အခန်း ၁၁၇၁
Vol. 79 Ch. 1171
Chapter 1171 ငါ မင်းကို တပည့်အဖြစ် လက်ခံချင်တယ်
ထိုစကားကို ကြားသောအခါ ကျူးဟောင်ရွှမ်၏ မျက်နှာတွင် အပြုံးပန်းများ ဝေသွားလေသည်။ ထို့နောက် ဆေးမီးဖိုထဲသို့ ဆေးပင်များ စထည့်လိုက်သည်။ သူ၏ ကျွမ်းကျင်မှုနှင့် နည်းစနစ်ကျသော အပြုအမူက အလွန် သေသပ် တိကျလှသည်။
“မဆိုးဘူးပဲ”
ယွင်ပမ်းရှီက သူ့မုတ်ဆိတ်မွေးကိုသပ်၍ ကျေနပ်သလို ခေါင်းညိတ်လေသည်။ သူ့စကားများက အားဆေး တစ်ခွက်သဖွယ် ဖြစ်နေပြီး ကျူးဟောင်ရွှမ်၏ မျက်နှာက ပို၍ ဂုဏ်ယူဝင့်ကြွားဟန် ပေါ်လာသည်။
“ပါရမီရှင်က ပါရမီရှင်ပါပဲ၊ ငါတို့ လုံးဝ ယှဉ်လို့မရဘူး”
ဆေးပညာရှင်တိုင်းက စိတ်ဓာတ်ကျသလို ဖြစ်သွားကြပြီး မချိပြုံး ပြုံးနေကြသည်။ သူတို့ ကျူးဟောင်ရွှမ်ကို အနိုင်မယူနိုင်မှန်း သိလိုက်ကြသည်။
လက်ရှိအချိန်တွင် သူတို့အားလုံး ယဲ့ဖန်ကို အတူတူ လျစ်လျူရှုထားမိသည်။ သူတို့၏ အာရုံသည် ကျူးဟောင်ရွှမ် နှင့် ယွမ်ပမ်းရှီထံသို့ ရောက်နေကြသည်။ ယဲ့ဖန်ကိုမူ မည်သူမှ ဂရုမစိုက်ဘဲ သူ ရှိနေသည်ကိုပင် အရေးမစိုက်ကြချေ။ သူတို့၏ မျက်လုံးထဲတွင် ယဲ့ဖန်က ကျူးဟောင်ရွှမ်အတွက် နင်းချစရာ လှေကားထစ် တစ်ခုဟုသာ မှတ်ယူထားပြီး ထို့ထက်မပိုချေ။
“ဝုန်း”
ချက်ချင်းဆိုသလိုပင် နဂါးကိုးကောင် ဆေးမီးဖိုမှ မီးတောက်များက နဂါးကိုးကောင်သဖွယ် မိုးပေါ်သို့ ထိုးတက် လာပြီး ထည်ဝါလှပလှသည်။ ထို့နောက် စူးရှသော ဆေးအနံ့များ ရုတ်တရက် ပျံ့လွင့်လာ၏။
“အနံ့က ထူးကဲလှချည်လား”
ယွမ်ပမ်းရှီ ထိတ်လန့်နေသော မျက်နှာထားဖြင့် မနေနိုင်ဘဲ မတ်တပ်ထရပ်လေသည်။ ထူးချွန်သော ဆေးပညာရှင်သာ ဤသို့သော ဆေးရနံ့မျိုး ထွက်ပေါ်လာအောင် လုပ်ဆောင်နိုင်သည်။
“လူကြီးမင်း ကျုပ် ပြောပါရစေ၊ ဒီကျူးဟောင်ရွှမ်က ကျင်းကျန်းမြို့ရဲ့ ဆေးဘုရင်ငယ်လေးပါ၊ ကျင်းကျန်းတစ်မြို့လုံးမှာ ခင်ဗျားတပည့် ဖြစ်ဖို့ အရည်အချင်း ပြည့်မီတဲ့ တစ်ဦးတည်းသော လူပါပဲ”
ဟွာချင်ဂိုဏ်းချုပ်က ပြုံး၍ ပြောလာသည်။ ကျူးဟောင်ရွှမ်နှင့် သူ၏ ပတ်သက်မှုအရ ယွမ်ပမ်းရှီသာ ကျူးဟောင်ရွှမ်ကို ရွေးချယ်လိုက်လျင် သူ အကူအညီ လိုလာချိန်၌ ကျူးဟောင်ရွှမ်က သူ၏ ကြင်နာမှုကို မေ့လျော့တော့မည် မဟုတ်ပါ။ ထို့နောက် သူက ကျူးဟောင်ရွှမ်ကို ခေါင်းညိတ်၍ လှမ်းခေါ်လိုက်သည်။
“ဟောင်ရွှမ် မင်းဆေးကို အကြီးအကဲ မြည်းစမ်းလို့ရအောင် လာပေးလေကွာ”
ကျူးဟောင်ရွှမ်က ရှေ့သို့ ခပ်သွက်သွက် လှမ်းလာပြီး သူ့ဆေးအား လက်နှစ်ဖက်ဖြင့် ကမ်းပေးလေသည်။
“ဆတိုး အားပြည့်ဆေးပါလား၊ ဒီလောက် အသက်လေးနဲ့ မင်းက ဒီအဆင့်မျိုးဆေးကို ဖော်စပ်နိုင်ပြီလား”
ယွမ်ပမ်းရှီက ကျူးဟောင်ရွှမ်ကို တအံ့တဩ ကြည်လေသည်။ သူတောင်မှ ကျူးဟောင်ရွှမ်ကဲ့သို့သော အရွယ်၌ ဤဆေးမျိုးကို မဖော်စပ်နိုင်ခဲ့ပါ။
“ဆေးနံ့က ကောင်းမွန်တယ်၊ အရည်က ပျစ်နှစ်ပြီး အရောင်ကလည်း ကောင်းတယ်၊ ဒီဆတိုး အားပြည့်ဆေးက ဈေးကွက်ထဲက ဆေးတွေထက်တောင် ဆယ်ဆပိုပြီး အစွမ်းသက်ရောက်သေးတယ်”
ယွမ်ပမ်းရှီက အသိအမှတ်ပြုဟန်ဖြင့် ထပ်ခေါင်းညိတ်လေသည်။
“မဆိုးဘူး မင်းမှာ ဆေးဘုရင်လေးလို့ ခေါ်ထိုက်တဲ့ အရည်အချင်း ရှိတာပဲ”
လူတိုင်း ဆူညံပွက်လောရိုက်သွားလေသည်။ ဆေးဆရာကြီး ယွမ်ပမ်းရှီတောင်မှ ထိုသို့ပြောနေသဖြင့် ကျူးဟောင်ရွှမ်သည် ကျုံးကျိုး အင်ပါယာ၌ လွှမ်းမိုးနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည့် ကံဇာတာ ရှိသည့်ပုံပင်။
“အကြီးအကဲ ချီးကျူးလွန်းနေပါပြီ”
ကျူးဟောင်ရွှမ်သည် ပါးစပ်ဖြင့် နှိမ့်ချစွာ ပြောနေသော်လည်း သူ့စိတ်ထဲတွင်မူ ကျိတ်၍ ငေါ့တော့တော့ ပြောနေမိသည်။
*ခင်ဗျား အဲ့ဒါကို ပြောစရာ လိုသေးလို့လား*
ယွမ်ပမ်းရှီက လည်ချောင်းရှင်းလိုက်ပြီး မေးလိုက်သည်။
“တကယ်တော့ ငါ ကျုံးကျိုး အင်ပါယာကို ခရီးထွက်လာရတာက ရည်ရွယ်ချက် တစ်ခုတည်းအတွက်ပဲ၊ ငါ မင်းကို မေးချင်တာက …”
လူတိုင်း ထိတ်လန့်သွားလေသည်။ ယွမ်ပမ်းရှီက ကျူးဟောင်ရွှမ်ကို သူ့တပည့်ဖြစ် လက်ခံရန် စဉ်းစားလိုက်ပြီ ဖြစ်ကြောင်း သူတို့ သိသွားကြသည်။ ကျူးဟောင်ရွှမ်သည်လည်း မာန်တက်သော အမူအရာမျိုး ဖြစ်သွား လေသည်။
*ငါက ကျုံးကျိုး အင်ပါယာက နံပါတ်တစ် ဆေးဆရာကြီးရဲ့ တပည့် ဖြစ်လာတော့မှာလား*
သူ့အား ကျယ်ပြောသော လောကကြီးက လက်ကမ်းကြိုနေပြီဟု မြင်ယောင်လာသည်။ ထိုသို့သောအချိန်၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာ၏။
ထောင့်အကျဆုံးသော နေရာမှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာလေသည်။ လူတိုင်း ကြောက်လန့် တုန်ယင်သွားပြီး ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။
ထိုအခါ မျက်စိရှေ့မှ ဖြစ်ပေါ်လာသော မြင်ကွင်းကြောင့် အားလုံး ခံစားချက် ကင်းမဲ့သွားရသည်။ သူတို့၏ အရှေ့၌ များစွာသော မြူခိုးများ ဖြစ်ပေါ်နေပြီး ပန်းချီကားကဲ့သို့ လှပသော ပုံရိပ်များ ပေါ်ထွက်လာပြီး အန္တိ အငွေ့ အသက်များ ပျံ့လွင့်လာ၏။
“ဟမ်”
ရုတ်တရက် ဆေးမီးဖိုထဲမှ ဆေးလုံးတစ်လုံး လေထဲသို့ တက်လာပြီး ဂြိုလ်တစ်လုံးကဲ့သို့ လင်းလက်နေပြီး ၎င်းပေါ်၌ ထူးခြားသော ပုံစံများ ဖြစ်ပေါ်နေသည်။ ၎င်းထံမှ လျှပ်စီးသံများ အဆက်မပြတ် ထွက်ပေါ်နေလေသည်။
ဆေးလုံးကိုယ်ထည်မှ မဟာတာအို အငွေ့အသက် အစအမျှ ပျံ့လွင့်နေသဖြင့် လူတိုင်း အသက်ပင် မရှူနိုင်အောင် ထိတ်လန့်သွားကြသည်။
လူတိုင်း တစ်ခဏမျှ ကြက်သီးထလာကြသည်။
*ဒါ ဘာမြင်ကွင်းလဲ၊ ဘာလို့ ဒီလို ဖြစ်နေတာလဲ*
ဤသို့သော မြင်ကွင်းမျိုးကို သူ တစ်ခါမှ မမြင်ဖူးချေ။ ထို့နောက် လူတိုင်း မထင်မရှား မြင်နေရသော လူပေါ်သို့ အာရုံ ရောက်သွားသည်။
*ယဲ့ဖန်ပါလား*
*ငါတို့ အရူးလို့ သတ်မှတ်ထားတဲ့လူက မှော်ဆန်တဲ့ဆေးကို သန့်စင်နိုင်နေတာလား*
သူတို့ ဘာတွေဖြစ်နေမှန်း မသိသော်လည်း ဤဆေးလုံးက အလွန် တစ်မူထူးခြားသော ဆေးလုံးဖြစ်ကြောင်း သူတို့ သိကြလေသည်။ ထိုသို့မဟုတ်ပါက ဤမျှ ကြောက်စရာကောင်းသော မြင်ကွင်းမျိုး မြင်ရမည် မဟုတ်နိုင်ပါ။
*ဘယ်လိုလုပ်*
ကျူးဟောင်ရွှမ်တောင်မှ ချက်ချင်း မှင်တက်သွားရသည်။ သူ့စိတ်ထဲသို့ မကောင်းသော ခံစားချက်တစ်ခု ဝင်ရောက် လာ၏။ ၎င်းက သူ့ကို ကြောက်လန့်သွားစေသည်။
အဘယ်ကြောင့်ဆိုသော် အချို့သော ကောင်းကင်ဘုံ ဆန့်ကျင်သည့် နတ်ဆေးများသည် ၎င်းတို့ကို သန့်စင်သော အချိန်တွင် ကောင်းကင်၌ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာစေပြီး မိုးမြေအား တုန်ခါနိုင်စေသည်ဟု သူ ရှေးဟောင်း စာအုပ်များနှင့် ဒဏ္ဍာရီလာ စာအုပ်များတွင် ဖတ်ဖူးသည်။
*ဒီကောင်က ကောင်းကင်ဘုံ ဆန့်ကျင်နိုင်တဲ့ ဆေးမျိုးကို ဖော်စပ်နိုင်တာလား*
*မဟုတ်ဘူး*
*ဒါ လုံးဝ မဖြစ်နိုင်ဘူး*
လူတိုင်း ယဲ့ဖန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်နေကြသည်။ စွန်းထုန်သည်လည်း ချောက်ချားနေလေသည်။ ရုတ်တရက် စွန်းထုန်က ကွမ်းကို ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီး ဉာဏ်များသော အဘိုးအိုသဖွယ် အားပါးတရ ရယ်မောလိုက်သည်။
*ပွဲကြီးပွဲကောင်းက စတောင် မစသေးဘူးကွ*
“ကောင်း … ကောင်းကင်ဆေးလုံး”
ထိုစဉ် အလန့်တကြား အော်ဟစ်ပြောဆိုလိုက်သံ ပဲ့တင်ထပ်လာ၏။ ယွမ်ပမ်းရှီ၏ မျက်နှာတွင် ထိတ်လန့်ဟန်များ ဖုံးလွှမ်းနေပြီး မျက်လုံးများ ပြူးကျယ်နေသည်ကို လူတိုင်း တွေ့လိုက်ရသည်။
“ဘာ ဆေးလုံးလား”
ဟွာချင်ဂိုဏ်းချုပ်သည်လည်း အံဩသွားသည်။
*အဲ့လို သမိုင်းဝင် ဆေးလုံးက တကယ် ရှိတာလား*
ယွမ်ပမ်းရှီ၏ စကားကိုကြားပြီး လူတိုင်း လေအေးကို ရှူလိုက်မိသလို ဖြစ်သွားလေသည်။ လေထုတစ်ခုလုံး အေးစက်၍ တိတ်ဆိတ် ငြိမ်သက်သွားသည်။ လူတိုင်း မျက်လုံးပြူးကျယ်သွားပြီး အမူအရာများက အုံ့မှိုင်းနေ၏။
*ဒီကောင်က ဆေးလုံးကို ဖော်စပ်နိုင်တာလား*
*ပြီးတော့ ပျက်စီးနေတဲ့ ဆေးမီးဖိုနဲ့လေ*
*ဒါ ဘယ်လိုဖြစ်ရတာလဲ*
စွန်းထုန်တောင်မှ ယဲ့ဖန်ကို တကယ် ဆေးဖော်စပ်နိုင်မည်ဟု မျှော်လင့်မထားမိချေ။
*ဘိုးဘေးတွေ ဆောင်မတာပဲ*
ထိုအခိုက်တွင် သူ၏ ကံကြမ္မာ လုံးဝ ပြောင်းလဲတော့မည်ကို သိနေသဖြင့် သူ လက်သီးကို တင်းနေအောင် ဆုပ်လိုက် မိသည်။ ယဲ့ဖန်က သူ့ဆေးပင်ကို သုံးပြီး ဆေးဖော်စပ်ခဲ့ကြောင်း လူတိုင်း သိထားကြသည်။
“ဆေးလုံးလား”
ကျူးဟောင်ရွှမ်၏ မျက်နှာက ပြာနှမ်းသွားပြီး စိတ်လေးသွားရသည်။
*ဒီကောင်က တကယ် ဆေးဖော်စပ်နိုင်တာပဲ*
*ယွမ်ပမ်းရှီတောင်မှ မလုပ်နိုင်တာကို ယဲ့ဖန်က တကယ် လုပ်နိုင်တာလား*
ယဲ့ဖန်က လေထဲသို့ မြောက်တက်နေသည့် ဆေးလုံးကို တည်ငြိမ်အေးဆေးစွာ လှမ်းယူလေသည်။ သူ့အတွက် ဆေးလုံး ဖော်စပ်ရသည်က အလွန် လွယ်ကူနေပုံရပြီး သူ၏ အတွင်းအားတောင်မှ မတည်မငြိမ် ဖြစ်မနေပေ။
ဤသည်ကိုမြင်ပြီး ပုဂ္ဂိုလ်ကြီးတစ်ချို့က ချက်ချင်း သတိဝင်လာသည်။ ယဲ့ဖန်အတွက် ဆေးဖော်စပ်ခြင်းက ပထမဆုံးအကြိမ် ဟုတ်ပုံမရပေ။ ထိုသို့ မဟုတ်ပါက သူ လုံးဝ တည်ငြိမ်နေမည် မဟုတ်ပါ။
*ဒီကောင်က ဆေးလုံးတွေ မကြာခဏ ဖော်စပ်ဖူးတာလား၊ ဒါ … ဒါ ဖြစ်နိုင်ပါ့လား*
ကျူးဟောင်ရွှမ်ကို မျက်နှာလုပ်ချင်သဖြင့် ယဲ့ဖန်ကို ပုတ်ခတ်စော်ကားခဲ့သော ပုဂ္ဂိုလ်များအားလုံး မျက်နှာ ပြာနှမ်း လာကြသည်။ သူတို့၏ မျက်နှာတွင် နောင်တရစိတ်များဖြင့် ပြည့်နှက်လာ၏။
ထိုအခိုက်တွင် ယွမ်ပမ်းရှီက ယဲ့ဖန်ထံသို့ ပြေးသွားလေသည်။ စိတ်လှုပ်ရှားလွန်းသဖြင့် ခြေခေါက်၍ ကြမ်းပြင်ပေါ် လဲကျသွားသည်။
ဟွာချင်ဂိုဏ်းချုပ်က သူ့ကို ကူညီရန် ပြင်သော်လည်း သူက ပြန်တွန်းထုတ်လိုက်သည်။ လက်ရှိတွင် သူ့မျက်လုံးထဲ၌ ယဲ့ဖန်သာ ရှိလေသည်။
ယဲ့ဖန်ထံသို့ ပြေးသွားပြီးနောက် ယဲ့ဖန်ကို သေချာကြည့်ကာ လက်ညှိုးထိုး၍ ပြောလိုက်သည်။
“ငါ မင်းကို တပည့်အဖြစ် လက်ခံချင်တယ်”