားကိုးရာ မဏ္ဍိုင်ဖြစ်သည်။ ယခု ထိုသူက ယဲ့ဖန်ရှေ့၌ ခွေးသဖွယ် တောင်းပန်နေ၏။ နှစ်ဦးလုံး၏ ရင်ထဲတွင် နောင်တရစိတ်များဖြင့် ပြည့်နှက်နေလေသည်။
နှစ်ဦးသား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိသည်။ ယခု သူတို့ ထွက်မပြေးလျင် သူတို့ သေသွားလောက်သည်။ ထို့နောက် နှစ်ယောက်လုံး ချက်ချင်း မတ်တပ်ထရပ်၍ ပွဲကြည့်စင်မှ ထွက်ပြေးရန် ပြင်လာသည်။ သို့သော်
“ငါ ရစရာရှိတာတောင် မရသေးတာ မင်းတို့က ဘယ်သွားမလို့လဲ”
ထိုအသံသည် ငရဲမှ ထွက်ပေါ်လာသည်ဟု ထင်မှတ်မှားရသည်။ လူတိုင်း၏ ချောက်ချားနေသော အကြည့်အောက်တွင် အနက်ရောင် ချီမျှင်စုများ ထွက်ပေါ်လာပြီး ဧရာမ လက်ဝါးနှစ်ခုအသွင် ပြောင်းလဲသွားပြီး လင်းမြောင်မြောင်တို့ထံ ကျရောက်လာသည်။
ထို့နောက် နှစ်ယောက်လုံးအား ကြက်ပေါက်ကလေးကဲ့သို့ ဖမ်းချုပ်၍ စင်ပေါ်သို့ ပြန်ပစ်တင်လိုက်သဖြင့် ယဲ့ဖန်ရှေ့သို့ ဘုန်းခနဲ ကျလာသည်။
ယဲ့ဖန်၏ နည်းလမ်းကြောင့် လူတိုင်း တုန်လှုပ်သွားသည်။ နတ်ဆိုးချီမျှင်စု လက်ကြီးနှစ်ဘက်သည် မည်းမှောင်၍ ကြောက်စရာ ကောင်းပေသည်။
ဤသည်က ယန်စွမ်းအင် ချီမျှင်စု မဟုတ်ဘဲ ထူးခြားသော မိစ္ဆာ အငွေ့အသက်တစ်မျိုးမှန်း လူတိုင်း သိလိုက်ကြသည်။ ဤအရှိန်အဝါအောက်၌ လူတိုင်း သေမင်းနှင့် တွေ့ရသည်ဟု ခံစားလိုက်ရသည်။အရှင် ရန်တန်းတောင်မှ ချွင်းချက် မရှိပေ။
“လူ … လူကြီးမင်းယဲ့၊ ကျွန်တော် မှားပါတယ်၊ ကျွန်တော် အကွက်ချပြီး လူကြီးမင်းကို ချောက်ချခဲ့တာပါ၊ ယဲ့မိသားစုရဲ့ ရှေးဟောင်းရတနာကို ကျွန်တော် ပေးပါ့မယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ”
“လူကြီးမင်းယဲ့ ကျွန်မကို မသတ်ပါနဲ့၊ ဒါတွေအားလုံးက ယဲ့ရှောင်ထျန်းရဲ့ အကြံတွေပါ၊ ကျွန်မနဲ့ ဘာမှမဆိုင်ပါဘူး၊ သူက ဆရာသခင်ရဲ့ သေဆုံးမှုကို အသုံးချပြီး လူကြီးမင်းရဲ့ ခေါင်းပေါ်ပုံချတာပါ၊ ဒါမှ ဆရာ ကျန်းမိန်က လူကြီးမင်းကို လက်စားချေပြီး သတ်မှာပါ၊ ဒါ ကျွန်မနဲ့ တကယ်ကို မဆိုင်ပါဘူး …”
ထိုအခိုက်တွင် ယဲ့ရှောင်ထျန်းနှင့် လင်းမြောင်မြောင်တို့သည် ယခင်ကဲ့သို့ မောက်မာခြင်း မရှိတော့ဘဲ ယုန်ပေါက်များကဲ့သို့ အလွန် ကြောက်ရွံ့နေကြသည်။ သူတို့၏ စကားကြောင့် လူအိုကြီး ကျန်းမိန် မျက်နှာ ဖြူရော်သွားသည်။
“လတ်စသက်တော့ မင်းတို့အကြံတွေကိုး”
လူအိုကြီး ကျန်းမိန် သူတို့နှစ်ယောက်ကို အလွန် မုန်းတီးသွားသည်။ ဤလူနှစ်ယောက်၏ သွေးထိုးမှုကြောင့်သာ မဟုတ်လျင် ဤစိတ္တဇ ယဲ့ဖန်အား သူ ဘယ်လိုလုပ် ရန်စမိမည်နည်း။
ဤသည်ကိုတွေးမိပြီး လူအိုကြီး ကျန်းမိန် အလွန် နောင်တရသွားပြီး လင်းမြောင်မြောင်တို့ကို ဝါးစားရန် မစောင့်နိုင်တော့ချေ။
ထိုစဉ် လူအိုကြီး ကျန်းမိန်၏ ဦးခေါင်းပေါ်သို့ ခြေထောက်တစ်ဖက်က အရှိန်ဖြင့် ကျလာသည်။ သူသည် မုန်းတီးစိတ်နှင့် နောင်တရစိတ်တို့ဖြင့် ပြည့်နေစဉ်မှာပင် ဦးခေါင်းပေါက်ကွဲ၍ သေသွားသွားလေသည်။ သွေးများက နေရာအနှံ့သို့ လွင့်စဉ်သွားသည်။
ဤမြင်ကွင်းကြောင့် လင်းမြောင်မြောင်တို့ နှစ်ယောက်လုံး လိပ်ပြာလွင့်မတတ် ကြောက်လန့် သွားကြသည်။
လူအိုကြီး ကျန်းမိန်တောင်မှ ယဲ့ဖန်ရှေ့၌ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အသတ်ခံလိုက်ရသည် မဟုတ်ပါလား။
*ဒီမကောင်းဆိုးဝါးကတော့*
လင်းမြောင်မြောင်တို့နှစ်ယောက်လုံး ကျင်ငယ်ရည် ထွက်ကျမတတ် ကြောက်လန့်နေသည်။ သို့သော် ယဲ့ဖန်က သူတို့နှစ်ယောက်လုံးကို အရေးမစိုက်ဘဲ အသာပြုံးလိုက်သည်။
“ငါ့ကို တင်နေတဲ့အကြွေးကို အသက်နဲ့ပဲ ပြန်ဆပ်ရမယ်"
ထိုစကားကြောင့် နှစ်ယောက်လုံး သေမတတ် ကြောက်လန့်သွားသဖြင့် အသနားခံရန် ရုန်းကန် ပြောဆို ချင်လာသည်။
သို့သော် ယဲ့ဖန်က အလွန်အမင်း အေးစက် ရက်စက်စွာဖြင့် သူ ထိန်းချုပ်ထားသော နတ်ဆိုးချီမျှင်စု လက်ဝါးနှစ်ဖက်ဖြင့် သူတို့နှစ်ယောက်၏ ဦးခေါင်းကို ဖျစ်ညှစ်လိုက်သည်။ ဦးခေါင်းနှစ်ခုလုံး ချက်ချင်း ပေါက်ကွဲသွားလေသည်။
ဦးခေါင်းမဲ့ အလောင်းများက ကြမ်းပြင်ပေါ် လဲကျသွားချိန်တွင် အားကစားကွင်းတစ်ခုလုံး အေးစက်စွာ တိတ်ဆိတ်သွားသည်။ အကြောက်တရားက အားလုံး၏ ရင်ထဲသို့ ဝင်ရောက်လာ၏။
သို့သော် ဤသေဆုံးမှုက အစသာ ရှိပေသေးသည်။ ယဲ့ဖန် အချက်ပြလိုက်သဖြင့် ထျဲမူထားက ချက်ချင်း ထွက်လာသည်။
“သွား၊ ဒီနေ့ ဖျင်အန်းမြို့ကို သွေးနဲ့ ဆေးကြောမယ်”