အခန်း ၁၁၃၃
Vol. 76 Ch. 1133
Chapter 1133 တကယ် ရူးနေတာပဲ
“နောက်သုံးမိနစ်အတွင်း သူ့ကို မသတ်နိုင်ရင် မင်း သေရမယ်”
လူတိုင်း အတွေးထဲ ဟာလာဟင်းလင်း ဖြစ်နေကြပြီး ထင်ယောင်ထင်မှား ဖြစ်နေသလားဟုပင် ထင်မှတ် လာကြသည်။
*ယဲ့ဖန်က ရန်တန်းကို သုံးမိနစ်အတွင်း ထုန်ရှန်ကျွီရမ်ကို သတ်ဖို့ ပြောနေတာလား*
*ထုန်ရှန်ကျွီရမ် အထိနာနေပြီလို့ တကယ် ထင်နေတာလား*
*ဒါက ထုန်ရှန်ကျွီရမ်လေ*
*ဒါ အရင်ကတည်းက ပြိုင်ဘက်ကင်းခဲ့တဲ့ ပုဂ္ဂိုလ်လေ၊ လမ်းထဲက ခွေးတွေကြောင်တွေလို အလွယ်လေး သတ်လို့ ရတယ်များ မှတ်နေလား*
*စိတ်ကူးယဉ်နေတာပဲ*
ထိုစကားကို ထုန်ရှန်ကျွီရမ် ကြားသောအခါ မုန်တိုင်းထန်သကဲ့သို့ ဖြစ်သွားလေသည်။
*ငါ ဘယ်တုန်းက ဒီလောက် အထင်သေးခံလိုက်ရတာလဲ*
“မျိုးမစစ်လေး ငါ မင်းကို အရေခွံနွှာပြီး ရစရာမရှိအောင် လုပ်ပစ်မယ်ကွ”
ထုန်ရှန်ကျွီရမ်က ခက်ထန်ကြမ်းကြုတ်သော အကြည့်များဖြင့် ယဲ့ဖန်ထံသို့ ရုတ်တရက် ပြေးဝင်သွားလေသည်။ ယဲ့ဖန်အား ရန်တ််းထက် သူ ပိုမုန်းတီးသည်။ ယဲ့ဖန်ကြောင့်သာ မဟုတ်ပါက သူ ယနေ့ ဤသို့ ဖြစ်လာမည် မဟုတ်ပါ။
“လူကြီးမင်းယဲ့ကို တိုက်ချင်တယ်ပေါ့လေ၊ မင်းကိုယ်မင်း အဲ့လောက် ထိုက်တန်တယ် ထင်နေတာလား”
ရန်တန်းက ရယ်မော၍ ထုန်ရှန်ကျွီရမ်ထံ ချဉ်းကပ်သွားသည်။ ထုန်ရှန်ကျွီရမ်၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး နောက်သို့ ရုတ်တရက် ပြန်လှည့်လိုက်သည်။ သူ့လက်ထဲ၌ သလင်းဆူးချွန်တစ်ခု ကိုင်ထားပြီး ထိုဆူးချွန်ဖြင့် ရန်တန်းကို ထိုးနှက်လေသည်။
“ကောက်ကျစ်တယ်”
ရုတ်ချည်းဆိုသလိုပင် ရန်တန်း မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ တစ်ဖက်လူက လက်သီးချင်း ယှဉ်ထိုးနေရာမှ ကောက်ကျစ်စွာဖြင့် လက်နက် ထုတ်သုံးလာလိမ့်မည်ဟု သူ ထင်မထားမိပါ။ ရန်တန်းက လက်ဆီသို့ ယန်စွမ်းအင်များ ပို့လွှတ်၍ ပြန်ခုခံလိုက်သည်။
“ရွှစ်”
သို့ရာတွင် ရန်တန်း၏ လက်၌ ကြီးမားသော အပေါက်ရာတစ်ခု ဖြစ်ပေါ်လာလေသည်။ ထိုဆူးချွန်သည် ဘာနှင့် ပြလုပ်ထားမှန်း မသိသည့်အပြင် ယဲ့ဖန် သင်ပေးထားသော သိုင်းကွက်ဖြင့် ခုခံတာတောင်မှ ရန်တန်း ဒဏ်ရာ အပြင်းအထန် ရသွားရသည်။
“ရန်တန်း သေလိုက်တော့”
ဤသည်ကိုမြင်ပြီး ထုန်ရှန်ကျွီရမ် ရုတ်တရက် ထရယ်ကာ လက်သီးဖြင့် ထပ်ထိုးလေသည်။
“ဖုန်း”
ရန်တန်း လွင့်ထွက်သွားပြီး နံရံများနှင့် ဆက်တိုက်တိုက်မိကာ တစ်ကိုယ်လုံး နံရံထဲ မြုပ်ဝင်သွားပြီးနောက် သွေးအန်လေသည်။
“ယဲ့ကျန်းချောင် မင်း ဒီလောက်ထိ အရှက်မဲ့လှချည်လား၊ မင်း လက်သီးချင်းယှဉ်ထိုးမယ်လို့ ပြောပြီးမှ လက်နက် ထုတ်သုံးရလား”
ထန်မင်လီနှင့် အခြားသူများ ချက်ချင်း ဒေါသူပုန် ထလာကြသည်။ တစ်ဖက်မှ လူများသည် ခိုးကြောင်ခိုးဝှက် လက်နက်ထုတ် တိုက်ခိုက်သဖြင့် အလွန် စက်ဆုပ်ဖွယ် ကောင်းလှသည်။ သို့ရာတွင် ယဲ့ကျန်းချောင်က ထီမထင်ဟန်ဖြင့် ပြုံးနေသည်။
“အနိုင်ရသူက အကုန်ရမှာပဲလေ၊ စစ်ပွဲမှာ မတရားတာ မရှိဘူး၊ အနိုင်ရဖို့အတွက် ဘာနည်းမဆို သုံးနိုင်တာပဲကို၊ ဘာလို့ အရေးမပါတာတွေ ပြောနေတာလဲ”
“မင်း”
ဖျင်အန်းမြို့မှ လူတိုင်း ဒေါသထွက်လာကြသည်။ တစ်ဖက်လူက တိုက်ခိုက်နေစဉ်အတွင်း မသမာသောနည်းကို အသုံးပြုသော်လည်း မှန်ကန်သယောင် ပြောဆိုနေ၏။
“ထုန်ရှန်ကျွီရမ် အဲ့ကောင်ကို မြန်မြန်မသတ်နဲ့ဦး”
ယဲ့ကျန်းချောင်က အလွန် ရက်စက်သော အပြုံးမျိုး ပြုံးနေပြီး သူ့မျက်နှာ၌ အလွန် စိတ်လှုပ်ရှားဟန်များ ထင်ဟပ် နေသည်။ အနိုင်ရသူသည် ဘုရင်သဖွယ် ဖြစ်လာမည်။ ထို့ကြောင့် အနိုင်ရမည်ဆိုပါက ကောက်ကျစ်သော နည်းလမ်းများပါ ထုတ်သုံးလည်း ကိစ္စမရှိပေ။
သူ ယဲ့ဖန်ကို တမလွန်ခရီးသို့ ပို့ရန် မစောင့်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ကျုံးဝမ်နှင့် ယဲ့ဖန်တို့ အတူတူ ထိုင်နေသည်ကိုမြင်ပြီး ထိုအတွဲအား မသေမချင်း နှိပ်စက်ရန် သူ မစောင့်နိုင်တော့ပေ။
လက်ရှိတွင် သူ့စိတ်ထဲ၌ အရှက်ကွဲသော ခံစားချက်သာ စိုးမိုးနေ၏။ ကျုံးဝမ်က သူ့ကို ငြင်းခဲ့သော်လည်း သူ့ရန်သူ၏ ရင်ခွင်တွင်းသို့ ရောက်နေလေသည်။
*ဒီမိန်းမပျက် တကယ် သေသင့်တယ်*
သို့သော် ယဲ့ကျန်းချောင်၏ အကျင့်စရိုက်အရ ကျုံးဝမ်ကို သတ်ချင်စိတ် မရှိပေ။ ကျုံးဝမ်ကို ဖမ်းမိသနှင့် သူမအား ဆောင်ကြာမြိုင်သို့ ပို့ကာ သူမအား ယောက်ျားပေါင်းစုံ၏ အသုံးတော်ခံရအောင် လုပ်မည်ဟု ဆုံးဖြတ်ထားသည်။
*မင်း မာနကြီးနေခဲ့တာမလား*
*မင်း ဖြောင့်မတ်တယ် မဟုတ်လား*
*မင်း ညစ်ညမ်းတဲ့ မိန်းမပျက် ဖြစ်လာတဲ့အချိန်ကျရင် မင်း ဘယ်လောက် မာနကြီးဦးမလဲ ကြည့်ရသေးတာပေါ့*
ရန်တန်းသည် ဒဏ်ရာ တစ်ချက်ရသွားပြီးသည်နှင့် ချက်ချင်းဆိုသလို တိုက်ပွဲဝင် စွမ်းအား ဆုံးရှုံးသွားလေသည်။ ထုန်ရှန်ကျွီရမ်၏ ကြီးမားသော ခွန်အားက အတောမသတ်နိုင်ပေ။ သူ၏ လက်သီးချက်များအောက်၌ ရန်တန်း၏ အရိုးများ ကျိုးကြေကာ သေလုနီးပါး ဖြစ်လာရသည်။
ရန်တန်း မချိပြုံး ပြုံးလိုက်မိပြီး အပြစ်ရှိသလို ခံစာနေမိသည်။
*ငါ လူကြီးမင်းယဲ့ စိတ်ပျက်သွားအောင် လုပ်လိုက်မိပြီ*
“စက်ဆုပ်စရာကောင်းတဲ့လူတွေ၊ မင်းတို့က ဒီလောက် အရှက်မဲ့နေမှတာ့ ငါတို့ဘက်က ပြန်တုံ့ပြန်မယ်ဆိုရင် အဆိုးလာမဆိုနဲ့”
ထန်မင်လီက ကျယ်လောင်စွာ အော်ဟစ်၍ အနောက်မှ လူအုပ်ကြီးကို လှည့်ကြည့်လိုက်သည်။
“အားလုံး အတူတက်ကြမယ်၊ အရှင်ရန်တန်းကို ကာကွယ်ကြ”
“ဟုတ်တယ် တက်ကြမယ်၊ လူကြီးမင်းယဲ့ကို ငါတို့မြို့ရဲ့ ခွန်အားကို မြင်အောင် ပြရမယ်”
“တက်”
ဖျင်အန်းမြို့သားများက သံပြိုင်ကြွေးကြော်၍ အရှေ့သို့ ပြေးတက်သွားလေသည်။ ယဲ့ဖန်က ထန်မင်လီကို ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်သည်။ ထန်မင်လီက ရုတ်တရက် ဦးညွှတ် အရိုအသေပေး၍ လေးနက်စွာ ပြော လေသည်။
“လူကြီးမင်းယဲ့ ဝင်မပါဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်”
“ဪ ဘာလို့လဲ”
ယဲ့ဖန်က စိတ်ဝင်တစား ပြန်မေးလိုက်သည်။
“အခုအချိန်မှာ လူကြီးမင်းက ဖျင်အန်းတစ်မြို့လုံးကို ကိုယ်စားပြုတဲ့ ကျွန်တော်တို့ ဘုရင်ပါ၊ အခုချိန်မှာ ကျွန်တော်တို့ကို လူကြီးမင်းရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးခွင့် ပြုမယ်လို့ မျှော်လင့်ပါတယ်”
ဖျင်အန်းမြို့သားများ ဖြစ်သော သူတို့သည် ယဲ့ဖန်၏ နောက်လိုက်ဖြစ်ရန် အရည်အချင်း ပြည့်မီကြောင်း လောကကြီးအား ပြသချင်နေ၏။ ယဲ့ဖန် မလှုပ်ရှားလျင်တောင်မှ သူတို့ ဖျင်အန်းမြို့သားများသည် လူတကာ စော်ကားခြင်း ခံရမည့်လူများ မဟုတ်ကြောင်း ပြသချင်သည်။
“လူကြီးမင်းယဲ့ ဝင်မပါဖို့ ကျွန်တော် တောင်းပန်ပါတယ်”
ဖျင်အန်းမြို့မှ အင်အားကြီး ပုဂ္ဂိုလ်တိုင်းက သံပြိုင် အော်ပြောလာကြသည်။ သူတို့အားလုံး ယဲ့ဖန်ရှေ့၌ အစွမ်းပြ ချင်ကြသည်။ သူတို့၏ နတ်ဘုရားရှေ့၌ သူတို့ ကောင်းကောင်း လုပ်ဆောင်နိုင်ကြောင်း ပြသချင်၏။ သူတို့ အသက် ပေးရမည် ဆိုလျင်တောင်မှ သူတို့ သက်သေပြချင်နေသည်။
ကျုံးဝမ် အလွန်အမင်း မှင်တက်သွားရသည်။ သူမ ထန်မင်လီကို မြင်ဖူးသဖြင့် ထိုလူက ဖျင်အန်း၌ မည်မျှ အဆင့် မြင့်မားကြောင်း သိနေသည်။
ယခု သူမ မြင်နေရသည့်လူမှာ ကြီးကျယ် မြင့်မြတ်သော အဘိုးအိုတစ်ယောက် မဟုတ်ဘဲ လူကြီးများအား မျက်နှာလုပ်ရန် စိတ်အားထက်သန်နေသော ကလေးတစ်ယောက်သာ ဖြစ်နေ၏။
*ယဲ့ဖန်က အသက်နှစ်ဆယ် စွန်းစွန်းပဲ ရှိသေးတာကို၊ ထန်မင်လီနဲ့ အခြားသူတွေရဲ့ လေးစားထာကို ခံရအောင် သူ ဘာများ လုပ်လိုက်တာလဲ*
*အရူးတွေ*
*ဒီလူတွေက တကယ် အရူးတွေပဲ*
*ဘယ်လိုလူမျိုးက ဒီအရူးတွေရဲ့ လေးစားတာကို ခံရတာလဲ*
ကျုံးဝမ်သည် ဘေးနားမှ ယဲ့ဖန်ကို ငေးမကြည့်ဘဲ မနေနိုင် ဖြစ်သွားရသည်။ ဤထူးဆန်းသောလူကို ကြည့်ပြီး သူမရင်ထဲ၌ တုန်လှုပ်လာလေသည်။
”ကောင်းပြီ ငါ ဝင်မပါဘူး”
ယဲ့ဖန်က ရယ်၍ ပြန်ကြည့်နေလိုက်သည်။ ထိုအခါတွင်မှ ထန်မင်လီနှင့် အခြားသူများအားလုံး ပြုံးလာကြသည်။ ထို့နောက် ထန်မင်လီက သူ့လူများကို ပြန်ကြည့်၍ အသံကျယ်ကျယ်ဖြင့် ကြုံးဝါးလိုက်သည်။
“ဒီနေ့ တိုက်ပွဲက ဖျင်အန်းမြို့ရဲ့ ဂုဏ်သိက္ခာနဲ့ ဆက်စပ်နေတယ်၊ အဲ့တော့ အသက်မသေမချင်း တိုက်ပွဲဝင်ကြမယ်”
“အသက်စွန့်ပြီးတိုက်မယ်ကွ”
အင်အားကြီး ပုဂ္ဂိုလ်များအားလုံး သံပြိုင် ဟစ်ကြွေးလာကြသည်။ သူတို့အားလုံး တိုက်ခိုက်ချင်စိတ်များဖြင့် စိတ်အား ထက်သန်နေသည်။
ယဲ့ကျန်းချောင်မှာမူ မည်းမှောင်နေ၏။ အဘယ်ကြောင့်ဆိုသော် သူ တစ်စုံတစ်ရာကို ရှုံးနိမ့်သွားကြောင်း သိနေ သောကြောင့်ပင်။ သူ ရှုံးသွားသောအရာမှာ လူတစ်ယောက်၏ စိတ်နှလုံးသား ဖြစ်သည်။
ဟွိုင်အန်းမြို့မှ ဤလူများသည် သူ့အား ကြောက်ရွံ့သော်လည်း မလေးစားကြပေ။ သို့သော် တစ်ဖက်မှ ဖျင်အန်း မြို့သားများမှာမူ ယဲ့ဖန်အား နတ်ဘုရားသဖွယ် လေးစားကြည်ညိုကြသည်။ ယဲ့ဖန်အတွက် အသက်စတေးလိုစိတ် ရှိ၏။ ဤသည်မှာ သူတို့ကြားမှ ခြားနားမှုပင်။
“သေကြ”
“မင်းတို့အားလုံး သေရမယ်ကွ”
ယဲ့ကျန်းချောင်းက ရူးမတတ် ဖြစ်နေပြီး ကျယ်လောင်စွာ အော်ဟစ်လေသည်။
“သူတို့အားလုံးကို သတ်ပစ်”
ဟွိုင်အန်းမြို့မှ သိုင်းပညာရှင်များအားလုံး ချက်ချင်း ရှေ့သို့ပြေးတက်သွားကြသည်။ သို့သော် တစ်ယောက်ချင်းစီ ရင်ဆိုင် တိုက်ခိုက်သောအခါ ဟွိုင်အန်းမြို့မှ သုံးပုံတစ်ပုံခန့် ထိခိုက်ဒဏ်ရာ ရလာ၏။
“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”
သူတို့အားလုံး ဒေါသူပုန် ထလာပြီး အဖြစ်အပျက်အား လက်မခံနိုင် ဖြစ်လာလေသည်။ သူတို့သည် ခွန်အားနှင့် လူအင်အားအရ ပိုသာလေသည်။ သူတို့၏ ခွန်အားများသည် ဖျင်အန်းမြို့မှ လူများထက် အနည်းငယ် ပိုမြင့်မား ကြသည်။
သို့သော် လူတစ်ယောက်တည်းအတွက် တိုက်ခိုက်သော လူများ၏ လက်အောက်၌ သူတို့ဘက်မှ သုံးပုံတစ်ပုံ ထိခိုက်လာမည်ဟု သူတို့ တစ်ခါမှ ထင်မထားမိပါ။
တဖြည်းဖြည်းနှင့် ဖျင်အန်းမြို့သားများ၏ မျက်လုံးများက သွေးဆာဟန် စွန်းထင်းနေပြီး မျက်နှာများက တင်းမာနေကာ သေရမည်ကို မကြောက်ကြသည်ကို သူတို့ မြင်လာကြသည်။
သူတို့ ဒဏ်ရာရလျင်လည်း ဆက်၍တိုက်ခိုက်ဆဲပင်။ မသေမချင်း တိုက်ခိုက်နေကြခြင်းပင်။ အသက်ပင် စတေးနိုင် သည်အထိ တိုက်ခိုက်နေကြသည်။ ယဲ့ဖန်ထံမှ သူတို့အပေါ် အသိအမှတ်ပြုလာစေရန်အတွက် ဤလူများက အသက် ပင်စွန့်၍ တိုက်ခိုက်နေကြ၏။
တစ်ခဏကြာသော် ယဲ့ကျန်းချောင်တို့အားလုံး တစ်စုံတစ်ရာကို နားလည်သွားကြသည်။ ထိုအချက်မှာ ဤလူများ အားလုံး အမှန်တကယ် ရူးနေသည်ဟူသော အချက်ပင်။