အခန်း ၁၁၆၇
Vol. 78 Ch. 1167
Chapter 1167 မင်းက ဘာမို့လို့လဲ
“ညီလေး မင်း သူ့ကို မြန်မြန်တောင်းပန်သင့်တယ်၊ အဲ့ဒါဆို ကိစ္စတွေက ပြောင်းလဲကောင်း ပြောင်းလဲ သွားလောက်တယ်”
ထိုသို့သောအချိန်၌ မျက်မှန်တပ်ထားသည့် ကြင်နာတတ်သော လူငယ်တစ်ယောက်က ယဲ့ဖန်ကို ကြင်နာစွာ သတိပေး လာသည်။
“ကျန်းယုရုန်က ဗီယင်ကျန်းနန်းတော်က နန်းတော်သခင်ရဲ့ သမီးပဲ၊ မင်း မသေချင်ဘူးဆိုရင် သူ့ကို မြန်မြန် တောင်းပန်လိုက်”
“ဟုတ်တယ် မြန်မြန် တောင်းပန်လိုက်၊ မမလေးက မင်းကို ခွင့်လွှတ်ပေးချင် ပေးမှာ”
ကျန်းယုရုန်က တခစ်ခစ် ရယ်မောနေပြီး မျက်လုံးတွင် လှောင်ပြောင်သရော်ရိပ်များ သန်းနေ၏။
“ဟုတ်တယ် နင် ဒူးထောက်ပြီး တောင်းပန်၊ ဝပ်တွားခယပြီး တောင်းပန်စမ်း”
သူ့စကားကြောင့် ယဲ့ဖန်က ရုတ်တရက် လှောင်ရယ်လိုက်ပြီး မျက်လုံးများက အေးစက် ခက်ထန်လာလေသည်။
“ဗီယင်ကျန်းနန်းတော်၊ အဲ့ဒါက ဘာလဲ”
လူတိုင်း မှင်တက်အံ့ဩသွားလေသည်။ အားလုံး မျက်လုံးပြူးကျယ်သွားပြီး နားကြားမှားလေသလားဟုပင် သံသယ ဝင်သွားကြသည်။
ဗီယင်ကျန်းနန်းတော်သည် ကျင်းကျန်းမြို့၌ ဟွိုင်အန်း စီရင်စုတွင်းမှ ယွင်ရင်တောင်ကဲ့သို့ ကြီးမားသော နောက်ခံ အမွေအနှစ် ရှိပြီး ပြိုင်ဘက်ကင်းလေသည်။
*ဒီကောင်က တော်တော် မောက်မာတာပဲ၊ ကြီးကျယ်တဲ့ ဗီယင်ကျန်းနန်းတော်ကို သူ ဘယ်လိုတောင် လျစ်လျူရှု ရဲတာလဲ*
*သူ့အဆုံးသတ်ကတော့ မတွေးနိုင်လောက်အောင်ကို ဆိုးရွားမှာပဲ*
မျက်မှန်နှင့်လူငယ်ပင် မတတ်သာဟန်ဖြင့် ခေါင်းခါလေသည်။ ယဲ့ဖန်က အလွန် မောက်မာနေပါက သူ့အား နတ်ဘုရားပင် ဆင်းကယ်ရန် မတတ်နိုင်လောက်ပါ။
“ကောင်းတယ် သိပ်ကောင်းတယ် …”
ကျန်းယုရုန်က ထိုစကားကိုသာ ပြောပြီး သူမမျက်နှာတွင် ထိတ်လန့်၍ မကျေမချမ်း ဖြစ်သော အရိပ်အယောင်များ စွန်းထင်းနေ၏။ ယဲ့ဖန်က သူမတို့၏ ဗီယင်ကျန်းနန်းတော်ကို ဤသို့ စော်ကားဝံ့သည့် ပထမဆုံးသော လူပင်။ ထို့ကြောင့် သူ တန်ဖိုးတစ်ခုတော့ ပေးဆပ်ကို ဆပ်ရပေမည်။
“အစတုန်းကတော့ ငါ နင့်ကို သတ်ရုံပဲ သတ်ချင်ခဲ့တာ၊ အခုတော့ နင့်ကို တန်းသတ်လိုက်တာက ဈေးပေါလွန်းတယ်လို့ ငါ ထင်သွားပြီ”
“နင့်ကို နှိပ်စက်မယ်၊ နင့်ကို လှောင်ပြောင်မယ်၊ နင့်ကို ဖျက်ဆီးပြီးမှ … သတ်ပစ်ရမယ်”
ကျန်းယုရုန်က ပိုမိုဆိုးရွားစွာ ရယ်မောလိုက်သည်။ သူမသည် ရန်သူများကို ဖမ်းဆီး၍ မသေမချင်း နည်းနည်းစီ နှိပ်စက်ရသည်ကို နှစ်ခြိုက်သည်။
ထို့ကြောင့် သူမအခန်း၏ မြေအောက်ခန်းတွင် နှိပ်စက်သော ကိရိယာ အမျိုးအစား အစုံအလင် ထားရှိထားသည့် အထူး နှိပ်စက်ခန်း ရှိလေသည်။
တစ်ချိန်က သူမခြေထောက်ကို တက်နင်းမိသည့် ကောင်မလေး ရှိခဲ့ဖူးသည်။ ထိုမိန်းကလေးအား ဖမ်းဆီး၍ နှစ်ဝက်တိတိ နှိပ်စက်ခဲ့သည်။ နောက်ဆုံးတွင် သူမကိုယ်၌ ဦးခေါင်းတစ်လုံးသာ ကျန်ရစ်ခဲ့သည်။ သို့ရာတွင်လည်း ထိုမိန်းကလေး မသေနိုင်သေးချေ။ သူမအဖြစ်က ဆိုးရွားလွန်းလှသည်။
ထို့ကြောင့် ကျန်းယုရုန်၏ စကားကို ကြားလိုက်ရချိန်တွင် လူတိုင်း ဆံပင်များ ထောင်သွားပြီး ယဲ့ဖန်အား သနားသော အကြည့်များဖြင့် ကြည့်လာကြသည်။
မည်သူ့ကိုမဆို ရန်စချင်းက ကောင်းသော ကိစ္စရပ် မဟုတ်ပါသော်လည်း ဤရူးနေသော အမျိုးသမီးအား ရန်စမိပါက ယဲ့ဖန်တစ်ယောက် ဘယ်လို သေသွားရမလဲပင် သိလိုက်မည် မဟုတ်ပါ။
ထိုစဉ် ဗီယင်ကျန်း နန်းတော်မှ တပည့်သားများအားလုံး ချက်ချင်း ရှေ့တက်လာကြသည်။ သူတို့က ဆိုးယုတ်သော အပြုံးများဖြင့် ယဲ့ဖန်ကို တိုက်ခိုက်လာ၏။ ပုဆိန်များ၊ ချိတ်များနှင့် သံခက်ရင်းများက ယဲ့ဖန်၏ ဦးခေါင်းပေါ် ကျရောက် လာလေသည်။ ထိုအခါ လူတိုင်းက ပြုံးစိစိနှင့် ယဲ့ဖန်အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာကြသည်။
*ကိုယ့်ကိုယ်ကို အထင်ကြီးနေလည်း အပိုပဲလေ၊ ရိုးရိုးသားသား ဒူးထောက်လိုက်ရင် အဆင်ပြေနေမှာ မဟုတ်ဘူးလား၊ ဘာလို့ သေလမ်း ရှာနေတာလဲ*
“ဟဲဟဲ …”
သို့သော် ယဲ့ဖန်က ကြောက်စရာကောင်းသော အပြုံးမျိုး ပြုံးလာ၏။ ထိုစဉ် ပြင်းထန်သော လေပြင်း တိုက်ခတ် လာသည်။ ထိုလေပြင်းသည် ကြီးမားသော လှိုင်းလုံးသဖွယ် အလိပ်လိုက် တက်လာပြီး ဘေးဘီသို့ ရိုက်ခတ်သွား၏။
“ဝုန်း”
သွေးများ ပန်းထွက်လာပြီး လူတိုင်း မှင်တက်ကာ အေးစက်သော လေများ လွှမ်းခြုံလာသည်ဟု ခံစားလိုက်ရသည်။ သူတို့၏ နှလုံးသားထဲ၌ အလွန်အမင်း သွေးပျက်သလို ခံစားနေရသည်။
ဗီယင်ကျန်း နန်းတော်မှ သိုင်းပညာရှင် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်သည် ထိုလေပြင်းနှင့် ထိမိသည်နှင့် တစ်စစီ ဖြစ်သွားသည်ကို သူတို့ သေချာ မြင်လိုက်ရသည်။ သွေးများ ပန်းထွက်၍ နေရာမှာတင် သေဆုံးသွားကြသည်။
*စက္ကန့် … စက္ကန့်ပိုင်းအတွင်း သတ်လိုက်တာလား*
*ဒီကောင်က သိုင်းပညာရှင်တွေကို ဘယ်လိုလုပ် ချက်ချင်း သတ်ပစ်လိုက်နိုင်တာလဲ*
*သူ ဘယ်လိုလုပ်လိုက်လဲဆိုတာတောင် ငါတို့ မမြင်လိုက်ဘူး*
*ထူးဆန်းတယ်*
*ထူးဆန်းလွန်းတယ်*
*ဒီကောင်ရဲ့ နောက်ကြောင်းက ဘာလဲ၊ ဘာလို့ ဒီလို ကြောက်စရာကောင်းတဲ့ ခွန်အားမျိုး ရှိနေတာလဲ*
“နင် …”
ကျန်းယုရုန်တောင်မှ မှင်တက်သွားလေသည်။ ထိုသိုင်းပညာရှင်များသည် ဗီယင်ကျန်းနန်းတော်မှ ဆရာသခင် များထဲတွင် အတော်ဆုံးများ ဖြစ်ကြသည်။
သို့ရာတွင် သူတို့က ယဲ့ဖန်၏ အဝတ်စလေးကိုပင် ထိအောင်မလုပ်နိုင်ဘဲ ပေါက်ကွဲ၍ သေဆုံးသွားကြသည်။ သူမ မျက်နှာက ချက်ချင်း သုန်မှုန်လာပြီး မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ခံစားလာရသည်။
*အသုံးမကျလိုက်တာ*
*အားလုံး အမှိုက်ကောင်တွေချည်းပဲ*
*ငါ့ကို အရမ်း အရှက်ရအောင် လုပ်တယ်၊ ငါ ပြန်သွားရင် နင်တို့ မိန်းမတွေ၊ သမီးတွေနဲ့ မိသားစုဝင်တွေကို မသေမချင်း နှိပ်စက်ဦးမယ်*
ထိုသိုင်းပညာရှင်များသည် သူမအတွက် သေဆုံးသွားရသော်လည်း သူမစိတ်ထဲ၌ သနားညှာတာစိတ် တစ်စက်မှ မရှိပေ။ ထိုသို့ဖြစ်ရမည့်အစား အသုံးမကျလေခြင်းဟု တွေးကာ ဒေါသူပုန်ထနေ၏။
“အမှန်အတိုင်း ပြောရရင် ငါ မိန်းမတွေကို သတ်ရတာကို သဘောမကျဘူး၊ ဒါပေမဲ့ မင်းကတော့ ခြွင်းချက်ပဲ”
ယဲ့ဖန်က ကျန်းယုရုန်ထံသို့ သုန်မှုန်သော မျက်နှာထားဖြင့် လျှောက်သွားလေသည်။ လူတိုင်း ထိတ်လန့်တကြား ဖြစ်လာကြသည်။
*ဒီကောင် တကယ် ရူးနေတာပဲ၊ သူက ကျန်းယုရုန်ကို သတ်ချင်နေတာလား၊ ဒါ ဗီယင်ကျန်း နန်းတော်ကို ရန်စပြီး အသတ်ခံတာနဲ့ အတူတူပဲလေ*
ကျန်းယုရုန် ရုတ်တရက် စိုးရိမ်တုန်လှုပ်လာပြီး ကြောက်လန့်ဟန်များ ထွက်ပေါ်လာသည်။ ယဲ့ဖန်ထံမှ အလွန် ပြင်းထန်သော သွေးနံ့မျိုး သူမ ရနေ၏။ သူ့ကိုယ်ထဲ၌ သွေးပင်လယ်တစ်ခု ရှိနေသည်ဟု ထင်မှတ်မှားရကာ သူမအား ချောက်ချားသွားစေသည်။
“ညီလာခံ ကျင်းပမယ့် နေရာမှာ ပြဿနာ မရှာနဲ့”
ထိုသို့သောအချိန်၌ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ထွက်လာပြီး ယဲ့ဖန်အား အထင်သေး၍ အထက်စီးဆန်သော အကြည့်များဖြင့် ကြည့်လေသည်။
“ဦးလေးစွန်း”
ထိုလူကိုမြင်သည်နှင့် ကျန်းယုရုန် ရုတ်တရက် ပျော်ရွှင်သွားပြီး သူ့ရှေ့သို့ ပြေးသွားလေသည်။ အခြားသူများလည်း အံ့ဩသွားကြသည်။
စွန်းထျန်းပေါင်သည် ဟွာချင်ဂိုဏ်း၏ တိုက်ရိုက်မျိုးဆက်တစ်ယောက် ဖြစ်ပြီး ဟွာချင်ဂိုဏ်း၏ ကိစ္စရပ်များကို တာဝန်ယူ လုပ်ဆောင်ပေးသည့် ကြီးကြပ်သူ ဖြစ်သည်။
လက်ရှိတွင် ဟွာချင်ဂိုဏ်းက ဆေးဖော်စပ်ခြင်း ညီလာခံကို ကျင်းပသူဖြစ်သဖြင့် တာဝန်ရှိသူက သူ ဖြစ်နေသည်မှာ မဆန်းပေ။
“အခုတလော မင်းအဖေရဲ့ ကျန်းမာရေးရော ဘယ်လိုနေလဲ”
စွန်းထျန်းပေါင်က အပြုံးဖြင့် မေးလိုက်သည်။ ကျန်းယုရုန်နှင့် မျက်နှာချင်းဆိုင်ရသောအခါ သူ့အပြုအမူက လုံးဝ ပြောင်းလဲနေ၏။
“ကျွန်မအဖေ ကျန်းမာရေး ကောင်းပါတယ်၊ အဖေက ဦးလေး လက်ဘက်ရည် လာမသောက်တာတောင် ကြာနေပြီလို့ ပြောနေသေးတာ”
စွန်းထျန်ပေါင်က ရုတ်တရက် ထရယ်လေသည်။
“ဟုတ်ပါပြီ၊ အခုတလော အလုပ်တွေ ပြီးသွားတာနဲ့ မင်းတို့ဆီ လာပြီး မင်းအဖေနဲ့ လက်ဘက်ရည် လာသောက်မှာပါ၊ လက်ဘက်ရည် ကောင်းကောင်းလေးသာ ပြင်ထားလိုက်”
“ပြဿနာက ဦးလေးစွန်း မလာမှာကိုပဲ ကျွန်မ စိုးရိမ်တာပါ”
ကျန်းယုရုန်သည် အလွန် ကြောင်သူတော် နိုင်လာပြီး စွန်းထျန်းပေါင်ရှေ့၌ လိမ္မာသော ကလေးတစ်ယောက်သဖွယ် ပြုမူနေ၏။ ထို့နောက် သူမက ယဲ့ဖန်ကို လက်ညှိုးထိုးလေသည်။
“ဦးလေးစွန်း အဲ့လူက ကျွန်မကို သတ်ချင်နေတယ်၊ ဦးလေး ကျွန်မ စိတ်ဆိုးပြေအောင် လုပ်ပေးရမယ်”
ကျန်းယုရုန်၏ မျက်လုံးတွင် အလွန် မကျေမချမ်း ဖြစ်နေဟန်များ ယှက်သန်းနေသည်။
“အိုး …”
စွန်းထျန်းပေါင်က ယဲ့ဖန်ကို မည်းမှောင်သော မျက်နှာထားဖြင့်ကြည့်ကာ မေးလိုက်သည်။
“မင်းက ဘယ်ကလန်ကလဲ၊ ဒါ ဟွာချင်ဂိုဏ်းရဲ့ နယ်မြေဆိုတာ မသိဘူးလား၊ မင်းကို ဒီမှာ ပြဿနာ ရှာဖို့ ခွင့်မပြုထားဘူး၊ မင်း သေချင်နေလား”
နောက်ဆုံးစကားအား သူ အော်လုမတတ် ပြောလိုက်လေသည်။ သူ့စကား၌ အလွန် ခြိမ်းခြောက်သော အဓိပ္ပာယ်များ ပါဝင်နေ၏။ လေသံကလည်း တော်တော်လေး ဆိုးရွားလှသည်။
ယဲ့ဖန်က ညင်သာစွာ ပြုံးလိုက်သည်။
“ဘယ်ဂိုဏ်းကမှ မဟုတ်ဘူး၊ ဘယ်မိသားစုကမှလဲ မဟုတ်ဘူး၊ ငါက တစ်ကိုယ်တည်းသမား*
*သူက တစ်ယောက်တည်းလား*
*ဘယ်ဂိုဏ်းကမှ မဟုတ်ဘူးပေါ့*
“ခြေသလုံးအိမ်တိုင် သိုင်းသမားလား”
စွန်းထျန်းပေါင်က အထင်သေးသလို ပြုံးလေသည်။ အကယ်၍ ယဲ့ဖန်ကသာ ဂိုဏ်းကြီးတစ်ခုကသာ ဖြစ်နေပါက သူ သက်ညှာပေးလိုက်နိုင်သည်။ သို့သော် ယဲ့ဖန်က ခြေသလုံးအိမ်တိုင် သိုင်းသမား ဖြစ်နေမှတော့ သူ သက်ညှာစရာ အကြောင်း မရှိတော့ချေ။
သူက ကျန်းယုရုန်ကို ဖက်လိုက်ပြီး ယဲ့ဖန်အား အေးစက်စွာ ပြောလိုက်သည်။
“မင်း သူ့ကို ထိခွင့်မရှိဘူး”
သူ ဆက်ပြောလိုသောစကားမှာ “သူ့ကို ထိတာနဲ့ မင်းကို ငါ သတ်ပစ်မယ်” ဟုပင်။ သို့သော် ဤနေရာ၌ လူများစွာ ရှိနေသဖြင့် အားနည်းသူကို အနိုင်ကျင့်သည်ဟု ဝေဖန်ခံရမည်ကို စိုးသောကြောင့် စွန်းထျန်းပေါင် ထိုစကားကို ထုတ်မပြောလိုက်ပေ။ သို့သော် သူ့စိတ်ထဲတွင် လူလွှတ်၍ ယဲ့ဖန်ကို တိတ်တဆိတ် သတ်ပစ်မည်ဟု ဆုံးဖြတ်ထားသည်။
*ဘယ်ကမ္ဘာကနေ လာမှန်းမသိတဲ့ မလောက်လေး မလောက်စားလေးက ဟွာချင်ဂိုဏ်းရှေ့မှာ မာန်တက်ရဲ တယ်ပေါ့လေ၊ မင်းတော့ သေချင်နေတာပဲ*
“သူ့ကို ထိခွင့်မရှိဘူးလို့ ခင်ဗျား ပြောတာလား”
ယဲ့ဖန်က ဒေါသဖြင့် ရယ်မောလေသည်။ ဓားကဲ့သို့ စူးရှသည့် မျက်လုံးများဖြင့် စွန်းထျန်းပေါင်ကို သူ စိုက်ကြည့် လိုက်သည်။
“ခင်ဗျားကိုယ်ခင်ဗျား ဘာထင်လဲ”