အခန်း ၁၁၇၃
Vol. 79 Ch. 1173
Chapter 1173 ခင်ဗျားတို့ ထွက်သွားလို့ရပြီ
“ကျေးဇူးပြုပြီး … ကျေးဇူးပြုပြီးတော့ လက်ခံပေးပါ”
ယွမ်ပမ်းရှီက ဦးခေါင်းနှင့် ကြမ်းပြင်ကို တိုက်၍ တောင်းဆိုနေ၏။ သူ့တစ်ကိုယ်လုံး မူးဝေထုံထိုင်း၍ မျက်လုံးများ ရီဝေ လာရသည်။
ယဲ့ဖန် သဘောမတူသရွေ့ သူ အသေခံရဲ၍ တောင်းဆိုလိုသည့် စိတ်ကူး ရှိပုံရသည်။ ဆေးပညာရှင်များအားလုံး အံ့အားသင့်နေကြပြီး အဘယ်ကြောင့် ယွမ်ပမ်းရှီ ဤမျှ ဆန္ဒပြင်းထန်နေမှန်း သူတို့ မသိကြချေ။
သို့သော် ဤသည်ကို ပုဂ္ဂိုလ်ကြီးများသာ သိကြလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏အမြင်က သာမန် သေမျိုးများနှင့် မတူကြသောကြောင့်ပင်။ ယဲ့ဖန်၏ တန်ဖိုးက မည်မျှ ကြောက်စရာကောင်းလောက်အောင် မြင့်မားကြောင်း သူတို့သာ သိလေသည်။
ကျုံးကျိုး အင်ပါယာ မဆိုထားနှင့် ကယူးရှူ ပြည်နယ်ကြီး ကိုးခုတွင်တောင်မှ ယဲ့ဖန်၏ တည်ရှိမှုသည် အင်အားကြီး အင်ပါယာများ၏ ခေါင်းဆောင်များကို အလုအယက် မျက်နှာချိုသွေးလာအောင် လုပ်နိုင်ပေသည်။
“ဟူး …”
ယဲ့ဖန် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
“ခင်ဗျားရဲ့ ရိုးသားမှုကို တွေးပြီး ကျုပ် ခင်ဗျားကို တပည့်အဖြစ် စာရင်းသွင်းလိုက်မယ်”
“ဘယ်လို”
ယွမ်ပမ်းရှီ တအံ့တဩနှင့် ခေါင်းမော့ကြည့်လေသည်။ ထို့နောက် ယဲ့ဖန်အား အသည်းအသန် ဂါဝရပြုလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ၊ ကျေးဇူးတင်ပါတယ် ဆရာ”
“အပျော်စောမနေနဲ့ဦး၊ တပည့်အဖြစ် စာရင်းသွင်းရုံပဲ ရှိသေးတာ၊ ကျုပ် ခင်ဗျားကို အချိန်အတိုင်းအတာတစ်ခုအထိ သင်ပြပြီးလို့ ခင်ဗျား ဆေးပညာက သာမန်အဆင့်မှာပဲ ရှိနေဦးမယ်ဆိုရင် ကျုပ် ခင်ဗျားကို ချက်ချင်း ကန်ထုတ်မှာ”
ယဲ့ဖန်၏ အသံက အေးစက် မာကြောနေ၏။ သူသည် ယခင်ဘဝများတွင် ဘုံကိုးပါး ဧကရာဇ် ဖြစ်ခဲ့သည်။ ထို့ကြောင့် အခြားသူများ သူ့အပေါ် လှောင်ပြောင်စော်ကားလာမည်ကို သူ မလိုလားပါ။
“ကိစ္စမရှိပါဘူး”
ယွမ်ပမ်းရှီ ခေါင်းတဆတ်ဆတ် ညိတ်မိသည်။ ယဲ့ဖန်က သူ့ကို တပည့်အဖြစ် လက်ခံသရွေ့ သူ ဘာမဆို လုပ်ဆောင်မည် ဖြစ်ပေသည်။
“ဒီကိုလာ အခု ငါ့နည်းလမ်းကို လိုက်ကြည့်ထား၊ မင်း ဘယ်လောက် သင်ယူနိုင်လဲဆိုတာကတော့ မင်းအပေါ်ပဲ မူတည်တယ်”
ယဲ့ဖန်က ဂရုမစိုက်သလို ပြောလိုက်သည်။
“ဘယ်လို ဆရာ ခင်ဗျား ဆေးဖော်စပ်ချင်သေးတာလား”
ယွမ်ပမ်းရှီ ထိတ်လန့်တကြား မေးလိုက်မိသည်။
“ကျုပ် သိသလောက်ဆို နတ်ဆေးဖော်စပ်ဖို့ စွမ်းအင် အများကြီး သုံးရတယ် မဟုတ်ဘူးလား၊ ကျုပ်တို့ အားပြန် မဖြည့်တော့ဘူးလား”
“အဲ့ဒါက တခြားလူတွေဖြစ်တာ၊ ငါ့အတွက်တော့ နတ်ဆေးဆိုတာက လွယ်လွယ်လေး”
ယဲ့ဖန်က ရိုးနေဟန်ဖြင့် ပြောလိုက်သည်။ ပြောသူက ဘာရည်ရွယ်မှမရှိဘဲ ပြောလိုက်ခြင်း ဖြစ်သော်လည်း နားထောင်သူများအတွက်ပင် စိတ်ဝင်စားသွားရသည်။
လူတိုင်း၏ ထိတ်လန့်မှုက မပြောပြနိုင်လောက်သော အဆင့်သို့ ရောက်သွားလေသည်။ ထို့အပြင် သူတို့ ကြက်သေ သေနေမိသည်။
လက်ရှိတွင် လောကကြီး ပျက်စီးသွားမည် ဆိုလျင်တောင်မှ သူတို့ အံ့ဩတော့မည် မဟုတ်ပါ။ လူတိုင်း အောင့်သက်သက် ဖြစ်သော အမူအရာမျိုး ဖြစ်နေကြသည်။
*သူက ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ*
“ဟုတ်ကဲ့”
ယွမ်ပမ်းရှီသည် သူ လူမှန်တစ်ယောက်နှင့် ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် ဝမ်းသာကာ တက်ကြွသွားသည်။ သူ့အရှေ့မှ ပုဂ္ဂိုလ်သည် နတ်ဘုရားပင် ဖြစ်လေသည်။
ထို့နောက် ယဲ့ဖန်က ဆေးပင်အမျိုးအစားများကို ဆေးမီးဖိုထဲသို့ ခပ်သွက်သွက်
“ဆရာ ဒီဆေးမီးဖိုအစုတ်ကိုပဲ သုံးမလို့လား၊ ကျုပ် ခင်ဗျားအတွက် ပြောင်းပေးရမလား”
ယွမ်ပမ်းရှီ ထပ်သည်းမခံနိုင်တော့ချေ။
“မလိုဘူး ခုနက ဆေးလုံးလဲ ဒီဆေးမီးဖို အစုတ်ထဲက ထွက်လာတာပဲ၊ ငါ့အတွက် ဒီဆေးမီးဖိုအစုတ်က လုံလောက်တယ်”
ယဲ့ဖန် အေးအေးလူလူ ပြောလိုက်သည်။ သူ့စကားကို ကြားပြီးနောက် အားလုံးက ကျူးဟောင်ရွှမ်ကို ထူးဆန်းသော အကြည့်မျိုးဖြင့် ကြည့်လာကြသည်။
*ဒီလူက ဆေးမီးဖို အစုတ်ကိုသုံးပြီး နတ်ဆေးကို ဖော်စပ်နိုင်တာ၊ မင်းက နဂါးကိုးကောင် ဆေးမီးဖိုသုံးတာတောင် မနိုင်ဘူးလား၊ မင်းကိုယ်မင်း ပါရမီရှင်လို့ ခေါ်ထိုက်ရဲ့လား*
လက်ရှိအချိန်တွင် ကျူးဟောင်ရွှမ်သည် လူရယ်စရာ ဖြစ်နေ၏။ ကျူးဟောင်ရွှမ် ကိုယ်တိုင်လည်း တစ်ကိုယ်လုံး တုန်ယင်ကာ အလွန်အမင်း မျက်နှာ မည်းမှောင်နေသည်။
သူ့မျက်နှာတွင် ယဲ့ဖန်ကို မုန်းတီးစိတ်များ ပြည့်နှက်နေသည်။ ယဲ့ဖန်ကြောင့်သာ မဟုတ်ပါက သူသည် ယွမ်ပမ်းရှီ၏ တပည့် ဖြစ်နေလောက်ပြီး ဖြစ်ပြီး အောင်မြင်မှု၌ ပျော်ရွှင်နေရလောက်ပြီ။ သို့သော် ယခု သူ့အတွက် မယုံနိုင်ဟန်နှင့် စော်ကား လှောင်ပြောင်မှုများသာ ကျန်ရစ်ခဲ့သည်။
ထိုစဉ် ယဲ့ဖန်က ဆေးပင်များကို စတင်၍ သန့်စင်နေပြီး ဆေးပစ္စည်းများနှင့် တန်ဖိုးကြီး ဆေးပင်များကို ဆေးမီးဖိုထဲ လောင်းထည့်နေ၏။
“ဒီဆေးပင်နဲ့ ဒီဆေးပင်က ဓာတ်မတည့်ဘူးလေ၊ ဒါပေမဲ့ ဘာလို့ အခု ထည့်လိုက်တော့ အံ့ဩစရာ ကောင်းလောက်အောင် အလုပ်ဖြစ်နေတာလဲ”
“ပြီးတော့ ဒီဆေးဖော်စပ်နည်းက မယုံနိုင်စရာပဲ”
“မြတ်စွာဘုရား၊ ဒီလို ဆေးဖော်စပ်နည်းမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး”
ယွမ်ပမ်းရှီ ထိတ်လန့်ကြား အော်ဟစ်နေမိသည်။ ထိုအခိုက်တွင် သူ၏ သုံးလောကအမြင်မှာ တစ်ဖန်သစ်လွင် ပြောင်းလဲလာသည်ဟုပင် ခံစားမိနေ၏။ ယဲ့ဖန်နှင့်ယှဉ်လျင် သူ သင်ယူခဲ့ရသော ဆေးပညာက နိမ့်ကျလွန်းသည်ဟု ခံစားမိလာသည်။
ထိုအခိုက်တွင် ယဲ့ဖန်သည် ဆေးရည်တစ်မျိုးကို သန့်စင်နေသည်။ နာရီဝက်ကြာပြီးနောက် ဆေးရည်ကို အောင်မြင်စွာ သန့်စင်နိုင်သွားပြီး မွှေးပျံ့သော ရနံ့တစ်မျိုး ချက်ချင်း ပျံ့လွင့်လာ၏။
*လတ်ဆတ်လွန်းလိုက်တာ၊ တစ်ငုံလောက် သောက်လိုက်ရုံနဲ့တင် အသက်ရှည်လာမလိုပဲ*
ရုတ်တရက် လူတိုင်း၏ မျက်လုံးတွင် လိုချင်တပ်မက်သော အရိပ်အယောင်များ ထင်ဟပ်လာလေသည်။ ဆေးမီးဖို အစုတ်ထဲ၌ တကယ်ပင် ရောင်စုံတောက်ပနေသော အရည်တစ်မျိုး ရှိနေသည်။ ၎င်းဆေးရည်ကလည်း နတ်ဆေးရည် ဖြစ်နေသည်မှာ မလွဲဧကန်ပင်။
ယဲ့ဖန်က တစ်နေ့တည်း တစ်ချိန်တည်း၌ နတ်ဆေးနှစ်မျိုးကို အမှန်တကယ် သန့်စင်ဖော်စပ်နိုင်နေ၏။ တကယ်ပင် မှော်ဆန်လှပြီး အံ့ဩစရာကောင်းလှသည်။
“ကျုပ် သင်ယူလိုက်ရပြီ၊ ကျုပ် သဘောပေါက်သွားပြီ”
ယွမ်ပမ်းရှီ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေပြီး ဤအချိန်ခဏလေးအတွင်းမှာပင် အကျိုးအမြတ် အများကြီး ရလိုက်သည်ဟု ခံစားလိုက်ရသည်။
“ပုလင်းပေး”
ယဲ့ဖန်က အေးစက်စက် အော်ဟစ်လိုက်သည်။ ယွမ်ပမ်းရှီက အဆင့်မြင့် ဆေးပုလင်းများစွာကို အလျင်အမြန် ကမ်းပေးလိုက်သည်။ ထိုဆေးပုလင်း တစ်ပုလင်းချင်းစီက စိန်များဖြင့် ပြုလုပ်ထားပြီး အလွန် တန်ဖိုးကြီးပေသည်။
ယဲ့ဖန်က ဆေးရည်ကို ဆေးပုလင်းထဲသို့ လောင်းထည့်လိုက်သည်။ ဆေးပုလင်းထဲသို့ ရောင်စုံ တောက်ပနေသော ဆေးရည်အား လောင်းထည့်နေသည်ကိုမြင်ပြီး လူတိုင်း တံတွေးမျိုချနေကြပြီး ငမ်းငမ်းတက် လိုချင်ကြောင်း ပြနေကြသည်။ ဤ အရောင်အသွေး လှပသော နတ်ဆေးရည်ကို သူတို့အားလုံး မြည်းစမ်းကြည့်ချင်နေ၏။
“ဒုန်း”
ထိုစဉ် ပုဂ္ဂိုလ်ကြီး တစ်ယောက်က ယဲ့ဖန်ရှေ့၌ ချက်ချင်း ဒူးထောက်လိုက်ပြီး မျက်ရည် စီးကျလျက် တောင်းဆို လေသည်။
“လူကြီးမင်းယဲ့ ကျုပ်ကို ဒီဆေးပေးဖို့ တောင်းပန်ပါတယ်၊ ကျုပ်အမေ အိပ်ရာထဲ လဲနေတာ နှစ်တော်တော် ကြာနေပါပြီ၊ သူ့အသက်ကိုကယ်ဖို့ ဆေးလုံး အရေးတကြီး လိုနေတာပါ၊ ပိုက်ဆံက ပြဿနာ မဟုတ်ပါဘူး၊ လူကြီးမင်းယဲ့ ကူညီပေးဖို့ ကျုပ် တောင်းဆိုပါရစေ”
ကျန်ပုဂ္ဂိုလ်ကြီးများအားလုံး အုတ်အော်သောင်းတင်း ဖြစ်သွားပြီး ထိုလူအား အထင်သေးသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ထိုလူ၏ အမေက ဤနှစ်မှ အသက်ခြောက်ဆယ်ထဲသို့ ဝင်မည်ဖြစ်ကြောင်း သူတို့အားလုံး သိလေသည်။ သူမအမေက ကျန်းမာရေး ကောင်းမွန်လှသည်။ နေ့တိုင်း အဘိုးအို၊ အဘွားအိုများနှင့်အတူ မြို့ကွက်လပ်သို့သွား၍ ကျန်းမာရေး အက ကလေ့ရှိသည်။ ဤမနက်ကပင် သူမက ဆန်အိတ်နှစ်အိတ်ကို ငါးလွှာသို့ သယ်နေသေး၏။
ယခုအခါတွင် ယဲ့ဖန်၏ ဆေးလုံးကို ရရန်အတွက် သူ့မိခင်ရင်းကိုပင် အိပ်ရာထဲ လှဲနေတာ နှစ်ကြာနေပြီဟုပင် ကျိန်စာတိုက်သလို ပြောဆိုနေသေးသည်။
*အရှက်မဲ့လိုက်တာ*
*အရှက်ကိုမရှိဘူး*
ထိုလူသည် ယွမ်ပမ်းရှီက ယဲ့ဖန် စိတ်ပြောင်းလဲလာအောင် ကိုင်လှုပ်နိုင်ခဲ့သည်ကို ကြည့်ပြီး သနားစဖွယ်ဖြစ်အောင် လိုက်လုပ်ခြင်း ဖြစ်လေသည်။
ယဲ့ဖန်ကို မောက်မာသော လူငယ်လေးဟု သူ ထင်ထားသည်က စိတ်မကောင်းစရာပေ။ လိမ်သည်ဖြစ်စေ၊ ရိုးသားသည် ဖြစ်စေ၊ ထိုခံစားချက်ကို မျက်လုံးက ဖုံးကွယ်ထားနိုင်ပါ့မလား။
ထို့ကြောင့် ယဲ့ဖန်က သူ့ကို လှည့်ပင်မကြည့်ဘဲ အဝေးသို့ ထွက်သွားလေသည်။ ထိုလူ အလွန် ရှက်ရွံ့သွားသည်။
“လူကြီးမင်းယဲ့ ဒီဆေးကို ပေးဖို့ ကျုပ်တို့ တောင်းဆိုပါတယ်၊ ပိုက်ဆံကို စိတ်ကြိုက် ဆွေးနွေးလို့ ရပါတယ်”
ပုဂ္ဂိုလ်တစ်ချို့က ယဲ့ဖန်ရှေ့၌ ဒူးထောက်လာ၏။ ယဲ့ဖန်က သူတို့ကို တစ်ချက်ကြည့်၍ လှောင်ပြောင်လေသည်။
“ကျုပ် ပိုက်ဆံပြတ်နေတယ်လို့ ခင်ဗျားတို့ ထင်လား”
“တော်သင့်ပြီ၊ အရူးကောင်တွေ ဒီနေရာက ထွက်သွားတော့”
ယွမ်ပမ်းရှီက ကြိမ်းမောင်း၍ ရှေ့မှနေကာ ယဲ့ဖန် သွားလို့ရအောင် လမ်းဖွင့်ပေးလိုက်သည်။ သို့ရာတွင် ဤလူများက ရူးနေပြီဖြစ်သဖြင့် ဘယ်လိုလုပ် လက်လျော့ချင်စိတ် ရှိမည်နည်း။
“လူကြီးမင်းယဲ့ ပိုက်ဆံ မလိုချင်ဘူးဆိုရင်တောင်မှာ ကျုပ်တို့မှာ အလဲအလှယ် လုပ်နိုင်မယ့် တခြား ရတနာတွေ ရှိပါသေးတယ်”
“ဟုတ်တယ် ဟုတ်တယ်၊ ကျုပ်တို့မှာ အပေးအယူ လုပ်နိုင်မယ့် တခြားရတနာတွေ ရှိသေးတယ်”
“ကိစ္စမရှိဘူး ဒါပေမဲ့ ဒီနေ့မှ မရဘူး၊ ကျုပ် ဒီနေ့ ဘယ်သူ့ကိုမှ မရောင်းဘူး”
ယဲ့ဖန်က အေးစက်စွာ ပြောလိုက်သည်။ ဤဆေးရည်နှင့် ဆေးလုံးသည် ကျုံးဝမ်နှင့် ကျုံးလီအာအတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် လူကြီးမင်းယဲ့”
သူ့စကားကို ကြားသောအခါ ထိုပုဂ္ဂိုလ်များအားလုံး ထိတ်လန့်သွားကြသည်။ သူတို့၌ မျှော်လင့်ချက် ရှိနေသေးသည်။ ယဲ့ဖန်က သူတို့ကို တန်းမငြင်းသဖြင့် သူတို့၌ မျှော်လင့်ချက် ရှိပေသေးသည်။
လက်ရှိတွင် သူတို့ ဒေဝါလီ ခံသွားရပါစေ ဆေးလုံးတစ်လုံး မရရအောင် တောင်းဆိုမည်ဟု သူတို့ စိတ်ပိုင်းဖြတ် ထားကြသည်။
သို့သော် ထိုအချိန်၌ ယဲ့ဖန်က စကားလမ်းကြောင်း ပြောင်းသွားလေသည်။
“စောနက ကျုပ်ကို စော်ကားခဲ့တဲ့လူတွေ … ခင်ဗျားတို့ ထွက်သွားလို့ရပြီ”
ချက်ချင်းဆိုသလိုပင် လူတစ်စုသည် ကြက်သေ သေကာ တစ်ကိုယ်လုံး အေးခဲသလို ခံစားလိုက်ရသည်။