← Chapters

အခန်း ၁၁၆၅

Vol. 78 Ch. 1165

အခန်း ၁၁၆၅

Vol. 78 Ch. 1165

Chapter 1165 သူတို့က ငါ့ကို ယဲ့ဘုရင်လို့ ခေါ်ရတာကို သဘောကျတယ်

ကျုံးဝမ်နှင့် ကျန်းဟောင်ထင်တို့ နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။ ကျုံးဝမ်သည် သူမကို အဆိပ်ခတ်၍ ဆွံ့အအောင် လုပ်ခဲ့သူက သူမမန်နေဂျာနှင့် သူဌေးတို့ ဖြစ်နေလိမ့်မည်ဟု တစ်ခါမှ ထင်မထားမိချေ။

ထို့အပြင် သူတို့က သူမရှေ့၌ ဘာမှမဖြစ်ခဲ့သလို နေနေနိုင်ပြီး သူမအား ပြုံးပြ၍ စကားစမြည်ပင် ပြောလာ သေးသည်။

ရုတ်ချည်းဆိုသလိုပင် ကျုံးဝမ်၏ နှလုံးသားအောက်ခြေသည် ဓားနှင့် မွှေ့ယမ်းခံလိုက်ရသကဲ့သို့ နာကျင်လာပြီး ဝေဒနာက နှိုင်းယှဉ်မရလောက်အောင်ပင်။ ထို့အတူ သူမမျက်ဝန်း၌ အလွန် လူသတ်ချင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။ ပထမဆုံးအကြိမ်အဖြစ် သူမ အလွန် လူသတ်ချင်စိတ် ဖြစ်လာရသည်။

“မင်း သိနေပြီးသားကိုး”

ကျန်းဟောင်ထင်သည် ယဲ့ဖန် ထုတ်ပြောလာသောအခါ စိတ်အေးသွားသလို ခံစားသွားရသည်။ သူသည် အေးအေးလူလူဖြင့် စီးကရက်ထုတ်၍ မီးညှိကာ ပုံမှန်အတိုင်း သောက်နေလိုက်သည်။

“မင်း သိတော့ရော ဘာဖြစ်လဲ၊ မင်းက ငါ့ကို ဘာများ လုပ်နိုင်မှာမို့လို့လဲ”

ကျန်းဟောင်ထင်က အထင်သေးဟန် ပြလာပြီးနောက် ကျုံးဝမ်ကို စိုက်ကြည့်လေသည်။ သူ့မျက်လုံး၌ အလွန် ထေ့ငေါ့ လှောင်ပြောင်ရိပ်များ သန်းနေ၏။

“မင်း အပြစ်တင်ချင်တယ်ဆိုရင် ခွေးမဖြစ်နေတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်နေလိုက်၊ ကုမ္ပဏီက မင်းကို လေ့ကျင် ပျိုးထောင်ပေးဖို့ ပိုက်ဆံ အများကြီး သုံးခဲ့တယ်၊ မင်းကို ဖောက်သည်တစ်ယောက်လေးကို အဖော်လုပ်ခိုင်း တာလေ၊ အဲ့ဒါ ဘာဖြစ်သွားလဲ၊ မင်းကိုယ်မင်း ရွှေစီထားတယ်များ မှတ်နေလား”

“သခင်လေးယဲ့ကို ပစ်ပြီး ဒီလို အသုံးမကျတဲ့ မျိုးမစစ်ဆင်းရဲသားကို ရွေးချယ်တယ်ပေါ့လေ”

“ရှင် ...”

ကျုံးဝမ် တစ်ဖက်လူ၏ အရှက်ကင်းမဲ့မှုကြောင့် အံ့ဩသွားရသည်။ သူမကို သူ ထိခိုက်အောင် လုပ်ခဲ့သော်လည်း နောက်ဆုံးအထိ သူ မှန်သလို ပြုမူနေသတဲ့လား။

“ပြောရရင် မင်း လျော်ကြေးပေးရမှာ မဟုတ်ဘူးလား”

“လျော်ကြေး ဟုတ်လား၊ မင်းအမေကြီးကိုပဲ လျော်ကြေး ပေးလိုက်မယ်၊ မင်း ဦးနှောက်ချောင်နေလား၊ ငါ့ကိုများ ဒီလို လာပြောတယ်ပေါ့လေ၊ ငါ ဘယ်သူလဲ မင်း သိလား”

ကျန်းဟောင်ထင် အလွန် ဒေါသထွက်သွားပြီး ယဲ့ဖန်အား ခက်ထန်သော မျက်လုံးများဖြင့် စိုက်ကြည့်လေသည်။ ဤသို့ မောက်မာသော လူငယ်တစ်ယောက်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

“အသုံးမကျတဲ့ ဆင်းရဲသားလား ...”

ယဲ့ဖန် လှောင်ရယ်လိုက်သည်။ ကျန်းဟောင်ထင် တစ်ခဏမျှ အံ့ဩသွားပြီးမှ ဒေါသတကြီး ပြန်အော်လိုက်သည်။

“ငါ့ကိုများ အသုံးမကျတဲ့ ဆင်းရဲသားတဲ့လား၊ ငါ့ကို မင်း ဘာထင်နေလဲ”

ထိုစကားသည် သူ ယဲ့ဖန်ကို ပြောခဲ့သော စကားပင်။

“အခု မင်းက ဆင်းရဲသား မဟုတ်သေးပင်မယ့် မကြာခင် ဖြစ်လာမှာပါ”

ယဲ့ဖန်က အပြုံးဖြင့် သူ့စမတ်နာရီကို နှိပ်ကာ နံပါတ်တစ်ချို့ကို ခေါ်လိုက်သည်။

“သေချာနားထောင်၊ ငါ ကျန်းဟောင်ထင်မှာ ဘာမှမရှိတော့တာကို လိုချင်တယ်”

လွှမ်းမိုးချုပ်ခြယ်လွန်းပြီး အထက်စီးဆန်လှသည်။ ဧကရာဇ်၏ အမိန့်ကဲ့သို့ မေးခွန်းပြန်ထုတ်၍ မရနိုင်ပေ။

“ငါ့မှာ ဘာမှမရှိတော့တာ ဟုတ်လား၊ မင်းကလေ၊ ဟားဟားဟား ...”

ကျန်းဟောင်ထင်က ဟာသကြီးတစ်ခုကို ကြားလိုက်ရသကဲ့သို့ ဟားတိုက် ရယ်မောလေသည်။

*အမှိုက်ကောင်ကများ ဒီလိုပြောရဲတယ်လား၊ ဟာသပဲ*

“ကျုံးဝမ် ဒါ မင်း ရှာထားတဲ့ကောင်လား၊ လေကြီးလေကျယ် ပြောနေတဲ့ အမှိုက်ကောင်လား”

ကျန်းဟောင်ထင်က လှောင်ပြောင်လေသည်။ ကျုံးဝမ် ဤသက်ရှိရတနာကို ဘယ်နားက ရှာတွေ့ခဲ့လဲ သူ မသိပေ။ ကျန်းဟောင်ထင်ဟူသော သူ့အား စကားလေး နှစ်ခွန်း၊ သုံးခွန်းလောက်နှင့် ကြောက်အောင် လုပ်ချင်သည်တဲ့လား။

*ငါ့ကို ခွင့်လွှတ်တတ်တဲ့ သူတော်ကောင်းများ ထင်နေလား*

“သူ စကားကြီး စကားကျယ် ပြောနေလား၊ မပြောနေလားဆိုတာကို ရှင်တို့ ချက်ချင်း သိရမှာပဲ”

ကျုံးဝမ်က အေးစက်စွာ ပြန်ပြောလိုက်သည်။ လက်ရှိတွင် ကျန်းဟောင်ထင်သည် ထိုက်တန်သော ပြစ်ဒဏ် ရသင့်သည်ဟု သူမလည်း ထင်နေ၏။

ထိုစဉ် အတွင်းရေးမှုးက ပြေးဝင်လာပြီး ထိတ်ထိတ်ပျာပျာဖြင့် ပြောလာသည်.

“ဥက္ကဋ္ဌ ဆိုးရွားတဲ့ကိစ္စ ဖြစ်နေပါပြီ”

ကျန်းဟောင်ထင်၏ မျက်နှာ မည်းမှောင်သွားပြီး သူ့ရင်ထဲ၌ မကောင်းသော ခံစားချက်တစ်ခု ဝင်ရောက်လာ၏။

“ဘာဖြစ်တာလဲ”

“ထုံမိသားစုက ဘာကြောင့်မှန်း မသိဘဲ ကျွန်မတို့ ပိုင်တဲ့ အိမ်ရာမြေ ရောင်းဝယ်ရေး လုပ်ငန်းကို ရန်ရှာပါတယ်၊ ကျွန်မတို့ စတော့မားကတ်က လုံးဝ ပြိုလဲသွားပြီး ကနဦး ဆုံးရှုံးမှုက နှစ်ဘီလီယံ ရှိပါတယ်”

“မနက်ဖြန်ညလောက်ဆိုရင် ကျွန်မတို့ အိမ်ခြံမြေလုပ်ငန်းနာမည်က လုံးဝ ပျက်စီးသွားလောက်ပါတယ်”

“ဘာ”

ကျန်းဟောင်ထင် ဒေါသတကြီး ထအော်လိုက်မိပြီး သူ့မျက်နှာ၌ အံ့ဩ၍ နားမလည်နိုင်ဟန်များ ဖြစ်ပေါ်နေသည်။ ထုံမိသားစုသည် လက်ရှိတွင် ဟွိုင်အန်း စီရင်စုတစ်ခုလုံး၌ အင်အားအကြီးဆုံး မိသားစုများထဲမှ တစ်ခု ဖြစ်သည်။

ထိုမိသားစုသည် ဖျင်အန်းမြို့မှ မိသားစုကြီးတစ်ခုမှနေ၍ ဟွိုင်အန်းတစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် မိသားစုကြီး တစ်ခု ဖြစ်လာခဲ့သည်။

*ဘယ်လိုလုပ် ဟွိုင်အန်းစီရင်စုရဲ့ ဒီမိသားစုကြီးက ငါ့ကို ဘာအကြောင်းမှမရှိဘဲ ပြဿနာရှာရတာလဲ*

သူ၏ အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းသည် နာမည်ကောင်း ရပြီး နှစ်တိုင်း အမြတ်ငွေ တစ်ဘီလီယံ ရသော်လည်း ထုံမိသားစု၏ လုပ်ငန်းနှင့် ယှဉ်လျင် နှိုင်းယှဉ်ရန်ပင် မထိုက်တန်ချေ။

*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*

“သေစမ်း မင်း လုပ်တာလား”

ကျန်းဟောင်ထင်က ရုတ်တရက် ယဲ့ဖန်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ သူ့မျက်နှာက မည်းမှောင်ကာ သုန်မှုန်၍ နေသည်။ သူ ယဲ့ဖန်ကို အထင်သေးမိခဲ့ကြောင်း ဝန်ခံရပေမည်။

*ဒီကောင်က ထုံမိသားစုကို သူ့အတွက် ဖြေရှင်းခိုင်းတယ်ဆိုတော့ နည်းတစ်ချို့ ရှိမှာ သေချာတယ်*

“ငါ မင်းမှာ ဘာမှမရှိတော့အောင် လုပ်မယ်လို့ ပြောခဲ့သားပဲ”

ယဲ့ဖန်က မငြင်းဘဲ ပျက်ရယ်ပြုလိုက်သည်။

“ငါ့ကို ဘာမှမရှိအောင် လုပ်မယ် ဟုတ်လား၊ ထုံမိသားစုရဲ့ ထောက်ပံ့မှုလေး ရှိတာနဲ့ ငါ့ကို ထိနိုင်မယ် ထင်နေတာလား”

“ငါ မင်းကို ထုံမိသားစုရှေ့မှာ သတ်ရဲတယ်ကွ”

“ကလင် ကလင် ကလင်”

ထိုစကားအဆုံး၌ ကျန်းဟောင်ထင်၏ စားပွဲမှ ဖုန်းမြည်လာ၏။ သူ ယဲ့ဖန်ကို စူးစိုက်ကြည့်လိုက်ပြီးနောက် နောက်လှည့်၍ ဖုန်းကိုင်လိုက်သည်။

“ဥက္ကဋ္ဌ မကောင်းတော့ဘူး၊ ကျွန်တော်တို့ ဟိုတယ်ရဲ့ ရှယ်ယာပိုင်ရှင်တွေက သူတို့ရှယ်ယာတွေကို ကျန့်မိသားစုကို ရောင်းလိုက်တယ်”

“ကျန့် ... ကျန့်မိသားစုလား”

ကျန်းဟောင်ထင် အံ့အားသင့်သွားရသည်။ သူ ထုံမိသားစုကို မကြောက်သော်လည်း ကျန့်မိသားစုက တစ်ကဏ္ဍ ဖြစ်သည်။

*ဘာလို့လဲ၊ ဘာလို့ ဒီကောင်က မိသားစုကြီးနှစ်ခုကို လှုပ်ရှားလာအောင် လုပ်နိုင်ရတာလဲ*

“ဥက္ကဋ္ဌ ယန်မိသားစုက ကျွန်တော်တို့ကို တရားဝင် စစ်ကြေငြာလာပါတယ်၊ ကျွန်တော်တို့ ရုံးချုပ်ရဲ့ စတော့ဈေးတွေ ကျလာပါပြီ ...”

“ဥက္ကဋ္ဌ ထန်မိသားစုက ကျွန်တော်တို့ကို တရားဝင် စစ်ကြေငြာလာပါတယ်၊ လုပ်ငန်းစုရဲ့ အစားအသောက် လုပ်ငန်းက ရှယ်ယာတွေ ရောင်းထုတ်ခံလိုက်ရပါတယ် ...”

“ဥက္ကဋ္ဌ ကျောက်မိသားစုက ကျွန်တော်တို့ကို တရားဝင် စစ်ကြေငြာလာပါတယ် ...”

သတင်း တစ်ခုပြီးတစ်ခုက ကျန်းဟောင်ထင် နားထဲသို့ ဝင်လာပြီး ဗုံးဆက်တိုက် ပေါက်သကဲ့သို့ ဖြစ်ကာ သူ ကြက်သေ သေသွားမိသည်။

“ဒေါက် ‌ဒေါက် ဒေါက် ...”

ကျန်းဟောင်ထင် အနောက်သို့ ဒယိမ်းဒယိုင်ဖြင့် ဆုတ်လိုက်မိသည်။ သူ့မျက်နှာက သွေးပျက်ကာ ဖြူရော်နေ၏။ ဟွိုင်အန်း စီရင်စု၏ နာမည်အကြီးဆုံး ပုဂ္ဂိုလ်နှစ်ယောက်နှင့် မိသားစုကြီး ခြောက်ခုလုံးက သူ့အား တိုက်ခိုက် နေကြသည်။

သူတို့တစ်ယောက်ချင်းစီက စီးပွားရေး လောက တစ်ခုလုံးကို တုန်လှုပ်အောင် လုပ်နိုင်စွမ်း ရှိသည်။ ယခု ကျန်းဟောင်ထင်၏ နယ်ပယ်အားလုံးကို ပြဿနာ ရှာနေသည်တဲ့လား။

*မဟုတ်သေးဘူး တစ်ခုခု မှားနေပြီ*

*ဘာလို့ ဒီလို ဖြစ်ရတာလဲ*

ကျန်းဟောင်ထင် တစ်ကိုယ်လုံး အေးစိမ့်ကာ ထိုင်ခုံပေါ်သို့ ပြာနှမ်းနေသော မျက်နှာဖြင့် ပစ်ထိုင်ချလိုက်မိသည်။ သူ့ဘဝတော့ သွားလေပြီ။

ထုံမိသားစုတစ်ခုကိုတင် တောင့်ခံနိုင်ရုံမျှ ရှိသော်လည်း မိသားစုကြီးများစွာက ပူးပေါင်းလာသောအခါ သူ့၌ မိုးပေါ် တက်နိုင်သော အစွမ်းရှိလျင်တောင်မှ မိုးပေါ်မှ ပြန်ကျနိုင်သော ဒဏ်ကို ခံနိုင်မည် မဟုတ်ပေ။

ကျန်းဟောင်ထင်၏ ပုံစံကိုကြည့်ပြီး ယဲ့ဖန်၏ နည်းလမ်းက ထပ်အလုပ်ဖြစ်သွားကြောင်း ကျုံးဝမ် သိလိုက်သည်။ လက်ရှိတွင် သူမမျက်နှာတွင် လှောင်ပြုံးတစ်ခုသာ ရှိနေ၏။

*ဒီလူကို ရန်စမိရင် ဒီလိုပဲ အဆုံးသတ်သွားမှာပေါ့*

ကျန်းဟောင်ထင်က ယဲ့ဖန်ကို စိတ်ရှုပ်ထွေး၍ မယုံနိုင်သော အကြည့်ဖြင့် ကြည့်လေသည်။

“မင်း ... မင်း ဘယ်သူလဲ”

“ယဲ့ဖန်”

“ယဲ့ဖန်လား”

ကျန်းဟောင်ထင် အံ့ဩသွားသည်။ ဤနာမည်ကို သူ အခုမှ ကြားဖူးခြင်းပင်။ ဟွိုင်အန်း စီရင်စု တစ်ခုလုံး၌ ထူးခြားသော ယဲ့ဖန်ဟူသည့် နာမည်ကို သူ မကြားဖူးချေ။

“သူတို့ကတော့ ငါ့ကို ယဲ့ဘုရင်လို့ ခေါ်ရတာကို သဘောကျကြတာပဲ”

ယဲ့ဖန် အသာပြုံးလိုက်သည်။

“ဘုန်း”

ကျန်းဟောင်ထင် အလွန် ကြောက်လန့်သွားပြီး ကြမ်းပြင်ပေါ် လဲကျသွားရသည်။ သူ့မျက်နှာတစ်ခုလုံး ပြာနှမ်းနေပြီး ဘာမှမလုပ်နိုင်ဘဲ ထိုင်နေမိသည်။

*ယဲ့ဖန် ... ယဲ့ဘုရင်*

သူ့မျက်နှာ၌ ကြောက်စိတ်များဖြင့် ပြည့်နှက်နေသည်။

“သွားရအောင်”

ယဲ့ဖန်က အထင်သေးသလို ပြုံးလိုက်ပြီး ကျုံးဝမ်၏ လက်ကို လှမ်းကိုင်၍ ထွက်လာလိုက်သည်။ အဘယ်ကြောင့် ဆိုသော် လက်ရှိတွင် ကျန်းဟောင်ထင်က သူနှင့် ထိုက်တန်သော ပြစ်ဒဏ်ကို ရရှိသွားကြောင့်ပင်။

ကျုံးဝမ်သည်လည်း သရော်၍ ရယ်လိုက်မိသည်။ မကြာခင် ကျန်းဟောင်ထင်တစ်ယောက် ဘာမှမရှိတော့ခြင်း၏ အဓိပ္ပာယ်ကို ခံစားရတော့မည် မဟုတ်ပါလော။ ဤသည်က သူ့ကို သတ်လိုက်သည်ထက် ပို၍ စိတ်ဝင်စားစရာ ကောင်းသေးသည်။

“သုံးစားမရတဲ့ ဆင်းရဲသားတဲ့လား၊ ဟားဟားဟား ... ငါက ဘာမှမရှိတော့တဲ့ ဆင်းရဲသားလား ...”

ယဲ့ဖန်တို့နှစ်ယောက် ထွက်သွားသည်နှင့် ကျန်းဟောင်ထင် ထရယ်လေ၏။ သူ ထူးဆန်းသော အပြုံးတစ်ခုကို ပြုံးလိုက်မိသည်။

*ငါ မအံ့ဩတော့ဘူး*

*သူ ဒီလောက် ဆုံးဖြတ်ချက် ပြတ်သားနေတာကို ငါ မအံ့ဩတော့ဘူး*

*အင်အားကြီးတဲ့ ပုဂ္ဂိုလ်နှစ်ယောက်နဲ့ မိသားစုကြီး ခြောက်ခုက သူ့ကို နာခံတာကို ငါ မအံ့ဩတော့ပါဘူး*

*သူက ဒီနေ့ခေတ် ဟွိုင်အန်း စီရင်စုတစ်ခုလုံးမှာ အင်အားအကြီးဆုံးလူ ဖြစ်နေတာကိုး*

*ယဲ့ဘုရင်*

*ပြီးတော့ ငါက သူ့အမျိုးသမီးကို သွားထိပါးမိတာလား*

*သေစမ်း ... သေလိုက်ပါတော့လား*

All Chapters