← Chapters

အခန်း ၁၁၁၀

Vol. 74 Ch. 1110

အခန်း ၁၁၁၀

Vol. 74 Ch. 1110

Chapter 1110 ဝဋ်ပြန်လည်ခြင်း

“ကျွီ”

ယဲ့ဖန် ပြန်မပြောနိုင်ခင်မှာပင် တံခါးက ရုတ်တရက် ပွင့်လာပြီး အဘိုးအို တစ်ယောက် ဝင်လာသည်။ စုန့်ကျစ်ယွင် အလန့်တကြား ထရပ်လိုက်ပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်မိသည်။

“ဘဏ္ဍာစိုး လီ”

ဝင်လာသောသူသည် ထန်မိသားစု၏ ဘဏ္ဍာစိုး ဖြစ်နေ၏။

“ဘဏ္ဍာထိန်းလီလား”

ကျုံးချိုးရှား မျက်နှာဖြူရော်သွားပြီး ချက်ချင်း တုန်ယင်စွာ ထရပ်လိုက်မိသည်။ ဘဏ္ဍာစိုးလီသည် ထန်မင်လီထံ၌ ဆယ်စုနှစ်နှင့်ချီ၍ အလုပ်ပေးနေသူ ဖြစ်ပြီး အလွန်သစ္စာရှိသူ ဖြစ်သည်။

ထန်မိသားစု၏ ကလေးများတောင်မှ အဘိုးလီဟူ၍ တလေးတစား ဆက်ဆံရသည်။ သူက ထန်မင်လီ ကိုယ်စား ပြောရေးဆိုခွင့်ရှိသူဟု ဆိုနိုင်ပေ၏။

အဘယ်ကြောင့် ဘဏ္ဍာစိုးလီက ဤနေရာသို့ ရောက်လာသလဲ သူတို့ စဉ်းစားမရပေ။ ရုတ်ချည်းဆိုသလိုပင် ထိတ်လန့်နေရာမှ အံ့ဩနေသလို ဖြစ်သွားသည်။

*ဘဏ္ဍာစိုးလီ လာတာက ငါ့အလုပ်တာဝန် ပေးအပ်မလို့ လာတာများလား*

*ဘယ်လောက် ကြီးကျယ်လို့ ငါ့အလုပ်တာဝန်အတွက် သူကိုယ်တိုင်လာရတာလဲ*

ကျုံးချိုးရှားတောင်မှ မနေနိုင်ဘဲ စုန့်ကျစ်ယွင်ကို သဘောကျဟန်ဖြင့် ကြည့်လိုက်မိသည်။

*ထန်မင်လီရဲ့ သစ္စာရှိအစေခံကတောင် ကိုယ်တိုင်လာတယ်ဆို‌တော့ စုန့်ကျစ်ယွင်က ဘယ်လောက်တောင် တော်နေပြီလဲ*

ကျုံးလီအာကို သူမ မဖျောင်းဖျနိုင်ပါက ယနေ့ည စုန့်ကျစ်ယွင်ကို ခုတင်ပေါ်ရောက်ရန် သူမ အစွမ်းကုန် ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်သည်။

ဤသို့သော လူစားမျိုးကို ယခု မရေမရာလုပ်နေလျင် ဘယ်အချိန်မှ သူ့ကို အပိုင်ရနိုင်မည်နည်း။

စုန့်ကျစ်ယွင်က ချက်ချင်း ပြုံးကာ နှုတ်ဆက်လိုက်သည်။

“ဘဏ္ဍာစိုးလီ၊ ကျွန်တော့်လိုလူလေးအတွက်နဲ့ ဘာလို့ ကိုယ်တိုင်လာရတာလဲ”

သို့ရာတွင် မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ဘဏ္ဍာစိုးလီက အထက်စီးဆန်စွာဖြင့် သူ့ကို ကျော်သွားသောကြောင့်ပင်။ စုန့်ကျစ်ယွင်၏ အပြုံးက ချက်ချင်း အေးခဲသွားသည်။

ကျုံးချိုးရှားသည်လည်း ရုတ်တရက် တွေဝေသွားသည်။ ဘဏ္ဍာစိုးလီက စုန့်ကျစ်ယွင်ကို ကျော်၍ ယဲ့ဖန်ထံသို့ တန်းသွားလေသည်။ သုံးယောက်လုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ဘဏ္ဍာစိုးလီက ယဲ့ဖန်ကို ဦးညွှတ် အရိုအသေ ပေးလာသည်။

“ဟဲလို လူကြီးမင်းယဲ့”

အပြုအမူက အလွန်လေးစား၍ နှိမ့်ချကျိုးနွံလှသည်။ ထိုစကားက စုန့်ကျစ်ယွင်၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး ကြက်သီးထသွားရသည်။

*လူ … လူကြီးမင်းယဲ့တဲ့လား*

သူတို့အားလုံး အမြင်များသည်ဟုပင် ထင်မိသွားကြသည်။

*မြင့်မြတ်တဲ့ ထန်မိသားစုရဲ့ ဘဏ္ဍာစိုး၊ ထန်မင်လီရဲ့ နံပါတ်တစ် သစ္စာခံက ယဲ့ဖန်ကို အရိုအသေ ပေးနေတယ်တဲ့လား*

ဘဏ္ဍာစိုးလီက သူ့ထံ မလာဘဲ ယဲ့ဖန်ထံ သွားသဖြင့် စုန့်ကျစ်ယွင် အရှက်ရသွားသည်။

*ဒီကောင်က ဆင်းရဲသားလေးပဲ မဟုတ်ဘူးလား*

စုန့်ကျစ်ယွင်နှင့် ကျုံးချိုးရှားတို့သည် ရုတ်တရက် ကျောချမ်းသွားပြီး မကောင်းသော ခံစားချက် တစ်ခု ရလာသည်။

*ဆင်းရဲသားတစ်ယောက်က ရုတ်တရက်ကြီး ဘယ်လိုလုပ် ထန်မိသားစုရဲ့ ဧည့်သည်တော် ဖြစ်သွားတာလဲ*

*ပြီးတော့ ငါတို့က ထန်မိသားစုရဲ့ ဧည့်သည်တော်ကို ဒီလို ဆက်ဆံထားမိတော့ ဘယ်လို အဆုံးသတ်မှာလဲ*

“ဘာကိစ္စရှိလို့လဲ”

ယဲ့ဖန်က တည်ငြိမ်စွာ မေးလိုက်သော်လည်း ဘဏ္ဍာစိုးလီအား လှည့်ပင်မကြည့်ချေ။ စုန့်ကျစ်ယွင်နှင့် ကျုံးချိုးရှားတို့ သရဲသဘက်ကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်သွားလေသည်။

*ဒါက ထန်မင်လီကတောင် မိသားစုဝင်လို သဘောထားတဲ့ ဘဏ္ဍာစိုးလီလေ၊ ဘာလို့ ဒီကောင်က ဒီလောက် ဂရုမစိုက်ရဲရတာလဲ*

ဘဏ္ဍာစိုးလီက ပြန်လည် တိုက်ခိုက်မည်ဟု သူတို့ ထင်ထားသည့်အချိန်မှာပဲ ဘဏ္ဍာစိုးလီက ခါးကိုင်း၍ စာချုပ်တစ်စောင်ကို တရိုတသေ လှမ်းပေးလေသည်။

“လူကြီးမင်းယဲ့ လက်မှတ်ထိုးလိုက်တာနဲ့ ဒီစာချုပ်က အကျုံးဝင်ပါပြီ”

*ဒီစာချုပ်*

စုန့်ကျစ်ယွင်၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုစာချုပ်က ဖျင်ယန်တောင်ပေါ်မှ အိမ်ရာအား လွှဲပြောင်းပေးသည့် စာချုပ်နှင့် အနည်းငယ် တူနေသောကြောင့်ပင်။

*ဒီကောင်က အဲ့ပုဂ္ဂိုလ်များ ဖြစ်နေတာလား*

*မဖြစ်နိုင်ပါဘူး*

*ငါ အတွေးမှားတာပဲ ဖြစ်မယ်*

စုန့်ကျစ်ယွင်က ခေါင်းခါလိုက်သည်။ ထိုပုဂ္ဂိုလ်ကို ရန်စမိနိုင်သည်အထိ သူ ဘယ်လိုလုပ် ကံဆိုးပါမည်နည်း။

“ကောင်းပြီ မင်း သွားလို့ရပြီ”

ယဲ့ဖန်က စာချုပ်ကို ယူ၍ လက်ခါပြလိုက်သည်။ ယခင်အတိုင်း အထက်စီးဆန်နေဆဲပင်။ ဘဏ္ဍာစိုးလီသည် စားပွဲမှ ဟင်းလျာများကို တစ်ချက်ကြည့်မိပြီးနောက် မျက်မှောင်ကြုတ် သွားသည်။

“ဘယ်လိုလုပ် ဒီလိုအမှိုက်ကျတဲ့ ဝိုင်နဲ့ အစားအသောက်ကို လူကြီးမင်းဆီ ဧည့်ခံထားရတာလဲ၊ ကျွန်တော် စားပွဲထိုးကို နောက်စားပွဲအသစ်တစ်ခု ပြင်ခိုင်းလိုက်ရမလား”

*အမှိုက်တဲ့လား*

စုန့်ကျစ်ယွင် ရှက်လွန်းသဖြင့် သေပါသေချင်သွားသည်။ ဤတန်ဖိုးကြီး ဟင်းလျာများ မှာရန် သူ ပိုက်ဆံ တစ်သန်းကျော် သုံးခဲ့ရသည်။ သို့သော်ငြားလည်း ဘဏ္ဍာစိုးလီ၏ ပါးစပ်ထဲ၌ ဤဟင်းလျာများက အမှိုက်ဖြစ်၍ နေ၏။ အဆိုးဆုံးမှာ သူ ပြန်ခံမပြောနိုင်ခြင်းပင်။

“မလိုဘူး”

ယဲ့ဖန်က စာချုပ်ကိုဖတ်ရင်း မော့မကြည့်ဘဲ ပြောလိုက်သည်။

“ကောင်းပါပြီ”

ဘဏ္ဍာစိုးလီက ခေါင်းငုံ့၍ နှိမ့်ချစွာဖြင့် ပြန်ပြောလေသည်။

“လူကြီးမင်းယဲ့ မိသားစုခေါင်းဆောင်က ကျွန်တော့်ကို လူကြီးမင်း ထန်အိမ်တော်မှာ ပွဲတော်တည်ဖို့အတွက် အချိန်များ ရမလားလို့ မေးခိုင်းလိုက်ပါတယ်”

“အချိန်မရှိဘူး”

“အာ … ဒါဆိုလည်း ကောင်းပါပြီ”

*ငြင်းပြီးရင်း ငြင်းနေပါလား*

စုန့်ကျစ်ယွင်တို့ နှစ်ယောက်လုံး ကြက်သီးမွေးညင်းထကာ ဤအဖြစ်အပျက်များက အမှန် ဖြစ်လိမ့်မည်ဟု သူတို့ မယုံနိုင်ပေ။

*သူက ထန်မင်လီ၏ ကိုယ်တိုင် ဖိတ်ကြားချက်ကို တကယ် ငြင်းလိုက်တယ်ပေါ့*

*အံ့ဩစရာအကောင်းဆုံးက ဘဏ္ဍာစိုးလီ တစ်ခွန်းမှ ပြန်မပြောရဲဘဲ စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားတာပဲ*

*ဒီမှာ ဘာတွေ ဖြစ်နေတာလဲ*

ရုတ်ချည်းဆိုသလိုပင် နှစ်ယောက်လုံး အပ်ပေါ် ဖင်ထိုင်ချမိသကဲ့သို့ မရိုးမရွ ဖြစ်နေကာ အသက်ပင် ဖြောင့်ဖြောင့်မရှူရဲဘဲ ကြောက်လန့်ကာ ငိုချင်စိတ်ပေါက်နေ၏။

*ငါတို့ရှေ့မှာ ထိုင်နေတဲ့လူက ဘယ်လိုကြောက်စရာကောင်းတဲ့ နောက်ခံမျိုး ရှိနေတာလဲ*

“လာလေ စားကြမယ်”

သို့သော် ယဲ့ဖန်က သူတို့အား လေသဖွယ် မရှိသည့်သဘောဖြင့် သတ်မှတ်ထားပြီး ကျုံးလီအာ တစ်ယောက်တည်းကိုသာ စကားပြောနေသည်။

ဤသည်ကြောင့် စုန့်ကျစ်ယွင် ကျေးဇူးတင်မိသလို အလွန်လည်း စိတ်ပျက်မိသည်။ တစ်ဖက်လူက သူတို့ကို မျက်လုံးထဲပင် မထည့်သည့်သဘောပင် မဟုတ်ပါတကား။

သူတို့၏ ရန်စပြဿနာရှာမိမှုများကိုတောင်မှ ဟာသသဖွယ် သဘောထားနေသည်။ သို့မဟုတ်ပါက သူ၏နောက်ခံနှင့် သူ့အပေါ် ထန်မိသားစု ဆက်ဆံသော အပြုအမူအရ သူ တစ်ခွန်းပြောလိုက်ရုံနှင့် သူတို့နှစ်ယောက်လုံး သေသွားနေလောက်လေပြီ။

သူတို့သည် အစကတည်းက ဤပုဂ္ဂိုလ်နှင့် မိတ်ဆွေဖြစ်နိုင်သည့် အခွင့်အရေး ရခဲ့သော်လည်း ယခု ထိုအခွင့်အရေးကို သူတို့ လက်လွှတ်လိုက်ရသည်။

အလန့်ဆုံးလူမှာ ကျုံးချိုးရှားပင်။ ယဲ့ဖန်က စားပွဲထိုးတစ်ယောက်ဟု သူမ သေချာပေါက် သိထားသည်။ ဘယ်လိုကြောင့် သူက ကျုံးလီအာ၏ မိဘဆိုင်၌ အလုပ်လုပ်နေရင်း ထန်မိသားစု၏ ဧည့်သည်တော် ဖြစ်သွားရသနည်း။

အစောပိုင်းက သူမ ယဲ့ဖန်အား စော်ကားပြောဆိုခဲ့သည်များကို ပြန်တွေးမိပြီးနောက် ကျုံးချိုးရှား သေချင်စော်နံ သွားလေသည်။

စုန့်ကျစ်ယွင်က လူကြားထဲမှ နဂါးတစ်ကောင် ဖြစ်ပြီး ယဲ့ဖန်အား လူကြားထဲမှ တီကောင်တစ်ကောင်ဟု သူမ ပြောခဲ့သည် မဟုတ်ပါလော။

သို့သော်ငြားလည်း ယခုအခါတွင် စုန့်ကျစ်ယွင်က ယဲ့ဖန်၏ ဖိနပ်မျှပင် အဖိုးမတန်ပေ။ ယဲ့ဖန်နှင့် ကျုံးလီအာကြားမှ ပတ်သက်မှုကြောင့် သူမ ယဲ့ဖန်နှင့် မိသားစုသဖွယ် နေနိုင်ခဲ့လောက်သည်။ ယဲ့ဖန်ကဲ့သို့ ကျားရေခြုံထားသောလူနှင့်ဆိုလျင် မည်သူက သူမအား ရန်စဝံ့မည်နည်း။ ယခု ဘာမှမဖြစ်နိုင်တော့သဖြင့် ကျုံးချိုးရှား နင်နေ၏။

ကျုံးလီအာသည်လည်း မှင်တက်မိနေသည်။ ထန်မိသားစုက ယဲ့ဖန်အား ဤမျှ လေးလေး စားစားနှင့် ကျိုးနွံစွာ ဆက်ဆံလိမ့်မည်ဟု သူမ မျှော်လင့်မထားမိပါ။

ဝမ်းကွဲအစ်မဖြစ်သူ၏ ရှက်ရွံ့သွေးပျက်နေသော မျက်နှာထားကို မြင်ပြီး သူမ မတတ်သာဘဲ ကျိတ်၍ သက်ပြင်းချလိုက်မိသည်။

*အစ်ကိုယဲ့ရဲ့ ထူးခြားပုံနဲ့ အင်အားနဲ့ဆို ဘယ်သူက ရေတွင်းထဲက ဖားလို ဖြစ်နေလဲ သိပြီမလား*

“ကျွန်မ သန့်စင်ခန်း သွားလိုက်ဦးမယ်”

တစ်ခဏကြာသော် ကျုံးလီအာက ထရပ်၍ အပြင်သို့ ထွက်သွားသည်။ ထိုသို့သွားချိန်တွင် ကောင်းကင်အဆင့်နှစ် အခန်းကို ဖြတ်သွားရသည်။

ထိုအခါ ကံဆိုးမှုတစ်ခု ဖြစ်ပေါ်လာသည်။ ကောင်းကင်နံပါတ်နှစ် အခန်း၌ တစ်မူထူးခြားသော နောက်ခံရှိသည့် ညီအစက်ိုနှစ်ယောက်က သောက်စား ပျော်ပါးနေပြီး ရုတ်တရက် မိန်းမလှလေး တစ်ယောက် ဖြတ်သွားသည်ကို မြင်လိုက်ရသည်။ ချက်ချင်းဆိုသလိုပင် နှစ်ယောက်သား၏ အကြည့်က ထိုမိန်းကလေးအပေါ် ကပ်ပါသွားသည်။

“ဆွဲဆောင်မှုရှိတဲ့ အလှလေးပဲ”

ယန်ချန်ကျစ်က ငမ်းငမ်းတက် လိုချင်ဟန်ဖြင့် နှုတ်ခမ်းသပ်လိုက်သည်။

“ဘာလဲ စိတ်ပါနေပြီလား”

ထုံယန်ရှန့်က ကျုံးလီအာအား မီးပွင့်မတတ် မျက်လုံးများဖြင့် စိုက်ကြည့်ရင်း ပြုံးကာ မေးလေသည်။

“မင်းရော စိတ်မပါလို့လား”

ယန်ချန်ကျစ်က ငေါ့တော့တော့အပြုံးဖြင့် ရာဂစိတ်ကြွလာသော အမူအရာဖြင့် ဆက်ပြော လေသည်။

“ဒီအလှလေးကို ငါ့ဘဝမှ အခုမှ မြင်ဖူးတာပဲ၊ ငါ ပျော်ပါးနေတဲ့ မော်ဒယ်စတားတွေတောင် သူ့ကို မယှဉ်နိုင်ဘူး”

“ငါတို့နှစ်ယောက်လုံး စိတ်ပါနေမှတော့ မင်း ဘာတွေ စောင့်နေတာလဲ”

ထုံယန်ရှန့်က ထရပ်လိုက်သည်။

“ဘယ်လိုလုပ်မှာလဲ”

ယန်ချန်ကျစ်က အင်္ကျီကို သပ်သပ်ရပ်ရပ်ပြင်၍ အပြုံးဖြင့် မေးလိုက်သည်။

“အရင်ဆုံး ပိုက်ဆံနဲ့ ဆွယ်ရမှာပေါ့၊ နားမထောင်ရင်တော့ အကြမ်းနည်း သုံးမယ်”

ထုံယန်ရှန့်က ညစ်ကျယ်ကျယ်အပြုံးဖြင့် ဆိုးယုတ်စွာ ပြောလေသည်။

“ငါ သဘောကျတဲ့ မိန်းကလေးတိုင်းက ငါ့အပိုင် ဖြစ်ကိုဖြစ်လာရမယ်”

စာစဉ် ၇၄ ဤတွင် ပြီးပါပြီ။

All Chapters