← Chapters

အခန်း ၁၁၁၄

Vol. 75 Ch. 1114

အခန်း ၁၁၁၄

Vol. 75 Ch. 1114

Chapter 1114 မင်းတို့အားလုံး သေရလိမ့်မယ်

*အင်အားကြီးတဲ့လူတွေ အများကြီးပါလား*

စုန့်ကျစ်ယွင် စိတ်လှုပ်ရှားကာ တုန်ယင်လာသည်။ သူ့စိတ်ထဲတွင် ဤအင်အားကြီး ပုဂ္ဂိုလ်များက ယန်မိသားစုနှင့် ထုံမိသားစုများကို ကူညီရန် ရောက်လာသည်ဟု ထင်နေ၏။

*ဒီကောင်တော့ သေပြီပဲ*

*ဓားထောင်ချီနဲ့ ထိုးနှက်ပြီး ရှစ်ပိုင်းပိုင်းမယ့်ပုံပဲ*

ယဲ့ဖန်၏ အဆုံးသတ်ကို သူ ကြိုမြင်ယောင်နေသည်။ ထိုအင်အားကြီး ပုဂ္ဂိုလ်များက ယဲ့ဖန်ထံ အတင်း ဦးတည် သွားသည်ကို မြင်ပြီးနောက် သူ့အထင်က ပို၍ ကျိန်းသေလာ၏။

“သူတော့ သေပြီ၊ ငါတို့ သူနဲ့ ဘာမှမပတ်သတ်လို့ တော်သေးတယ်၊ မဟုတ်လို့ကတော့ ငါတို့လည်း အသုဘထဲ ရောပါနေလောက်ပြီ”

စုန့်ကျစ်ယွင်က ဘေးနားမှ ကျုံးချိုးရှားကို ပြောလိုက်သည်။

“ဟုတ်တယ်၊ ဟုတ်တယ်”

ကျုံးချိုးရှားသည်လည်း ခေါင်းညိတ်ထောက်ခံပြီး ဝမ်းသာနေ၏။ ချက်ချင်းဆိုသလိုပင် နှစ်ယောက်လုံး သရော်သလို ပြုံးနေပြီး ယဲ့ဖန်အား သေလူတစ်ယောက်အား ကြည့်သကဲ့သို့ ကြည့်နေသည်။

ထန်မင်လီနှင့် ကင်းမြီးကောက် လူသတ်သမားတို့သည် ယဲ့ဖန်ထံသို့ တန်းလျှောက်သွားပြီး တဖြည်းဖြည်း နီးသထက် နီးလာနေသည်။

မိနစ်တိုင်း ယန်ချန်ကျစ်နှင့် ထုံယန်တို့၏ အပြုံးများက ပိုမိုပြင်းထန်လာသည်။ ထို့နောက်တွင် ထိုသူများအားလုံး ယဲ့ဖန်၏အရှေ့သို့ ရောက်သွားကြသည်။ ချက်ချင်းဆိုသလိုပင် အားလုံး၏ ကြောက်လန့်နေသော အကြည့် အောက်၌ သူတို့က ဖြည်းဖြည်းချင်း ကိုယ်ကိုကိုင်းကာ ခေါင်းငုံ့၍ ပြိုင်တူ နှုတ်ဆက်လေသည်။

“လူကြီးမင်းယဲ့”

နှုတ်ဆက်သံက မိုးခြိမ်းသံသဖွယ် ကျယ်လောင်လှပြီး ခေါင်းမိုးတစ်ခုလုံး ပွင့်ထွက်သွားလေမလားဟု ထင်မှတ်မှား ရသည်။ ထိုသူတို့သည် ရိုသေလေးစားမှု အပြည့်နှင့် နှိမ့်ချနေကြသည်။

ဆယ်ယောက်ကျော်သော အင်အားကြီး ပုဂ္ဂိုလ်များသည် ကိုယ်ကိုင်းထားသော ဟန်အမူအရာနှင့် ကျောက်ရုပ် သဖွယ် မလှုပ်မယှက် ရပ်နေလေသည်။

ဤမြင်ကွင်းက အလွန်အမင်း ထိတ်လန့်စရာ ကောင်းလှသည်။ ဤမြင်ကွင်းအား အိပ်မက်ဆိုးတစ်ခုဟု ထင်မှတ်ရသလို လူတိုင်း လိပ်ပြာလွင့်သွားသကဲ့သို့ ကြောက်လန့်ကာ တုန်ယင်သွားပြီး သတိလစ်လုမတတ် ဖြစ်သွားလေသည်။

*ဖျင်အန်းမြို့ရဲ့ အင်အားအကြီးဆုံး လူဆယ်ယောက်ကျော်က မနူးမနပ် ကောင်လေးတစ်ယောက်ကို ပြိုင်တူ ဦးညွှတ်နေတာလား*

*အံ့ဩစရာပဲ*

ထိုအခိုက်တွင် လူတိုင်း၏ ယဲ့ဖန်အပေါ် အထင်သေးခြင်းများ ပျောက်ကွယ်သွားသည်။ ထိုအစား အလွန်တရာ ကြောက်လန့်စိတ်များ ဖြစ်ပေါ်လာသည်။

ယန်ချန်ကျစ်နှင့် ထုံယန်ရှန့်တို့၏ ပြုံးနေသော မျက်နှာများက ချက်ချင်း ပျက်ယွင်းသွားသည်။ စုန့်ကျစ်ယွင်နှင့် ကျုံးချိုးရှားတို့၏ အပြုံးများလည်း အေးခဲသွားလေသည်။

လေးယောက်လုံး လျှပ်စစ်လျှော့တိုက်ခံထားရသကဲ့သို့ ဖြစ်ကာ မှင်တက်နေကြသည်။

*လူမသိသူမသိ လူငယ်လေး တစ်ယောက်က ဖျင်အန်းမြို့က လူကြီးတွေကို ဦးညွှတ်အောင် လုပ်နိုင်နေတာလား*

ထိုအချိန်တွင် စုန့်ကျစ်ယွင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ဖျင်အန်းတစ်မြို့လုံး၌ ထိုသို့လုပ်နိုင်သူမှာ တစ်ယောက်တည်းသာ ရှိသည်ကို တွေးမိသွားသောကြောင့်ပင်။

အမည်မသိ လူကြီးမင်း။ ယခုအခါတွင်မှ ဘဏ္ဍာစိုးလီ ပေးလာသော စာချုပ်က ဖျင်ယန်တောင်ပေါ်မှ အိမ်ရာမြေ၏ အမှန်အကန် စာချုပ်ဖြစ်သည်ကို သူ သတိပြုမိသွားသည်။

*ဒီလူက တကယ်ကို အမည်မသိ လူကြီးမင်းပဲ*

ဤသည်ကို တွေးမိပြီး သူ သေချင်စော်နံသွားသည်။ ဘဏ္ဍာစိုးလီ ပေါ်လာကတည်းက သူ သတိပြုမိခဲ့သင့်သည်။ ယဲ့ဖန်၏ အပြုအမူများကို သူ မည်မျှ သဘောမကျပါစေ၊ တစ်စုံတစ်ယောက်ကို ယဲ့ဖန် ထိခိုက်အောင် လုပ်လိုက်ကတည်းက သူ သတိထားခဲ့မိသင့်သည်။

သို့သော် ယခုအခါ၌ ဘာမှမပြောနိုင်လောက်အောင် အားလုံး နောက်ကျသွားလေပြီ။ ဤသို့သော ပုဂ္ဂိုလ်မျိုးအား သူ မျက်နှာလုပ်ချင်ခဲ့သော်လည်း ထိုအခွင့်အရေးကို သူကိုယ်တိုင် လက်လွှတ်ခဲ့ရသည်။

“ချီးပဲကွာ”

စုန့်ကျစ်ယွင် မချိပြုံး ပြုံးနေမိသည်။

*ဆင်းရဲသား*

*လူကြားထဲက တီကောင်*

“ဟီဟီဟီ …”

ကျုံးချိုးရှား ပြုံးရယ်နေသော်လည်း ငိုနေသည့်ပုံနှင့် ပိုတူလေသည်။ ဤအဖြစ်အပျက်၏ အနိမ့်အမြင့် အတက်အကျက ရိုလာကိုစတာ စီးသည်ထက်ပင် စိတ်လှုပ်ရှားစရာ ကောင်းနေသောကြောင့် သူမ စိတ်ကို မထိန်းချုပ်နိုင်ပေ။

လက်ရှိတွင် သူသည် နောင်တရဖို့ပင် အားမရှိတော့ဘဲ ကိုယ့်ကိုယ်ကိုယ်သာ သနားမိနေသည်။ ကောင်းကင် ထောက်တိုင်ကြီး ပြိုလဲသွားသကဲ့သို့ ဖြစ်နေပြီး သူမဘဝတော့ သွားပြီဟု တွေးနေမိသည်။

သို့ရာတွင် လက်ရှိ၌ အဆုံးစွန်အထိ ဆောက်တည်ရာမရ ဖြစ်နေသူများမှာ ယန်ချန်ကျစ်နှင် ထုံယန်ရှန့်တို့ပင်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်ကို ပေါ်တင် ရန်စခဲ့သူများက သူတို့ ဖြစ်နေသည် မဟုတ်ပါတကား။

ယဲ့ဖန်ကို သတ်ပစ်မည်ဟုပင် သူတို့ ခြိမ်းခြောက်ခဲ့သေးသည်။ သို့သော် မျက်တောင်တစ်ခက်အတွင်းမှာပင် ဖျင်အန်း တစ်မြို့လုံးမှ ဩဇာညောင်းသူများက စုဝေးရောက်ရှိလာပြီး ယဲ့ဖန်ဘက်မှ အားဖြည့်ပေးနေကြသည်။

သူတို့ ထွက်သွားသည့် တစ်နှစ်အတွင်း ဖျင်အန်းမြို့၌ ဤသို့ ကြောက်စရာကောင်းသော လူမျိုး ဘယ်အချိန်က ပေါ်လာရသနည်း။ ဖျင်အန်းတစ်မြို့လုံးက လူများကို ခေါင်းငုံ့၍ ဒူးထောက်သည်အထိ ဘယ်လိုလုပ် လုပ်နိုင်ရသနည်း။

“ယန်မိသားစုခေါင်းဆောင်၊ ဒါ တော်တော်ဆိုးတယ်၊ လူကြီးမင်းယဲ့က ခင်ဗျားတို့ကို စိတ်ထဲ မထားတာတောင် ခင်ဗျားရဲ့ ယန်မိသားစုက ဆိုးရွားတဲ့ဘက်ကို သွားချင်နေတာလား”

ကင်းမြီးကောက် လူသတ်သမားက တစ်ဖက်လှည့်၍ ယန်မိသားစု ခေါင်းဆောင်၏ ပခုံးကို ပုတ်လိုက်သည်။ ကင်းမြီးကောက် တိုက်ပွဲသည် နောက်ဆုံး တိုက်ပွဲမှ ဒဏ်ရာအား ယဲ့ဖန်ပေးသော ဆေးကို သောက်လိုက်သဖြင့် ပျောက်ကင်းသွားသလို သိုင်းအဆင့်ကလည်း တစ်ဟုန်ထိုး မြင့်တက်လာ၏။

“လူကြီးမင်းယဲ့ရဲ့ အဆင့်အတန်းနဲ့ ခင်ဗျားကို အဖက်လုပ်ဖို့က မတန်ဘူး၊ အဲ့တော့ ကျုပ်ကပဲ ခင်ဗျားကို ကစားပေး ရတာပေါ့”

ရုတ်တရက် ပခုံးကို အားဖြင့်ဖိလိုက်သဖြင့် အရိုးကျိုးသံ ထွက်ပေါ်လာသည်။ ယန်မိသားစုသည် ဝေဒနာအား အံကြိတ်၍ တောင်ခံနေပြီး ပြန်မခုခံရဲပေ။

“မင်း ကစားမယ်ဆိုရင် ငါ့ထန်မိသားစုက မင်းကို အဆုံးထိ ပံ့ပိုးပေးသွားမယ်”

ထန်မင်လီက အေးတိအေးစက် ဝင်ပြောလေသည်။ ထိုစကားအဆုံး၌ ကျန်မိသားစုများက မိသားစု ခေါင်းဆောင် နှစ်ယောက်ကို စူးစိုက်ကြည့်လာ၏။ ဘေးလူများအားလုံး ဆူညံ ပွက်လောရိုက်လာသည်။

*ဖျင်အန်းမြို့မှာ စစ်ပွဲကြီး ထပ်ဖြစ်လာတော့မှာလား*

*သွေးမုန်တိုင်း တိုက်ပြီး လူအများအပြား သေကြေဦးမယ်ထင်တယ်*

*ဒီလိုဖြစ်လာရတဲ့ အကြောင်းရင်းက ထူးဆန်းတဲ့လူငယ်လေး တစ်ယောက်ကြောင့်လား*

ဤသည်ကိုမြင်ပြီး စုန့်ကျစ်ယွင် အောင့်သက်သက် ပြုံးလိုက်မိသည်။ သူအထင် မှန်ကြောင်း သိလိုက်လေသည်။

*သူ ပါးစပ်လေး တစ်ချက်လှုပ်လိုက်ရုံနဲ့ နောက်လိုက်အားလုံးက သူ့အတွက် ဝင်လုပ်ပေးတော့မယ်*

*ဒီလူကမှ အမည်မသိ လူကြီးမင်း မဟုတ်ရင် ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ*

“ညီအစ်ကိုတို့ မနောက်ပါနဲ့ဗျာ၊ ကျုပ်မှာ သတ္တိရှိတယ်ဆိုရင်တောင် အမည်မသိ လူကြီးမင်းနဲ့ ရန်သူ မဖြစ်ရဲပါဘူး”

ယန်မိသားစုခေါင်းဆောင် ချက်ချင်း ငိုကြွေးလုမတတ် ဖြစ်လာသည်။ အိပ်မက်ထဲမှာတောင်မှ လင်းမိသားစုနှင့် ယဲ့မိသားစု ဘယ်လိုပျက်စီးသွားသလဲ ဆိုသည်ကို မမေ့နိုင်သေးပေ။

ထိုအခိုက်တွင် ယန်မိသားစု ခေါင်းဆောင်၏ မျက်နှာ၌ ဒေါသရိပ်များ ထွက်ပေါ်လာသည်။ သူ ချက်ချင်း တစ်ဖက်လှည့်၍ ယန်ချန်ကျစ်ကို စူးစိုက်ကြည့်လေသည်။

“ဘဝအကြောင်း ဘာမှမသိတဲ့ခွေးကောင်”

ယန်ချန်ကျစ် တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူ တကယ် ပြဿနာတက်ပြီဟု သိလိုက်လေပြီ။ သူ့ဖခင်တောင်မှ ခွေးသဖွယ် တောင်းပန်နေရလျင် သူ ယဲ့ဖန်ကို မည်သို့ ရန်စနိုင်ပါဦးမည်နည်း။

“လူကြီးမင်းယဲ့ကိုတောင်မှ ရန်လုပ်ရဲတယ်၊ မင်း သေသင့်တယ်”

ယန်မိသားစုခေါင်းဆောင်သည် သက်တော်စောင့် လက်ထဲမှ လုံခြုံရေးတုတ်ကို ဆွဲယူ၍ အားဖြင့် ရိုက်ချ လေသည်။ လက်စက ပြင်းလှသဖြင့် တစ်ချက်တည်းဖြင့် သွေးထွက်လာသည်။

“ခွပ်”

ယန်ချန်ကျစ် ခေါင်းထူပူသွားပြီး သူ၏ နဖူးထက်တွင် ချိုင့်ရာပေါ်လာပြီး သွေးများ ပန်းထွက်လာသည်။ ယန်မိသားစု ခေါင်းဆောင်သည် သူ့သားအား ရိုက်နေသည်နှင့် မတူဘဲ သတ်နေသည်နှင့် တူနေသည်။

ရိုက်ချက်တိုင်း၌ အားကုန်ထုတ်သုံးထားသည်။ ရိုက်ချက်တိုင်းက အရေးပါသော နေရာများသို့သာ ကျနေ၏။ ယန်ချန်ကျစ်ကို သတ်၍ မပြီးမချင်း လက်လျှော့မည့်ပုံ မပေါ်ချေ။

“ဦးလေး ကယ်ပါဦး၊ ကျွန်တော်ကို ကယ်ပါဦး”

ရုတ်ချည်းဆိုသလိုပင် ထုံယန်ရှန့်က ထုံမိသားစုခေါင်းဆောင်၏ ခြေထောက်ရှေ့သို့ ပြေးသွားပြီး အသည်းအသန် အော်လေသည်။ ယခု သူ အကြီးအကျယ် ပြဿနာ ရှာမိသဖြင့် သူ့ဦးလေးသာ သူ့ကို ကယ်နိုင်မည် ဖြစ်ကြောင်း သိလိုက်သည်။

သို့သော် ထုံမိသားစုခေါင်းဆောင်က သူ့အား ရွံရှာသော မျက်နှာထားဖြင့် ကန်ထုတ်လေသည်။

“လူကြီးမင်းယဲ့က မင်းကို အသက်ရှင်စေချင်ရင် မင်း အသက်ရှင်လိမ့်မယ်၊ လူကြီးမင်းယဲ့က မင်းကို သေစေချင် တယ်ဆိုရင် မင်း သေရလိမ့်မယ်”

ဂရုမစိုက်သလို ရက်စက်လွန်းပေ၏။ မြင်နေရသည့် အဖြစ်အပျက်ကို မယုံနိုင်သဖြင့် လူတိုင်း ချောက်ချား သွားသည်။

*ယန်မိသားစုနဲ့ ထုံမိသားစုက ဒီထူးဆန်းတဲ့ လူငယ်လေးရဲ့ ဒေါသ ငြိမ်သွားဖို့အတွက် သူတို့ သားနဲ့ တူကိုတောင် သတ်ဖို့ မတုံ့ဆိုင်းပါလား*

“လူကြီးမင်းယဲ့ ကျွန်တော် မှားမှန်း သိပါပြီ၊ ကျွန်တော် အမြင်ကျဉ်းခဲ့လို့ ခင်ဗျားကို ရန်ရှာမိတာပါ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့၊ ကျွန်တော် ခင်ဗျားအတွက် နွားလိုမြင်းလို နေပေးပါ့မယ်”

ထုံယန်ရှန်သည် နဖူးနှင့် ကြမ်းပြင်တိုက်မတတ် ယဲ့ဖန်အား အရိုအသေပေးကာ တောင်းပန်နေ၏။ သူ ကြောက်လွန်းသဖြင့် ငိုမိမတတ် ဖြစ်နေလေသည်။

“မင်းတို့အားလုံး သေရမယ်လို့ ငါ ပြောခဲ့သားပဲ”

ယဲ့ဖန်က ပျက်ရယ်ပြုကာ လက်တစ်ဖက်ကို မြှောက်၍ ယန်စွမ်းအင်ကို နှိုးဆွကာ ထုံယန်ရှန့်အား ရိုက်ချ လိုက်သည်။

“ဖြောင်း”

ချက်ချင်းဆိုသလိုပင် သွေးများ ပန်းထွက်လာသည်။ ထုံယန်ရှန့်၏ အရိုးများနှင့် အသွေးအသားများက ချက်ချင်း သွေးအိုင်တစ်ခု အသွင် ပြောင်းသွားပြီး လက်ဝါး တစ်ချက်တည်းဖြင့် ရိုက်သတ်ခံလိုက်ရလေသည်။

လူတိုင်း ကြက်သီးမွေးညင်း ထသွားသည်။

*လူတစ်ယောက်ကို တစ်ချက်တည်းနဲ့ သွေးအိုင်ဖြစ်အောင် ရိုက်သတ်ပစ်တာလား၊ ဒါ ဘယ်လိုနည်းလမ်းကြီးလဲ*

*ဆိုးရွားလိုက်တဲ့ သေခြင်းပဲ*

ယန်ချန်ကျစ်၏ ပေါင်ခြံမှ ရုတ်တရက် ရေသံလိုလိုထွက်လာပြီး ဘောင်းဘီတစ်ခုလုံး စိုရွဲသွားသည်။ လက်ရှိတွင် သူ ထပ်မငိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ လုပ်လိုက်မိသည့် အရာက နတ်ဆိုးဘုရင်၏ ဒေါသကို ဆွမိသွားကြောင်း ရိပ်စားမိသွားသောကြောင့်ပင်။ ထိုအတွက် တန်ကြေးက သူတို့၏ အသက်ပင် ဖြစ်လေသည်။

All Chapters