အခန်း ၁၁၅၆
Vol. 78 Ch. 1156
Chapter 1156 သွေးကြွေးကို သွေးနဲ့ ဆပ်ရမယ်
“ပြိုင်ပွဲပြီးသွားတာတောင် မရပ်ဘူး ဟုတ်လား”
ယဲ့ဖန်က အသာအယာ ပျက်ရယ်ပြုလိုက်သည်။ သူ့မျက်လုံး၌ တင်းမာခက်ထန်မှုများ စွန်းထင်းနေ၏။
“မင်းတို့ ယွင်ရင်တောင်က ဖျင်အန်းမြို့က မိသားစုတွေကို သတ်တုန်းကရော ရပ်သွားခဲ့လား”
“မင်းတို့ ယွင်ရင်တောင် အကြီးအကဲတွေ ငါ့ကို ဝိုင်းထားတုန်းက ငါ အညံ့ခံခဲ့ရင် ရပ်မှာလား”
“ယဲ့ယွင်ထျန်း ငါ့ကို သတ်ဖို့လုပ်တုန်းကရော ရပ်ဖို့တားမှာလား”
“ဘယ်အချိန်မှ ဝင်တားမှာလဲ”
ယဲ့ဖန်၏ မျက်နှာတွင် အလွန်အမင်း အထင်သေးမှုများ ထင်ဟပ်နေသည်။
“ငါ့ရည်ရွယ်ချက်က ယွင်ရင်တောင်ကို ဒီလောကက ထာဝရပျောက်ကွယ်သွားအောင် လုပ်ဖို့ပဲ”
သူသည် စကြဝဠာ၏ နတ်ဆိုးဧကရာဇ်ဖြစ်ပြီး ငရဲဘုံ၏ အရှင်သခင် ဖြစ်သည်။ သူ မကြိုက်လျင် သတ်ပစ်ပြီး မကျေနပ်လျင်လည်း ဤလောကမှ ဖျောက်ပစ်မည်ပင်။
*ငါက ဘာလို့ မင်းနဲ့ အရေးမပါတာတွေ ပြောရမှာလဲ*
*နှစ်တစ်ထောင်ပဲ ရှိတဲ့ နတ်ဆိုးတဲ့၊ သောက်ကျိုးနည်း လေလာကျယ်နေတာ*
“မင်း … ကောင်းပြီလေ”
မိုထျန်းကြွယ်၏ မျက်နှာတွင် ရုတ်တရက် အန္တရာယ်ပေးလိုသော အငွေ့အသက်များ ထွက်ပေါ်လာ၏။ ဘာမဟုတ်သော ဂျူနီယာလေးတစ်ယောက်က သူ့ကဲ့သို့သောလူအား ရိုင်းပျဝံ့သည်တဲ့လား။
“နှစ်တစ်ထောင်ကျော်အတွင်း ငါ့ကို ဒီလိုပြောရဲတာ မင်းက ပထမဆုံးပဲ၊ ပြီးတော့ နှစ်တစ်ထောင်နောက်ပိုင်း ငါ သတ်တာခံရမယ့်လူက မင်း ပထမဆုံးပဲကွ”
မိုထျန်းကြွယ်၏ အသံက ယွင်ရင်တောင်တစ်ခုလုံးသို့ မိုးခြိမ်းသံသဖွယ် ပျံ့လွင့်သွားသည်။ ဤသို့ ပြင်းထန်သော စွမ်းအင်က လူတိုင်းကို အသက်ပင် မရှူနိုင်အောင် ဖြစ်သွားရသည်။
“ကောင်းကင် တာအို စွမ်းအင်၊ ဒါ သေချာပေါက်ကို ကောင်းကင်တာအို စွမ်းအင်ပဲ၊ ဒါ နှစ်တစ်ထောင် နတ်ဆိုးအိုကြီးရဲ့ ခွန်အားလား၊ သူက ကောင်းကင်ဘုံစွမ်းအင်ကိုပါ သုံးနိုင်ပြီလား”
လူတိုင်း ချောက်ချားသွားကြသည်။ ကောင်းကင်တာအိုသည် လောကကို ကျော်လွန်သော စွမ်းအင်တစ်မျိုး ဖြစ်ပြီး နတ်ဘုရားနှင့် နတ်ဆိုးတို့၏ စွမ်းအင်တို့ထက် သာလွန်လေသည်။
ကောင်းကင်တာအို စွမ်းအင်အောက်တွင် နတ်ဘုရားများနှင့် နတ်ဆိုးများအားလုံးသည် ပုရွက်ဆိတ်များသာ ဖြစ်သဖြင့် သေမျိုးများဆိုလျင် ပြောနေစရာပင် မလိုတော့ချေ။
သေးငယ်သော ကောင်းကင် တာအိုစွမ်းအင် တစ်မျှင်ကပင် မိုးကောင်းကင်နှင့် ပထဝီမြေကြီးအား ဖျက်ဆီးရန် လုံလောက်ပေသည်။
ဤသည်ကိုမြင်ပြီး ယွင်ရင်တောင်မှ လူများအားလုံး ဝမ်းသာအားရ ရယ်မောကြသည်။ သူတို့၏ ဘိုးဘေး ဂိုဏ်းချုပ်က နတ်ဘုရားများနှင့် နတ်ဆိုးများကို သတ်နိုင်သော ဒဏ္ဍာရီလာ ကောင်းကင်တာအို စွမ်းအင်ကို ကျင့်ကြံနိုင်လိမ့်မည်ဟု ထင်မထားမိပါ။ မဝေးသော အနာဂတ်၌ သူတို့၏ ယွင်ရင်တောင်သည် အထွတ်အထိပ်သို့ ရောက်ရှိရန် ကံပါလာလေပြီ။
ဘာမဟုတ်သော ယဲ့ဖန်ကို ဘယ်လိုလုပ် စိုးရိမ်စရာ လိုပါဦးမည်နည်း။
“သူ့ကိုသတ်၊ ဘိုးဘေး ဂိုဏ်းချုပ် သူ့ကို သတ်လိုက်ပါ”
“သူ့ကို အရေခွံခွာပြီး အရိုးတွေ ဆွဲထုတ်ပြီး မသေမချင်း နှိပ်စက်လိုက်ပါ”
“မဟုတ်ဘူး သူ့အရေပြားကို ကလော်ထုတ်ပြီး သူ့နှလုံးကို ထုတ်ပစ်ပါ၊ ကျွန်တော် တဒိတ်ဒိတ် ခုန်နေတဲ့ နှလုံးကို မြင်ဖူးချင်တယ်”
“မဟုတ်ဘူး မဟုတ်ဘူး … သူ့ကို ဓားတစ်ထောင်နဲ့ ခုတ်ပြီး နုတ်နုတ်စင်းပစ်တာ ပိုကောင်းတယ်”
သူတို့သည် ဆိုးယုတ်စွာ ပြုံးနေကြပြီး မျက်လုံး၌ အလွန် နာကြည်းမုန်းတီးစိတ်များ ထင်ဟပ်နေလေသည်။ သူတို့ ယဲ့ဖန်ကို အရိုးထဲအထိ စွဲနေအောင် မုန်းတီးကြပြီး သူ့အား ပြာကျအောင် လုပ်ရန် မစောင့်နိုင်ကြတော့ချေ။
သူတို့သည် ယခင်က အမြဲ အမြင့်၌သာ ရှိခဲ့ပြီး မည်သူမှ ရန်မစဝံ့ကြချေ။ သို့သော် ယဲ့ဖန်က သူတို့၏ ဂုဏ်သိက္ခာကို နင်းချေခဲ့သည်။ ဤတစ်ခုတည်းကပင် သူတို့အတွက် ယဲ့ဖန်ကို အခါတစ်သောင်းမျှ သတ်လျင်ပင် မလုံလောက် သေးပေ။
“ကောင်းကင်တာအိုအောက်မှာ အားလုံးက ပုရွက်ဆိတ်တွေပဲ၊ ဂျူနီယာ ဒီနေ့ ငါ မင်းကို အပြင်လောက ကောင်းကင်ဘက်ခြမ်းမှာ ဘာရှိသလဲ သိအောင် ပြမယ်”
မိုထျန်းကြွယ်သည် ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာပြီး သူ့ဦးခေါင်းထက်၌ လျှပ်စီးများ လက်နေ၏။ သူ့အတွက် ကောင်းကင်တာအိုက အချိန်မရွေး ဖြစ်ပေါ်နေပြီး ယဲ့ဖန်ပေါ် ချက်ချင်း ကျဆင်းလာတော့မည်ဟု ထင်မှတ်ရသည်။
ထို့နောက် သူ လက်ဝါးဖြန့်လိုက်သောအခါ မြေဆီလွှာ အက်ကွဲသွားပြီး လေဟာနယ် ပျက်စီးလာရသည်။ တစ်ချိန်တည်းမှာပင် မိုထျန်းကြွယ်က အပြုံးကြီး ပြုံးလိုက်သည်။
“နောက်ဘဝရောက်ရင် မင်းကိုယ်မင်း ဘဝင်ခိုက်မနေဖို့ သတိရပေါ့ကွာ”
သူ့အသံက အထက်စီးဆန်လှပြီး လက်ဝါးက နတ်တူတစ်လက်ကဲ့သို့ ကျဆင်းလာသည်။ ဤစွမ်းအင်က ကျုံးကျိုး အင်ပါယာကိုပင် ကိုင်လှုပ်နိုင်ပုံရသည်။
လူတိုင်း ကြောက်လန့်တကြား ဖြစ်သွားလေသည်။ ယဲ့ဖန်တစ်ဦးတည်းသာလျင် အထင်သေးစွာ လှောင်ရယ်နေ၏။
“ကောင်းကင်တာအို ဟုတ်လား ဟားဟားဟား …”
သူသည် အရယ်ရဆုံး ကြားရသကဲ့သို့ ဟက်ဟက်ပက်ပက် ရယ်မောနေလေသည်။
“မင်း တကယ့် ကောင်းကင်တာအိုကို မြင်ဖူးလား၊ ကောင်းကင်တာအိုဆိုတာ ဘာနဲ့တူလဲဆိုတာရော သိရဲ့လား”
“မင်း လုပ်ပြတာကာ ပြောပစရာ မရှိလောက်အောင်ကို ဆိုးရွားတာ”
ယဲ့ဖန်က ခေါင်းခါ၍ သက်ပြင်းချလေသည်။
“နောက်ဆုံးတော့ သေမျိုးက သေမျိုးပါပဲ”
*ဘာ*
လူအုပ်ကြီးတစ်ခုလုံး ပွက်လောရိုက်သွားကြသည်။
*ယဲ့ဖန်က မိုထျန်းကြွယ်ရဲ့ ကောင်းကင်တာအိုကို တကယ်ကြီး အထင်သေးနေတာလား*
သို့သော် ရှေ့ဆက်ဖြစ်လာသော အဖြစ်အပျက်က လူတိုင်းကို ကြက်သီးမွေးညင်း ထသွားစေသည်။ ယဲ့ဖန်က စိတ်ရှုပ်စရာကောင်းသော ယင်ကောင်ကို မောင်းထုတ်သကဲ့သို့ သက်တောင့်သက်သာဖြင့် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
ထိုအခါ တောက်ပနေသော ကြယ်တာရာများနှင့် ကောင်းကင်တာအိုတို့ ထိပ်တိုက် တွေ့ဆုံသွားလေသည်။ ကောင်းကင်ယံတစ်ခုလုံး ပျက်စီးမတတ် ဖြစ်လာ၏။
“ဝုန်း”
ယဲ့ဖန်ကို အသာလေး သတ်နိုင်မည်ဟု လူတိုင်း ထင်မှတ်ကာ အထင်ကြီးနေသည့် မိုထျန်းကြွယ်သည် ချက်ချင်း လွင့်ထွက်သွားရသည်။
ဘာသံမှ မကြားရအောင် အားလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း ကြောက်လွန်းသဖြင့် အသံပင် ပျောက်သွား သည့်ပုံပင်။
*ပြိုင်ဘက်ကင်းအဖြစ် မွေးလာတဲ့လူတွေ တကယ် ရှိတာလား*
“ဒီလို မဖြစ်သင့်ဘူး၊ ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”
လူတိုင်း အံ့ဩကာ မယုံနိုင်ဖြစ်သွားကြသည်။
*နှစ်တစ်ထောင်လောက် သက်တမ်းရှိနေတဲ့ မိုထျန်းကြွယ်က ဘာမဟုတ်တဲ့ လူငယ်လေး ရိုက်တာကို ခံလိုက် ရတာလား*
*ထူးချွန်တဲ့ ပါရမီရှင်၊ အတော် ရက်စက်တဲ့လူ၊ နှစ်တစ်ထောင်တောင် နေနေတဲ့ နတ်ဆိုးက ယဲ့ဖန်မျက်လုံးထဲမှာ ဘာမှ မဟုတ်သလိုပဲ*
*တစ်ချက်တည်းနဲ့ ရိုက်ထုတ်ခံလိုက်ရတယ်*
“ကောင်းကင်တာအိုအစစ်ကို ငါ ကိုင်လှုပ်ဖူးတယ်၊ မင်းက ဘာကောင်မို့လို့လဲ”
ယဲ့ဖန်က မိုထျန်းကြွယ်ကို စူးစိုက်ကြည့်နေပြီး မျက်လုံးက အေးစက်နေကာ လူတိုင်း သူ့ကို စေ့စေ့မကြည့်ရဲချေ။
*ရက်စက်တယ်*
*သွေးဆာလွန်းတယ်*
ချက်ချင်းဆိုသလိုပင် ဟွိုင်အန်း စီရင်စုတစ်ခုလုံး ဆူညံပွက်လောရိုက်လာသည်။ ယနေ့မှစ၍ ယဲ့ဖန်ဟူသော အမည်က ဟွိုင်အန်း စီရင်စုအနှံ့ ပျံ့နှံ့သွားပြီး လူတိုင်း၏ စိတ်ထဲတွင် စွဲမှတ်နေပေတော့မည်။
*ဒီလူက တော်တော်ကို သန်မာပြီး ကြောက်စရာကောင်းတဲ့ နတ်ဆိုးပဲ*
ထိုအခိုက်တွင် ယွင်ရင်တောင်၌ အော်ငိုသံများဖြင့် ပြည့်နှက်လာသည်။ မိုထျန်းကြွယ် စလှုပ်ရှားသည်နှင့် ယဲ့ဖန်ထံမှ ရိုက်ထုတ်ခံရလိမ့်မည်ဟု ယွင်ရင်တောင်၏ တပည့် ဂိုဏ်းသားများ ထင်မထားမိပေ။
*ယွင်ရင်တောင်တော့ သွားပါပြီ*
*အစောပိုင်းက ယဲ့ဖန်ကို ကျိန်ဆဲဖူးတဲ့ ငါတို့လည်း သွားပြီ*
“အရေခွံနွှာပြီး အရိုးကို ဆွဲထုတ် ဟုတ်လား၊ ဒါဆိုလည်း လုပ်ပေးရတာပေါ့”
ယဲ့ဖန်က အပြုံးကြီးပြုံး၍ ရှေ့တိုး၍ သေလုမျောပါး ဖြစ်နေသော မိုထျန်းကြွယ်အား ဖမ်းချုပ်၍ အားဖြင့် ဆွဲကုပ် လေသည်။
ထူးဆန်းသော အသံတစ်သံနှင့်အတူ ယဲ့ဖန်ကြောင့် လူ့အရေပြားတစ်ခု ကွာကျလာပြီး သွေးများ ပန်းထွက်လာ၏။
“အား …”
မိုထျန်းကြွယ် စူးစူးဝါးဝါး အော်ဟစ်လိုက်သည့်အသံက ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားလေသည်။
“ဂျွတ်”
ထိုစဉ် ယဲ့ဖန်က သူ့လက်ချောင်းရိုးတစ်ချောင်းကို ချိုးပစ်လိုက်သည်။ ရှိသမျှ အရိုးများကို တစ်ချောင်းစီချိုး၍ ဆွဲထုတ်နေသည်။
*ဒီကောင်က နတ်ဆိုးပဲ*
ဤမြင်ကွင်းကို မြင်လိုက်ရသည့် ဟွိုင်အန်းစီရင်စုမှ လူများအားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့် သွားလေသည်။ ဤသို့သော မိစ္ဆာမျိုးကို သူတို့ အထင်သေးရဲမိသည့်အတွက် သူတို့ ဦးနှောက်များ ပျက်သွားခဲ့ ပုံရသည်။
“ငါ့အသက်ကို ချမ်းသာပေးပါ ယဲ့ဖန် မလုပ်ပါနဲ့၊ ယဲ့ဘုရင် ကျုပ်အသက်ကို ချမ်းသာပေးပါ၊ ကျုပ် ယဲ့ဘုရင်ဆီမှာ ထာဝရ ကျွန်ခံပါ့မယ်”
မိုထျန်းကြွယ် အလွန် ကြောက်ရွံ့နေ၏။ သူသည် ပြိုင်ဘက်ကင်းသော နတ်ဆိုးဖြစ်ခဲ့သော်လည်း ယဲ့ဖန်ကမှ နတ်ဆိုးတို့၏ ဘုရင်မင်းမြတ် အစစ် ဖြစ်ပုံရသည်။
လူတိုင်း၏ မျက်နှာတွင် မယုံနိုင်ဟန်များ ဖြစ်ပေါ်လာသည်။
*မိုထျန်းကြွယ်က ရှုံးသွားတာတောင် အသက် ချမ်းသာပေးဖို့ အသည်းအသန် တောင်းပန်နေပါလား၊ သူက ခွေးလို ကျွန်ခံဖို့တောင် တုံ့ဆိုင်းမနေပါလား*
ထိုစဉ် တောင်ပေါ် တက်လာသည့် ထန်မင်လီနှင့် အခြားသူများသည် ဤမြင်ကွင်းကိုမြင်ပြီး စိတ်လှုပ်ရှား သွားကြသည်။ ထန်မင်လီက နောက်လှည့်၍ သူ့လူများကို ပြုံးကာ ပြောလိုက်သည်။
“မင်းတို့ မြင်ပြီလား၊ ဒါ ငါတို့ဘုရင်ကလွဲရင် ဘယ်သူ ရှိနိုင်ဦးမလဲ၊ သူ့အစွမ်းကို ဘယ်သူ မေးခွန်းထုတ်ရဲသေးလဲ”
“ယဲ့ဘုရင်”
“ယဲ့ဘုရင်”
“ယဲ့ဘုရင်”
သူတို့အားလုံး ယဲ့ဖန်၏ အမည်နာမကို ကြွေးကြော် အော်ဟစ်လာကြသည်။ ထွက်ပြေးရန် ပြင်နေသော လူများသည် ဤသည်ကိုမြင်ပြီး ဒူးထောက်ကျကာ တုန်ယင်လာပြီး မျက်ရည်ဝဲလာ၏။
သူတို့ပုံစံက ယဲ့ဖန်၏ သနားညှာတာမှုကို တောင်းဆိုနေသလိုပင်။ ဤနတ်ဆိုးဘုရင်၏ အသက်ချမ်းသာပေးမှုကို မျှော်လင့်နေ၏။
“အသက် ချမ်းသာပေးရမယ် ဟုတ်လား”
ယဲ့ဖန်က အလွန် စက်ဆုပ်ရွံ့ရွာနေသည့် အပြုံးမျိုး ပြုံးလိုက်ပြီး ထန်မင်လီတို့ကို လက်ညှိုးထိုးကာ ပြောလေသည်။
“ငါ သဘောတူပင်မယ့် မင်းတို့ သဘောတူလား”
“မတူဘူး”
ထန်မင်လီနှင့် အခြားသူများ ပြိုင်တူ ပြောလာ၏။
“ကြည့်လေ သူတို့မှ သဘောမတူတာ၊ သွေးကြွေးဆိုတာ … သွေးနဲ့ပဲ ပြန်ဆပ်ရတယ်”
“ဂျွတ်”
ယဲ့ဖန် ထပ်မံ၍ သူ့အရေပြားကို ခွာကာ အရိုးများကို ချိုးကာ ဆွဲထုတ်လေသည်။