အခန်း ၁၁၃၁
Vol. 76 Ch. 1131
Chapter 1131 ထုန်ရှန်ကျွီရမ်
လူတိုင်း ရေခဲတမျှ အေးစက်ကာ ကြောက်စိတ်ဝင်၍ ခေါင်းမွေးထောင်လာကြသည်။ မြင်ကွင်းက အလွန် ကြောက်စရာကောင်းလှသည် မဟုတ်ပါတကား။
*တစ်ချက်တည်းပါလား*
*နောက်ထပ် လှည့်ကွက်တစ်ခုပါလား*
*အသန်မာဆုံးကျားကိုလည်း တစ်ချက်တည်းကိုပဲ၊ အရိပ်နတ်ဆိုးကိုလည်း တစ်ချက်တည်းပါပဲလား*
*ဒီလောကကြီးမှာ သူ နောက်တစ်ချက်တိုက်စရာ လိုတဲ့လူတောင် မရှိသလိုပဲ*
ဤသည်ကိုမြင်ပြီး တစ်ချိန်လုံး ယုံကြည်မှု အပြည့်ရှိနေသည့် ယဲ့ကျန်းချောင်နှင့် အခြားသူများ ချမ်းစိမ့်စိမ့် မဖြစ်ဘဲ မနေနိုင်တော့ဘဲ တစ်ကိုယ်လုံး အေးစက်သွားလေသည်။
ယဲ့ဖန်၌ မည်သည့် အန္တရာယ်မှ မရှိပေ။ ယဲ့ဖန်သည် တည်ငြိမ်၍ အထက်စီးဆန်နေဆဲပင်။ သူတို့အားလုံး နှလုံးတည့်တည့်သို့ အပ်စိုက်နေသလို ခံစားနေရပြီး ဘာမှမလုပ်နိုင် ဖြစ်သွားရသည်။
ထန်မင်လီနှင့် အခြားသူများသည် ဤသို့သော အခြေအနေမျိုးကို ခန့်မှန်းမိသော်လည်း ကိုယ်တိုင် မြင်ရသောအခါ မယုံနိုင်ဖြစ်ပြီး အံ့ဩနေကြသည်။
လက်ရှိ ဘေး၌ ရှိနေသော လူများသည် သတ်ဖြတ်ခြင်း၌ ကျွမ်းကျင်သူများ မဟုတ်ပေ။ သို့သော် ကြောက်စရာ ကောင်း၍ အသန်မာဆုံးသူတစ်ယောက်ကို ရွေးချယ်၍ သတ်ခိုင်းလိုက်လျင် သူတို့ထဲက မည်သူမှ မသေဘဲ မရှိပေ။
*အဲ့အရိပ်နတ်ဆိုး တကယ် ရှုံးသွားပြီလား*
ယဲ့လုံအန်နှင့် အခြားသူများသည်လည်း အလွန် ထိတ်လန့်နေကြလေသည်။
*အဲ့ဒါ အရိပ်နတ်ဆိုးလေ*
*သူ သတ်ဖြတ်ဖို့ စလှုပ်ရှားပြီဆို အသန်မာဆုံးကျားတောင် သေရမှာ*
*ဒါပေမဲ့ အခုကျတော့ တစ်ချက်တည်းနဲ့ သူ ရှုံးသွားပြီလား*
“မင်း … မင်း ဘယ်လိုလုပ်လိုက်တာလဲ …”
လက်ရှိအချိန်တွင် အရိပ်နတ်ဆိုးသည် ကြက်တစ်ကောင်သဖွယ် ဖြစ်နေ၏။ ယဲ့ဖန်က သူ့လည်မျိုကို ညှစ်၍ လေထဲ မြှောက်ထားသည်။ အဆုံးအစမဲ့သော ကြောက်စိတ်များက သူ့အား လွှမ်းခြုံလာသည်။
*ဘယ်လိုလုပ် ဒီကောင့်ခွန်အားက တအား ကြောက်စရာကောင်းနေတာလဲ*
*သူက ငါ့ပုန်းကွယ်ခြင်း ပညာကို ဖျက်ဆီးနိုင်ရုံတင် မကဘူး၊ ငါ့ကိုပါ တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်နေတယ်*
*ငါရဲ့ ဆယ်စုနှစ်ချီနေတဲ့ သိုင်းပညာက အချည်းနှီး ဖြစ်သွားပြီပဲ*
*ဘာကို ထိပ်တန်း လုပ်ကြံရေးသမားလဲ*
*ဘာကို အနာဂတ် လူသတ်ဘုရင်လဲ*
*ဒီမကောင်းဆိုးဝါးရှေ့ ရောက်ရင် ဘာမှကို ဖြစ်မလာနိုင်တော့ဘူး*
“အဟွတ်”
ထိုစဉ် ယဲ့ဖန်၏ လက်ဝါးက နည်းနည်းချင်းစီ အားများလာသည်ကို အရိပ်နတ်ဆိုး ခံစားမိလာသည်။ သေမင်း တမန်၏ တံစဉ်က သူ့လည်ပင်းအား ဖြည်းဖြည်းချင်းစီ ဖြတ်တောက်လာသလိုပင်။
လက်ရှိအချိန်တွင် သူ၏ မျက်နှာက တဖြည်းဖြည်း ခရမ်းရောင်သန်းလာပြီး နဖူးပါ ပြာနှမ်းလာသည်။ လည်ပင်း အညှစ်ခံထားရသဖြင့် မျက်ဖြူပါလန်လာ၏။
“ဂျွတ်”
အရိုးကျိုးသံ ထွက်ပေါ်လာပြီးနောက် အရိပ်နတ်ဆိုး လည်လိမ်ကာ သေဆုံးသွားလေသည်။ တစ်ချက်တည်းဖြင့် ရန်သူကို ရှုံးသွားပြီး လည်လိမ် အသတ်ခံရလေပြီ။ မျက်စိရှေ့မှ မြင်ကွင်းက လူတိုင်းကို တုန်လှုပ် ချောက်ချား သွားစေသည်။
*သန်မာတယ်*
ယဲ့ဖန်၏ ခွန်အားက ဟွိုင်အန်းမြို့ အင်အားစုများကို ဆောက်တည်ရာမရ ဖြစ်သွားစေသည်။
“ကောင်းပြီလေ၊ ဟေ့ကောင် ငါ မင်းကို သတ်ပစ်မယ်ကွ”
ထိုစဉ် ယဲ့ကျန်းချောင်က ပို၍ ရက်စက်ယုတ်မာသော အသံဖြင့် ရယ်မောလေသည်။ သူ့အသံ၌ မည်သည့် ကြောက်ရွံ့စိတ်မျှ မရှိပေ။ သူ၏ စိတ်ထဲတွင် ယဲ့ဖန် ပိုသန်မာလေ ယဲ့ဖန်၏ သေခြင်းက ပိုဆိုးရွားလေဟု သတ်မှတ် ထားသည်။
ဤသည်ကိုကြည့်ပြီး ယဲ့လုံအန်နှင့် အခြားသူများသည် နှလုံးဆေး စားလိုက်ရသကဲ့သို့ စိတ်အေးသွားပြီး သက်ပြင်းချ လိုက်မိသည်။
ယဲ့ကျန်းချောင်၌ အခြားနည်းလမ်း ရှိနေသေးသည်။ မြင့်မြတ်သော ယဲ့မိသားစုက အလွယ်တကူ အထိခိုက်ခံမည် မဟုတ်ကြောင်း သူတို့ သိလိုက်သည်။
ဒုန်း!
အရိပ်နတ်ဆိုး၏ ခန္ဓာကိုယ် ကြမ်းပြင်ပေါ် လဲကျသွားချိန်တွင် ထိတ်လန့်ဖွယ်ကောင်းသော ခြေသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
“အမည်မသိ လူကြီးမင်းလို့ ခေါ်နေတဲ့ကောင်က ဘယ်လောက် သန်မာလဲဆိုတာကို ဒီလူအိုကြီး သိချင်တယ်”
ထိုလူသည် အဘိုးအိုတစ်ယောက် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က ကြံ့ခိုင်မာကြောပြီး ခြေဆံလက်ဆံ ရှည်လျားကာ ဆံပင်များက နက်မှောင်နေ၏။ သူ၏ တစ်ကိုယ်လုံးမှ မိစ္ဆာဆန်သော စွမ်းအင်များ ထွက်ပေါ်နေသည်။
“ထုန် … ထုန်ရှန် ကျွီရမ်”
တစ်ခဏအတွင်း လူအုပ်ကြီတစ်ခုလုံး ထိတ်လန့်သွားကြပြီး မျက်နှာတွင် ကြောက်ရွံ့ဟန်များ ထင်ဟပ်လာ၏။ ထိုသူသည် လက်တံများက မျောက်ဝံကဲ့သို့ ရှည်လျားပြီး ခွန်အားက တောင်တစ်လုံးသဖွယ် ကြီးမားလှည်။
ထိုသူသည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ ဂုဏ်သတင်းအရဆိုလျင်လည်း လင်းကျန်းထျန်းနှင့် အရိပ်နတ်ဆိုးတို့ထက် သာလွန်ပြီး အင်မော်တယ်ဟု သတ်မှတ်ခံထားရသူ ဖြစ်သည်။
တစ်ချိန်က သူတစ်ယောက်တည်း၏ ခွန်အားဖြင့် ဈာန်ဝင်စားခြင်းအဆင့် ရောက်နေသော သိုင်းပညာရှင် ဆယ်ယောက်ကျော်အား အနိုင်ယူပြီး ခေါင်းဖြတ်သတ်ခဲ့သဖြင့် တစ်ဟုန်ထိုး နာမည်ကြီးလာခဲ့သည်။
ထို့နောက်တွင် သူနှင့် ယှဉ်နိုင်သူကို မတွေ့တော့သဖြင့် တောင်များတွင် လျှို့ဝှက်နေထိုင်ပြီး တံခါးပိတ် ကျင့်ကြံခဲ့သည်။ သူ့ဘဝတစ်လျှောက်လုံး အရှုံးနှင့် မရင်ဆိုင်ဖူးချေ။ သူသည် ဒဏ္ဍာရီလာ အင်မော်တယ် တစ်ပါးသာ ဖြစ်သည်.
နဂါးမြို့တော်မှ ယဲ့မိသားစုက ဤဒဏ္ဍာရီလာ အင်မော်တယ်အား တောင်ပေါ်မှ ဆင်းလာအောင် လုပ်နိုင် လိမ့်မည်ဟု ထင်မထားမိပေ။
ယဲ့မိသားစု၏ နည်းလမ်းများက ကြောက်စရာကောင်းလှပေသည်။ ထုန်ရှန် ကျွီရမ်ကို မြင်လိုက်သည့် အခိုက်တွင် ယဲ့လုံအန်နှင့် အခြားသူများအားလုံး ချက်ချင်း စိတ်လှုပ်ရှားလာကြသည်။
ယဲ့ဖန်၌ ကြီးမားသော အရည်အချင်း ရှိလျင်တောင်မှ ယခု သူ မလွတ်မြောက်နိုင်တော့ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့မှ လူသည် ပြိုင်ဘက်ကင်း စစ်နတ်ဘုရား ဖြစ်နေသောကြောင့်ပင်။
လွန်ခဲ့သော ဆယ်စုနှစ်ကတည်းက ထုန်ရှန် ကျွီရမ်က ပြိုင်ဘက်ကင်းခဲ့ပြီး လက်ရှိတွင် သူ မည်သည့်အဆင့်သို့ ရောက်နိုင်ကြောင်း မည်သူမှ မခန့်မှန်းနိုင်ပေ။ လူတိုင်း ထုန်ရှန်ကျွီရမ်ကို လေးစားအားကျစွာ ကြည့်နေကြသည်။
ထန်မင်လီနှင့် အခြားသူများ မျက်မှောင်ကြုတ်နေ၏။ သူတို့ ပထမဆုံးအကြိမ် စိုးရိမ်စိတ် ဝင်လာသည်။ အဘယ်ကြောင့်ဆိုသော် ဤမကောင်းဆိုးဝါးအိုကြီးက ကြောက်စရာကောင်းလှသောကြောင့်ပင်။
“ယဲ့ဖန် နင် နေရာမှာတင် အသေခံဖို့ ငါ အကြံပေးလိုက်မယ်၊ ဆိုးရွားတဲ့ ဘဝမှာ အသက်ရှင်နေတာထက် သေသွားတာက ပိုကောင်းတယ်”
စုန့်ကျီရှီးက ပျက်ရယ်ပြုလေသည်။ အဘယ်ကြောင့်ဆိုသော ရာဇဝင်များအရ ထုန်ရှန် ကျွီရမ်က လူတစ် ယောက်အား အရိုးတစ်ချောင်းပြီး တစ်ချောင်း ချိုးရသည်ကို နှစ်ခြိုက်သည်ဟု ဆိုသည်။ သူ၏ နည်းလမ်းက အလွန် နာကျင်စရာ ကောင်းလှ၏။ ထို့အပြင် သူသည် လူ့အရေခွံနွှာ၍ ဦးနှောက်အား ဖောက်စားရသည်ကိုလည်း နှစ်သက် သေးသည်။
သားကောင်များ အားလုံးသည် အသက်ရှင်နေသေးသော လူများသာ ဖြစ်သည်။ ထုန်ရှန် ကျွီရမ်၏ စကားအရ အသက်ရှင်နေသော လူများ၏ ဦးနှောက်ကို စားရသည်က ပိုလတ်ဆတ်သည်ဟု ဆိုသည်။
ကောလာဟလများအရ ထုန်ရှန်ကျွီရမ်သည် လူတစ်ယောက် မဟုတ်ဘဲ အာဖရိက မျောက်လွှဲကျော်မှ အသိစိတ် ဝင်လာပြီး လူအဖြစ်သို့ ပြောင်းလဲလာသည်ဟု ဆိုလေသည်။ ထို့ကြောင့် ဇာတ်တူသား စားရသည်ကို နှစ်ခြိုက်သည်ဟု ဆို၏။
ယဲ့ဖန်၏ အဆုံးသတ်ကို သူတို့ ကြိုခန့်မှန်းနိုင်နေကြသည်။ ထုန်ရှန် ကျွီရမ်၏ လက်ထဲ၌ ယဲ့ဖန် အရေခွံ အခွာခံရပြီး အစားအသောက်သဖွယ် အစားခံရတော့မည်ကို မြင်ယောင်ပြီး ယဲ့လုံအန်နှင့် အခြားသူများ စိတ်လှုပ်ရှားကာ တုန်ယင်လာကြသည်။
“လူကြီးမင်းယဲ့ ခင်ဗျား အရင် အနားယူလိုက်ပါ၊ ဒီအဆင့်လေးက ခင်ဗျားနဲ့ တိုက်ဖို့ မထိုက်တန်ပါဘူး”
ထိုစဉ် ယဲ့ဖန်၏ဘေးသို့ လူငယ်တစ်ယောက် ရောက်လာသည်။ တာအို ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ကြည်လင်သော မျက်လုံးတစ်စုံနှင့် အတွေ့အကြုံ ရင့်ကျက်သော လူငယ်တစ်ယောက်ပင်။ ထိုသူကား အရှင် ရန်တန်း ဖြစ်ပေသည်။
“ရန်တန်းလား၊ ငါ့ကို ရှုံးသွားတဲ့လူမလား၊ ဘာလို့လဲ မင်းက ထပ်ပြီး သေချင်နေတာလား”
သူ့ကိုမြင်ပြီးနောက် ထုန်ရှန် ကျွီရမ်က ပျက်ရယ်ပြုလေသည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်က သူ ရွာတစ်ရွာကို ဝင်သတ်ကာ ရာချီသော ရွာသားများ၏ ဦးနှောက်ကို ဖောက်စားခဲ့သည်။
သူ မွေးကင်းစ ကလေးငယ်တစ်ယောက်၏ ဦးနှောက်ကို စုပ်ယူနေစဉ်တွင် ရန်တန်း ရုတ်တရက် ပေါ်လာပြီး သူ့အား တိုက်ခိုက်ခဲ့သည်။
သို့သော် ရန်တန်း အပြင်းအထန် ဒဏ်ရာရပြီး ထွက်ပြေးခဲ့ရသည်။ ရန်တန်းသာ ခပ်မြန်မြန် ထွက်မပြေးခဲ့လျင် သူ့လက်ထဲ၌ သေသွားလောက်သည်။ ထိုတိုက်ပွဲသည် ရန်တန်းအတွက် တစ်ဘဝလုံး အရှက်ရနေမည့် အဖြစ်ပင်။
“ဒီနှစ်တွေ အတောအတွင်း မင်းရဲ့ ထွက်ပြေးတဲ့ အရည်အချင်း တိုးတက်လာပြီလား၊ ဟားဟားဟား”
သူ့စကားကြောင့် လူတိုင်း အုတ်အော်သောင်းတင်း ဖြစ်သွားလေသည်။
*အရှင်ရန်တန်းက ထုန်ရှန် ကျွီရမ်ဆီမှာ ရှုံးသွားတာလား၊ ထွက်တောင် ပြေးခဲ့ရတာလား*
ရန်တန်း၏ မျက်နှာထား မည်းမှောင်သွားပြီး ပြန်အော်လိုက်သည်။
“အခုငါက အရင်ငါ မဟုတ်တော့ဘူး၊ ငါ မင်းကို အလွယ်တကူ သတ်နိုင်နေပြီ”
အဘယ်ကြောင့်ဆိုသော် သူ ယဲ့ဖန်၏ လမ်းညွှန်သင်ကြားခြင်း ခံရပြီးသား ဖြစ်သည်။ သူ့ကိုယ်သူ ယုံကြည်မှုရှိနေပြီး ထုန်ရှန်ကျွီရမ်နှင့် တိုက်နိုင်မည်ဟု ယုံကြည်လေသည်။
“တကယ်လား ဒါဆိုလည်း ငါ့လက်အောက်မှာ မင်း လှည့်ကွက် ဘယ်နှစ်ခု လုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့”
ထုန်ရှန် ကျွီရမ်က ကျယ်လောင်စွာ အော်ဟစ်လေသည်။ သူ၏ ခန္ဓာကိုယ်၌ အားအင်များဖြင့် ပြည့်နှက်နေပြီး စိတ်အား တက်ကြွလျက် ရှိသည်။
ကျောချမ်းဖွယ်ကောင်းသည့် အရှိန်အဝါများ ဘေးသို့ ပျံ့လွင့်လာပြီး လူတိုင်း ခေါင်းမွေးထောင်လာ၏။ အရှိန်အဝါလေး တစ်ခုနှင့်တင် သူတို့အား လုံးဝ ဖိနှိပ်ထားနိုင်နေ၏။ သိုင်းပညာရှင်များအားလုံး အသက်ပင် မရှူနိုင်အောင် ဖြစ်သွားရသည်။
ဤသည်မှာ အင်မော်တယ်များ၏ နည်းစနစ်ပင်။ သူတို့ စတိုက်သည်နှင့် မည်သူမျှ ပြန်လည်ခုခံနိုင်မည့် သတ္တိ မရှိပေ။ ထုန်ရှန်ကျွီရမ်က ပြိုင်ဘက်ကင်းပေသည်။
“ရန်တန်း သေလိုက်တော့”
ထို့နောက် ထုန်ရှန်ကျွီရမ်သည် လက်နှစ်ဖက်လုံးကို မြှောက်၍ ယန်စွမ်းအင်များကို လက်မောင်းတစ်လျှောက် ပို့လွှတ်ကာ အရှိန်ဖြင့် ရိုက်ချလေသည်။
“ပျက်စီးခြင်း”
ထုန်ရှန်ကျွီရမ်သည် ဤသိုင်းကွက်ဖြင့် နာမည်ကျော်လာခဲ့ပြီး နှစ်နှစ်ဆယ် ကြာသည့်တိုင်း သူ၏ ခွန်အားက ပိုမို ကြောက်စရာ ကောင်းလာသည်။ ယန်စွမ်းအင်လှိုင်းများက ရန်တန်းထံ ဒေါသတကြီး ကျရောက်လာ၏။
“ဝုန်း”
သို့သော် ရန်တန်းသည် ဂရုမစိုက်ဟန်ဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
“ဒီမိစ္ဆာကောင်ကို သတ်နိုင်အောင် ကျုပ်ကို ကူညီပြီး ဥပဒေသ သင်ပေးတဲ့ လူကြီးမင်းယဲ့ကို ကျေးဇူး အများကြီး တင်ပါတယ်”
“ကောင်းကင် လှုပ်ခါခြင်း”
နတ်ဆိုးစွမ်းအင်များက ထုန်ရှန်ကျွီရမ်၏ ယန်စွမ်းအင်နှင့် ထိပ်တိုက် တွေ့ဆုံသွားလေသည်။
“ရွှစ်”
သွေးများ ပန်းထွက်လာပြီး ထုန်ရှန်ကျွီရမ်၏ လက်မောင်းများ ပြတ်ထွက်သွားသည်။