အခန်း ၁၁၄၃
Vol. 77 Ch. 1143
Chapter 1143 နဂါးဝိညာဉ်သွေးကြော ပြန်ကောင်းသွားခြင်း
“သူဌေး တကယ်လို့ ငွေပြန်အမ်းလိုက်ရင် ကုမ္ပဏီရဲ့ ဘဏ္ဍာရေး လည်ပတ်မှု ထိခိုက်သွားပါလိမ့်မယ်”
ဝမ်ခယ် သတိပေးလိုက်မိသည်။ ငွေပြန်အမ်းခိုင်းသည့် အိမ်ပိုင်ရှင်ဦးရေက ရာကျော်နေသည် မဟုတ်ပါတကား။
“အရေးမပါတာတွေ ပြောမနေနဲ့၊ နင့်သူဌေးက ပြောပြီးနေပြီပဲ၊ နင် လက်မခံနိုင်ဘူးလား”
“ဟုတ်တယ်၊ မြန်မြန် ငွေပြန်အမ်း၊ မဟုတ်လို့ကတော့ ငါတို့ နင့်အပေါ် ရိုင်းတယ်လို့ အဆိုးမဆိုနဲ့”
အိမ်ပိုင်ရှင်များက အလျင်စလို ဖြတ်ပြောကာ ဒေါသတကြီး ပြောဆိုလာကြသည်။
“ငွေပြန်အမ်းလိုက်လို့ ငါ ပြောလိုက်တယ်လေ”
ယဲ့ဖန်၏ စကားတိုင်းက သံသယဝင်စရာ မရှိပေ။ ဝမ်ခယ် သက်ပြင်းချ၍ ကျန်ဝန်ထမ်းများအား ပြန်အမ်းငွေ ပြင်ဆင်ရန် ပြောလိုက်သည်။
“ပြန်အမ်းရုံနဲ့ မလုံလောက်ဘူး၊ ရှင်တို့ သူ့ကို လျော်ကြေးပေးဖို့ ပြောသင့်တယ်၊ မဟုတ်ရင် ဒါ သူ့အတွက် နည်းမနေလွန်းဘူးလား”
ထိုစဉ် ကျောက်ယင်းရင်က ပျက်ရယ်ပြု၍ ထပ်ပြောလာသည်။
“ဟုတ်တယ် ဟုတ်တယ်၊ နင် ငါ့တို့ကို ဒီလိုဖြစ်အောင်လို့ ထိခိုက်အောင် လုပ်ခဲ့တာ၊ ငါတို့ လျော်ကြေး ရမှ ဖြစ်မယ်”
“အနည်းဆုံး တစ်ယောက်ကို တစ်သန်းရမှ ရမယ်၊ မဟုတ်လို့ကတော့ ငါ ရဲခေါ်မှာ”
အိမ်ပိုင်ရှင်များက ကျောက်ယင်းရင်၏ သတိပေးစကားအတိုင်း ပြုမူလာကြသည်။ ယဲ့ဖန်သည် လူ့လောက အတွေ့အကြုံ နည်းနေသေးသည့် လူငယ်လေး တစ်ယောက်ဟု ထင်မှတ်နေ၏။ သူ့ကို နည်းနည်း ကြောက်အောင် ခြောက်လိုက်ရုံနှင့် ပိုက်ဆံပေးလာမည်ဟု ထင်နေကြလေသည်။
“တစ်သန်းက နည်းလွန်းတယ်၊ ကျွန်မအမြင်မှာတော့ အနည်းဆုံး သုံးသန်း ဖြစ်သင့်တယ်”
ကျောက်ယင်းရင်က ဆက်လက်၍ ကောက်ကျစ်စွာ ပြောလာသည်။ သူမ ယဲ့ဖန်ကို သတ်ချင်နေသည်။ သူမကို ထိပါးပါက ဘာဖြစ်မလဲ ယဲ့ဖန်ကို သိစေချင်နေ၏။
“နင် …”
ဝမ်ခယ် ဒေါသထွက်လွန်းသဖြင့် ဖမ်းဆီးချင်စိတ် ပေါက်နေသည်။ ကျောက်ယင်းရင်သည် အလွန် အရှက်မဲ့လှသည်။
“သူတို့ကို ပေးလိုက်”
ယဲ့ဖန်သည် ဤအမှိုက်များကို အရေးလုပ်ရန် ပျင်းနေသကဲ့သို့ ဂရုမစိုက်စွာ ပြောလိုက်သည်။ ဝမ်ခယ် ခြေဆောင့်၍ လှည့်ထွက်သွားသည်.
အိမ်ပိုင်ရှင်များသည် သူတို့၏ ပရိယာယ် အောင်မြင်သွား၍ ပြုံးလာကြပြီး အချို့က ဘာလို့ ဒီလောက်ပဲ တောင်းမိလေသလဲဟု တွေးကာ နောင်တရနေကြသည်။ ဤကောင်လေးက အလွန် တုံးအမှန်း သူတို့ သိခဲ့ပါက ပို၍ တောင်းမိလောက်သည်။
အိမ်ပိုင်ရှင်များသည် သူတို့၏ ငွေပြန်ရပြီးသည်နှင့် အားရကျေနပ်စွာ ထွက်သွားကြပြီး ယဲ့ဖန်အား ပုတ်ခတ် ပြောဆိုရန်လည်း မမေ့ကြပေ။
“ဟေ့ကောင်လေး လောကကြီးက ကျဉ်းကျဉ်းကွ၊ နောက်တစ်ခါ မင်း ဒီလောက် ကံကောင်းမှာ မဟုတ်ဘူး”
“ဟုတ်တယ်၊ ဒီလောက် ယုတ်ညံ့တဲ့ နှလုံးသား ရှိနေတာ၊ သူ သားတစ်ယောက်တောင် ရလာမှာ မဟုတ်ဘူး”
*မြင်ပြီလား*
ယဲ့စန်းနှင့် ကျောက်ယင်းရင်တို့က အားရသော အပြုံးများ ပြုံးနေကြီးပြီး ထေ့ငေါ့ပြောလာ၏။
“ဟဲ့ကောင် မင်း အရင်က မာနကြီးနေတာ မဟုတ်ဘူးလား၊ ဘာလို့ အခု လိပ်လို ဇက်ပုနေရတာလဲ”
ကျောက်ယင်းရင်သည် အလွန် မောက်မာနေ၏။ အဘယ်ကြောင့်ဆိုသော် သူမဘေး၌ ယဲ့စန်း ရှိနေသောကြောင့် ယဲ့ဖန် သူမကို ဘာလုပ်နိုင်သလဲ ဆိုသည်ကို မစိုးရိမ်တော့ချေ။
“တကယ် ပျင်းစရာကောင်းတယ်၊ သွားကြရအောင်၊ ငါ အားတဲ့အချိန်ကျရင် ထပ်လာပြီး နင်နဲ့ ကစားဦးမယ်”
ကျောက်ယင်းရင်က ယဲ့ဖန်ထံ လျှောက်လာပြီး ပြောလိုက်သည်။
“ငါ မင်းကို သွားခွင့်ပေးလို့လား”
ထိုစဉ် ယဲ့ဖန်က ပြုံး၍ တစ်ခွန်းချင်း ပြောလာသည်။
“ဘာလဲ မင်းက ငါတို့ကို တားချင်သေးတာလား”
ယဲ့စန်းက အထင်သေးသလို ပြုံးနေသည်။ ယဲ့ဖန်က သူ့ကို ရန်စရဲပါက တမလွန်ပို့လိုက်ရန် သူ ဝန်မလေးချေ။ ဘာမဟုတ်သော သေမျိုးတစ်ယောက်ကို သူ အလေးမထားပါ။
“ဖျင်ယန်တောင်ရဲ့ နဂါးဝိညာဉ်သွေးကြောက နဂါးကို သတ်တာ မင်း မဟုတ်လား”
ယဲ့ဖန်က ညစ်ကျယ်ကျယ်ပြုံး၍ စကားလမ်းကြောင်းပြောင်းကာ မေးလိုက်သည်။ အိမ်ပိုင်ရှင်များကို ဖြေရှင်းပြီး သဖြင့် ယခု ဤခွေးတိရစ္ဆာန်နှစ်ကောင်ကို ရှင်းရန် အချိန်ကျလေပြီ။ သူ့စကားကြောင့် ထွက်သွားရန်ပြင်နေသော အိမ်ပိုင်ရှင်များ အံ့ဩသွားပြီး ရပ်သွားကြသည်။
*နဂါးဝိညာဉ်သွေးကြောတဲ့လား*
*နဂါး*
*ဘာကြီးလဲ*
“အဲ့ကလေးမလေး ဘယ်လောက်တောင် ဆိုးဆိုးရွားရွား သေသွားရလဲ*
ယဲ့ဖန်၏ မျက်နှာထားက ရုတ်တရက် ခက်ထန်လာသည်။ ယဲ့စန်းတို့ နှစ်ယောက်လုံး ထိတ်လန့်သွားလေသည်။
*သူ ဘယ်လိုလုပ် သိသွားတာလဲ၊ မနေ့က သူ ရှိနေလို့လား*
“ဟီးဟီးဟီး …”
ယဲ့စန်းက ရယ်၍ ပြန်ပြောလိုက်သည်။
“မင်း နဂါးဝိညာဉ် သွေးကြောကို သိနေမယ်လို့ ငါ ထင်မထားမိဘူး၊ မင်းနဲ့ရွယ်တူတွေထဲမှာ မင်းက ထူးချွန်တဲ့ပုံပဲ”
“ဟုတ်တယ် ဒီတောင်က နဂါးက ငါ သတ်တာခံလိုက်ရတာ၊ ဒါပေမဲ့ မင်းက ငါ့ကို ဘာလုပ်နိုင်မှာ မိုလို့လဲ”
တစ်ဖက်က သိသွားသဖြင့် ယဲ့စန်း ဖုံးကွယ်စရာ မလိုတော့ချေ။ အိမ်ပိုင်ရှင်များ ပို၍ စိတ်ရှုပ်ထွေးလာ၏။
*ဘာတွေ ဖြစ်နေတာလဲ၊ ဒီလူနှစ်ယောက် ပြောတာကို ဘာလို့ ငါတို့ နားမလည်ရတာလဲ*
“အရူးတွေ ရှင်တို့ နားမလည်ဘူးလား၊ ကျွန်မတို့မြေက သုသာန်မြေ လုံးဝ မဟုတ်ဘူး၊ ဒီယဲ့စန်းဆိုတဲ့လူက ဖျင်ယန်တောင်ရဲ့ နဂါးဝိညာဉ် သွေးကြောက နဂါးကို သတ်လိုက်တာ၊ အဲ့ဒါကြောင့် ယန်စွမ်းအင်တွေ ပျောက်ကုန်တာ”
ဝမ်ခယ်က စိတ်ဆိုးမာန်ဆိုးဖြင့် ပြောပြလိုက်သည်။ ဖျင်ယန်တောင်က နတ်ပြည်အလား သာယာလှသည်ဟု သူမ ပြောခဲ့ဖူးသည်။ ဤနေရာက ဘယ်လိုလုပ် သုသာန်မြေ ဖြစ်နိုင်ပါမည်နည်း။
အရာအားလုံးကို ဤလူဖျင်းနှစ်ယောက်က လုပ်သွားခြင်း ဖြစ်သည်။ ထိုလူနှစ်ယောက်က ဤရတနာမြေအား ဖျက်ဆီးသည့်အပြင် အကွက်ချပြီးရင်း ချခဲ့သဖြင့် ယုတ်မာသော စိတ်ထား ရှိသူများ ဖြစ်ပေသည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် အိမ်ပိုင်ရှင်များ ရုတ်တရက် မျက်နှာပျက်သွားကြသည်။
*လတ်စသက်တော့ ယဲ့စန်း လက်ချက်ကိုး*
“အဲ့တော့ ဘာဖြစ်လဲ၊ ဘာပဲဖြစ်ဖြစ် နဂါးဝိညာဉ်သွေးကြောထဲက နဂါးက သေသွားပြီလေ၊ ငါ ဒီနေရာကို အစီအရင် ချပြီးပြီ၊ ဒီနေရာက မြေကြမ်းတစ်ခု ဖြစ်လာတော့မှာ၊ ဒီမှာ နေတဲ့လူတိုင်း သေမှာပဲ”
ယဲ့စန်းက အိမ်ပိုင်ရှင်များ၏ အကြည့်ကို ဂရုမစိုက်ဘဲ ဟက်ဟက်ပက်ပက် ရယ်မောလေသည်။ ဤဘာမဟုတ်သော လူများက သူ့အပေါ် ဘာမှမတတ်နိုင်ကြောင်း သူ သိနေ၏။ ထိုအိမ်ပိုင်ရှင်များသည် သူတို့ လှည့်စားခံ လိုက်ရကြောင်း သတိထားမိသွားပြီး နာကြည်းကာ မျက်နှာ ပြာနှမ်းလာကြသည်။
“ငါတော့ အဲ့လိုမထင်ဘူး”
ရုတ်တရက် ယဲ့ဖန်က ပျက်ရယ်ပြုလာ၏။
“အိုး … ဒါဆို မင်းမှာ နဂါးဝိညာဉ် သွေးကြောကို အသက်ပြန်ဝင်လာအောင် လုပ်နိုင်တဲ့ နည်းလမ်းများ ရှိလို့လား”
ယဲ့စန်းကလည်း ပြန်လှောင်လေသည်။ သူတောင်မှ ပြန်ကောင်းအောင် မလုပ်နိုင်သဖြင့် ယဲ့ဖန်က အဘယ်ကြောင့် လုပ်နိုင်မည်နည်း။
“မှန်တယ်”
ယဲ့ဖန် ခြေတစ်ဖက်ကို ဆောင့်လိုက်သောအခါ နှိုင်းယှဉ်မရနိုင်သော နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်လာ၏။ ဖျင်ယန်တောင်တစ်ခုလုံး ပွက်ပွက်ဆူလာပြီး ထောင်ချီသော အလင်းတန်းများ ဖြာထွက်လာကာ တစ်ခုခု ပြန်ကောင်းလာသကဲ့သို့ တောင်တစ်ခုလုံး လှုပ်ခါလာလေသည်။
“ဂါး”
ရုတ်တရက် နဂါးအော်သံက ကောင်းကင်ယံသို့ ဖောက်ထွင်း၍ ထွက်ပေါ်လာ၏။
“ဒါက ...”
လူတိုင်း ထိတ်လန့်သွားသည်။
*ဒီမှာ တကယ် နဂါးတစ်ကောင် ရှိနေတာလား*
ထို့နောက် ဖျင်ယန်တောင်တစ်ခုလုံး လင်းထိန်ကာ စိမ်းလန်းစိုပြည်လာပြီး ပန်းမန်များ ဖူးပွင့်လာသည်ကို တွေ့လိုက်ရသည်။ ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။
ယခုရာသီသည် ဆောင်းရာသီ ဖြစ်သည်။ ဘယ်လိုလုပ် ပန်းပွင့်သော မြင်ကွင်းမျိုး ဖြစ်ပေါ်လာနိုင်မည်နည်း။ မယုံနိုင်စရာ ကောင်းလှပေသည်။
“ဒါ လုံးဝမဖြစ်နိုင်ဘူး”
ယဲ့စန်းတောင်မှ အံ့ဩဟန် ပြလာသည်။ ဤမျှများပြားသော အသက်ဓာတ်စွမ်းအင်ကို သူ တစ်ခါမှ မမြင်ဖူးချေ.
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
တောင်ထိပ်မှ မိစ္ဆာဓာတ်များ ချက်ချင်း ပျောက်ကွယ်သွားပြီး ငြိမ်းချမ်းသော အငွေ့အသက်များ ဖုံးလွှမ်းလာပြီး နတ်ဗိမာန်အလား လေညင်းကပင် မွှေးပျံ့သော ရနံ့မျိုး ဆောင်ကြဉ်းလာလေသည်။
မနေ့က နဂါးဝိညာဉ်သွေးကြော သေဆုံးသွားခဲ့သော်လည်း ယခု ဖျင်ယန်တောင်တစ်ခုလုံး အသက်ပြန်ဝင်လာ၏။ ထို့အပြင် ယခင်ထက်ပင် ပို၍ စိမ်းလန်းစိုပြည်နေသည်။
“မင်း ဘာလုပ်လိုက်လာတာလဲ”
ယဲ့စန်း အလန့်တကြား အော်ဟစ်လာသည်။ ဤနည်းလမ်းက သူ့အသိဉာဏ်ထက် ကျော်လွန်နေသည်။ ဤနေရာသည် အလွန် ကြမ်းတမ်းသည့် သုသာန်မြေ ဖြစ်လာပြီးသား ဖြစ်သည်။ ဤမြေအား ပြန်ပြောင်းလဲရန် အနည်းဆုံး နှစ်တစ်ရာမျှ အချိန်ယူရမည်။
သို့သော် ယဲ့ဖန်က ချက်ချင်း ဖျင်ယန်တောင်ကို မူလအနေအထားထက် ပိုကောင်းသော အခြေအနေသို့ ပြန်ရောက်အောင် လုပ်နိုင်ခဲ့သည်။
ဝုန်း!
ရုတ်ချည်းဆိုသလိုပင် နဂါးတစ်ကောင် ပေါ်လာပြီး ယဲ့ဖန်နား ဝဲကာ သူ့ပါးအား ချစ်ခင်မှုအပြည့်ဖြင့် ပွတ်သပ် လေသည်။ ယဲ့ဖန် သူ့အသက်ကို ကယ်လိုက်သည့်အတွက် ကျေးဇူးတင်နေပုံရသည်။
“နဂါးပါလား၊ တကယ်ပဲ နဂါးတစ်ကောင် ရှိနေတာပဲ”
“နဂါးဝိညာဉ် ရှိတဲ့မြေက တကယ်ကို ထူးခြားတဲ့နေရာ ဖြစ်လာမှာ၊ ဒီမှာနေတာက နောက်မျိုးဆက်တွေအတွက် ငြိမ်းချမ်းခြင်းနဲ့ ချမ်းသာကြွယ်ဝခြင်းကို ဆောင်ကြဉ်းပေးနိုင်တယ်”
“ချမ်းသာခြင်း၊ ဒါက ချမ်းသာခြင်းပဲ”
အိမ်ပိုင်ရှင်များ အလွန် မှင်တက်သွားကြသည်။
“ဒီနေရာက တကယ့် ရတနာမြေပဲ ဟုတ်တယ်မလား”
သူတို့မျက်နှာမှ လှောင်ပြုံးများ ပျောက်ကွယ်သွားပြီး နောင်တရဟန်များ ပေါ်ထွက်လာသည်။ ပိုက်ဆံက သူတို့အတွက် အရေးမပါချေ။ သူတို့အားလုံးသည် ဖျင်ယန်တောင်၌ အိမ်တစ်လုံး ဝယ်နိုင်သဖြင့် ပိုက်ဆံ ပြတ်လပ်နေသော မိသားစုများ မဟုတ်ကြချေ။
ယခု သူတို့က အိမ်ဝယ်ခြင်းမှ ပြန်အမ်းငွေ ရထားပြီးသဖြင့် ဤရတနာမြေက သူတို့နှင့် ဘာမှမဆိုင်တော့ချေ။