← Chapters

အခန်း ၁၁၄၆

Vol. 77 Ch. 1146

အခန်း ၁၁၄၆

Vol. 77 Ch. 1146

Chapter 1146 ငရဲကိုသွားရလိမ့်မယ်

“ခင်ဗျားတို့ ထွက်မသွားရင် သေရလိမ့်မယ်”

ယဲ့ဖန်၏ စကားများက အေးစက်ပြီး အညှာအတာမဲ့လှသည်။ သူ့အသံသည် ငရဲမှ ထွက်လာသော နတ်ဆိုး၏ အသံဟု ထင်မှတ်မှားရပြီး လူတိုင်း ခိုက်ခိုက်တုန်သွားကြသည်။

အထူးသဖြင့် ပေါက်ကွဲသွားသော အမျိုးသမိးကြီး၏ သွေးစက်များက လူတိုင်း၏ ပါးသို့ လာစင်သဖြင့် သူတို့အားလုံး ကြက်သီးထကာ သေမတတ် ကြောက်လန့်သွားလေသည်။

*နတ်ဆိုးပဲ*

လူတိုင်း တစ်ဖက်လူအား နတ်ဆိုးဟု သတ်မှတ်သွားကြသည်။ လူသတ်ခြင်းက သူ့အတွက် ထမင်းစားရေသောက် သကဲ့သို့ လွယ်ကူပြီး ပုံမှန်လိုပင်။ သူ့ကို ရန်စပါက သူတို့အားလုံး ဤနေရာ၌ သေသွားရပေမည်။

“ထွက်သွား”

ယဲ့ဖန်က ဤလူများကို အရှင်လတ်လတ် ဝါးစားတော့မတတ်ဟန်နှင့် သားရဲကောင်ကဲ့သို့ ခက်ထန်သော လေသံဖြင့် ကျယ်လောင်စွာ အော်ထုတ်လိုက်သည်။

အိမ်ပိုင်ရှင်များသည် ကြောက်လန့်နေသော ယုန်များကဲ့သို့ အရောင်းပြခန်းမှ ရှက်ရွံ့စွာ ထွက်ပြေးသွားလေသည်။ သူတို့စိတ်ထဲတွင် နောင်တရစိတ်များ ပို၍ ပြည့်နှက်လာ၏။

ဤအိမ်ရာဝင်းသည် လူအများ တစ်သက်လုံး နေနိုင်လောက်သည်အထိ ယန်စွမ်းအင်များ ပေါကြွယ်ဝသည်။ ထို့အတူ ဤမြေအား နတ်ဆိုးကဲ့သို့ ကြောက်စရာကောင်းသော ဤပုဂ္ဂိုလ်က ကာကွယ်ထောက်ပံ့ပေးသဖြင့် နတ်ဗိမာန်လိုပင်။

ယခု ထိုအခွင့်အရေးကို သူတို့ကိုယ်တိုင် လက်လွှတ်လိုက်ရသည်။ အိမ်ပိုင်ရှင်တိုင်း ကိုယ့်ပါးကိုယ်ပြန်ချချင်စိတ်သာ ဝင်နေကြသည်။ ထိုအခိုက်တွင် ယဲ့ဖန်သည် လူတိုင်း၏ အတွေးကို ဂရုမစိုက်ဘဲ ဝမ်ခယ်နှင့် အခြားဝန်ထမ်း များဘက်သို့ လှည့်၍ ပြောလိုက်သည်။

“တစ်ယောက်ယောက်ကို သန့်ရှင်းရေး လုပ်ခိုင်းလိုက်”

သူ့စကားကြောင့် ဝမ်ခယ်နှင့် အခြားသူများ ခေါင်းညိတ်ပြလိုက်သည်။ အားလုံးက ယဲ့ဖန်ကို နတ်ဘုရားတစ်ပါးကို ကြည့်သကဲ့သို့ လေးစားကြည်ညိုစွာ ကြည့်နေကြသည်။

ထိုစဉ် အလျင်စလို ပြေးလာသည့် ခြေသံ ထွက်ပေါ်လာပြီး ဒယိမ်းဒယိုင် ဖြစ်နေသော ပုံရိပ်တစ်ခု ပြေးဝင်လာကာ ယဲ့ဖန်ရှေ့၌ ဒူးထောက်၍ ခါးသီးသော လေသံဖြင့် ပြောလာ၏။

“ယဲ့ဘုရင် ထန်မိသားစု ဒုက္ခရောက်ပါပြီ”

ထိုစဉ် နောက်ထပ် လူတစ်ယောက် ပြေးဝင်လာသည်။

“ထုံအိမ်တော် အသတ်ခံလိုက်ရပါပြီ”

“ယန်မိသားစုတစ်ခုလုံး သုတ်သင်ခံလိုက်ရပါတယ်”

ထိုလူများအားလုံး မျက်လုံးများ စိုစွတ်ကာ နီရဲနေပြီး ယူကြုံးမရသော အမူအရာများ ဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် အသတ်ခံလိုက်ရသည့် လူများထဲတွင် သူတို့၏ ဇနီးသည်များနှင့် ကလေးငယ်များအပြင် ညီအစ်ကို မောင်နှမများ ပါဝင်နေသောကြောင့်ပင်။ ထို့အပြင် ထိုသူများသည် ဆိုးရွားစွာ အသတ်ခံလိုက်ရသည်။

သို့ရာတွင် လူသတ်သမားက ယဲ့မိသားစု၏ ပထမ သခင်လေး ယဲ့ယွင်ထျန်း ဖြစ်နေသောကြောင့် သူတို့ လက်စားချေနိုင်သည့် အင်အားမျိုး မရှိပေ။ ထို့ကြောင့် သူတို့သည် ယဲ့ဖန်ထံသို့သာ လာရတော့သည်။ သူတို့၏ နတ်ဘုရားကသာ သူတို့အတွက် လက်စားချေပေးနိုင်၏။

*အသတ်ခံလိုက်ရတာလား*

*အချိန်တိုလေးအတွင်း ဖျင်အန်းမြို့ရဲ့ အဓိက မိသားစု အားလုံးနီးပါး တစ်ယောက်ပြီး တစ်ယောက် သေကြေ ပျက်စီးတာကို လာပြောနေရပါလား*

ဤအဖြစ်ကြောင့် ယဲ့ဖန်၏ မျက်နှာက မည်းမှောင်လာသည်။

“လမ်းပြ”

သူ၏အသံက အလွန်ခက်ထန်ကာ ရက်စက်နေ၏။

…

နာရီဝက်ကြာပြီးနောက် ယန်မိသားစု အိမ်တော်သို့ ရောက်လာသည်။ ယန်မိသားစု ခေါင်းဆောင်က ခန္ဓာကိုယ် တစ်ဝက်သာ ကျန်တော့သည့် ကောင်လေးတစ်ယောက်ကို ပွေ့ပိုက်ထားပြီး ကျိတ်ငိုနေသည်ကို ယဲ့ဖန် တွေ့လိုက် ရသည်။

ထိုကောင်လေးသည် ငါးနှစ်၊ ခြောက်နှစ်အရွယ်မျှသာ ရှိပေဦးမည်။ ဘေးဒုက္ခမှ မရှောင်တိမ်းနိုင်ဘဲ ခန္ဓာကိုယ် အပေါ်ပိုင်းသာ ကျန်ခဲ့ရှာသည်။ ခန္ဓာကိုယ် တစ်ခုလုံးအား ခါးမှအခုတ်ခံထားရခြင်း ဖြစ်လေသည်။

ထိုကောင်လေးသည် ကျိတ်ငိုနေသော ယန်မိသားစုခေါင်းဆောင်အား မော့ကြည့်နေသည်။ သူ အလွန်အမင်း နာကျင်နေသော်လည်း စဉ်းစဉ်းစားစား ပြောလာ၏။

“ဘိုးဘိုး မငိုပါနဲ့၊ ရွှမ်ရွှမ် မနာတော့ပါဘူး၊ ဒါ လုံးဝ မနာပါဘူး”

“အင်းပါ ဘိုးဘိုး မငိုပါဘူး”

ယန်မိသားစုခေါင်းဆောင်က မျက်လုံးထောင့်မှ မျက်ရည်စများကို သုတ်ကာ အတင်းလုပ်ယူ၍ ပြုံးလိုက်သဖြင့် ငိုနေသည်ထက်ပင် ကြည့်ရဆိုးသွားသည်။

“ဘိုးဘိုး ရွှမ်ရွှမ် အရမ်း အိပ်ငိုက်နေလို့ အိပ်ချင်နေပြီ”

ထိုကောင်လေး ပင်ပန်းနွမ်းလျစွာ ပြောလာ၏။ အဘယ်ကြောင့်ဆိုသော် သူ သွေးဆုံးရှုံးမှု များနေသဖြင့် သေ ရပေတော့မည်။

“အင်း ရွှမ်ရွှမ် အိပ်လိုက်ဦးနော်၊ မင်း နိုးလာရင် ဘိုးဘိုး မင်းကို ကစားကွင်း ခေါ်သွားမယ်”

ယန်မိသားစုခေါင်းဆောင်က ပြုံး၍ ပြောလိုက်သည်။ သူ့စကားကြောင့် အသက်ရှင်နေသေးသည့် ကျန်ယန်မိသားစု ဝင်များသည် ရက်စက်လှသော မြင်ကွင်းကို ထပ်မမြင်ဝံ့တော့သဖြင့် မျက်လုံးမှိတ်ထားမိကြသည်။ သူတို့ သခင်ကြီး၏ နှလုံးသား ကွဲကြေကာ ရူးမတတ် ဖြစ်နေသည်ကို သူတို့ ခံစားမိပါ၏။

“တကယ်လား ဒါဆို လက်သန်းကတိပေး”

ထိုကောင်လေးက ဖြူစင်စွာဖြင့် လက်သန်းလေး ထောင်ပြလာသည်။

“အင်း လက်သန်းကတိနော်”

ယန်မိသားစုခေါင်းဆောင်သည်လည်း လက်သန်းထုတ်၍ လက်သန်းချင်းချိတ်ကာ ကတိပေးလိုက်သည်။ သူ့အသံက တုန်နေသည်။

“လက်သန်းကတိ ပေးပြီးသွားပြီဆိုတော့ နှစ်တစ်ရာကြာသွားလည်း ပြောင်းလို့မရဘူးနော်”

ထို့နောက် ထိုကောင်လေးသည် ယန်မိသားစုခေါင်းဆောင်၏ ရင်ခွင်တွင်း၌ သေဆုံးသွားလေတော့သည်။

“အား….”

နောက်ဆုံးတွင် ယန်မိသားစုခေါင်းဆောင် ပြိုလဲကာ မျက်ရည်များဖြင့် ဒေါသတကြီး ဟစ်အော်လိုက်မိသည်။ သူ ဝမ်းနည်း၍ ဒေါသထွက်ကာ ရူးမတတ် ဖြစ်နေ၏။ သူ ယဲ့ယွင်ထျန်းကို ဓားတစ်ထောင်ဖြင့် ခုတ်ပိုင်းရန် မစောင့်နိုင် တော့ချေ။

အဘယ်ကြောင့် ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးကိုတောင်မှ ဤသို့ လုပ်ရက်နိုင်ကြသနည်း။ ထိုလူများသည် လူ့စိတ်သဘာဝ ဆိုသည်ကိုတောင် သိကြပါရဲ့လား။ သွေးအေးလွန်းလှသည်။

ယန်မိသားစု၏ မိသားစုဆွေမျိုးများအားလုံး ဆိုးရွားစွာ သေဆုံးသွားရသည်။ အမျိုးသားများသည် မသေခင် နှိပ်စက်ခံရသည်။ အမျိုးသမီးများမှာမူ မသေမချင်း မုဒိမ်းကျင့်ခံခဲ့ရသည်။ ယဲ့ယွင်ထျန်း၏ နည်းလမ်းများက လက်မခံနိုင်လောက်အောင် ရက်စက်လွန်း၏။

ယဲ့ဖန် ရှေ့သို့လှမ်းလာပြီး ယန်မိသားစု ခေါင်းဆောင်၏ ပခုံးပေါ် လက်တင်၍ ပြောလိုက်သည်။

“ငါ သူတို့ကို အသက်ပြန်သွင်းပေးနိုင်တယ်၊ ဒါပေမဲ့ အခု ငါတို့ ပိုအရေးကြီးတဲ့ကိစ္စကို လုပ်စရာ ရှိသေးတယ်”

ယန်မိသားစုခေါင်းဆောင်က နောက်လှည့်၍ သူ့အား တောင့်တမျှော်လင့်သော အကြည့်များဖြင့် ကြည့်လာသည်။

“ယဲ့ဘုရင် ကျုပ် ယဲ့ယွင်ထျန်းကို ကျုပ်လက်နဲ့ ကိုယ်တိုင် သတ်ချင်ပါတယ်”

ယဲ့ဖန်က သူ့ကို သေချာစိုက်ကြည့်၍ စကားလေးလုံး ပြန်ပြောလိုက်သည်။

“မင်းသဘောပဲ”

ယဲ့ဖန်၏ စကားကိုကြားပြီးနောက် ယန်မိသားစု ခေါင်းဆောင်က လေးလေးလံလံ ခေါင်းညိတ်ပြလေသည်။

“ယဲ့ဘုရင် ဒါကို တစ်ချက် ကြည့်ပါဦး”

ထိုစဉ် လူတစ်ယောက်က ယဲ့ဖန်ကို ဖုန်းတစ်လုံး လှမ်းပေးလာ၏။ ထိုအခါ ဖျင်အန်းမြို့၏ ဖိုရမ်၌ လူတစ်သန်းကျော်၏ ပြောဆိုထားသော နှုန်းထားကြောင့် ရေပန်းစားနေသော သတင်းတစ်ခုကို တွေ့လိုက်ရသည်။

“ယဲ့ဖန် နှစ်ဆယ့်လေးနာရီအတွင်း ယွင်ရင်တောင်မှာ လာအသေခံလိုက်၊ မင်း တစ်စက္ကန့်လောက် နောက်ကျတာနဲ့ ဖျင်အန်းမြို့က လူတစ်ယောက် သေမယ်၊ မြို့ပျက်တစ်ခု ဖြစ်မလာမချင်း လူသတ်တာကို ရပ်မှာ မဟုတ်ဘူး”

“ယဲ့ဖန်ဆိုတဲ့ကောင်က ဘာကောင်လဲ၊ ယဲ့မိသားစုကို ဒေါသထွက်အောင် လုပ်ရဲတယ်ဆိုတော့ ဘာစားပြီး သတ္တိကောင်းနေတာလဲ”

“ယဲ့ဖန်ကိုပဲ မြန်မြန် သေခိုင်းလိုက်လေ၊ ငါတို့ကို ဆွဲမထည့်နဲ့”

“မျက်လုံးမပွင့်တဲ့ အဲ့အရူးကောင် ဘယ်မှာလဲ၊ သူ့ကို မြန်မြန်ရှာပြီး လက်လွှဲပေးကြမယ်၊ အဲ့အရူးကြောင့်နဲ့ ငါ မသေချင်ဘူး”

“ယဲ့မိသားစုက သခင်လေးကို ရန်စတယ်ဆိုတော့ အဲ့ယဲ့ဖန်က သောက်ရမ်း သေသင့်တယ်ကွာ”

ဖျင်အန်းမြို့သားများထံမှ မုန်းတီးစော်ကားသော မှတ်ချက်များ ဆက်တိုက် တက်လာသည်။ ထို့နောက် ဗွီဒီယိုတစ်ခုပါ တွဲ၍ တက်လာ၏။ ထိုဗွီဒီယို၏ အကြောင်းအရာမှ ဝေဒနာကြောင့် ကြမ်းပြင်ပေါ် လူးလိမ့်နေသည့် ကျုံးလီအာ၏ ဗွီဒီယို ဖြစ်သည်။

ဖုန်းမျက်နှာပြင်မှတစ်ဆင့် သူမ၏ စူးရှနာကျင်သော အော်သံများကို ကြားနေရသဖြင့် ကြည့်မိသူတိုင်း နေရခက်သလို ဖြစ်သွားကာ ဝမ်းနည်း၍ စိတ်ဓာတ်ကျသွားကြသည်။

ထိုအခိုက်တွင် ကျုံးလီအာ၏ ခန္ဓာကိုယ်သည် အင်းဆက်များ၏ ကိုက်ဖြတ်ခြင်း ခံရသကဲ့သို့ ဖြစ်နေပြီး မရဏ အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။

ထိုအခါ ယဲ့ဖန် မျက်နှာတစ်ခုလုံး မည်းမှောင်လာ၏။ တစ်ကိုယ်လုံး နတ်ဆိုးအသွင် ပြောင်းသွားသလိုပင်။ သူ့မျက်လုံးက သွေးရောင်လွှမ်းလာသည်။

သူ၏ ခန္ဓာကိုယ်မှ များပြားသော နတ်ဆိုးစွမ်းအင်များ အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည်ဟု ထင်မှတ် ရသည်။ ဤသည်ကြောင့် လူတိုင်း ကြက်သီးထလာကြသည်။ လူတိုင်း ဝမ်းနည်းစိတ်နှင့် ဒေါသစိတ်တို့ကို မေ့လျော့ သွားပြီး ကြောက်စိတ်များသာ စိုးမိုးလာ၏။

“ငါတို့ဘုရင် ဒေါသထွက်နေပြီပဲ”

လူတိုင်း အံ့ဩနေကြသည်။ ယဲ့ဖန်၏ ကြက်သေ သေနေသော ပုံစံကို သူတို့ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ထန်မင်လီနှင့် အခြားသော ပုဂ္ဂိုလ်ကြီးများလည်း ပြေးလာနေကြသည်။ သူတို့၏မျက်နှာတွင် ဝမ်းနည်း ပူဆွေးစိတ်နှင့် ဒေါသစိတ်များ ထင်ဟပ်နေသည်။ သူတို့မျက်လုံးတွင် လူသတ်ချင်စိတ်များ ဖုံးလွှမ်းနေလေသည်။

“ခွင့်မလွှတ်နဲ့၊ မညှာတာနဲ့”

“ဘာလို့လဲဆို‌တော့ သူတို့အားလုံး ငရဲကို သွားရမှာမို့လို့ပဲ”

ယဲ့ဖန်၏ ပုံရိပ်က နေရာမှ ဖျတ်ခနဲ ပျောက်သွားသည်။

“ယွင်ရင်တောင်ကို သတ်ဖို့သွားမယ်”

ထန်မင်လီတို့ကလည်း လက်သီးလက်မောင်းတန်း၍ ကြွေးကြော်လေသည်။

“ယွင်ရင်တောင်ကို သတ်ဖို့သွားမယ်”

….

တစ်ချိန်တည်းမှာပင် ယွင်ရင်တောင်၌ လူများဖြင့် ပြည့်သိပ်နေ၏။ ယွင်ရင်တောင်သည် ဟွိုင်အန်း စီရင်စု၌ ပုန်းကွယ်တည်ရှိနေသော ဂိုဏ်းတစ်ခုဖြစ်ပြီး လွန်ခဲ့သော နှစ်နှစ်ထောင်ကျော်ကတည်းက တည်ရှိခဲ့သော သမိုင်းကြောင်း ရှိပြီး ယခုအထိ အထွတ်အထိပ်၌ ရှိနေဆဲပင်။

ထူးချွန်သော သိုင်းပညာရှင်များက တိမ်လို ပေါများလှသည်။ ယဲ့ယွင်ထျန်းသည် ယွင်ရင်တောင်၌ ဂရုတစိုက် လေ့ကျင့် ပျိုးထောင်ခြင်း ခံထားရသူ ဖြစ်ပြီး နဂါးမြို့တော်မှ ယဲ့မိသားစု နံပါတ်တစ် ပါရမီရှင် ဖြစ်သလို ဂိုဏ်း၏ အသန်မာဆုံး တပည့်လည်း ဖြစ်ပေသည်။

စင်မြင့်ပေါ်၌ ယဲ့ယွင်ထျန်းသည် အေးအေးလူလူ ထိုင်နေပြီး လက်တစ်ဖက်ဖြင့် မေးကိုထောက်ကာ ဘုရင်တစ်ပါး သဖွယ် ထိုင်နေသည်။

ဘေးပတ်လည်၌ ယွင်ရင်တောင်၏ တပည့်များအပြင် ဟွိုင်အန်း စီရင်စုမှ ပုဂ္ဂိုလ်ကြီးများလည်း ရောက်နေသည်။ သူတို့အားလုံး ဤနေရာ၌ စုဝေးနေကြခြင်းသည် ယဲ့ယွင်ထျန်းက ဟွိုင်အန်စီရင်စုမှ အင်အားစုများအားလုံးကို ယဲ့မိသားစု လက်အောက်၌ အညံ့ခံရန် အမိန့်ပေးထားသောကြောင့်ပင်။

“ဟွိုင်အန်းမြို့က စန်းမိသားစု အညံ့ခံပါ့မယ်”

“ဖျင်အန်းမြို့က လျန့်မိသားစု အညံ့ခံပါ့မယ်”

အင်အားကြီး မိသားစုများက ယဲ့ယွင်ထျန်းရှေ့၌ ကျိုးနွံသော အမူအရာဖြင့် ဒူးထောက်နေကြသည်။ ယဲ့ယွင်ထျန်းက သာမန်ကာလျှံကာဟန်ဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။ ဤအမူအရာကပင် မိန်းကလေးတစ်စုအား ရူးမတတ် အော်ဟစ်သွားစေသည်။

သူသည် လွှမ်းမိုးကြီးစိုးနိုင်သည့် လူငယ် ဘုရင်လေးတစ်ပါးပင်။

“ယဲ့ဖန်ဆိုတဲ့ကောင်က ဘယ်လို အမှိုက်ကောင်မျိုးလဲ၊ သူ ဒီကိုလာအသေခံရဲပါ့မလား”

ထိုစဉ် ဂိုဏ်းတပည့်မလေးတစ်ယောက်က ထေ့ငေါ့၍ ပြောလာသည်။

“သူ ဒီလာရင် သေမယ်ဆိုမှတော့ ဘယ်လိုလုပ် လာရဲပါ့မလဲ”

ဂိုဏ်းသားတစ်ယောက်က အထင်သေးစွာ ပြောလာသည်။

“သူ လာရဲတယ်ဆိုရင်တောင်မှ စီနီယာ အစ်ကိုယဲ့ဆီမှာ အလွန်ဆုံး သုံးကွက်အတွင်း အသတ်ခံရလိမ့်မယ်၊ သုံးကွက်အတွင်း သူ သေမှာပဲ”

“ထောက်ခံတယ်၊ စီနီယာအစ်ကိုယဲ့ရဲ့ သိုင်းကွက်သုံးကွက်ကို တောင့်ခံနိုင်တဲ့လူမျိုး ငါ တစ်ခါမှ မမြင်ဖူးသေးဘူး”

“သူ လာရဲမယ်ဆိုရင်တော့ သေရမှာပဲ”

လှောင်ပြောင်သရော်သံများ ဆက်တိုက် ထွက်ပေါ်နေ၏။

All Chapters