← Chapters

အခန်း ၁၁၂၉

Vol. 76 Ch. 1129

အခန်း ၁၁၂၉

Vol. 76 Ch. 1129

Chapter 1129 ဘယ်တော့မှ နောက်မဆုတ်ဘူး

“လူကြီးမင်းယဲ့ မင်းက လေလုံထွားတဲ့ကောင်လား၊ ဟမ်”

“လူကြီးမင်းယဲ့ ဒါ ဟွိုင်အန်းမြို့၊ မင်းရဲ့ ဖျင်အန်းမြို့ မဟုတ်ဘူး၊ ဒီမှာ မင်း ဒူးထောက်ကို ထောက်ရမယ်”

“ဒူးထောက်ရမယ် ဟုတ်လား၊ သူ ဒီမှာ သေကိုသေရမှာကွ”

ဘေးပတ်လည်မှ ဟွိုင်အန်းမြို့၏ အင်အားကြီး ပုဂ္ဂိုလ်များသည် ကောက်ကျစ်စွာ ပြုံးလာပြီး ယဲ့ဖန်အား သေလူကို ကြည့်သကဲ့သို့ ကြည့်လာကြသည်။ သို့သော် ယဲ့ဖန်က ထိုအရာအားလုံးကို လျစ်လျူရှု၍ တံခါးဝကိုသာ ပြုံး၍ ကြည့်နေ၏။

“ခင်ဗျား ဘယ်အချိန်ထိ ပုန်းနေမှာလဲ”

လူတိုင်း အံ့ဩသွားပြီး တံခါးဘက်သို့ လှမ်းကြည့်လိုက်သည်။

“ဖြောင်း ဖြောင်း ဖြောင်း”

တံခါးဝမှ လက်ခုပ်တီးသံ ထွက်လာပြီး ချောမောသော လူငယ်တစ်ယောက်က ပြုံး၍ ဝင်လာသည်။

“လူကြီးမင်းယဲ့က လူကြီးမင်းယဲ့ပါပဲ၊ တကယ် အံ့ဩစရာကောင်းပါတယ်”

သို့သော် တစ်ခဏအတွင်း သူ့မျက်နှာထားက အေးစက်လာလေသည်။

“စိတ်မကောင်းစရာက မင်း ငါ့ကို ရန်မစသင့်ခဲ့တာပဲ၊ ငါ့ကို ရန်စမှတော့ မင်း ဘယ်လောက် ကြောက်စရာ ကောင်းပါစေ သေကိုသေရမယ်”

ယဲ့ကျန်းချောင်၊ ထိုလူကို မြင်သည်နှင့် ဘေးပတ်လည်မှ လူများအားလုံး ပွက်လောရိုက် ဆူညံလာ၏။

ယဲ့မိသားစု၏ ဒုတိယ သခင်လေး ယဲ့ကျန်းချောင်။ နဂါးမြို့တော်မှ ယဲ့မိသားစုသည် ကျုံးကျိုး အင်ပါယာ၌ ထိပ်တန်း ရာထူးဂုဏ်ရှိန် ကြီးမြင့်သူများထဲ၌ ပါဝင်လေသည်။ ဖျင်အန်းမြို့ပေါင်း တစ်ရာ ရှိလျင်တောင်မှ သူတို့နှင့် ယှဉ်ရန် အရည်အချင်း မပြည့်မီပေ။

တစ်ခါက မြို့တော်သခင်တစ်ယောက်က ယဲ့မိသားစုကို ရန်စမိသည်။ ထိုအခါ တစ်ညထဲနှင့် ထိုမြို့ သွေးချောင်းစီး သွားရသည်။ ယဲ့မိသားစု၏ ဓားချက်အောက်၌ လူပေါင်း ငါးသောင်းကျော် ဆိုးဆိုးရွားရွား အသတ်ခံလိုက်ရသည်။

ထိပ်တန်း အဖွဲ့အစည်းများအားလုံး ရှင်းလင်းခံလိုက်ရပြီး သာမန်မြို့သူမြို့သားများတောင်မှ ထိခိုက်ခဲ့ရသည်။ သို့သော် ကျုံးကျိုး အင်ပါယာက နှုတ်အားဖြင့်သာ သတိပေးခဲ့သဖြင့် ယဲ့မိသားစု မည်မျှ အင်အားကြီးကြောင်း ပြသနေ၏။

သူတို့အား အင်အားကြီးသူများကြားထဲမှ အင်အားအကြီးဆုံးဟု ပြောနိုင်ပေသည်။ ဘုရင်တို့၏ ဘုရင်ပင်။ ထို့အတူ ဤယဲ့ကျန်းချောင်သည် ယဲ့မိသားစု၏ ဒုတိယ သခင်လေး ဖြစ်ပြီး ယဲ့မိသားစု၏ စီးပွားရေး ဉာဏ်ကြီးရှင် ငွေလာဘ်ကောင်လေး ဖြစ်သည်။

သူသည် ဆယ့်ငါးနှစ် အရွယ်လေးနှင့် ယဲ့မိသားစုအတွက် ယွမ်တစ်ဘီလီယံ ရရှိအောင် လုပ်ဆောင်ပေးနိုင်သူ ဖြစ်သည်။ သူနှင့် ယဲ့ယွင်ထျန်းသည် တစ်ယောက်က စီးပွားရေး၌ ကျင်လည်၍ ကျန်တစ်ယောက်က နိုင်ငံရေးနှင့် စစ်မက်ရေးတွင် ကျင်လည်သူ ဖြစ်သည်။ သူတို့ ညီအစ်ကိုနှစ်ယောက်သည် ယဲ့မိသားစု၏ ထက်မြက်သူများဟု ကျော်ကြားပြီး တစ်လောကလုံး သူတို့ကို သိလေသည်။

တစ်ခါက ကျုံးကျိုး အင်ပါယာ၏ ရှေ့ဖြစ်ဟောသူက ယဲ့မိသားစုမှ အမျိုးသားများသည် စီးပွားရေးနှင့် စစ်မက်ရေး၌ ပါရမီပါ၍ လောကအား အုပ်စိုးနိုင်လိမ့်မည်ဟု ဟောကိန်း ထုတ်ခဲ့ဖူးသည်။

*အခု ယဲ့မိသားစုရဲ့ အနာဂတ်လို့ ပြောလို့ရတဲ့ သခင်လေး နှစ်ယောက်ထဲက တစ်ယောက်က ဟွိုင်အန်းမြို့မှာ ပေါ်လာတာလား*

*ပြီးတော့ ရောက်လာတဲ့လူကလည်း ရိုင်းစိုင်းကြမ်းကြုတ်တဲ့ ယဲ့ကျန်းချောင်*

ဟွိုင်အန်းမြို့မှ အင်အားစုမျာအားလုံး ဤနေရာသို့ ရောက်လာရသည့် အကြောင်းရင်းကို လူတိုင်း နားလည် သွားလေသည်။ ယဲ့ကျန်းချောင်ကဲ့သို့သော လူမျိုးသာ ဤသို့သောလူများကို အမိန့်ပေးနိုင်စွမ်း ရှိပေသည်။

ထန်မင်လီနှင့် အခြားသူများ မျက်နှာ ဖြူရော်နေ၏။ ယဲ့ကျန်းချောင် ပေါ်လာသဖြင့် သူတို့က ယဲ့ဖန်ကို ဝိုင်း၍ အပုပ်ချရန် ရောက်လာခြင်း ဖြစ်ကြောင်း သူတို့ အလိုလို သိလိုက်ကြသည်။

ယဲ့ဖန်က အစကတည်းက ယဲ့မိသားစု အခွဲတစ်ခုကို ရှင်းလင်းခဲ့သည်။ ဤသို့သော သတင်းဆိုးအား ယဲ့မိသားစုက မည်သို့ အသာကြည့်နေနိုင်မည်နည်း။

ဤခရီးစဉ်၌ ယဲ့ကျန်းချောင် ကိုယ်တိုင် ဦးဆောင်လာသဖြင့် အပြည့်အဝ ပြင်ဆင်ထားပြီးသား ဖြစ်ရပေမည်။ သူတို့ ဒုက္ခ ရောက်လေပြီ။

ယဲ့ကျန်းချောင်ကို မြင်လိုက်ရသည်နှင့် ကျုံးဝမ်၏ မျက်နှာလေးက ဖြူရော်သွားလေသည်။ နတ်ဆိုး ရောက်လာ လေပြီ။ ဤနတ်ဆိုးက မည်မျှ ဆိုးရွားရက်စက်ကြောင်း သူမ အသိဆုံးပင်။

သူမ ယဲ့ကျန်းချောင်ကို ငြင်းပယ်မိသောကြောင့် ယနေ့ကဲ့သို့ ဖြစ်လာရသည်။ သူမ၏ လည်ချောင်းက အဆိပ်ခတ် ခံလိုက်ရပြီး သူမဘဝ ပျက်စီးသွားရသည်။ သူမ၏ ဂုဏ်သိက္ခာ စွန်းထင်းခဲ့ရပြီး သေသည်ထက် ဆိုးသော ဘဝမျိုး၌ ရှင်သန်နေရသည်။

သူမသာ စိတ်ဓာတ် မမာကျောပါက ကိုယ့်ကိုယ်ကိုယ် သတ်သေပြီးသွားလောက်သည်။ ထိုသို့ဆိုလျင် ယဲ့ဖန်က သူမနှင့် ဆုံနိုင်မည် မဟုတ်ပါ။

ယဲ့ကျန်းချောင်၏ စကားကြောင့် ယဲ့ဖန်က ရက်စက် သွေးဆာဟန်ဖြင့် ရယ်မောလေသည်။

“ယဲ့မိသားစုရဲ့ အမွှာသခင်လေးတွေတဲ့လား၊ မင်းအစ်ကိုကရော”

ဤလူက ကျုံးဝမ်ကို ထိခိုက်အောင် လုပ်ခဲ့သူ ဖြစ်သောကြောင့် သူ့လက်ထဲ၌ အဆုံးသတ်ရပေမည်။

“ငါ့အစ်ကိုက ဖျင်အန်းမြို့ကို သွားပြီးနေပြီ၊ မင်း သူ့လက်က လွတ်လာတာ စိတ်မကောင်းစရာပဲ”

ယဲ့ကျန်းချောင် ပြုံးနေသည်။

“မင်းကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

“ဖျင်အန်းမြို့ရဲ့ အရှင်သခင်က မင်းပဲ ဖြစ်နေလိမ့်မယ်လို့လည်း ထင်မထားမိဘူး”

ချက်ချင်းဆိုသလိုပင် သူက ခက်ထန်သော မျက်နှာထားဖြင့် တစ်ခွန်းချင်းစီ ပြောလိုက်သည်။

“ဒါပေမဲ့လည်း ရပါတယ်၊ ရန်ကြွေးအစ်ရော အဟောင်းရောကိုပါ ပေါင်းတွက်လိုက်ပြီဆိုတော့ ဒီနေ့ မင်း ဒီမှာ သေကို သေရမယ်”

ထိုစကားတစ်ခွန်းတည်းနှင့် ယဲ့ကျန်းချောင်၏ ဆန္ဒက ယဲ့ဖန်ကို သတ်ဖြတ်ခြင်း ဖြစ်ကြောင်း ပေါ်လွင်နေ၏။ ထိုစကားကြောင့် စုန့်ကျီရှီးနှင့် အခြားသူများ အလွန်အမင်း ဝမ်းသာသွားပြီး အော်ဟစ် အားပေးလုနီးပါး ဖြစ်လာ လေသည်။

*သေတော့မယ်*

*ဒီမျိုးမစစ်ကောင် သေတော့မှာ*

*ကောင်းလိုက်တာ*

သူတို့၏ အမြင်တွင် ယဲ့မိသားစုကို ရန်စခြင်းက ဘုရင်တို့၏ ဘုရင်နန်းတော်သို့ ကျူးကျော်မိသည်နှင့် အတူတူပင် ဖြစ်သည်ဟု သတ်မှတ်ထားပြီး ကယ်ရန် ခက်ခဲသည်ဟု ယူဆထားသည်။ ယဲ့ကျန်းချောင်၏ ကောက်ကျစ် ရက်စက်သော အမူအကျင့်အရ ယဲ့ဖန် မသေဘဲ မရှိနိုင်ပါ။

လူအများအားလုံး၌ အပျော်ဆုံးလူမှာ စုန့်ကျီရှီးနှင့် ယဲ့လုံအန်ပင်။ သူတို့နှစ်ယောက်လုံး ယဲ့ဖန်ကြောင့် အရှက်ကွဲပြီး ဒဏ်ရာ ရခဲ့သည်။ သူတို့၏ ဘဝများ ပျက်စီးခဲ့ရသဖြင့် ယခု ယဲ့ဖန် အသတ်ခံရပြီး အလောင်း ရှစ်ပိုင်းပိုင်းခံရသည်ကို မြင်ချင်နေမိသည်။

“သေတာကောင်းတယ်၊ သေတာကောင်းတယ်၊ နောက်ဆုံးတော့ ဒီမျိုးမစစ်ကောင်ကို လက်စားချေနိုင်ပြီ”

“ဘုရားသခင်က ငါတို့ဘက် လှည့်ကြည့်လာပြီ၊ ဒီနတ်ဆိုး အလောင်းတောင် အကောင်းအတိုင်း မကျန်ဘဲ သေရတော့မှာ”

“ဟွိုင်အန်းရဲ့ အင်အားစုတွေ အားလုံး စုစည်းနေတဲ့အပြင် ယဲ့မိသားစုက ဒုတိယ သခင်လေးပါ ပါနေတာ၊ ဒီတစ်ခါတော့ မိုးနတ်မင်း ဆင်းကယ်တောင် ဒီကောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး”

အနုပညာရှင်များ တစ်ယောက်ပြီး တစ်ယောက် ထုတ်ပြောလာကြသည်။ သူတို့၏ စိတ်ထဲတွင် နက်ရှိုင်းသော မလိုမုန်းတီးစိတ်များ ရှိပြီး အခြားသူများ၏ ကံဆိုးခြင်းကို အရသာခံကြည့်၍ ရယ်မောရသည်ကို နှစ်ခြိုက်သည့် စိတ်ထားများ ရှိကြသည်။

သူတို့အားလုံး ယဲ့ဖန် သေပါစေဟု မျှော်လင့်နေကြသည်။ သေခြင်းကိုလည်း ဆိုးဆိုးရွားရွား သေခြင်းနှင့် သေပါစေဟု တွေးနေကြ၏။

ထို့ကြောင့် သူတို့၏ အမူအရာများက ဝမ်းသာပျော်ရွှင်သော အမူအရာများ ဖြစ်နေကြသည်။ အစောပိုင်းက သူတို့ ဝမ်းပန်းတနည်းနှင့် ဒူးထောက်တောင်းပန်ခဲ့သည်ကို မေ့လျော့သွားလေပြီ။

ယဲ့ကျန်းချောင်၏ စကားကြောင့် ယဲ့ဖန်က အသာ သက်ပြင်းချလေသည်။

“တကယ်ကို ရှက်စရာပဲ၊ ဒီနေ့ ငါ ယဲ့မိသားစုက ခွေးတစ်ကောင်ကိုပဲ သတ်နိုင်မှာပါလား”

ချက်ချင်းဆိုသလိုပင် ဘေးလူများကြား၌ အုတ်အော်သောင်းတင်း ဖြစ်လာသည်။

*တစ်ဖက်လူက ထောင်ချီတဲ့ လှိုင်းလုံးဒဏ်ကို ကြံကြံခံနိုင်တဲ့ ကျောက်ဆောင်လိုလူလေ*

*ဒီကောင်ကများ ယဲ့ကျန်းချောင်ကို ဘယ်လိုတောင် ပြောရဲတာလဲ*

*ကျုံးကျိုး အင်ပါယာရဲ့ နာမည်ကျော် ပါရမီရှင်ကို စော်ကားရဲတာလား*

*ပြီးတော့ ယဲ့ယွင်ထျန်းကိုပါ ပေါင်းပြီး စော်ကားလိုက်သေးတယ်*

*ရူးနေပြီပဲ*

ဟွိုင်အန်းမြို့မှ အင်အားကြီး ပုဂ္ဂိုလ်များအားလုံး ထီမထင်သော အမူအရာမျိုး ပြသလာသည်။

*ဘာလဲဟ*

*ယဲ့ကျန်းချောင်ကို ဒီလို စော်ကားရဲတယ်ပေါ့လေ*

*ဖျင်အန်းလို မြို့သေးလေးကို စိုးမိုးနိုင်တာနဲ့ ယဲ့မိသားစုကို ယှဉ်နိုင်ပြီလို့ ထင်နေတာလား*

*ကျားကိုမကြောက်တတ်တဲ့ နွားပေါက်ပဲ*

သူတို့၏ စိတ်ထဲတွင် ဤသည်က ယဲ့ဖန်၏ နောက်ဆုံးစကားများဟု ထင်နေကြသည်။ မသေခင်လေး နောက်ဆုံးအကြိမ် ခေါင်းမာခွင့် ပေးထားခြင်းပင်။

ယဲ့ကျန်းချောင်က ဆိုးယုတ်စွာ ပြုံး၍ ခေါင်းညိတ်လေသည်။

“ငါ မင်းလေသံကို သဘောကျတယ်၊ အဲ့ဒါကြောင့် ငါ မင်းလျှာကို အရင်ဖြတ်မယ်လို့ ဆုံးဖြတ်လိုက်ပြီ”

ယဲ့ကျန်းချောင် ဒေါသထွက်လျင် ကျုံးကျိုး အင်ပါယာတစ်ခုလုံး တုန်လှုပ်ရသည်။ ချက်ချင်းဆိုသလိုပင် ယဲ့ကျန်းချောင်က ဖျင်အန်းမြို့ အင်အားစုများ၏ မျက်နှာများကို အေးစက်စက် ဝေ့ကြည့်လိုက်သည်။

“အခု နောက်ဆုတ်မယ်ဆိုရင် မင်းတို့ အရင်က လုပ်ခဲ့တာတွေကို ငါ အပြစ်မတင်ဘူး”

“ဒါပေမဲ့ နောက်မဆုတ်ရင်တော့ ငါတို့ ယဲ့မိသားစုရဲ့ ရန်သူ ဖြစ်လာမယ်”

ယဲ့မိသားစုနှင့် ရန်သူဖြစ်ခြင်းသည် ပျက်ဆီးခြင်းနှင့် အတူတူပင်။ ထိုစကား၌ ဝန်ထုပ်ဝန်ပိုးများဖြင့် ပြည့်နှက်နေ၏။ သို့ရာတွင် ထန်မင်လီက ရှေ့ထွက်လာပြီး လေးနက်တည်ကြည်၍ အေးစက်သော မျက်နှာထာဖြင့် ကြည့်ကာ မာန်ပါပါ ပြန်ပြောလိုက်သည်။

“ထန်မိသားစု ဘယ်တော့မှ နောက်မဆုတ်ဘူး”

“ယန်မိသားစု ဘယ်တော့မှ နောက်မဆုတ်ဘူး”

ယန်မိသားစု ခေါင်းဆောင်သည်လည်း ရှေ့သို့ထွက်လာပြီး သေရမည်ကို မကြောက်သကဲ့သို့ ယဲ့မိသားစု၏ အင်အားစုများကို အေးစက်စက် ပြန်ကြည့်လိုက်သည်။

“မင်းတို့ လူအိုကြီးနှစ်ယောက်က ထင်ပေါ်ကျော်ကြားမှုကို ဘယ်လို အရယူရမလဲ သိနေတာပဲ”

ထုံမိသားစုခေါင်းဆောင်က ခနဲ့ပြောပြော၍ ရှေ့တက်ကာ အေးစက်စွာ ပြောလိုက်သည်။

“ထုံမိသားစု ဘယ်တော့မှ နောက်မဆုတ်ဘူး”

“ဒါ ကိစ္စကြီးတစ်ခုပဲ၊ ကျောက်မိသားစုကလည်း ဘယ်တော့မှ နောက်မဆုတ်ဘူး”

….

ဖျင်အန်းမြို့မှ အင်အားကြီးပုဂ္ဂိုလ်များအားလုံး ရှေ့တက်၍ နားကွဲလောက်သော အသံများဖြင့် အော်ဟစ်ပြောဆို လာသည်။

“လူကြီးမင်းယဲ့အတွက် အကောင်းဆုံး လုပ်မယ်၊ ဖျင်အန်းမြို့က ဘယ်တော့မှ နောက်မဆုတ်ဘူး”

အသံများသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှပြီး အမိုးပွင့်ထွက်သွားတော့မည်ဟုပင် ထင်မှတ်မှားရသည်။ ဟိုတယ်ထဲမှ လူတိုင်း အသက်ရှူရပ်ကာ သူတို့အား ထိတ်လန့်တကြား ဖြစ်နေသော အမူအရာများဖြင့် ကြည့်လာ ကြသည်။

*သူတို့က ယဲ့မိသားစုကို တကယ် ဆန့်ကျင်ရဲတာလား*

*ရူးနေပြီ*

*သူတို့တွေ တကယ် ရူးနေပြီ*

All Chapters