← Chapters

အခန်း ၁၁၅၅

Vol. 77 Ch. 1155

အခန်း ၁၁၅၅

Vol. 77 Ch. 1155

Chapter 1155 နှစ်တစ်ထောင် နတ်ဆိုး

ယွင်ရင်တောင်ထိပ်၌ ယဲ့ယွင်ထျန်းသည် မိစ္ဆာတစ်ကောင်ကဲ့သို့ အော်ဟစ်နေ၏။

“ဘိုးဘေး ခင်ဗျား မှားတယ်၊ ခင်ဗျားတို့အားလုံး မှားခဲ့တယ်”

အစပိုင်း၌ ယဲ့ဖန်သည် မွေးဖွားလာစဉ်ကတည်းက အပြစ်သားအဖြစ် ပစ်မှတ်ထားခံခဲ့ရသည်။ ယဲ့မိသားစုဝင် အားလုံးသည် ယဲ့ဖန်အား မိစ္ဆာမျိုးနွယ်ဟု သတ်မှတ်ကာ သူတို့ ယဲ့မိသားစုကို သတ်ပစ်လိမ့်မည်ဟု ထင်ပြီး ယဲ့ဖန်ကို နှိပ်စက် သတ်ဖြတ်ခဲ့သည်။

သို့သော် သူတို့ မသိလိုက်သည့် အချက်မှာ အတိတ်က သူတို့၏ ဆိုးယုတ်သော လုပ်ရပ်ကြောင့် ယနေ့ကဲ့သို့သော နတ်ဆိုးဆန်ဆန် ရလဒ်များ ဖြစ်ပေါ်လိမ့်မည်ဟုပင်။

ဤနတ်ဆိုးကို ရန်စလိုက်မိသည့်အတွက် ယဲ့မိသားစု ဘေးဒုက္ခရောက်ပေတော့မည်။ ကံကြမ္မာက လူကို လှည့်စား လေပြီ။ သူတို့၏ ယဲ့မိသားစုကို ကံတရားက ဤသို့ လှောင်ပြောင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ယဲ့ယွင်ထျန်း၏ ဆိုလိုရင်းကို လူတိုင်း နားမလည်ကြချေ။ သူတို့ သိသည့်အချက်မှာ ယဲ့ယွင်ထျန်း သေတော့မည် ဆိုတာပင်။

“စီနီယာ အစ်ကိုယဲ့ …တကယ် ရှုံးသွားတာပဲ”

ယဲ့ယွင်ထျန်းဘက်မှ လူများ အုတ်အော်သောင်းတင်း ဖြစ်နေကြသည်။ သူတို့ခေါင်းထဲ၌ တဒိန်းဒိန်း ဖြစ်နေပြီး အော်သံများကြောင့် နားအူကာ နားဝေတိမ်တောင် ဖြစ်နေလေသည်။

*ရှုံးတယ်*

*သေတော့မယ်*

*အားလုံးရဲ့ အထက်က ပါရမီရှင်၊ ငါတို့ မော့ကြည့်ရတဲ့ ဘုရင်က ရှုံးသွားတာလား*

“လက်သီးတစ်ချက်၊ လက်သီး တစ်ချက်တည်းပဲ၊ ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက် တတ်တဲ့ စီနီယာ အစ်ကိုယဲ့ကို သူ တကယ် အနိုင်ယူသွားတာပါလား”

တပည့်ဂိုဏ်းသားများသည် သူတို့ အိပ်မက်မက်နေသည်ဟု ထင်မှတ်ကာ ဤအဖြစ်ကို လက်မခံချင် ဖြစ်နေကြသည်။ တစ်ယောက်ပြီး တစ်ယောက် မျက်လုံးပြူးနေကြပြီး သူတို့၏မျက်လုံးတွင် ကြောက်ရွံ့စိတ်များ ထင်ဟပ်နေ၏။

*ယဲ့ယွင်ထျန်းက ဘယ်လိုလုပ် ရှုံးသွားရတာလဲ*

*ဘယ်လိုလုပ် သူ ရှုံးရတာလဲ*

“သွားပြီ ငါတို့တော့ သွားပြီ”

ဖန်းရီပေါ် စိတ်ပျက်လက်ပျက်ဖြင့် နံရံကို လက်သီးဖြင့် ထိုးမိသည်။ သူ့မျက်နှာတစ်ခုလုံး ပြာနှမ်းနေလေသည်။ သူ့ပိုက်ဆံအကုန်လုံး ဆုံးရှုံးရပေတော့မည်။ ထို့အပြင် သူ ယဲ့ဖန်ကိုလည်း သစ္စာဖောက်ခဲ့သဖြင့် ဘယ်လိုလုပ် ယဲ့ဖန်က သူ့ကို အသက် ချမ်းသာပေးတော့မည်နည်း။

ဖန်းရီပေါ် အလွန်အမင်း နောင်တရနေ၏။ သူ လောဘ မကြီးခဲ့သင့်ပေ။ သူသာ လောဘ မတက်ခဲ့လျင် သူ့မိသားစု၏ အကြီးဆုံးသားဟူသော ဂုဏ်ပုဒ်ဖြင့် ဆက်၍ ဘဝင်ခိုက်ကာ ပျော်ပါး၍ ရသေးသည်။

သို့ရာတွင် ယခုအခါ၌ ဘာမှ မကျန်ခဲ့တော့ချေ။ သူ့မိသားစု ဒေဝါလီ ခံရတော့မည်။ သူတောင်မှ သေသွားနိုင်သည်။ သူ သေသွားပြီလျင် သူ့မိဘများ ချွတ်ခြုံကျ၍ လမ်းမပေါ်နှင့် တောင်းစားနေရလောက်သည်။ အားလုံးက သူ့အပြစ်ပင်။

“သူ မသေဘူး၊ သူက အင်မော်တယ် … ဟားဟားဟား …”

အားပင်း အားပါးတရ ရယ်မောနေပြီး တစ်ကိုယ်လုံး နတ်ဆိုး ဝင်ပူးသကဲ့သို့ ဖြစ်နေလေသည်။

*ဒီလိုပဲ ထပ်ဖြစ်ပြန်ပြီ*

*ဘာတွေက ဒီလောက် ထူးခြားနေလို့လဲ*

*ဒီလောကကြီးထဲမှာ ဘယ်သူမှ ဒီခွေးသူတောင်းစားကို မသတ်နိုင်တာလဲ*

*ယဲ့ဖန်တစ်ယောက်တည်းနဲ့တင် ဟွိုင်အန်း စီရင်စုတစ်ခုလုံးကို စိတ်ပျက်လက်ပျက် ဖြစ်အောင် လုပ်နိုင်နေပြီ*

“ဝမ်းနည်းမနေနဲ့ မကြာခင် ယဲ့မိသားစုဝင်အားလုံး ငရဲကို လိုက်လာပြီး မင်းနဲ့ ပြန်ဆုံလိမ့်မယ်”

ယဲ့ဖန်က သွေးဆာနေသော အပြုံးမျိုး ပြုံးနေပြီး သူ၏ လူသတ်ချင်သော အရှိန်အဝါက ကောင်းကင်ယံကိုပင် တုန်လှုပ်နိုင်စေသည်။

နတ်ဆိုးလက်ဝါးတစ်ခုက ယဲ့ယွင်ထျန်းပေါ် လွှမ်းမိုးလာ၏။ ကြယ်တာရာများ ပြင်းထန်စွာ တုန်ခါလှပြီး လူတိုင်း တစ်သက်တွင် တစ်ခါမှ မမြင်ဖူး မကြားဖူးသော အရာတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

“မင်း သူ့ကို သတ်ရဲရင် ငါ မင်းကို မသေမရှင် ဖြစ်အောင် လုပ်ပေးမယ်”

ထိုစဉ် တောင်အနောက်ဘက်မှ နတ်ဆိုးကြွေးကြော်သံကဲ့သို့ ကြောက်စရာကောင်းသော အော်သံတစ်သံ ထွက်ပေါ် လာ၏။

ထိုအသံသည် အလွန် ကျယ်လောင်လှပြီး ဆယ်မိုင်အကွာကပင် ကြားနေရသည်။ ထိုအသံကို ကြားသည်နှင့် လူတိုင်းသည် ခေါင်းပေါ် ရေအေး လောင်းချခံလိုက်ရသကဲ့သို့ ဖြစ်ကာ ချောက်ချားသွားလေသည်။

“ဘယ်သူလဲ ယဲ့ဖန်ရဲ့ နည်းလမ်းကို မြင်ပြီးတာတောင် ဘယ်သူက ဒီလို ပြောရဲတာလဲ”

လူတိုင်း ထိတ်လန့်နေကြသည်။

“ဒီအသံက … မိုထျန်းကြွယ်”

အဘိုးအိုတစ်ယောက်က ကြောက်လန့်နေသော အသံဖြင့် အလန့်တကြား ထအော်လာသည်။

*ဘာ*

*မိုထျန်းကြွယ်လား*

လူတိုင်း ဆူညံပွက်လောရိုက်သွားပြီး အကြောက်တရားများ လျင်မြန်စွာ ပျံ့နှံ့လာ၏။

“မိုထျန်းကြွယ်လား … ဘိုးဘိုး မိုထျန်းကြွယ်က ဘယ်သူလဲ”

“မိုထျန်းကြွယ်က ယွင်ရင်တောင်ဂိုဏ်းရဲ့ တည်ထောင်သူ ဂိုဏ်းချုပ်ပဲ၊ နှစ်ထောင်ချီ အသက်ရှင်နေတဲ့ လူအိုကြီးပေါ့၊ သူ အခုထိ မသေသေးပါလား၊ ဘယ်လိုလုပ် မသေသေးတာပါလိမ့်”

ထိုအဘိုးအိုသည် ရှက်ရွံ့နာကြည်းစွာ ကျသော မျက်ရည်ကို သုတ်၍ သူ့မြေးကို ငဲ့ကြည့်လေသည်။

“အစတုန်းက အဘိုးတို့ မိသားစုကို သူ ဖျက်ဆီးခဲ့တာ”

“ဗျာ…”

မြေးဖြစ်သူ ကြောက်လန့်တကြား ဖြစ်သွားသည်။ သူ့အဘိုးဖြစ်သူ၏ စကားအရဆိုလျင် သူတို့၏ မိသားစုသည် ဟွိုင်အန်း စီရင်စု၌ များစွာသော တပည့်များနှင့် ဆရာများ ရှိခဲ့သည့် အရေးပါသော အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့ဖူးသည်။

သို့ရာတွင် လူတစ်ယောက်ကို ဆန့်ကျင်မိသောကြောင့် ညတွင်းချင်း မိသားစုတစ်ခုလုံး ရှင်းလင်းခံခဲ့ရကာ လူပေါင်း နှစ်ရာကျော် ဆိုးဆိုးရွားရွား သေဆုံးခဲ့ပြီး အချို့သာ အသက်ရှင်ကျန်ခဲ့သည်။

သူ့အဘိုးသည် ထိုသို့ အသက်ရှင်ကျန်သူများထဲမှ တစ်ယောက် ဖြစ်လေသည်။

“မိုထျန်းကြွယ်လား၊ အဲ့မိစ္ဆာအိုကြီး မသေသေးဘူးလား”

ဖန်သားပြင်မှ ကြည့်ရှုသူများလည်း သွေးပျက်လာကြသည်။

လွန်ခဲ့သော နှစ်တစ်ထောင်ကျော်က မိုထျန်းကြွယ်သည် လူသိများသော မိစ္ဆာလမ်းစဉ်၌ ကျော်ကြားသော မှော်ဆရာ ဖြစ်သည်။ ယခု သူသည် နှစ်တစ်ထောင်ကျော် အသက်ရှင်နေသေးသဖြင့် သူ၏ ခွန်အားက မည်မျှ ကြောက်ရွံ့ဖွယ် ကောင်းနေမည်နည်း။

သူသည် ဈာန်ဝင်စားခြင်းအဆင့်၌ ရပ်နေမည် မဟုတ်ပေ။ မဟာ ဆရာသခင်အဆင့်သို့ ရောက်နေလောက်သည်။

“ထွက်ပြေးရမယ်၊ ဝေးဝေးပြေးကြ”

ရုတ်တရက် လူအုပ်အတွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး လူတစ်စုသည် ကြောက်လန့်တကြားဖြင့် တောင်အောက်သို့ ဆင်းပြေးကြသည်။

မိုထျန်းမို သိုင်းကွက် ထုတ်လိုက်သည်နှင့် ဆယ်မိုင်အတွင်းမှ အရာအားလုံး ပြာဖြစ်သွားပြီး အသက်ရှင်သူ မရှိဟူသော ကောလာဟလ ရှိဖူးသည်။

“ဂိုဏ်းချုပ်ကိုယ်တိုင် လှုပ်ရှားပြီး ဒီမိစ္ဆာကောင်ကို သတ်ပေးဖို့ တောင်းဆိုပါတယ်”

“ဂိုဏ်းချုပ် ကျုပ်တပည့် တစ်ရာကျော်နဲ့ အကြီးအကဲတွေကို သတ်ခဲ့တဲ့ ဒီမိစ္ဆာကောင်ကို သတ်ပေးပါ၊၊ သူ့ကို လုံးဝ အသက်ရှင်ခွင့် ပေးလို့မဖြစ်ဘူး”

“ယဲ့ဖန်ကို သတ်ပါ၊ ယဲ့ဖန်ကို သတ်ပါ”

ယွင်ရင်တောင်၏ ကျန်ရှိသော အကြီးအကဲများနှင့် ဂိုဏ်းသားများက အလွန် နာကြည်းမုန်းတီးသော အကြည့်များဖြင့် ကြွေးကြော်လေသည်။

သူတို့၏ မျက်နှာတွင် စိတ်လှုပ်ရှားနေဟန်များ ထင်ဟပ်နေပြီး ဆိုးယုတ်စွာ ပြုံးနေခဲ့သည်။ သူတို့၏ ဂိုဏ်းချုပ် ဖြစ်သူ မိုထျန်းကြွယ် လှုပ်ရှားပါက ယဲ့ဖန် အသက်ရှင်နေဦးမည်ဟု သူတို့ မယုံကြည်ပါ။ ယနေ့ ယွင်ရင်တောင်ဂိုဏ်း၏ အရှက်ကွဲခဲ့သမျှကို ယဲ့ဖန်၏ သွေးဖြင့် ဆေးကြောမှ ဖြစ်မည်။

“သေမှ ဖြစ်မယ် သေမှဖြစ်မယ်”

ဖန်းရီပေါ်သည် မျှော်လင့်ချက် တစ်ခုကို မြင်လိုက်ရသကဲ့သို့ တုန်တုန်ရီရီဖြင့် ဆုတောင်းလေသည်။ ယဲ့ဖန် သေသွားသရွေ့ သူ အသတ်မခံရနိုင်ပေ။

“ဂျူနီယာလေး မင်းမှာ အရည်အချင်းကောင်းတွေ ရှိတယ်လို့ ငါ ထင်တယ်၊ မင်း ဒီကနေ ထွက်သွားရင် ငါ မင်းကို အသက်ချမ်းသာပေးမယ်”

မိုထျန်းကြွယ်၏ အသံက မိုးခြိမ်းသံကဲ့သို့ ယွင်ရင်တောင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ သို့သော် သူ့လေသံက ယဲ့ဖန်အ‌ပေါ် အလွန် အထင်သေး၍ ပုရွက်ဆိတ်အဖြစ်သာ သတ်မှတ်ကြောင်း သိသာလှသည်။ အမိန့်လား၊ ခြိမ်းခြောက်ခြင်းလား မသဲကွဲပေ။

သို့ရာတွင် ယဲ့ဖန်က ပျက်ရယ်ပြုကာ ပြန်ပြောလေ၏။

“ငါ့ကို တားတဲ့ ဘယ်သူမဆို သေရမယ်”

ထပ်တူညီသော စကားနှင့် တူညီသော ပြစ်တင်ကြိမ်းမောင်းသံပင်။ ထို့နောက် နတ်ဆိုးလက်ဝါးဖြင့် ဆက်၍ ရိုက်ချလိုက်သည်။

လေဟာနယ် အက်ကွဲသွားပြီး ယဲ့ယွင်ထျန်း၏ ခြေလက်များအားလုံး ထူးဆန်းသော အနေအထားသို့ တွန့်လိမ် ကောက်ကွေးသွားလေသည်။

ငယ်သံပါအောင် အော်သံများ ထွက်ပေါ်လာ၏။ ယဲ့ယွင်ထျန်း၏ ဘဝက သေသည်ထက် ဆိုးနေသည်။ ယဲ့ဖန်က သူ့ကို တန်းမသတ်ဘဲ သုံးစားမရအောင် လုပ်နေခြင်း ဖြစ်သည်။ မာနကြီးသော သူ့အတွက် အသတ်ခံရသည်ကသာ ပိုကောင်းသေးသည်။

လူတိုင်း ကြောက်လန့်ကာ စကားပင် မပြောနိုင်တော့ချေ။

*ယဲ့ဖန်က တော်တော် စဉ်းလဲတာပဲ*

*မိုထျန်းကြွယ်ရဲ့ ခြိမ်းခြောက်မှုကို ဘယ်လိုတောင် လျစ်လျူရှုပြီး ယဲ့ယွင်ထျန်းကို အန္တရာယ် ပေးရဲတာလဲ*

*ဒါ ဒီနတ်ဆိုးအိုကြီးကို ဒေါသထွက်အောင် လုပ်လိုက်တာပဲ*

*သူ့အဆုံးသတ်ကတော့ ခန့်မှန်းမရအောင်ကို ဆိုးရွားမှာပါလား*

“မိစ္ဆာကောင်က သေချင်နေတာပဲ”

မိုထျန်းကြွယ် ဒေါသူပုန်ထကာ ဟစ်အော်လာ၏။ တောင်နောက်မှ အော်သံ ထွက်လာပြီးနောက် တောင်တစ်ခုလုံး တုန်ခါလာသည်။

“ဟားဟားဟား …”

မိစ္ဆာကောင်ဟူသော စကားကြောင့် ယဲ့ဖန်က ပိုကြောက်စရာကောင်းစွာ ရယ်မောလေသည်။ ထို့နောက် ဧရာမ နတ်ဆိုးလက်ဝါးကို ဆန့်တန်း၍ ဂိုဏ်းသားများကို ဖမ်းချုပ်လိုက်သည်။

“အား … အား …အား …”

ရုတ်တရက် ဂိုဏ်းသား တစ်ရာကျော် ဖျစ်ညှစ်ခံရပြီး နေရာမှာတင် ဆိုးဆိုးရွားရွား သေသွားသည်။ ချက်ချင်းဆိုသလိုပင် ယဲ့ဖန်သည် ရှေ့သို့ တစ်ဟုန်ထိုး ပြေးတက်ကာ အကြီးအကဲတစ်စုထံ ပြေးဝင်သွားလေသည်။ သူ့ကိုယ်မှ ကြယ်တာရာများ ထွက်ပေါ်လာသည်။

“ရွှစ် ရွှစ်”

ထိုအကြီးအကဲများသည် သတိဝင်ချိန်ပင် မရလိုက်ဘဲ တန်း၍ အသတ်ခံလိုက်ရသည်။ ဤသည်မှာ နတ်ဆိုးဧကရာဇ်ကို ခြိမ်းခြောက်သည့် ရလဒ်ပင်။ ဤသည်က နတ်ဆိုးဧကရာဇ်အပေါ် ရိုင်းပျခြင်း၏ နောက်ဆက်တွဲ ရလဒ်ပင် ဖြစ်လေသည်။

*မင်းတို့က ခြိမ်းခြောက်ရဲမှတော့ ငါက မင်းတို့ကို သတ်ပေးရတာပေါ့*

မိုထျန်းကြွယ် ပို၍ ဒေါသထွက်လာ၏။

“ယဲ့ဖန် ပြိုင်ပွဲက ပြီးသွားပြီလေ၊ မင်းက ဘယ်လိုတောင် ရက်စက်တဲ့ လုပ်ရပ်မျိုး လုပ်ရဲရတာလဲ၊ ငါ မင်းအလောင်းကို နုတ်နုတ်စင်းပစ်မယ်ကွ”

စာစဉ် ၇၇ ဤတွင် ပြီးပါပြီ။

All Chapters