← Chapters

အခန်း ၁၁၃၆

Vol. 76 Ch. 1136

အခန်း ၁၁၃၆

Vol. 76 Ch. 1136

Chapter 1136 အားဆေး

“ဒါ အကုန်ပဲလား”

*ဟွားလုံတျောင်ရဲ့ လက်ဝါးချက်ကို မရှောင်ဘဲ အရိုက်ခံပြီးတော့ သူ ပေါ့ပေါ့ပါးပါး မေးလာတဲ့စကားက “ဒါ အကုန်ပဲလား” တဲ့လား*

အလွန် အထက်စီးဆန်ကာ ရက်စက်လွန်းသည်။ လက်ရှိလူတိုင်း ခေါင်းနားပမ်းကြီးကာ အတွေးများ ချာချာလည် လာ၏။ လိပ်ပြာပင် လွင့်နေပုံရသည်။ အားလုံးက ယဲ့ဖန်အား အလွန်တရာ ကြောက်စိတ်များ ပြည့်နှက်နေသည့် အကြည့်များဖြင့် ကြည့်နေကြသည်။

* ဒီမိစ္ဆာကောင်က သောက်ကျိုးနည်း ဘာကြီးလဲ*

လက်ရှိတွင် ဟွိုင်အန်းမြို့မှ အင်အားကြီးပုဂ္ဂိုလ်များ၏ အပြုံးများအားလုံး ပျောက်ကွယ်သွားသည်။ သူတို့ ထပ်၍ မရယ်မောနိုင်တော့ချေ။

တစ်ဖက်တွင်မူ ထန်မင်လီနှင့် အခြားသူများအားလုံး ပြုံးလာကြသည်။ သူတို့၏ နတ်ဘုရားက အသန်မာဆုံးပင်။ ဆိုးဆိုးရွားရွား တိုက်ခိုက်ခံရလျင်တောင်မှ မထိမရှ နေနိုင်၏။

တစ်ဖက်လူမှ ကြောက်စရာကောင်းသော နတ်ဆိုးဟု သတ်မှတ်ခံရသည့် ဟွားလုံတျောင် ဖြစ်သည်။ သို့သော် ယဲ့ဖန်က သူ့ကို ပညာပြခဲ့ပြီး သူ၏ အကောင်းဆုံး လူသတ်သိုင်းကွက်ကိုပင် ထိုးဖောက်နိုင်ခဲ့သည်။

*ဘာလို့လဲ*

*ဘာလို့ ဒီလို ဖြစ်ရတာလဲ*

ယဲ့ကျန်းချောင်၏ မျက်နှာက အလွန် မည်းမှောင်လာပြီး အံကိုကြိတ်ထားသဖြင့် သွားများ တကျွိကျွိအသံပင် ထွက်နေသည်။ သူ ယဲ့ဖန်ကို အလွန်အမင်း မုန်းတီးနေ၏။

သူသည် ယဲ့မိသားစု၏ ဂုဏ်ယူရသော သခင်လေး ဖြစ်သည်။ သူ့အား မည်သူမျှ မတားမြစ်နိုင်ပါ။ သူ သေစေချင်သော လူများသည် သေကိုသေရပေမည်။ သို့သော် ယဲ့ဖန်ကို သူ မသတ်နိုင် ဖြစ်နေသည်။ သူ ရှုံးနိမ့်သွား လေပြီ။

ဤအချက်ကို ယဲ့ကျန်းချောင် လက်ခံရခက်နေ၏။ သူ့ဘဝ၌ တစ်ခါမှ အရှုံးနှင့် မကြုံဖူးချေ။ ယဲ့ဖန်တစ်ဦးတည်း သာလျင် သူ့အား ရှုံးနိမ့်ခြင်း၏ အရသာကို ထပ်ခါထပ်ခါ ခံစားဖူးအောင် လုပ်နိုင်သူ ဖြစ်ပေသည်။ သူ၏ ဂုဏ်သိက္ခာအား နင်းချေဖျက်စီး၍ ရစရာမရှိအောင် လုပ်ခဲ့သူ ဖြစ်သည်။

ထို့အတူ ဟွိုင်အန်းမြို့မှ အင်အားကြီးပုဂ္ဂိုလ်များလည်း နောင်တရစပြုလာသည်။ ယဲ့ကျန်းချောင်နှင့် ပူးပေါင်း ဆောင်ရွက်သည်ကို နောင်တရလာ၏။ ယဲ့ဖန်၏ ရန်သူ ဖြစ်ခဲ့သည်ကို နောင်တရနေသည်။ သူတို့ ချက်ချင်း ထွက်ပြေးခဲ့သင့်သော်လည်း တစ်စုံတစ်ရာကို မျှော်မှန်းခဲ့မိကြသည်.

*ဟွားလုံတျောင်ရဲ့ အသန်မာဆုံး သိုင်းကွက်ကတောင် ယဲ့ဖန်ကို မသတ်နိုင်တာ၊ ငါတို့ ဘယ်လိုလုပ် နိုင်တော့မှာလဲ*

“ဝူးဝူးဝူး … ဟားဟားဟား …”

စုန့်ကျီရှီးသည် ကြောက်လန့်နေသဖြင့် တစ်ခါတခါ ထရယ်၍ တခါတလေ ငိုကြွေးပြန်သည်။ ရိုလာကိုစတာကဲ့သို့ အတက်အကျ မြန်သော ခံစားချက်က သူမ၏ စိတ်ဝိညာဉ်အား ပျက်စီးသွားစေသည်။

မျှော်လင့်ချက် ပေါ်လာလိုက်၊ မျှော်လင့်ချက် ပြန်မဲ့လိုက်။ တက်လိုက်ကျလိုက် ဖြစ်နေသော အခြေအနေက သူမအပေါ် သက်ရောက်မှု ပြင်းထန်လွန်း၏။

ဟွားလုံတျောင်၏ ဂုဏ်ယူနေသော မျက်နှာတွင်လည်း အကြောက်တရားများက တဖြည်းဖြည်း စိုးမိုးလာပြီး အသံပင် တုန်လာရသည်။

“မင်းက သောက်ကျိုးနည်း ဘာကောင်လဲ … ဘာမိစ္ဆာကောင်လဲ”

သူ နှစ်သုံးရာတိုင် အသက်ရှင်နေခဲ့သော်လည်း ယဲ့ဖန်ကဲ့သို့ သန်မာသော လူငယ်တစ်ယောက်အား တစ်ခါမှ မမြင်ဖူးချေ။ သူ ကြောက်ရွံ့နေလေပြီ။

နှစ်သုံးရာ နေထိုင်ပြီးနောက် သူ၏ အကောင်းဆုံး လူသတ်သိုင်းကွက်အား အလွယ်တကူ တားဆီးနိုင်သည့် တစ်စုံတစ်ယောက်အား ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

ယဲ့ဖန်သည် ပခုံးပေါ်မှ ဖုန်မှုန့်များကို အသာခါထုတ်၍ ဖြည်းဖြည်းချင်း ဖြတ်လျှောက်လာ၏။

“အရေးမပါတာတွေ ပြောမနေဘဲ လုပ်စရာရှိတာကိုပဲ လုပ်ကြတာပေါ့”

ယဲ့ဖန် ဘာလုပ်ချင်သလဲ အားလုံး သိကြသည်။

*မင်းကို တစ်ချက်တည်းနဲ့ သတ်ပစ်မယ်*

ထိုစကားသည် ယဲ့ဖန် လွန်ခဲ့သော မိနစ်ပိုင်းက ပြောခဲ့သောစကားပင်။ အစပိုင်း၌ မဖြစ်နိုင်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် ယခုအခါ၌ သူတို့ ချောက်ချားနေလေပြီ။

ဟွားလုံတျောင်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။ လက်ရှိတွင် သူသည် ယဲ့ကျန်းချောင်အား ဝါးစားချင်စိတ် ပေါက်နေ၏။ ယဲ့ကျန်းချောင်သာ သူ့ကို မခေါ်ခဲ့ပါက ဤသို့သော နတ်ဆိုးမျိုးနှင့် သူ ဘယ်လိုလုပ် ဆုံတွေ့ပါမည်နည်း။

“မျိုးမစစ်လေး ငါ မင်းကို တိုက်မယ်ကွ”

ဟွားလုံတျောင်က ရုတ်တရက် အော်ဟစ်၍ ဝိုင်အိုးတစ်လုံးကို ထုတ်လိုက်သည်။

“အသွေးအသား ယဇ်ပူဇော်ခြင်း”

ဘေးလူများအားလုံး တုန်လှုပ်ချောက်ချားသွားပြီး တစ်ပြိုင်နက်နီးပါး နောက်ဆုတ်ကြသည်။ အသွေးအသား ယဇ်ပူဇော်ခြင်းသည် ဟွားလုံတျောင်၏ အကောင်းဆုံးနှင့် စိတ်အကျေနပ်ဆုံး လုပ်ရပ်ပင်။

တစ်ချိန်က သူသည် ဤအသွေးအသား ယဇ်ပူဇော်ခြင်းအား သန့်စင်လုပ်ဆောင်နိုင်ရန်အတွက် လူသုံးသောင်းအား ညတွင်းချင်း သတ်ပစ်ကာ ထိုသူများ၏ သွေးစွမ်းအင်များကို ဤဝိုင်အိုးထဲသို့ ပေါင်းစပ်ခဲ့သည်။

ဝိုင်အိုးထဲတွင် အပြစ်ကင်းသော မြို့သူမြို့သား သုံးသောင်းတို့၏ နာကြည်းချက်များ၊ အမုန်းတရားများ၊ ရက်စက်မှုများနှင့် ဒေါသများ ပါဝင်နေ၏။ မကောင်းသော ခံစားချက်မျိုးစုံ ရောပြွမ်းနေသဖြင့် ရက်စက် ကြမ်းကြုတ်၍ ကြောက်စရာကောင်းလှသည်။

ထိုသူများ၏ အော်သံများကိုပင် ကြားနေရသည်ဟု လူတိုင်း ထင်မှတ်မိလာသည်။ လောက၌ သွေးများ ဖုံးလွှမ်းလာပြီး မတောမသတ်နိုင်သော မွန်းကြပ်မှုများ ပြည့်နှက်လာသလိုပင်။

လက်ရှိလူများအားလုံး မကောင်းသော လွှမ်းမိုးမှုများ၏ သက်ရောက်ခြင်း ခံရကာ စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်များ ဖြစ်ပေါ်လာသည်။ သိုင်းပညာရှင်တချို့သည် အခြားလူများကို သတ်ချင်စိတ်များ ဝင်လာကြပြီး အချို့မှာမူ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ပေါက်လာ၏။

အသွေးအသား ယဇ်ပူဇော်ခြင်း ဝိုင်အိုးသည် ထူးဆန်းသော အငွေ့အသက်နှင့်အတူ ယဲ့ဖန်ထံ တိုးဝင်လာသည်။ ဟွားလုံတျောင်က လှောင်ပြုံးပြုံး၍ ကြည့်နေသည်။

အသွေးအသား ယဇ်ပူဇော်ခြင်းသည် ဈာန်ဝင်စားခြင်းအဆင့်ကိုပင် သတ်ပစ်နိုင်၏။ မကောင်းသော အငွေ့အသက်များက လူတိုင်းထံသို့ ပျံ့လွင့်လာလေသည်။

“ဟွားလုံတျောင် ခင်ဗျား ဘာလုပ်နေတာလဲ”

ယဲ့ကျန်းချောင် ကြောက်လန့်နေသော မျက်နှာဖြင့် အော်ပြောလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်လည်း အသွေးအသား ယဇ်ပူဇော်ခြင်း၏ သက်ရောက်မှုတွင်း၌ သူတို့ပါ ပါနေသည်ကို သတိထားလိုက်မိသောကြောင့်ပင်။

*ဟွားလုံတျောင်က ငါတို့ကိုပါ အတူရှင်းပစ်ဖို့ ကြံစည်ထားတာလား*

ဟွားလုံတျောင်က ရယ်မောလေသည်။

“ဒုတိယ သခင်လေး တောင်းပန်ပါတယ်၊ အသွေးအသား ယဇ်ပူဇော်ခြင်းကို စလိုက်တာနဲ့ ကျုပ်တောင်မှ ထိန်းချုပ်လို့ မရဘူး၊ ခင်ဗျား ကံဆိုးတယ်လို့ပဲ မှတ်ပေါ့ဗျာ”

ဟွားလုံတျောင် ဆက်လက်၍ ရယ်မောနေ၏။ ဤနေရာမှ လူတိုင်းကို သတ်ပြီးသည်နှင့် ယဲ့မိသားစုက သူ့ကို ရှာမတွေ့နိုင်အောင် တောတောင်များ၌ ပုန်းကွယ်နေမည်ဟု သူ ဆုံးဖြတ်ချက် ချထားပြီးလေပြီ။

“ဟွားလုံတျောင် အယုတ်တမာကောင်၊ မင်း ဒီလိုလုပ်လို့မရဘူး”

သူ့စကားကြောင့် ယဲ့ကျန်းချောင်တို့ တစ်ဖွဲ့လုံး ဆဲရေးတိုင်းထွာလေတော့သည်။

“ဒုတိယ သခင်လေး၊ ကျုပ်တို့ ဘာလုပ်ကြမလဲ၊ ဒီလူကို ခင်ဗျား ဖိတ်ထားတာလေ၊ ခင်ဗျား ကျုပ်တို့ကို တစ်ခုခုတော့ ပြောသင့်တာပေါ့”

အခြားသော အင်အားကြီးပုဂ္ဂိုလ်များလည်း သွေးပျက်လာပြီး ယဲ့ကျန်းချောင်အား အော်ဟစ်လေတော့သည်။ ယဲ့ကျန်းချောင်၏ မျက်နှာသည်လည်း သုန်မှုန်မည်းမှောင်နေသည်။ ဤသို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု သူ မျှော်လင့်မထားမိပေ။

“နာကြည်းချက်၊ မွန်းကြပ်မှု၊ ဒေါသ၊ ဒါတွေအားလုံးက တကယ်ကောင်းတဲ့ အားဆေးတွေပဲ”

သို့သော် အားလုံး မျှော်လင့်ချက် မဲ့လုနီးပါး ဖြစ်နေချိန်တွင် ကြောက်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ယဲ့ဖန်က ထူးဆန်းသော အပြုံးမျိုးပြုံးကာ ရုတ်တရက် ပါးစပ်ဟ၍ စုပ်ယူလေသည်။ ပြင်းထန်သော ဆွဲငင်အားတစ်ခု ထွက်ပေါ်လာ၏။

နွားတစ်ကောင်က ရေသောက်နေသကဲ့သို့ အသွေးအသား ယဇ်ပူဇော်ခြင်း အငွေ့အသက်များကို ချက်ချင်း စုပ်ယူသွားလေသည်။

“ဂလု”

အားလုံး၏ ချောက်ချားနေသော အကြည့်အောက်မှာပင် ယဲ့ဖန်က အသွေးအသား ယဇ်ပူဇော်ခြင်း အငွေ့အသက် အားလုံးကို စုပ်ယူပြီးသွားသည်။

အရာအားလုံး တိတ်ဆိတ်သွားပြီး လူတိုင်း၏ မျက်နှာထက်တွင် ကြောက်စိတ်များ စိုးမိုးလာ၏။ သူတို့အားလုံး ယဲ့ဖန်ကိုသာ ငေးကြည့်နေမိသည်။

*အသွေးအသား ယဇ်ပူဇော်ခြင်းကို ယဲ့ဖန်က စုပ်ယူလိုက်တာလား*

*ဒီထူးခြားတဲ့ နည်းလမ်းက ဘာကြီးလဲ*

*ရူးသွားတာ*

*ငါတို့ ရူးသွားတာ ဖြစ်မယ်*

*အဲ့ဒါကြောင့် ငါတို့ ထင်ယောင်ထင်မှား ဖြစ်နေတာထင်တယ်*

*ဒီနည်းလမ်းက ဈာန်ဝင်စားခြင်းအဆင့်ထက်တောင် သာလွန်တဲ့ဟာကို၊ ဒီလူက နတ်ဆိုးထက်တောင် ပိုဆိုးတဲ့ နတ်ဆိုးမျိုးပဲ*

*အသွေးအသား ယဇ်ပူဇော်ခြင်းကို တစ်ခါတည်း စုပ်ယူနိုင်တယ်ဆိုတော့ ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ အရာကြီးလဲ*

ယဲ့ဖန်သည် ငရဲဘုံ၏ အရှင်သခင် ဖြစ်သဖြင့် ဤအမှောင်နှင့် သက်ဆိုင်သော အရာများက သူ့အတွက် အားဆေး လိုပင်။ ဟွားလုံတျောင် တုန်လှုပ်လာ၏။

*ထွက်ပြေးရမယ်*

*ထွက်ပြေးမှရမယ်*

*ဒီနတ်ဆိုးမှာ ငါ့ကို မယုံနိုင်လောက်အောင် ဖြစ်စေတဲ့ အရာမျိုး ရှိတယ်*

သူနှင့်ယှဉ်လျင် ယဲ့ဖန်က တကယ့် နတ်ဆိုးအစစ်ဖြစ်သည်ဟု သူ ရိပ်စားလိုက်မိသည်။ လက်ရှိတွင် ဟွားလုံ တျောင်သည် အမြန်ဆုံးသောနှုန်းနှင့် နောက်လှည့်၍ ထွက်ပြေးလေသည်။ သူ၏နှုန်းက အလွန် လျင်မြန်လွန်း လှသည်။

အသက်တစ်ခါရှုလိုက်သည့် အချိန်အတွင်း မီတာတစ်ရာအထိ အဝေးသို့ ရောက်သွားလေသည်။ ထိုအခါ သူ စိတ်အေးသွားပြီး မီတာတစ်ရာအကွာ၌ ကျန်ရစ်ခဲ့သော ယဲ့ဖန်ကို ပျက်ရယ်ပြုလိုက်သည်။

“မျိုးမစစ်လေး ဒီနေ့ ရန်ကြွေးကို ငါ မှတ်ထားတယ်၊ နောက်မှ ငါ့အစ်ကိုနဲ့ ပြန်လာပြီး မင်းကို လက်စားပြန်ချေမယ်”

“ခင်ဗျားမှာ အဲ့လိုအခွင့်အရေး မရှိတော့ဘူး”

ရုတ်ချည်းဆိုသလိုပင် ရက်စက်သွေးဆာသော အသံက သူ့အနောက်မှ ထွက်ပေါ်လာသည်။ ဟွားလုံတျောင် တုန်လှုပ်သွားပြီး သူ့မျက်နှာ၌ ထိတ်လန့်ဟန်များ ထင်ဟပ်လာ၏။

သူ နောက်လှည့်ကြည့်လိုက်သောအခါ မီတာတစ်ရာ အကွာ၌ ကျန်ခဲ့သော ယဲ့ဖန်က ထိုနေရာ၌ ရှိမနေ တော့သည်ကို တွေ့လိုက်ရသည်။

*မကောင်းတော့ဘူး*

ဟွားလုံတျောင် ကျိတ်၍ ညည်းတွားလိုက်မိသော်လည်း နောက်ကျသွားချေပြီ။

“ရွှစ်”

နတ်ဆိုးလက်သည်းက သူ၏ရင်ဘတ်ထဲသို့ ထိုးဖောက်လာပြီး လက်ပြန်ရုတ်လိုက်သောအခါ သွေးအလိမ်းလိမ်းနှင့် တဒုတ်ဒုတ် ခုန်နေသော နှလုံးတစ်စုံ ပါသွားလေသည်။

All Chapters