← Chapters

အခန်း ၁၁၁၇

Vol. 75 Ch. 1117

အခန်း ၁၁၁၇

Vol. 75 Ch. 1117

Chapter 1117 နဂါးမြို့တော်မှ ယဲ့မိသားစု

“သူ မသေဘူး၊ မင်း သေရမှာ”

ထိုအေးစက် ခက်ထန်‌သော အသံ ထွက်ပေါ်လာသောအခါ ဗလတောင့်တောင့်နှင့်လူသည် အလွန်တရာ အေးစက်၍ လူသတ်လိုသော အငွေ့အသက်က သူ့အား ဝါးမျိုလာသည်ဟု ခံစားမိသွားသည်။

သူ့အနောက်၌ ရှေးဟောင်း ဧရာမသားရဲတစ်ကောင် ရပ်နေပြီး ပါးစပ်ကြီးကိုဖြဲ၍ သူ့အား အရှင်လတ်လတ် ဝါးမျိုချင်နေသည်ဟု ထင်မှတ်မှားလာရသည်။

သူ ပြန်တုံ့ပြန်ရင် ပြင်လိုက်သော်လည်း ယဲ့ဖန်က သူ့ကို လုံးဝ အခွင့်အရေး မပေးချေ။

ရွှစ်!

သူ၏ရင်ဘတ်မှ သွေးများ ပန်းထွက်လာ၏။ လက်တစ်စုံက သူ့ခန္ဓာကိုယ်အား တိုက်ရိုက် ဖောက်ထွင်း နေလေသည်။

ဤမြင်ကွင်းကြောင့် ခန်းမထဲမှ လူတိုင်း ထိတ်လန့်သွားကြသည်။ အားလုံး မှင်တက်နေစဉ်မှာပင် ပို၍ ရက်စက်သွေးဆာသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ယဲ့ဖန်၏ နတ်ဆိုးလက်တစ်စုံက ထိုဗလတောင့်တောင့်နှင့်လူ၏ ခန္ဓာကိုယ်အား အားဖြင့် ဆွဲဖြဲလိုက်သဖြင့် သွေးများ ပန်းထွက်လာလေသည်။

*လူတစ်ယောက်ကို အရှင်လတ်လတ် ဆွဲဖြဲလိုက်တာလား*

ရှိနေသောလူတိုင်း ခေါင်းမွေးထောင်သွားကြသည်။ ယဲ့ဖန်၏ အပြုအမူက ထိုဗလတောင့်တောင့်နှင့်လူထက် အဆထောင်ပေါင်းများစွာ ရက်စက်လေ၏။

ဤသည်က လူလတ်ပိုင်းအရွယ် အမျိုးသမီး ခေါ်လာသော ဗလတောင့်တောင့်နှင့် အမျိုးသားများအား ပွက်လောရိုက် သွားစေသည်။ ထိုလူသည် အဆင့်ခုနစ် ရွှေရောင်ခန္ဓာကိုယ် ရှိသည့် သိုင်းသမား ဖြစ်ပြီး နဂါးမြို့တော် ယဲ့မိသားစုမှ တတိယ သခင်လေး၏ သက်တော်စောင့် ဖြစ်သည်။

*အခု သူက တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလား*

“အဆင်ပြေတယ်၊ မကြောက်နဲ့”

ယဲ့ဖန်က လူတိုင်း၏ ထိတ်လန့်စိတ်ကို အရေးမစိုက်ဘဲ လက်ပြတ်ကိုကောက်၍ အရောင်းသမလေးထံ လျှောက်သွားပြီး အနား၌ ထိုင်ချကာ လက်ပြတ်သွားသည့် နေရာနှင့် တေ့လိုက်သည်။ အရောင်းသမလေးက နာကျင်နေသော်လည်း ခေါင်းညိတ်ပြ လေသည်။

“အင်း”

ရုတ်တရက် ယဲ့ဖန်၏ လက်ဝါးမှ ဘုံကိုးပါး ယန်စွမ်းအင် ထွက်ပေါ်လာပြီး လက်မောင်းပြတ်ထံသို့ စီးဆင်း သွားသည်။

“အား”

အရောင်းသမလေး စူးစူးဝါးဝါး အော်လိုက်မိသည်။

“သည်းခံ၊ မင်းတစ်သက်လုံး လက်တစ်ဖက်ပဲ ရှိတဲ့ အသုံးမဝင်တဲ့လူ အဖြစ်ခံချင်လို့လား”

ယဲ့ဖန်က နက်နဲသော အသံဖြင့် ငေါက်လိုက်သည်။ ထိုစကားကြောင့် အရောင်းသမလေးက ပါးစပ်ကို တင်းတင်းစေ့ကာ အံကြိတ်လေသည်။ သူမ အသုံးမဝင်သောလူ မဖြစ်ချင်သောကြောင့် သည်းခံနေလိုက်သည်။

ထို့နောက်တွင်မူ အရောင်းသမလေး၏ လက်ပြတ်က ပြတ်သွားသည့်နေရာနှင့် မူလအတိုင်း ပြန်ဆက် သွားသည်ကို လူတိုင်း တွေ့လိုက်ရသည်။ အသားအသစ်ပင် တက်နေပြီး လုံးဝ ပျောက်ကင်း သွားလေသည်။

*ဒါ ဘယ်လိုဖြစ်ရတာလဲ*

လူတိုင်း မှင်တက်သွားကြသည်။

*ဒီနည်းက တကယ် အံ့ဩစရာကောင်းတယ်*

*ဒီလူငယ်လေးက ဘယ်သူလဲ*

“တစ်လအတွင်း မင်း အလေးအပင်တွေ မမနဲ့ ပြီးတော့ အားဆေးနဲ့ ကြွက်သား ကြီးထွားစေမယ့် အစားအစာမျိုး စားပေး”

ယဲ့ဖန် သတိပေးလိုက်သည်။

“လူကြီးမင်း ကျေးဇူးတင်ပါတယ်၊ ကျေးဇူး အများကြီး တင်ပါတယ်”

အရောင်းသမလေးက မငိုနိုင်တော့ဘဲ ဝမ်းသာအားရ ကျေးဇူးတင်စကား ဆိုလေသည်။ ယနေ့ ယဲ့ဖန်ကြောင့်သာ မဟုတ်လျင် သူမ အနာဂတ်ဘဝအား မည်သို့ ရင်ဆိုင်ရမလဲ သူမ သိတော့မည် မဟုတ်ပါ။

“ငါ ကျောက်ယင်းရင်ရှေ့မှာ လာကြည်နူးပြနေတဲ့ ဒီခွေးက ဘယ်ကလာတာလဲ၊ နင်ရော သေချင်နေတာလဲ”

ရုတ်တရက် အမျိုးသမီးက တင်းမာစွာ ငေါက်ငမ်းလေသည်။ သူမမျက်နှာ၌ မကျေနပ်စိတ်များဖြင့် ပြည့်နှက် နေ၏။ သူမ သတ်ချင်သောလူအား မည်သူမှ မကယ်ရဲကြပေ။ ကယ်လျင် ကယ်သောသူလည်း သေရမည်။

“ငါက ဒီအိမ်ရာရဲ့ သူဌေးပဲ”

ယဲ့ဖန်က ထိုအမျိုးသမီးကို သုန်မှုန်သော မျက်လုံးဖြင့် စူးစိုက်ကြည့်လေသည်။ ဧည့်သည်များနှင့် ဝန်ထမ်းများ နားဝေတိမ်တောင် ဖြစ်သွားကြသည်။

သူဌေးအစစ်အား သူတို့ တစ်ခါမှ မမြင်ဖူးကြချေ။ ဖျင်ယန်တောင် အိမ်ရာ၏ ပိုင်ရှင်က မြင့်မားထည်ဝါသော အဆင့်အတန်းမျိုး ရှိပြီး ထန်မိသားစုကတောင်မှ မျက်နှာလုပ်ရသည်ဟုသာ ကြားဖူးကြသည်။

*ဘယ်လိုလုပ် ပိုင်ရှင်သူဌေးက နှစ်ဆယ်စွန်းစွန်း လူငယ်လေး ဖြစ်နေရတာလဲ*

ဝန်ထမ်းများတောင်မှ မှင်တက်ငေးမောနေကြသည်။ သူတို့၏သူဌေးက အနည်းဆုံး အသက် လေးဆယ်၊ ငါးဆယ်ဝန်းကျင်ရှိသော လူအိုကြီးတစ်ယောက် ဖြစ်လိမ့်မည်ဟု သူတို့ ထင်ထားခဲ့ကြသည်။ ဤမျှ ငယ်ရွယ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိပေ။

“လတ်စသက်တော့ နင်ကိုး”

ကျောက်ယင်းရင်က ပျက်ရယ်ပြု၍ အထက်စီးဆန်စွာ ပြောလေသည်။

“ငါ ဒီနေ့ ဒီကို လာတာက နင့်မြေကို ငါ့တတိယ သခင်လေး သဘောကျတယ်လို့ လာပြောတာပဲ”

ယဲ့ဖန်က ဤဖျင်ယန်တောင်အား လက်နှစ်ဖက်ဖြင့် တရိုတသေ ပေးလာလိမ့်မည်ဟု သူမ ယုံကြည်နေ၏။

“အဲ့တော့”

ယဲ့ဖန်က ထီမထင်ဟန်ဖြင့် ပြန်ပြောလေသည်။

“အဲ့တော့ ဟုတ်လား”

ကျောက်ယင်းရင်က ဆိုးယုတ်စွာ ပြုံး၍ လောဘတက်သော အကြည့်ဖြင့် ပြောလာသည်။

“အဲ့တော့ နင်က ဒီမြေကို လက်ဆောင်အနေနဲ့ လက်နှစ်ဖက်နဲ့ တရိုတသေ ပေးရမှာပေါ့”

အဘယ်ကြောင့်ဆိုသော် ဤမြေကို ရပြီးသည်နှင့် သူမအား စီမံခန့်ခွဲရန် လွှဲပေးမည်ဟု တတိယ သခင်လေးက ကတိပေးထားခဲ့ပြီး ဖြစ်သည်။ ဤနေရာ၏ တစ်နှစ်တာ ပိုင်ဆိုင်မှုဝင်ငွေက များပြားလှ၏။

ယဲ့ဖန်က ဒေါသနှင့် ရယ်မောကာ လေးနက်စွာ ပြောလိုက်သည်။

“အဲ့တော့ ငါက ငြင်းမယ်ဆိုရင်ရော”

“ငြင်းမယ် ဟုတ်လား”

ကျောက်ယင်းရင် ချက်ချင်း စိတ်ပျက်သွားပြီး အေးတိအေးစက် ပြန်ပြောလိုက်သည်။

“ဟဲ့ကောင် နင် သေချာ မကြားဘူးလား၊ ငါက နင့်စိတ်ကူးကို မေးနေတာ မဟုတ်ဘူး၊ ဒါ အမိန့်ပဲ”

“ငါ့နောက်မှာ ဘယ်သူ ရှိလဲ နင်သိလား၊ နဂါးမြို့တော် ယဲ့မိသားစုက တတိယ သခင်လေး ယဲ့ကျန်းချောင်ဟဲ့”

*နဂါးမြို့တော် ယဲ့မိသားစု တတိယ သခင်လေးလား*

အားလုံး ဆူညံလာပြီး မျက်နှာ အကြီးအကျယ် ပျက်ယွင်းလာ၏။ နဂါးမြို့တော်မှ ယဲ့မိသားစုသည် လူချမ်းသာထဲမှ အချမ်းသာဆုံးများ ဖြစ်ပြီး တောင့်တင်းသော နောက်ခံရှိသည်။ ဖျင်အန်းတစ်မြို့လုံး၏ ခွန်အားနှင့်တောင်မှ သူတို့ကို မယှဉ်နိုင်ပေ။

ဖျင်အန်းသာမက ဟွိုင်အန်း စီရင်စုမှ ပုဂ္ဂိုလ်များပင် နဂါးမြို့တော်မှ ယဲ့မိသားစုရှေ့တွင် အဖြစ်မရှိသော ပမွှားလေးများ ဖြစ်လေသည်။

တစ်ခါက မိသားစုကြီးတစ်ခုက ယဲ့မိသားစုကို ဒေါသထွက်အောင် လုပ်ခဲ့သည်။ ထိုအခါ ယဲ့မိသားစုက အရှင်သခင် တစ်ယောက်ကိုသာ လွှတ်ခဲ့ပြီး လူပေါင်း လေးရာငါးဆယ့်ရှစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။

ထိုလူများထဲတွင် မိခင်ဗိုက်ထဲ၌သာ ရှိနေသေးသော ကလေးငယ်များ ပါပြီး ရက်စက်သော နည်းလမ်းများဖြင့် အားလုံးကို သတ်ဖြတ်ခဲ့သည်။

နှစ်ပေါင်းများစွာ ကြာအောင် ယဲ့မိသားစုက ခိုင်ခိုင်မာမာ ရပ်တည်လာခဲ့ပြီး ယခင်ထက် ပို၍ပင် အင်အားကြီး လာ၏။ သူတို့နှင့် ရန်သူဖြစ်သော မည်သူမဆို အဆုံးသတ်မကောင်းကြချေ။

သူတို့သာ ဤမြေနေရာကို လိုချင်နေပါက ယဲ့ဖန်ဖြစ်စေ၊ ထန်မိသားစုဖြစ်စေ၊ လက်နှစ်ဘက်ဖြင့် တရိုတသေ ဆက်သရန်သာ ရှိတော့သည်။ ရွေးချယ်စရာ ဒုတိယနည်း မရှိပေ။

နဂါးမြို့တော်မှ ယဲ့မိသားစုနှင့် မြန်မြန် တွေ့ရလိမ့်မည်ဟု မထင်ထားသဖြင့် ယဲ့ဖန် ချက်ချင်း အံ့ဩသွားရသည်။ ယဲ့ဖန် ငြိမ်သွားသည်ကိုကြည့်ပြီး ကျောက်ယင်းရင်က ယဲ့ဖန် ကြောက်သွားပြီဟု ထင်ကာ ထီမထင်သော မျက်နှာပေးဖြင့် ဆက်ကြည့်လေသည်။

“ဟဲ့ကောင် နင် အခု ကြောက်ရကောင်းမှန်း သိပြီလား၊ နင် သတ်လိုက်တဲ့လူက တတိယ သခင်လေးရဲ့ နံပါတ်တစ် သက်တော်စောင့်ပဲ”

“နင် မသေချင်ရင် အခု ဒူးထောက်ပြီး ငါ့ကို အရိုအသေ ပေးလိုက်၊ ပြီးရင် လက်နှစ်ဖက်နဲ့ ဖျင်ယန်တောင် အိမ်ရာကို ဆက်သ၊ ဒါဆို ငါ နင့်အတွက် ကြားဝင်ပြောပေးဖို့ စဉ်းစားပေးမယ်”

သူမ အလွန် ယုံကြည်မှု ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် နဂါးမြို့တော်မှ ယဲ့မိသားစုအား ဆန့်ကျင်ရဲသည့် လူမျိုးကို သူမ တစ်ခါမှ မမြင်ဖူးသောကြောင့်ပင်။

“ဟ”

ယဲ့ဖန်၏ မျက်လုံး၌ သွေးဆာကြမ်းကြုတ်သော အရိပ်အယောင်များ ထွက်ပေါ်လာပြီး သူ့အသံကလည်း တုန်လာ၏။

“အစက မင်း ဒူးထောက်ဖို့ပဲ လိုတာ”

“အခုတော့ မင်း သေရမယ်”

သူတို့သာ ယဲ့မိသားစုက မဟုတ်လျင် ဒူးထောက်ရုံ၊ ခြေလက်များ ကျိုးကြေရုံမျှသာ ဖြစ်နိုင်ပြီး အသက်ရှင် နိုင်သည်။ သို့သော် ယခုအခါတွင်တော့ သူတို့ သေကိုသေရပေမည်။ သူတို့သည် ရင်မဆိုင်သင့်သော ယဲ့ဖန်နှင့်မှ လာတိုးနေသည် မဟုတ်ပါတကား။

ကျောက်ယင်းရင် အလွန် အံ့ဩသွားလေသည်။ သူမက ယဲ့မိသားစုမှလူဟု ပြောလိုက်သော်လည်း ယဲ့ဖန်က သူမတို့ကို သတ်ရဲလိမ့်မည်ဟု ထင်မထားပါ။

*ဒီကောင် နဂါးမြို့တော်က ယဲ့မိသားစုအကြောင်း မကြားဖူးဘူးလား*

*သူ ရူးနေတာပဲ*

တစ်ခဏအကြာတွင် သူမမျက်လုံးများက လက်လာပြီး မာမာထန်ထန် အော်ငေါက်လေသည်။

“နင်ကများ ငါ့ကို ဒီလို ပြောရဲသလား”

နဂါးမြို့တော်မှ ယဲ့မိသားစု၏ တတိယ သခင်လေးနားသို့ သူမ ကပ်သွားပြီးနောက် မည်သူမျှ သူမကို မလေးမစား မလုပ်ရဲပေ။ ယဲ့ဖန်က ပထမဆုံးလူပင်။

“နဂါးမြို့က ယဲ့မိသားစုကို မလေးစားမှတော့ သေခြင်းဆိုတဲ့ အဆုံးသတ်ပဲ ရှိတယ်၊ သူ့ကို သတ်ကြ”

ယဲ့ဖန်ကို သတ်ပြီး ဖျင်ယန်တောင် အိမ်ရာကို အရယူမည်။ နဂါးမြို့မှ ယဲ့မိသားစုသည် သူတို့ လိုချင်သော အရာကို ရအောင် ယူတတ်၏။

“ဒါဆိုလည်း သတ်တာပေါ့”

ယဲ့ဖန်က တည်ငြိမ်စွာ ပြောလိုက်ပြီး ခြေထောက်ကို အသာခါလိုက်သည်။ ထိုအခါ အနက်ရောင် လှိုင်းတစ်ခု ပျံ့လွင့်သွားသည်။ ရှေ့တက်၍ သတ်ရန် ပြင်နေသော ယဲ့မိသားစု သိုင်းပညာရှင်များသည် ချက်ချင်း တုံ့ဆိုင်းသွားပြီး ကြက်သေ သေသွားကြသည်။

“လုပ်လေ၊ နင်တို့ ဘာတွေ စောင့်နေတာလဲ”

သူတို့ ငြိမ်နေသည်ကိုမြင်ပြီး ကျောက်ယင်းရင် ဒေါပွကာ သံကုန်အော်ဟစ်လိုက်သည်။ ထို့နောက်တွင်မူ အလွန် ထူးဆန်းသော မြင်ကွင်းတစ်ခုကို သူမ မြင်လိုက်ရသည်။

ထိုသိုင်းပညာရှင်များသည် နောက်လှည့်ကြည့်ရန် ကြိုးစားနေကြပြီး သူတို့၏ လည်ကုတ်၌ သွေးစင်းကြောင်း တစ်ခု ပျံ့နှံ့နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူတို့၏ ဦးခေါင်းများ တိခနဲ ပြတ်ကျသွားလေသည်။

“ဘုတ် ဘုတ် ဘုတ်”

ဦးခေါင်း ဆယ်လုံးကျော်က ဖရဲသီးသဖွယ် ပြိုင်တူ ပြုတ်ကျလာသည့် အသံနှင့် မြင်ကွင်းက ကြောက်ခမန်း လိလိပင်။ အရောင်းခန်းမထဲမှလူတိုင်း ကြောက်လန့်ကာ ရူးမတတ် ဖြစ်သွားကြသည်။

All Chapters