← Chapters

အခန်း ၁၁၁၅

Vol. 75 Ch. 1115

အခန်း ၁၁၁၅

Vol. 75 Ch. 1115

Chapter 1115 ယဲ့ဖန်၏ အုတ်ဂူ

ဘုန်း

ထိုအခိုက်တွင် စုန့်ကျစ်ယွင်နှင့် ကျုံးချိုးရှားတို့သည် သူတို့၏ခွန်အားများ စုပ်ယူခံလိုက်ရသကဲ့သို့ ကြမ်းပြင်ပေါ် ပစ်လဲကျသွားပြီး တုန်ယင်နေကြသည်။

*ရက်စက်လိုက်တာ*

*နတ်ဆိုးတစ်ကောင်လိုပဲ*

သူတို့ အစောပိုင်းက ယဲ့ဖန်ကို စော်ကားခဲ့ကြသည်။ အကယ်၍ ယဲ့ဖန် ဒေါသထွက်ပြီး သူတို့ကို ရိုက်လာပါက သူတို့ မည်သို့ ဖြစ်လာမည်နည်း။

အချိန်အတော်ကြာသည်အထိ နှစ်ယောက်လုံး၏ ကျော၌ ဇောချွေးများဖြင့် စိုရွဲနေပြီး သေမင်း နှုတ်ခမ်းဝမှ ထွက်လာသည်ဟု ခံစားမိနေ၏။

သို့သော် ယန်မိသားစုနှင့် ထုံမိသားစု၏ မိသားစုခေါင်းဆောင်များတွင် ကြောက်စိတ်များဖြင့် ပြည့်နှက်နေသည်။ သူတို့သည် ယန်ချန်ကျစ်နှင့် ထုံယန်ရှန့် သေခြင်း၊ ရှင်ခြင်းကို ဂရုမစိုက်သော်လည်း ယဲ့ဖန်က ယန်မိသားစုနှင့် ထုံမိသားစုအပေါ် ဒေါသပုံကျလာမည်ကို ကြောက်နေကြသည်။

လက်ရှိအချိန်တွင် သူတို့မိသားစုများ ကပ်ဆိုးနှင့် ကြုံတွေ့နေရသည် မဟုတ်ပါတကား။ မိသားစု ခေါင်းဆောင် နှစ်ယောက်လုံး၏ နဖူး၌ ဇောချွေးများ စို့နေ၏။ နှစ်ယောက်လုံး ကြောက်လန့် တုန်လှုပ်နေသည်။

ထိုစဉ် ယဲ့ဖန်က ရှေ့တိုးလာပြီး ယန်ချန်ကျစ်ရှေ့၌ ပုရွက်ဆိတ်တစ်ကောင်အား ငုံ့ကြည့်သကဲ့သို့ အထင်သေးစွာ ကြည့်လေသည်။

“အခု မင်းအလှည့်ပဲ …”

ထိုစကားသည် နွေခေါင်ခေါင်၌ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ယန်ချန်ကျစ် တုန်လှုပ်သွားသည်။ သူ မချိပြုံး ပြုံးလိုက်ပြီး ဝမ်းနည်း ကြေကွဲစွာ ညည်းညူလာသည်။

“ဒီလောကထဲမှာ ဝဋ်လည်တယ်ဆိုတာက တကယ် ရှိနေတာပါလား”

ဆိုးယုတ်သော လူများအတွက် ဝဋ်လည်ခြင်းက ဖြစ်ကိုဖြစ်လာပေမည်။ ထို့ကြောင့်ပင် သူ့ထက် ပိုကြမ်းကြုတ်၊ ပိုသန်မာ၍ ပိုရက်စက်သော ယဲ့ဖန်နှင့် ကြုံတွေ့ရခြင်း ဖြစ်သည်။

“ဖြောင်း”

ယဲ့ဖန်က လက်ကိုမြှောက်၍ ယန်ချန်ကျစ်၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။ ထိုအခါ ဦးခေါင်း၊ ခန္ဓာကိုယ်၊ ခြေလက်တို့သည် တစ်လက်မချင်းစီ ပုပ်သိုးသကဲ့သို့ အက်ကွဲယိုယင်းလာ၏။ သူ၏ သေဆုံးခြင်းက ဆိုးရွား လှပေသည်။

လက်ရှိတွင် လူတိုင်း ယဲ့ဖန်ကို အံ့ဩတကြီး ကြည့်နေကြသည်။ လက်ရှိ အင်အားကြီး ပုဂ္ဂိုလ်များအားလုံး အမူအရာ ပြောင်းလဲလာပြီး ယဲ့ဖန်အား နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြောက်စရာကောင်းလှသည်ဟု ထင်လာ လေသည်။

ထိုစဉ် ယဲ့ဖန်က ယန်မိသားစု ခေါင်းဆောင်နှင့် ထုံမိသားစုခေါင်းဆောင်အား လှည့်ကြည့်၍ ရက်စက်သော လေသံဖြင့် ပြောလိုက်သည်။

“နောက်တစ်ခါ မင်းတို့ ကောင်းကောင်း မနေဘူးဆို၊ ငါကိုယ်တိုင် အလည်လာခဲ့မယ်”

မိသားစုခေါင်းဆောင် နှစ်ယောက်လုံး ထိတ်လန့်ကာ ချွေးပြန်သွားသည်။ သူတို့ အိမ်တံခါးဝသို့ စေတန် နတ်ဆိုး ရောက်လာခြင်းက ဘာများ ဖြစ်လာနိုင်ဦးမည်နည်း။ အဖြေအား ပြေးကြည့်စရာပင် မလိုအပ်ချေ။

ဤနေရာ၌ ရှိနေသည့် အင်အားကြီး ပုဂ္ဂိုလ်များအားလုံး နားနှင့် ကြားသမျှကို ရင်ထဲအထိ စွဲနေအောင် မှတ်ထား လိုက်ကြသည်။ သူတို့ ပြန်ရောက်သည်နှင့် ယဲ့ဖန်၏ ပုံစံကို ဓာတ်ပုံထုတ်၍ မိသားစုထဲမှ ကလေးများကို စိတ်ထဲစွဲနေအောင် ပြထားရမည်ဟု ကျိတ်၍ တွေးနေကြသည်။ ထိုအခါမှသာ မိမိတို့မျိုးဆက်များက ဤနတ်ဆိုးဘုရင်ကို ရန်မစနိုင်မှာ ဖြစ်သည်။

ထို့နောက် ယဲ့ဖန်က ထန်မင်လီထံ လျှောက်သွားပြီး ကျုံးလီအာကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“ဖျင်ယန်တောင် အိမ်ရာမြေထဲက တစ်အိမ်ကို သူ့အတွက် ပေးချင်တယ်၊ ခင်ဗျား စီစဉ်လိုက်”

*ဖျင်ယန်တောင်က အိမ်တစ်လုံးလား*

လူတိုင်း ထိတ်လန့်သွားကြသည်။ ဖျင်ယန်တောင်ပေါ်မှ ယန်စွမ်းအင်က ဖျင်အန်းတစ်မြို့လုံး၌ အပေါကြွယ်ဆုံး ဖြစ်ပြီး တစ်စတုရန်း မီတာကိုပင် ဈေးက ခေါင်ခိုက်နေ၏။ အိမ်တစ်လုံးသာ ဝယ်မည်ဆိုလျင် ဘီလီယံချီ၍ တန်ပေ၏။

*အိမ်တစ်လုံးလား၊ ဒါဆို ဘီလီယံနားတောင် ရောက်နေပြီ မဟုတ်ဘူးလား*

ဘီလီယံချီတန်သော အိမ်တစ်လုံးကို အသာလေး ပေးလိုက်သည်က အံ့ဩဖွယ် ကောင်းလှသည်။ ထိုစကားကြောင့် ကျုံးလီအာ အနည်းငယ် မှင်တက်သွားသည်။ သူမဘေးမှ ဝမ်းကွဲအစ်မ ကျုံးချိုးရှားမှာမူ ငိုကြွေးလုနီးပါး ဖြစ်နေရှာသည်။

အစောပိုင်းက သူမ ယဲ့ဖန်အား တစ်သက်လုံး အိမ်မဝယ်နိုင်ဟု ပြောခဲ့သည်။ သို့သော် တစ်ခဏအတွင်း သူက ကျုံးလီအာကို အိမ်တစ်လုံး လက်ဆောင် ပေးနေ၏။

ယခင်က ကျုံးလီအာသည် ဦးနှောက်နှင့် ပတ်သက်၍ တစ်ခုခု ချို့ယွင်းနေသောကြောင့် ယဲ့ဖန်ကို ချစ်မိသည်ဟု သူမ ထင်ခဲ့သည်။ ယခုအခါတွင်မူ ကျုံးလီအာသည်သာ လောက၌ အထက်မြက်ဆုံး အမျိုးသမီး ဖြစ်နေပုံပင်။

ဝမ်းကွဲညီမ ဖြစ်သူကိုကြည့်ပြီး သူမသာ ကျုံးလီအာ၏ ဝမ်းကွဲအစ်မဟူသော ဂုဏ်ပုဒ်ကို မှီခိုနိုင်ခဲ့မည် ဆိုလျင် ယဲ့ဖန်နှင့် ရင်းနှီးကျွမ်းဝင်လောက်သည်။ သို့သော် သူမက ယဲ့ဖန်ကို လှောင်ပြောင် စော်ကားလိုက်မိသဖြင့် ဘာမှ ဖြစ်မလာနိုင်တော့ပေ။

“အား…”

ကျုံးလီအာသည် စိတ်လွတ်နေပြီး မျက်နှာက အကြိမ်ပေါင်းများစွာ ပါးချခံထားရသကဲ့သို့ နီမြန်းကာ ပြာနှမ်းလာ၏။ သူမ မျက်ဖြူလန်ကာ ဒေါသကြောင့် သတိလစ်သွားလေသည်။

“သွားကြစို့”

ယဲ့ဖန်က ကျုံးလီအာကို ထိုသို့ပြောလိုက်ပြီးနောက် လူတိုင်းကို လျစ်လျူရှုကာ ထွက်သွားလေသည်။ ကျုံးလီအာက ထိတ်လန့်နေသေးသော အမူအရာဖြင့် သူ့နောက်သို့ အလျင်အမြန် လိုက်သွားလိုက်သည်။ ယနေ့ သူမ ဘုရင်အစစ်ကို တွေ့ခဲ့ရသည် မဟုတ်ပါတကား။

“နှုတ်ဆက်ပါတယ် လူကြီးမင်းယဲ့”

သူ့အနောက်၌ များစွာသော အင်အားကြီး ပုဂ္ဂိုလ်များက ဦးညွတ်၍ နှုတ်ဆက်လေသည်။ နောက်တစ်နေ့တွင် ဖျင်အန်းတစ်မြို့လုံး လှုပ်ခါသွားပြီး အမည်မသိ လူကြီးမင်း၏ အသွင်အပြင်က ထင်ထင်ရှားရှား ပေါ်လွင်လာ၏။

ယဲ့ဖန်၏ ဓာတ်ပုံများက များစွာသော website များနှင့် ဖိုရမ်များတွင် ပထမဆုံးအကြိမ် ပေါ်လာသော်လည်း ဆိုးယုတ်သော သခင်လေးနှစ်ယောက်၏ အနောက်ဘက်မှ မြင်ရသော မြင်ကွင်းသာ ဖြစ်သည်။

သို့သော် ယဲ့ဖန်၏ နောက်ကျောပုံက ဆူညံပွက်လောရိုက်အောင် လုပ်နိုင်ပါသေးသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ ကျောအနောက်ဘက်မှ ပုံအရ ယဲ့ဖန်၏ အသက်က သုံးဆယ်ပင် မကျော်သေးသည်ကို သူတို့ သိနေသောကြောင့်ပင်။ ဖျင်အန်းမြို့၏ ဘုရင်အသစ်က အလွန် ငယ်ရွယ်နေလိမ့်မည်ဟု မည်သူမှ ထင်မထားမိပါ။

“နောက်ကျောက ပိန်ပါးပြီး ညင်သာတယ်၊ အဲ့တော့ သူ အထက်တန်း ကျောင်းသားပဲ ဖြစ်လောက်ဦးမယ်လို့ ငါ ယုံတယ်ကွာ၊ သူက ကျန်းမိန်ကို သတ်ခဲ့ပြီးတော့ ရန်တန်းကို အနိုင်ယူနိုင်တဲ့ အမည်မသိ လူကြီးမင်း ဖြစ်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ”

“ကျုံးကျိုး အင်ပါယာမှာ ဒီလောက် နတ်ဆိုးဆန်တဲ့လူ ဘယ်တုန်းက ပေါ်လာတာလဲ၊ ဒါ လူငယ်မျိုးဆက်ကို လုံးဝ လှုပ်ရှားအောင် လုပ်လိုက်တာပဲ၊ ဘယ်သူမှ ဒီလို မလုပ်နိုင်ဘူး”

“ခံ့ညားလိုက်တာ၊ သူ့မိန်းမသာ ဖြစ်ခွင့်ရမယ်ဆိုရင် ငါ့ဘဝသက်တမ်း ဆယ်နှစ် ပေးဆပ်ရမယ်ဆိုရင်တောင်မှ ငါ သူ့မိန်းမ လုပ်မယ်”

“ဘဝသက်တမ်း ဆယ်နှစ်တည်းလား၊ သူသာ ငါ့ကို တစ်ညတာ အဖော်လုပ်ပေးမယ်ဆိုရင် ငါ ပွဲချင်းပြီး သေရမယ်ဆိုရင်တောင် သူနဲ့ နေမှာ”

အဓိက ဖိုရမ်များ၌ ယဲ့ဖန်အား အံ့ဩ၍ လေးစားအားကျသော စကားများဖြင့် ပြည့်နှက်နေသည်။ ဖျင်အန်းမြို့မှ ယဲ့မိသားစုကို ယဲ့ဖန် ဖျက်ဆီးလိုက်သည်ကို သိရပြီးနောက် နဂါးမြို့တော်မှ ယဲ့မိသားစုသည်လည်း ဒေါသူပုန်ထ သွားလေသည်။

ချက်ချင်းဆိုသလိုပင် နဂါးမြို့တော်မှ ယဲ့မိသားစု၏ ဘိုးဘေးသုံးယောက်က ယဲ့မိသားစု၏ ဒုတိယမျိုးဆက်မှ ယဲ့ယွင်ထျန်းအား ဖျင်အန်းမြို့သို့ ဆင်း၍ ယဲ့ဖန်ကို သတ်ကာ ယဲ့မိသားစု၏ ဘိုးဘွားသုသာန်မြေကို ပြန်သိမ်းယူရန် အမိန့်ပေးလေသည်။

ဤသတင်းက လူအများအားလုံးကို ချက်ချင်း သွေးပျက်သွားစေသည်။ ယဲ့ယွင်ထျန်းသည် ဒဏ္ဍာရီလာ နာမည် ဖြစ်သည်။

ယဲ့မိသားစု၏ ပထမ သခင်လေးဖြစ်ပြီး ကျုံးကျိုးအင်ပါယာ၏ ထိပ်တန်း ပါရမီရှင် ဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်လေသည်။

သူသည် ဈာန်ဝင်စားခြင်းအဆင့် သိုင်းပညာရှင်အား အသာလေး သတ်ဖြတ်နိုင်သလို အမဲလိုက်သကဲ့သို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ရသည်ကိုလည်း နှစ်သက်သည်။ လက်ရှိအချိန်တွင် သူ့လက်ထဲ၌ သေဆုံးရသူ အယောက် တစ်ရာ ကျော်နေလေပြီ။ ထို့ကြောင့် သူ့အား နတ်ဆိုးဟု ခေါ်ဝေါ်ကြသည်။

လုံချန်မြို့မှ ယဲ့မိသားစုက ဖျင်အန်းမြို့သို့ သူ့ကို စေလွှတ်ကာ ယဲ့ဖန်ကို သတ်ခိုင်းသဖြင့် ယဲ့ဖန် မုချ သေရ ပေလိမ့်မည်။ အချိန်အတိုင်းအတာ တစ်ခုအထိ ယဲ့ဖန်ကို လေးစားနေသူများအားလုံး အကြီးအကျယ် နောင်တရ လာလေသည်။

ယဲ့ဖန်ကိုသာ နောက် ဆယ်နှစ် သို့မဟုတ် ငါးနှစ်အထိ အန္တရာယ် မပေးပါက သူ သေချာပေါက် ယဲ့ယွင်ထျန်းကို တိုက်ခိုက်နိုင်လောက်သည်။ သို့သော် ယခုအချိန်၌ ဖြစ်နိုင်မည် မဟုတ်ပါ။

တစ်ချိန်တည်းမှာပင် ယဲ့ဖန်သည်လည်း ထိုသတင်းကို သိသွားသည်။ သို့သော် တုန်လှုပ်ခြင်း မရှိပေ။ လက်ရှိအချိန်၌ ယဲ့ဖန်သည် ယဲ့မိသားစု၏ ဘိုးဘွားသုသာန်မြေသို့ ရောက်နေသည်။ အတိတ်က သူ့အရိုးများ မြှုပ်နှံထားသော နေရာကို လိုက်ရှာနေပြီး ထိုအချိန်က ဘာဖြစ်ခဲ့သလဲ သိချင်နေ၏။

ယဲ့မိသားစု၏ ဘိုးဘွား သုသာန်မြေ၌ မှုန်မှိုင်းသော ခံစားချက် အငွေ့အသက်များ ရှိနေသဖြင့် ရောက်လာသူတိုင်းအား ကျောချမ်းသလို ခံဏားသွားရစေသည်။

ယဲ့ဖန်သည် ယိုယွင်းနေသော အုတ်ဂူအပိုင်းလေး ရှေ့၌ ရပ်နေ၏။ ထိုအုတ်ဂူကား ယဲ့ဖန်၏ အုတ်ဂူပင်။ လွန်ခဲ့သော နှစ်တစ်သောင်းခန့်တွင် ယဲ့မိသားစုက သူ့အား တစ်စစီ နုတ်နုတ်စင်းကာ မြေမြှုပ်ခဲ့သည်။

“ဒါ ငါ အမြှုပ်ခံထားရတဲ့ နေရာလား”

“ပြီးတော့ သူပါ အမြှုပ်ခံထားရတဲ့ နေရာပေါ့ …”

ယဲ့ဖန် ပြောနေသောလူမှာ သူ၏မိခင် အိုးရန်ချင်ရွှယ်သာ ဖြစ်သည်။ ဤသည်ကို တွေးမိပြီးနောက် ယဲ့ဖန်၏ မျက်လုံးတွင် မွန်းကျပ်သော အရိပ်အယောင်မျိုး ဖြစ်ပေါ်လာပြီး အုတ်ဂူအား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

“ဝုန်း”

အုတ်ဂူ အပိုင်းအစများ လွင့်စဉ်သွားပြီးနောက် အုတ်ဂူက အောက်သို့ ချိုင့်ဝင်သွားသည်။ ထို့နောက် သူ့ရှေ့၌ ကြေးနီရောင် လက်စွပ်တစ်ကွင်း ပေါ်ထွက်လာ၏။

“ဒါက …”

ယဲ့ဖန် အလျင်အမြန် ယူကြည့်လိုက်သည်။ ထိုအခါ ဤရှေးဟောင်း ကြေးနီလက်စွပ်အား အလွန်အမင်း ရင်းနှီးနေသည်ဟု ခံစားမိသဖြင့် ယင်းထဲသို့ သူ၏ စိတ်ဝိညာဉ် ထည့်သွင်းလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် သူ၏အတွေးထဲသို့ မှတ်ဉာဏ်ပုံရိပ်တစ်ခု တိုးဝင်လာသည်။ ထိုမှတ်ဉာဏ်ပုံရိပ်သည် သူ ယဲ့မိသားစု၏ ခုတ်ထစ်ခြင်း ခံရပြီး အုတ်ဂူထဲ မြှုပ်နှံခံရသည့် ပုံရိပ် ဖြစ်လေသည်။

ပုံရိပ်ထဲတွင် မွေးကင်းစ ကလေးငယ်တစ်ယောက် သွေးသံတရဲရဲနှင့် သေလုမျောပါး ဖြစ်နေ၏။ ထိုကလေး၏ ဘေးတွင် လူတစ်စု ရပ်နေကြသည်။ ထိုသူများကို ဦးဆောင်ထားသူမှာ ယဲ့မိသားစု၏ ဘိုးဘေး သုံးယောက် ဖြစ်သည်။

“ဒီမျိုးမစစ်လေးက မွေးကတည်းက သူ့ကိုယ်မှာ နတ်ဘုရား အရိုးတွေ ပါနေတာ၊ ကပ်ဆိုး ဖြစ်ဖို့ ကံပါလာတဲ့ကောင်၊ မကောင်းဆိုးဝါး သေသင့်တယ်”

“သူ့ကိုယ်က အရိုးတွေက နတ်ဘုရား အရိုးတွေဆိုတော့ ဖြုန်းတီးလို့ ဘယ်ဖြစ်မလဲ”

ထိုသို့ပြောပြီး တတိယဘိုးဘေးက တစ်ဖက်လှည့်၍ ယဲ့မိသားစုဝင် တစ်ယောက်ကို ပြောလိုက်သည်။

“လာ သူ့ကိုယ်ကိုခွဲ၊ အရိုးတွေကို ထုတ်ပစ်”

ထိုစကားကို ကြားသည်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ချွန်မြနေသော ဓားကို ချက်ချင်း ကိုင်ဆွဲ၍ ကလေးငယ်၏ ဗိုက်ကို ခွဲလေသည်။ ထို့နောက် ကလေးငယ်အား နုတ်နုတ်စင်း၍ ဤနေရာ၌ မြှုပ်နှံ လိုက်သည်။

ပုံရိပ်များ ပြောင်းလဲသွားပြီးနောက် ဤနေရာသို့ နတ်မိမယ်တမျှ လှပသော အမျိုးသမီးတစ်ယောက် ရောက်လာပြီး သူ့အုတ်ဂူရှေ့၌ ဒူးထောက်ကာ ရင်ကွဲမတတ် အော်ငိုလေသည်။

ထိုအမျိုးသမီးကို မြင်လိုက်ရသည်နှင့် ယဲ့ဖန် ပြင်းစွာ တုန်လှုပ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် အိုးရန်ချင်ရွှယ် ဖြစ်နေသောကြောင့်ပင်။

“ဖန်အာ ဒီအမေ မင်းကို မကာကွယ်နိုင်ဘူး၊ အမေ သေသင့်တယ်၊ ဒီအမေ သေသင့်ပါတယ်”

သူမသည် ဤနေရာ၌ အချိန်အတော်ကြာအောင် ငိုကြွေးနေခဲ့သည်။ မျက်ရည်များပင် သွေးမျက်ရည်အဖြစ် ပြောင်းလဲသွားပြီး မြေကြီးပင် အရောင်ပြောင်းလာ၏။

ငိုကြွေးနေစဉ်တွင် သူမက ဓားတစ်ချောင်းဖြင့် သူမ၏ အသွေးအသားများကို လှီးထုတ်နေ၏။ သူမ၏ ကိုယ်ပိုင် အသွေးအသားကိုသုံး၍ ယဲ့ဖန်၏ ခန္ဓာကိုယ်ကို ပြန်ပုံသွင်းချင်နေသည်။ သူမက ငိုကြွေးရင်း စကားတစ်ခွန်းကိုသာ ထပ်တလဲလဲ ပြောနေ၏။

“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ် …”

ထို့နောက်တွင်မူ ယဲ့ဖန်၏ ဝိညာဉ်ကို ရှာဖွေရန်အတွက် သူမ စွန့်စားကာ ငရဲဘုံသို့ ဆင်းသွားခဲ့သည်။ မှတ်ဉာဏ်ပုံရိပ်သည် ထိုနေရာ၌ အဆုံးသတ်သွားလေသည်။

ယဲ့ဖန် နောက်သို့ ဒယိမ်းဒယိုင်ဖြင့် ဆုတ်လိုက်မိသည်။ သူ့မျက်နှာတွင် စကြဝဠာတစ်ခုလုံး၏ ရက်စက်မှုနှင့် နာကျည်းမှုများ စုစည်းနေသကဲ့သို့သော အမူအရာမျိုး ဖြစ်လာပြီး အလွန် ကြောက်စရာ ကောင်းလာ၏။

ဝုန်း!

ရုတ်တရက် သူ၏ ဒေါသကြောင့် ပြင်းထန်လွန်းသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

“ယဲ့မိသားစု သေကိုသေရမယ်”

တားဆီးမရနိုင်သော စွမ်းအင်များ ပျံ့လွင့်လာ၏။ လူသတ်ချင်စိတ်များက ထိန်းမနိုင်လောက်အောင် ပေါ်ထွက် လာသည်။ ထိုအခိုက်တွင် လောကတစ်ခုလုံး လှုပ်ခါလာလေသည်။

All Chapters