← Chapters

အခန်း ၁၁၂၈

Vol. 76 Ch. 1128

အခန်း ၁၁၂၈

Vol. 76 Ch. 1128

Chapter 1128 ပြောင်းလဲမှု ဖြစ်ပေါ်လာပြီ

“ငါ ကစားရတာ ပျင်းလာပြီ”

လင်းကျန်းထျန်း လဲနေသော ကြမ်းပြင်ကို ငုံ့ကြည့်နေသော ယဲ့ဖန်၏ မျက်လုံးအစုံ၌ နတ်ဆိုးဆန်သော အေးစက်စက် အငွေ့အသက်များ ရှိနေသည်။

“ဝုန်း”

ရုတ်ချည်းဆိုသလိုပင် ခြေထောက်တစ်ဖက်ကို မြှောက်၍ ဒေါသတကြီး ပြန်ဆောင့်ချလိုက်သည်။ ထိုအခါ အဆောက်အဦး တစ်ခုလုံး ပြိုလဲမတတ် ဖြစ်ကာ ကြမ်းပြင်၌ တွင်းချိုင့်တစ်ခု ဖြစ်ပေါ်လာ၏။ မြေဆီလွှာ တစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ လှုပ်ခါသွားရသည်။ လင်းကျန်းထျန်း၏ ဦးခေါင်း ပေါက်ထွက်သွားပြီး‌ သွေးများနှင့် ဦးနှောက် အပိုင်းအစများက နေရာအနှံ့ လွင့်စဉ်လာ၏။

မိစ္ဆာတစ်ကောင်ကဲ့သို့ ရက်စက်၍ နတ်ဆိုးတစ်ကောင်သဖွယ် သွေးဆာလှသည်။ တကယ့် နတ်ဆိုးအစစ် အမှန်လိုပင်။

*ဒါ လူမဆန်တဲ့ သတ်ဖြတ်နည်းပဲ*

*ပြီးတော့ အသတ်ခံလိုက်ရတဲ့လူက ဟွိုင်အန်းရဲ့ အင်အားအကြီးဆုံးထဲက လူတစ်ယောက်ဖြစ်နေတဲ့ အသန်မာ ဆုံးကျား လင်းကျန်းထျန်း*

*သူ အဆိုးဆုံး နတ်ဆိုးနဲ့ ကြုံလိုက်ရတာပဲ*

*သွေးတွေ ဦးနှောက်တွေပါ ထွက်ရတယ်လို့*

ထို့အပြင် သွေးစက်များက အနီးအနားမှ လူများ၏ ပါးသို့ပင် လွင့်စဉ်သေးသည်။ စိုစွတ်၍ ပူနွေးနေသော သွေးစက်များကြောင့် လူတိုင်း အသည်းအသန် တုန်ယင်လာကြသည်။ စုန့်ကျီရှီးနှင့် အခြားသူများ ငိုလုနီးပါး ဖြစ်နေ၏။

*သေပြီ*

*ငါတို့ရဲ့ အကြီးမားဆုံး အားထားရတဲ့လူ သေသွားပြီ*

*ခေါင်းပေါက်ပြီး ဆိုးရွားတဲ့ သေခြင်းနဲ့ သေသွားရပါလား*

ချက်ချင်းဆိုသလိုပင် ပေါင်ခြံမှ ပူနွေးစိုစွတ်လာသည်။ ကြောက်လွန်းသဖြင့် သူတို့အားလုံး ကျင်ငယ်ရည် ထွက်ကျ လာလေသည်။

“ကျုံးဝမ် ကယ်ပါဦး၊ ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါဦး”

စုန့်ကျီရှီး၏ ဆံပင်များ ရှုပ်ပွနေပြီး ငိုကြွေးလုနီးပါး အော်ဟစ်နေ၏။ သူမ၌ ဘယ်သူမှ မရှိသဖြင့် သူမ အလွန် ကြောက်လန့်နေသည်။

“မင်း ... မင်း ငါ့အမျိုးသမီးကို လိုချင်တာလား”

ယဲ့ဖန်က ယဲ့လုံအန်အား စိုက်ကြည့်နေသည်။ သူ၏ မျက်လုံးများက ဓားသဖွယ် စူးရှလှသည်။ ယဲ့လုံအန် ထိတ်လန့်သွားပြီး စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ထွက်ပြေးလေသည်။ သို့သော် သူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် မြေကြီးပေါ် လဲကျသွားသည်။ သူ့ခြေထောက်များ ပျော့ခွေနေသည်။

“ထွက်ပြေးမလို့လား၊ လူကြီးမင်းယဲ့ကို ရန်စပြီးတာတောင် မင်း ထွက်ပြေးချင်သေးတာလား”

ကင်းမြီးကောက် လူသတ်သမား ပြုံး၍ ရှေ့သို့လျှောက်လာသည်။ သူ့ပခုံးပေါ်မှ ထမ်းထားသော ရွှေရောင် ဓားရှည်အား ရုတ်တရက် လွှဲယမ်းလိုက်သည်။

“ရွှစ်”

သွေးများ ပန်းထွက်လာ၏။

“အား...”

နာနာကျင်ကျင်နှင့် ဝမ်းပမ်းတနည်း အော်လိုက်သောအသံက ဟိုတယ်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားလေသည်။ ယဲ့လုံအန်၏ ခြေထောက် နှစ်ဖက်လုံး အဖြတ်ခံလိုက်ရလေသည်။ ထိုအော်သံအဆုံး၌ ဟိုတယ်တစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွားသည်။ လူတိုင်း တစ်ကိုယ်လုံး တောင့်တင်းနေပြီး ဘာသံမှ မထွက်ရဲတော့ပေ။

“မင်း အခုထိ တစ်ယောက်ယောက်ကို ခေါ်ချင်သေးလား”

ယဲ့ဖန် လှောင်ရယ်လိုက်ပြီး ဖြည်းဖြည်းချင်း ရှေ့သို့လျှောက်လာသည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လူတိုင်း ရင်တဒိန်းဒိန်း ခုန်နေပြီး နတ်ဆိုးတစ်ကောင်ကို မြင်နေရသကဲ့သို့ အလန့်တကြား ကြည့်နေမိသည်။

“ငါ့ကို မသတ်ပါနဲ့၊ ငါ မင်းကို အားလုံး ပေးပါ့မယ်၊ ငါ မင်းကို အားလုံး ပေးပါ့မယ် ဟုတ်ပြီလား”

နောက်ဆုံးတွင် ယဲ့လုံအန် နှာတရှုံ့ရှုံ့နှင့် ယဲ့ဖန်ကို အသနားခံလေသည်။ သို့သော် ယဲ့ဖန်က ယခင်အတိုင်း မတုန်မလှုပ်နှင့် အေးစက်စက် ပြုံးလိုက်သည်။

“ဒါပေမဲ့ ငါ လိုချင်တာ မင်းအသက်ပဲ”

ယဲ့လုံအန် တုန်လှုပ်သွားပြီး မျက်နှာတွင် ဆောက်တည်ရာမရဟန်များ ပေါ်လွင်နေသည်။ ကင်းမြီးကောက် လူသတ်သမားက ရုတ်တရက် ရယ်မော၍ လက်ထဲမှ ရွှေရောင် ဓားရှည်အား ယဲ့လုံအန်၏ ဦးခေါင်းထံ လွှဲယမ်းလိုက်သည်။ လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားလေသည်။

*ယဲ့လုံအန် သေတော့မှာလား*

“ရွှစ်”

ရဲရဲနီသော သွေးများ ပန်းထွက်လာပြီးနောက် လက်မောင်းတစ်ဖက် မြောက်တက်လာကာ ကြမ်းပြင်ပေါ် အရှိန်ဖြင့် ပြန်ကျလေသည်။ သွေးများက အဆက်မပြတ် ထွက်နေဆဲပင်။

*ခေါင်းဖြတ်ချင်နေတာ မဟုတ်ဘူးလား၊ ဘာလို့ လက်ကိုပဲ ထပ်ဖြတ်ရတာလဲ*

လူတိုင်း၏ စိတ်ထဲတွင် မှင်တက် အံ့အားသင့်နေ၏။ ထို့နောက် သူတို့ သေချာ ကြည့်လိုက်သောအခါ ကင်းမြီးကောက် လူသတ်သမား၏ မျက်နှာက တစ်ခဏမျှ ပြာနှမ်းသွားပြီး ပြတ်သွားသည့် လက်မောင်း တစ်ဖက်ကိုအုပ်ကာ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားသည်ကို တွေ့လိုက်ရသည်။

“အ”

သူသည် နာကျင်သွားသဖြင့် တစ်ချက်မျှသာ ညည်းလိုက်ပြီး အော်ဟစ်ခြင်း မပြုပေ။ အလွန် ဒူပေနာပေခံသော လူတစ်ယောက်ပင်။ ဤမြင်ကွင်းကြောင့် လူတိုင်း အံ့ဩသွားကြသည်။

*ကင်းမြီးကောက် လူသတ်သမားကို ထိခိုက်အောင် လုပ်နိုင်တာ ဘယ်သူများလဲ*

ယဲ့ဖန်တောင်မှ ခေါင်းငုံ့၍ တံခါးရှိရာသို့ မကြည့်ဘဲ မနေနိုင် ဖြစ်သွားရသည်။

“ဒါ ငါတို့ ဟွိုင်အန်းမြို့ရဲ့ နယ်မြေပဲ၊ မင်းတို့လို ဖျင်အန်းမြို့က အမှိုက်တွေက ဒီမြေကို နင်းဖို့ ထိုက်တန်လို့လား”

အထက်စီးဆန်သော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ချက်ချင်းဆိုသလိုပင် အနက်ရောင် အရိပ်တစ်ခု လှစ်ခနဲ ဖြတ်ပြေးလာပြီး ကင်းမြီးကောက် လူသတ်သမားရှေ့သို့ တန်းရောက်လာ၏။

ထိုအရိပ်သည် သွေးတစက်စက် ကျနေသော လခြမ်းချိတ်ကောက် တစ်စုံကို ကိုင်ထားလေသည်။ ကင်းမြီးကောက် လူသတ်သမားကို ဒဏ်ရာရအောင် လုပ်လိုက်သည့်လူက ထိုသူပင်။

“အရိပ် … အရိပ်နတ်ဆိုးလား”

လူတိုင်း အုတ်အော်သောင်းတင်း ဖြစ်သွားလေသည်။ ထိုလူသည် ကျုံးကျိုး အင်ပါယာတွင်း၌ ထိပ်တန်း လုပ်ကြံ သတ်ဖြတ်ရေးသမား အယောက်တစ်ရာထဲမှ တစ်ယောက် ဖြစ်သည်။ အရိပ်နတ်ဆိုးသည် လူပေါင်းများစွာတို့ကို သတ်ဖြတ်ပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။

လင်းကျန်းထျန်းသည် ဟွိုင်အန်းမြို့‌ မြေအောက်လောက၏ အသန်မာဆုံးဟု ခေါ်သော်လည်း သူနှင့်ယှဉ်လျင် အခြေအနေက တစ်ခြားစီပင်။ လုပ်ကြံသတ်ဖြတ်ရေးနှင့် ကြုံရပါက အရိပ်နတ်ဆိုး၏ ပြိုင်ဘက် မဖြစ်နိုင်ပါ။

*လူပေါင်း တစ်သောင်းထက် မနည်းကို သတ်ခဲ့ဖူးတဲ့ လူသတ်သမား၊ နာမည်မှာပင် နတ်ဆိုးလို့ ပါနေတာ မဟုတ်ဘဲ အကျင့်စရိုက်ကပါ နတ်ဆိုးဆန်တဲ့လူ*

*အဲ့လိုလူက ယဲ့လုံအန်ဘက်က ပါနေပါလား*

ယဲ့လုံအန်သည်လည်း မှင်တက် အံ့အားသင့်နေ၏။ အဘယ်ကြောင့်ဆိုသော် အရိပ်နတ်ဆိုးနှင့် သူ မသိသော ကြောင့်ပင်။ အဘယ်ကြောင့် အရိပ်နတ်ဆိုးက သူ့အား ဝင်ကယ်သလဲ ဆိုသည်ကို သိရန် မဆိုထားနှင့် ဖျင်အန်းတစ်မြို့လုံးနှင့် တိုက်ခိုက်ရန် ဝန်မလေးသည့် အကြောင်းရင်းကိုပါ သူ မသိပေ။

“အပြောကောင်းတယ်၊ ဟွိုင်အန်းမြို့မှာ ငါ ရှိနေသေးသရွေ့ မင်းတို့လို အမှိုက်တွေ ခြေချလို့ မရစေရဘူး”

ကျယ်လောင်သော အသံတစ်သံနှင့်အတူ သပ်သပ်ရပ်ရပ် ဝတ်စားထားသည့် လူချမ်းသာဟု ထင်ရသော အဘိုးအို တစ်ယောက်က သိုင်းပညာရှင်များစွာ ခြံရံ၍ ရောက်လာ၏။

ထိုလူကို မြင်သည်နှင့် ထန်မင်လီ၏ မျက်နှာထား မည်းမှောင်သွားသည်။ ကျန်းဟောင်ရန်၊ ဟွိုင်အန်းမြို့မှ ကျန်းမိသားစုခေါင်းဆောင်။

“ဟိုးဟိုး လူစုံတက်စုံ ရှိလှချည်လား၊ မင်းတို့ဖျင်အန်းမြို့က ကောင်တွေ ငါတို့ ဟွိုင်အန်းမှာ မရှိတော့ဘူး ထင်နေတာလား၊ လူအိုကြီးတွေက ကလေးတစ်ယောက်ကို အနိုင်ကျင့်တယ်ပေါ့လေ၊ မင်းတို့က တယ်ဟုတ် နေပါလား”

“ဘာသောက်လူကြီးမင်းယဲ့က မင်းတို့ရဲ့ အားကိုးရတဲ့လူလဲ၊ စိတ်မကောင်းစရာက ဒါ ဟွိုင်အန်းမြို့ပဲ မင်းတို့ ဖျင်အန်း မဟုတ်ဘူး၊ ငါတို့တွေက မင်းတို့ ဖျင်အန်းမြို့က လူတွေကို ဒူးချောင်ပြီး ရှိသမျှ ကြောင်တွေ၊ ခွေးတွေကို လေးစားမယ့်လူမျိုးတွေ မဟုတ်ဘူး”

“မင်း ဘာစကား ပြောလိုက်တာလဲ”

ထန်မင်လီနှင့် အခြားသူများ ရုတ်တရက် ဒေါပွလာသည်။ သူတို့အား အချင်းချင်း ပုတ်ခတ် ပြောဆိုသည်ကို မမှုသော်လည်း သူတို့ ဘယ်သောအခါမှ ယဲ့ဖန်အား ပုတ်ခတ်ပြောဆိုခွင့် မပြုနိုင်ပါ။

လူကြီးမင်းယဲ့၏ အမည်သည် ပုတ်ခတ် ရမ်းကားပြောဆိုခွင့် မရနိုင်သော အမည်ဖြစ်သည်။

“ပြောတော့ ဘာဖြစ်လဲ၊ မင်းတို့ လူကြီးမင်းယဲ့က ခွေးလိုကြောင်လိုပဲလို့ ငါ ပြောတယ်ကွာ၊ သူက အမှိုက်ပဲ”

မောက်မာသော ထိုအသံနှင့်အတူ မီးခိုးရောင်ဆံပင် ရှိသော အဘိုးအိုတစ်ယောက် ဝင်လာသည်။

“ဘိုးဘိုး”

ထိုလူကို မြင်သည်နှင့် ယဲ့လုံအန် ရုတ်တရက် စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်သည်။ ယဲ့မိသားစု ရောက်လာလေပြီ။ ယဲ့ဟုန်ကွမ်းက ယဲ့လုံအန်ကို တစ်ချက်ကြည့်၍ လေးနက်စွာ ပြောလိုက်သည်။

“စိတ်ချ ဒီနေ့ ဘိုးဘိုး ရှိနေသရွေ့ မင်းကို ဘယ်သူမှ မထိနိုင်ဘူး”

“မင်းကို ဒီလိုလူမျိုးဖြစ်အောင် လုပ်ရဲမှတော့ ငါ သူ့ကို ဆိုးရွားတဲ့ သေနည်းမျိုးနဲ့ သတ်ပစ်မယ်”

ထိုသို့ပြောပြီးသည်နှင့် သူက တမင်တကာ ယဲ့ဖန်ကို လှမ်းကြည့်လေသည်။ ယဲ့မိသားစု အလွန်အမင်း ဒေါသူပုန် ထနေသည်ဟု ဆိုရပေမည်။

ထိုစကားကို ကြားသည်နှင့် ယဲ့လုံအန်၏ နာကြည်းချက်များအားလုံး ပွင့်အန်ထွက်လာပြီး ယဲ့ဖန်ကို လက်ညှိုးထိုး လေသည်။ ထို့နောက် သူက မကျေမချမ်းနှင့် မုန်းတီးသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“သူပဲ၊ အဲ့မျိုးမစစ်ကောင်က ကျွန်တော့်ကို ဒီလိုမျိုး ဖြစ်အောင် လုပ်ပြီး သတ်ဖို့လုပ်တာ၊ သူက ဓားတစ်သောင်းနဲ့ အခါတစ်သောင်းလောက် ခုတ်ပိုင်းပစ်ချင်တယ်”

အခြေအနေ ပြောင်းလဲသွားသည်ကို သိသွားသဖြင့် သူ့အမူအရာက ချက်ချင်း ပြောင်းလဲသွား၏။ သူ သေစရာ မလိုတော့ပေ။ ထိုအစား ယဲ့ဖန်သာ သေရပေတော့မည်။

ဟွိုင်အန်းမြို့မှ အင်အားကြီး ပုဂ္ဂိုလ်များအားလုံး ဟိုတယ်ထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်လာကြသည်။ တစ်ခဏအတွင်း လူအရေအတွက်နှင့် အင်အားက ဖျင်အန်းမြို့နှင့် တန်းတူ ဖြစ်လာ၏။

ထန်မင်လီနှင့် အခြားသူများ ရုတ်တရက် ကြောက်လန့်လာသည်။ ယဲ့မိသားစုလေးက ဟွိုင်အန်းတစ်မြို့လုံးကို ခေါ်လာနိုင်လိမ့်မည်ဟု ထင်မထားမိပေ။

ယခု သူတို့ အလျင်စလိုနှင့် လာခဲ့ရသဖြင့် ဤလူများကိုသာ ခေါ်လာနိုင်ခဲ့သည်။ အသိုက်ထဲမှ ထွက်လာသည့် မြွေများကဲ့သို့သော ဤလူအိုကြီးများကို သူတို့ ဘယ်လိုလုပ် တားဆီးနိုင်ပါမည်နည်း။

ထိုစဉ် စုန့်ကျီရှီးက ဒူးထောက်နေရာမှ ထရပ်၍ ယဲ့ဖန်ကို လက်ညှိုးထိုး၍ အော်လေသည်။

“သူ့ကို သတ်၊ သူ့ကိုသတ်ပါ”

“အဲ့မျိုးမစစ်ကောင်က စောနလေးတင် ဟွိုင်အန်းမြို့ဆိုတာ သူ ဝင်ချင်သလိုဝင် ထွက်ချင်သလို ထွက်လို့ရတဲ့ နေရာလို့ ပြောနေတာ၊ ရှင်တို့တွေက အမှိုက်သာသာပဲ ရှိပြီးတော့ သူ့ကို မတားနိုင်ဘူးလို့ ပြောခဲ့တယ်”

“ဟုတ်တယ် ဟုတ်တယ်၊ သူ အဲ့လို ပြောခဲ့တာ”

အနုပညာရှင်များသည်လည်း ထရပ်၍ ယဲ့ဖန်ကို လက်ညှိုးထိုးကာ ထောက်ခံလာကြသည်။ ကျုံးဝမ် မှင်တက် သွားရပြန်သည်။ သူတို့အစား သူမ ဝင်၍ အသနားခံ ပြောပေးချင်ခဲ့သော်လည်း သူတို့က ယခုလို အရှက်မဲ့ လိမ့်မည်ဟု သူမ ထင်မထားမိပါ။ သူတို့က ယဲ့ဖန်အပေါ် အကွက်ချ၍ လိမ်ညာပြောဆိုနေသေး၏။

All Chapters