အခန်း ၁၁၃၅
Vol. 76 Ch. 1135
Chapter 1135 ဒါ အကုန်ပဲလား
နတ်ဆိုးဧကရာဇ် ဒေါသထွက်လာလေပြီ။
“ငါတို့ အားလုံး သေရမယ် ဟုတ်လား၊ မင်းသဘောအတိုင်း ဖြစ်မယ် ထင်နေလား၊ ဟားဟားဟား …”
ထုန်ရှန်ကျွီရမ်က ဟက်ဟက်ပက်ပက် ရယ်မောလေသည်။ ထို့နောက် အရိုးဆူးချွန်ကိုကိုင်၍ ယဲ့ဖန်ထံ တစ်လှမ်းချင်း လှမ်းလာသည်။
“ယဲ့ဖန် မင်းက တခြားသူတွေအပေါ် မှီခိုတဲ့ အမှိုက်သာသာပဲ ရှိတယ်၊ သူတို့ ကာကွယ်မှုမရှိတော့ရင် ငါ မင်းကို ဘယ်လို ရှစ်ပိုင်း ပိုင်းပြမလဲ စောင့်ကြည့်နေလိုက်”
“လူကြီးမင်းယဲ့ကို ကာကွယ်ကြ”
ဤအဖြစ်ကြောင့် ထန်မင်လီ အော်ဟစ်၍ သတိပေးလိုက်သည်။ သို့သော် ထိုအခိုက်တွင် ယဲ့ဖန်က လက်ကာပြ လိုက်ပြီး ထုန်ရှန်ကျွီရမ်အား မော့ကြည့်၍ အော်ထုတ်လိုက်လေသည်။
“ထွက်သွား”
ထိုအသံက နတ်ဆိုးတစ်ကောင်၏ အော်သံလိုပင်။ နားကွဲမတတ် ကျယ်လောင်၍ လူတိုင်း ထိတ်လန့်သွားကြသည်။
“အား…”
အားလုံး အော်ဟစ်၍ နားနှစ်ဖက်ကို အလျင်အမြန် အုပ်လိုက်ကြသော်လည်း အသုံးမဝင်ချေ။
“ဖောက် ဖောက် ဖောက်”
ထူးဆန်းသော အသံတစ်သံနှင့်အတူ ဟွိုင်အန်းမြို့မှ အင်အားကြီး ပုဂ္ဂိုလ်များအားလုံး ပေါက်ကွဲကာ သွေးအိုင် အဖြစ်သို့ ပြောင်းလဲသွားကြသည်။
ထိုနတ်ဆိုးအော်သံက မိုးမြေကိုပင် ဖျက်စီးနိုင်ပုံရသည်။ ထန်မင်လီနှင့် အခြားသူများ အလွန်အမင်း မှင်တက် သွားလေသည်။
*ယဲ့ဖန် ဒေါသတကြီး အော်လိုက်တဲ့အသံက တစ်ဖက်က သိုင်းပညာရှင်တွေကို သတ်နိုင်တာလား၊ ဒါ ဘယ်လို ဖြစ်သွားတာလဲ*
*အိပ်မက်မက်နေသလိုပဲ*
ယဲ့ဖန် ဒေါသတကြီး အော်လိုက်သည့်အသံက လူများစွာကို သတ်နိုင်လိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိပါ။ သူ၏မျက်လုံးထဲတွင် ထိုသိုင်းပညာရှင်များသည် သူ တစ်ချက်တိုက်ခိုက်သည်ကိုပင် တောင့်မခံနိုင်သည့် ပုရွက်ဆိတ်ကဲ့သို့ လူများသာ ဖြစ်လေသည်။
*နတ်ဆိုး*
*ဒါကမှ တကယ့် နတ်ဆိုးပဲ*
ဤသည်ကိုမြင်ပြီး ယဲ့ကျန်းချောင်နှင့် အခြားသူများ ကြောက်လန့်စပြုလာသည်။ ယဲ့ဖန်သည် တစ်ချိန်လုံး ဘာမှမလုပ်ဘဲ ကြည့်နေခဲ့သော်လည်း သူ စလှုပ်ရှားလာသည်နှင့် လူပေါင်းများစွာ သေဆုံးရပြန်သည်။
*ကြောက်စရာကောင်းတယ်*
*ဒါ လုံးဝ လူသုံးတဲ့နည်း မဟုတ်ဘူး*
ခန္ဓာကိုယ် တစ်စစီ အက်ကွဲကာ အရေပြားများ အရည်ပျော်ကျ၍ သွေးအိုင်ဖြစ်သွားသော ထုန်ရှန်ကျွီရမ်ကို ကြည့်ပြီး လူတိုင်း တုန်လှုပ်နေကြသည်။ ယဲ့ဖန်မှာမူ ဒေါသူပုန်ထနေသော မိစ္ဆာတစ်ကောင်သဖွယ် ဖြစ်နေပြီး အေးတိအေးစက် ပြုံးနေ၏။
“သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံး တစ်လုံးပဲ”
ယဲ့ဖန်က နတ်ဆိုးတစ်ကောင်သဖွယ် ဒေါသတကြီး ကြွေးကြော်လေသည်။
“ကောင်းပြီလေ၊ မျိုးမစစ်လေး မင်းက သိပ်ဟုတ်နေတယ်ပေါ့”
ဟွားလုံတျောင်က ရုတ်တရက် ရူးသွပ်သွားပြီး ပြန်အော်ဟစ်လိုက်သည်။ ထုန်ရှန်ကျွီရမ်သည် သူ ဂုဏ်ယူရသော တပည့် ဖြစ်ပြီး ယဲ့ဖန်လက်ထဲ၌ အသတ်ခံလိုက်ရသည်။ ဤသည်က သူ့အား အရှက်ခွဲလိုက်သလိုပင်။
“ငါ မင်းအရေပြားကို နွှာပစ်မယ်၊ မင်း ခြေလက်တွေကို ခုတ်ဖြတ်ပြီးတော့ ခြံစောင့်ခွေးလို ထားမယ်”
“တစ်သက်လုံး အရှက်ကွဲအောင် လုပ်ပစ်မယ်ကွ”
ထိုသို့ပြောဆိုပြီး ဟွားလုံတျောင်က ရှေ့သို့ လှမ်းလာသည်။ သူ့ထံမှ မိုးမြေအား ဖျက်ဆီးဝံ့နေသည့် သတ်ဖြတ်လိုသော အရှိန်အဝါများ ပျံ့လွင့်လာလေသည်။
ယဲ့ဖန်သည်လည်း ဆိုဖာပေါ်မှ ထလာပြီး နောက်သို့လှည့်မကြည့်ဘဲ ပြောလိုက်သည်။
“ဒီလောက်အထိ ရောက်လာတာ လုံလောက်ပြီ၊ သူက မင်းတို့ ရင်ဆိုင်နိုင်မယ့်လူ မဟုတ်ဘူး၊ အလကားသက်သက် စတေးမခံနဲ့”
“မင်းတို့ ငါ အရှက်ရအောင် မလုပ်ခဲ့ဘူး၊ ငါ မင်းတို့အတွက် ဂုဏ်ယူတယ်”
ထိုစကားကို ကြားသောအခါ သူ့အနောက်မှ ထန်မင်လီတို့ ပထမဆုံး အံ့ဩသွားလေသည်။ ထို့နောက် သူတို့အားလုံး မျက်ရည်ကျ လာကြသည်။ သူတို့ လေးစားရသော နတ်ဘုရားထံမှ အသိအမှတ်ပြုခြင်း ခံရသည်ထက် မည်သည့်အရာက ဂုဏ်ယူဖွယ်ကောင်းနိုင်မည်နည်း။
ထို့နောက် ယဲ့ဖန်အနောက်ရှိ ဖျင်အန်းမြို့မှ လူများအားလုံး ဒူးထောက်ကာ သံပြိုင်ဟစ်ကြွေးလေသည်။
“လူကြီးမင်းယဲ့ လှုပ်ရှားပေးဖို့ တောင်းဆိုပါတယ်”
ယဲ့ဖန် ရယ်မောလိုက်သည်။ ထိုရယ်သံက နတ်ဆိုးအသံလိုပင်။ ထို့နောက် သူက ဟွားလုံတျောင်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
“မင်းကို တစ်ချက်တည်းနဲ့ သတ်ပစ်မယ်”
ထိုစကားကြောင့် လူတိုင်း မှင်တက်ကာ တုန်လှုပ်သွားကြသည်။
*တစ်ချက်တည်းနဲ့ သတ်ပစ်မယ်တဲ့လား*
*ရူးလိုက်တာ*
*မောက်မာလွန်းတယ်*
*ဒီကောင် စိတ်လွတ်သွားပြီလား၊ သူ ဘယ်လိုလူမျိုးနဲ့ ရင်ဆိုင်နေရတာလဲဆိုတာရော သိရဲ့လား*
*ဒါ ဟွားလုံတျောင်လေ*
*လူသုံးသောင်းကို တစ်ညတည်းနဲ့ သတ်ပစ်တဲ့ ကြောက်စရာကောင်းတဲ့ နတ်ဆိုး*
*နှစ်သုံးရာကျော် အသက်ရှင်နေတဲ့ နတ်ဆိုးအိုကြီးလေ*
*ဒါတောင် ဒီအရူးက ကွာခြားချက်ကို မသိဘဲ သူ့ကို တစ်ချက်တည်းနဲ့ သတ်ပစ်မယ် ပြောနေပါလား*
စုန့်ကျီရှီး၏ မျက်နှာ၌ လှောင်ရိပ်များ စွန်းထင်းနေပြီး ကျိတ်၍ အတင်းတုပ်နေလေသည်။
*ဒီကောင် ကြောက်များ ကြောက်နေတာလား*
*ဒီစကားမျိုး ပြောရဲရအောင် ဘယ်လိုတောင် ရူးနေတာလဲ*
ယဲ့လုံအန်သည်လည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန် စကား ပိုပြောလေ အဆုံးသတ်က ပိုဆိုးရွားလေ ဖြစ်မည်ကို သူ ရိပ်မိနေသောကြောင့်ပင်။
*နောက်ဆုံးတော့ ဒီအရှုပ်ထုပ် သေရတော့မှာပဲ*
*ဒီတစ်ခေါက်တော့ ဘာအံ့ဩစရာ ဖြစ်ရပ်မှ ရှိလာမှာ မဟုတ်ဘူး*
*ဘာလို့လဲဆိုတော့ ယဲ့ဖန် ရင်ဆိုင်နေရတဲ့လူက ဟွားလုံတျောင်လေ*
“မျိုးမစစ်ကောင် သေပေတော့”
ဟွားလုံတျောင် အလွန် ဒေါသထွက်ကာ နီမြန်းနေသော မျက်လုံးများဖြင့် ဟစ်အော်လိုက်ပြီး ယဲ့ဖန်ထံသို့ ပြေးတက် လာ၏။ ထို့နောက် သူ၏ ယန်စွမ်းအင်များဖြင့် နတ်ဆိုးလက်တစ်ဖက် ဖန်တီးကာ ယဲ့ဖန်အား ဒေါသတကြီး ရိုက်ချ လေသည်။
“တောင်ဖြိုတစ္ဆေလက်ဝါး”
ဤသည်ကိုမြင်ပြီး ယဲ့ကျန်းချောင်နှင့် အခြားသူများ ဝမ်းသာပျော်ရွှင်လာပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ နီမြန်းလာ၏။ အဘယ်ကြောင့်ဆိုသော် ထိုသိုင်းကွက်သည် ဟွားလုံတျောင်၏ အားအပြင်းဆုံး သိုင်းကွက် ဖြစ်နေသောကြောင့်ပင်။
နှစ်သုံးရာကျော်အတွင်း ထိုသိုင်းကွက်ကို ပြည့်စုံအောင် ကျင့်ကြံ၍ မရေတွက်နိုင်သော ရန်သူများကို သုတ်သင် ခဲ့သည်။ ထိုသိုင်းကွက် ထုတ်သုံးတိုင်း အသက်ရှင်သူဟူ၍ မရှိပေ။
လက်ရှိအချိန်တွင် ဟွားလုံတျောင်သည် ဒေါသူပုန်ထပြီးနေသဖြင့် ယဲ့ဖန်နှင့် အရေးမပါသော စကားများ မပြောချင် တော့ချေ။ ထို့အပြင် ယဲ့ဖန်သည် ပမွှားတစ်ကောင်သာ ဖြစ်သဖြင့် အသားပြားဖြစ်အောင်သာ ရိုက်သတ်ချင်နေ၏။
ယဲ့ဖန်က ခေါင်းမော့၍သာ ကြည့်နေသည်။ သူ၏ မျက်လုံး၌ အမှောင်ထု ဥပဒေသ ဖြတ်ပြေးသွားသည်။
“နတ်ဆိုးချီမျှင်စုဆိုတာ အမှောင်ထုရဲ့ အခွဲတစ်ခုပဲ၊ သန့်စင်တဲ့ အမှောင်ထုနဲ့ ယှဉ်လိုက်ရင် အဲ့ဒါက ဘာမှ မဟုတ်ဘူး”
ယဲ့ဖန်က ပျက်ရယ်ပြုနေသည်။
“ပြီးတော့ ငါက အသန့်စင်ဆုံး အမှောင်ထုပဲ”
“ဝုန်း”
ရုတ်ချည်းဆိုသလိုပင် ဧရာမ နတ်ဆိုးလက်ဝါးက အရှိန်ဖြင့် ကျရောက်လာပြီး ဟိုတယ်တစ်ခုလုံး ချက်ချင်း ပြိုလဲ ပျက်စီးလာသည်။
ဟိုတယ်တွင်းမှ သိုင်းပညာရှင်များလည်း အနောက်သို့ မီတာတစ်ရာကျော်မျှ ဆုတ်ခွာလိုက်ရသည်။ တိုက်ပွဲ အရှိန်က ကြောက်စရာကောင်းလွန်းလှသည်။ ဘေးသို့ပျံ့လွင့်လာသည့် အရှိန်ကတောင် သူတို့ကို အခါ တစ်ထောင်မက သတ်နိုင်လေသည်။
လက်ရှိတွင် လူတိုင်း ကြက်သီးထနေကြသည်။
*ဒါက ဟွားလုံတျောင်ရဲ့ တကယ့် ခွန်အားအစစ်လား*
*တစ်ချက်တည်းနဲ့ အားလုံး ပျက်စီးကုန်ပြီ*
“လူကြီးမင်းယဲ့”
ဤအဖြစ်ကြောင့် ထန်မင်လီနှင့် အခြားသူများ မျက်ရည်ဝေ့တက်လာသည်။ သူတို့၏ နတ်ဘုရား သေသွားလေပြီ။ ကျုံးဝမ်သည်လည်း ထိတ်လန့်ကာ ကြက်သေ သေနေမိသည်။
*ဒီလူ … သူ တကယ် သေသွားပြီလား*
ရုတ်ချည်းဆိုသလိုပင် သူမနှလုံးသားထဲ၌ ဗလာနတ္ထိ ဖြစ်လာသည်ကို သူမ ခံစားလိုက်ရသည်။ တစ်ဒင်္ဂအတွင်း သူမ မည်သို့ ပြုမူသင့်သလဲ သို့မဟုတ် မည်သို့သော ခံစားချက်မျိုး ရှိသင့်သလဲ မသိတော့ချေ။ သူမ ရှင်လျက်နှင့် သေနေသလို ဖြစ်နေ၏။
“လက်ဝါးတစ်ချက်တည်းနဲ့ ဟိုတယ်တောင် ပျက်စီးသွားရတာ၊ အဲ့မျိုးမစစ်ကောင်တော့ အရိုးပါ ကျန်ဦးပါ့မလား”
ယဲ့လုံအန် ရယ်မောနေပြီး အလွန် ဝမ်းသာပျော်ရွှင်သလို ခံစားနေရသည်။
“အရေးမပါတာတွေ ပြောခဲ့တာပဲ၊ သူ လှည့်ကွက်လုပ်တော့မယ်လို့ ငါ ထင်နေတာ၊ ဒါပေမဲ့ သူက တစ်ချက်တည်းနဲ့ ရိုက်သတ်ခံလိုက်ရတယ်၊ ဟားဟားဟား”
ယဲ့ကျန်းချောင်သည်လည်း ရယ်မောနေမိသည်။ တကယ်တမ်းတွင် နောက်ဆုံးချိန်အထိ သူ စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ ယဲ့ဖန်က အံ့ဩစရာတွေ တစ်ဖန် ယူဆောင်လာဦးမည်ဟု သူ ထင်ခဲ့သော်လည်း လက်ရှိတွင် ယဲ့ဖန် တကယ် သေသွားပုံရသည်။
“ပြီးတော့ သူ ပြောတာ ဘာတဲ့ အသန့်စင်ဆုံး အမှောင်ထု ဟုတ်လား၊ သူ့နောက်ဆုံးစကားက ထူးဆန်း လွန်းလိုက်တာ၊ သူ ခေါင်းများချောင်သွားတာလား”
“သေပြီ၊ သေပြီ၊ မျိုးမစစ်ကောင် သေသွားပြီ”
လှောင်ပြောင်ပျက်ရယ်ပြုသံများနှင့်အတူ ဝမ်းသာအားရ ပြောဆိုသံများ ထွက်ပေါ်လာ၏။ ဟွားလုံတျောင်က မျက်မှောင်ကြုတ်၍ အေးစက်စွာ လှောင်ရယ်ကာ ပြောလေသည်။
“တကယ့် အမှိုက်ကောင်ပဲ၊ သူ့ကို ဒုက္ခိတဖြစ်အောင်ပဲ လုပ်နိုင်မယ်လို့ ငါ ထင်ထားတာ၊ သူက တောင့်မခံနိုင်ဘဲ အမှုန့်ဖြစ်သွားမယ်လို့ ဘယ်သူက ထင်မိမှာလဲ၊ အဲ့ဒါကြောင့် ငါ သူ့ကို နှိပ်တောင်မနှိပ်စက်လိုက်ရဘူး”
စကားလုံးများက တင်စီး၍ မောက်မာလွန်း၏။ ထိုစဉ် ယဲ့ကျန်းချောင်က ထန်မင်လီနှင့် အခြားသူများအား သုန်မှုန်စွာ လှမ်းကြည့်လာသည်။
“မျိုးမစစ်ကောင် သေသွားပြီ၊ အခု ငါတို့ ရန်ကြွေးဟောင်းတွေကို ရှင်းရမယ့် အချိန်ပဲ”
“ဟွားလုံတျောင် သူတို့အားလုံးကို သတ်ပစ်လိုက်ပါ”
ဟွိုင်အန်းမှ လူများအားလုံး လှောင်ရယ်နေကြသည်။
*ဒါ ဘက်မှားရွေးမိတဲ့ ရလဒ်ပဲလေ*
*အားလုံး သုတ်သင်ခံရတော့မှာ*
ဟွားလုံတျောင် ရှေ့သို့ တက်သွားသည်။ သို့သော် သူ ခြေတစ်လှမ်း လှမ်းပြီးသည်နှင့် ရုတ်တရက် မျက်နှာပျက် သွားပြီး အသံပင် တုန်လာသည်။
“ဒါ … ဒါ လုံးဝ မဖြစ်နိုင်ဘူး”
လူတိုင်း ပျက်စီးနေသော ဟိုတယ်နေရာသို့ လှမ်းကြည့်လိုက်မိသည်။ ထိုအခါ ပုံရိပ်တစ်ခုက ဝင့်ကြွားစွာ ရပ်နေသည်ကို ခပ်ရေးရေးမျှ မြင်လိုက်ရသည်။ သူ့မျက်နှာအား မရေမရာ မြင်နေရပြီး ထိုသူက ပြုံးနေသည်ကိုပါ တွေ့လိုက်ရလေသည်။
“ဒါ အကုန်ပဲလား”