← Chapters

အခန်း ၁၁၇၅

Vol. 79 Ch. 1175

အခန်း ၁၁၇၅

Vol. 79 Ch. 1175

Chapter 1175 တန်ကြေးပေးဆပ်ရသယောင်ဆောင်ခြင်း

ဟွာချင်ဂိုဏ်းချုပ် အလွန် သည်းခြေပျက်မတတ် ထိတ်လန့်နေသည်။ သူ ဘယ်လိုလုပ် အများရန်သူ ဖြစ်လာရသလဲ မသိတော့ပါ။

“ဒါ … ဆရာ …”

ယွမ်ပမ်းရှီ ယဲ့ဖန်ကို ချက်ချင်း လှမ်းကြည့်လိုက်မိသည်။ သူနှင့် ဟွာချင်ဂိုဏ်းချုပ်တို့ မည်မျှ မိတ်ဆွေ ဆက်ဆံရေး ရှိနေသော်လည်း ဟွာချင်ဂိုဏ်းချုပ်ကို သူ မကူညီနိုင်ပါ။ ယဲ့ဖန်က လက်ကာပြလိုက်သည်။

“ဒါ ဟွာချင်ဂိုဏ်းလေး တစ်ခုပဲကို၊ ငါသာ သတ်ချင်ရင် လက်ဖျောက်တီးလိုက်ရုံနဲ့ သတ်လိုက်လို့ ရတယ်၊ မင်း ဘာလို့ ဒီလောက်ထိ လုပ်ဖို့ လိုနေမှာလဲ”

“ကျေးဇူးတင်ပါတယ် လူကြီးမင်းယဲ့”

ဟွာချင်ဂိုဏ်းချုပ် စိတ်လှုပ်ရှားလွန်း၍ ငိုမိလုနီးပါး ဖြစ်သွားရသည်။ ယဲ့ဖန်၏ စကားများက ဟွာချင်ဂိုဏ်းများကို စော်ကားသလို ဖြစ်နေသော်လည်း အသတ်ခံရခြင်းထက် စော်ကားခံရတာက တော်သေးသည်။ ထို့နောက် ဟွာချင်ဂိုဏ်းချုပ်က သုန်မှုန်နေသော မျက်နှာထားဖြင့် အော်ငေါက်လိုက်သည်။

“စွန်းထျန်းပေါင် မင်း သေသင့်တယ်ကွ”

သူ ဒေါသတကြီး ကန်ထုတ်လေသည်။ စွန်းထျန်းပေါင် လွင့်ထွက်သွားပြီး နံရံအား အရှိန်ဖြင့် ဝင်တိုက်မိကာ ချက်ချင်း သေသွားလေသည်။

“လူကြီးမင်းယဲ့ကို တားဆီးခဲ့တဲ့ လူတိုင်းကို အခုချက်ချင်း သတ်ပစ်လိုက်”

ဟွာချင်ဂိုဏ်းအား ကြီးမြတ်သော ယဲ့ဖန်နှင့် ရင်းနှီးနိုင်သည့် အခွင့်အရေးအား ဆုံးရှုံးအောင် လုပ်ခဲ့သူတိုင်း သေကို သေရပေမည်။

ထိုစဉ် ယဲ့ဖန်က ကျူးဟောင်ရွှမ်ထံ လျှောက်သွားပြီး အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“ငါတို့ သဘောတူထားတဲ့ လောင်းကစားအရ မင်း ရှုံးသွားပြီ”

“ရှုံးတဲ့လူက အသက်ကို ပေးရမယ်”

ကျူးဟောင်ရွှမ်၏ မျက်နှာထားက အေးခဲနေသည်။ ယဲ့ဖန်က သူ့ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ဟု သူ ခံစားမိခဲ့၍သာ ထိုသို့ သဘောတူခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု အဆုံးသတ်က ပြောင်းပြန်ဖြစ်သွားပြီး ယဲ့ဖန်က သူ့ကို အလွယ်လေး အနိုင်ယူသွားခဲ့သည်။ လက်ရှိသည် သူ့ကတိအတိုင်း ဆောင်ရွက်ရမည့် အချိန် ဖြစ်သည်။ သို့သော်ငြားလည်း သူ ကတိကို မတည်လိုပါ။ ကျူးဟောင်ရွှမ်က ရုတ်တရက် မျက်နှာချိုသွေးသော အပြုံးမျိုး ပြုံးလိုက်သည်။

“လူကြီးမင်းယဲ့ ကျုပ် အမှားလုပ်ခဲ့မိပါတယ်၊ ကျုပ်က လူငယ်ဆိုတော့ ရွှတ်နောက်နောက် ပြောလိုက်မိတာပါ၊ ခင်ဗျား ကျုပ်ကို အခွင့်အရေး တစ်ခါလောက် ထပ်ပေးနိုင်မလား”

“ငါ့နေရာမှာ မင်းသာဆိုရင်ရော ငါ့ကို မင်း အခွင့်အရေး ပေးမှာလား”

ယဲ့ဖန် သရော်၍ ပြောလိုက်သည်။ သူ့စကားကို ကြားသောအခါ ကျူးဟောင်ရွှမ် တောင့်ခနဲ ဖြစ်သွားသည်။ ယဲ့ဖန်နေရာ၌ သူသာဖြစ်နေလျင် လုံးဝ အခွင့်အရေး ပေးမည် မဟုတ်ပါ။ ယဲ့ဖန်သာ ရှုံးသွားခဲ့လျင် သူ့လက်ဖြင့် ယဲ့ဖန်၏ ကိုယ်တွင်း ကလီစာများကို ထုတ်ပစ်မှာပင်။

“ဒီကိစ္စအားလုံးက ကျန်းယုရုန်ကြောင့် ဖြစ်လာတာပဲ၊ ဒါ ကျုပ်နဲ့ တိုက်ရိုက် မသက်ဆိုင်ဘူး၊ ခင်ဗျားမှာ ပြန်ရှင်းရမယ့် ကြွေးစာရင်း ရှိနေတာပဲ၊ ခင်ဗျား လက်စားချေချင်တယ်ဆိုရင် သူ့ဆီ သွားသင့်တယ်”

ကျူးဟောင်ရွှမ်က နောက်လှည့်၍ ပြောလိုက်သည်။ သို့သော် တစ်ခဏအတွင်းမှာပင် သူ့မျက်နှာ ပြာနှမ်း သွားရသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းယုရုန်က ဘယ်အချိန်က ထွက်ပြေးသွားမှန်း မသိဘဲ နေရာ၌ မရှိတော့သည်ကို သူ တွေ့လိုက်ရလေသည်။

ရုတ်ချည်းဆိုသလိုပင် ကျူးဟောင်ရွှမ်၏ စိတ်ထဲတွင် အမုန်းတရားများဖြင့် ပြည့်နှက်လာသည်။

*ခွေးမ*

*သေသင့်တဲ့ခွေးမ*

ကျန်းယုရုန်သည် သူ့အား မာယာများဖြင့် ဖြားယောင်းခဲ့ပြီး ယဲ့ဖန်ကို ပစ်မှတ်ထားအောင် ပြုလုပ်ခဲ့သည်။ သို့သော် သေရေးရှင်ရေး အခြေအနေသို့ ရောက်လာချိန်တွင် သူမက သူ့ကို စွန့်ပစ်၍ ကိုယ်လွတ်ရုန်း ပြေးလေသည်။

*အရှက်မရှိလိုက်တာ*

*ရွံ့ဖို့ကောင်းတယ်*

*အဲ့သောက်ခွေးမကို ငါ နုတ်နုတ်စင်းပစ်ဦးမယ်*

လူတိုင်းက ကျူးဟောင်ရွှမ်ကို အရူးတစ်ယောက်အား ကြည့်သကဲ့သို့ ကြည့်နေကြသည်။

*သူ့ကိုယ်သူ သူများကို ကူညီနေတယ်လို့ တွက်ပြီး လူကြီးမင်းယဲ့ကိုတောင်မှ ရန်စပြီးတော့ အသက်ကိုတောင် လောင်းကြေး ထပ်လိုက်သေးတယ်၊ သူ့ကိုယ်သူ ပြန်အရှက်ခွဲနေတာပဲ*

*အရေးမပါလိုက်တာ*

*အဓိပ္ပာယ်ကို မရှိဘူး*

ယဲ့ဖန်ကလည်း လှောင်ပြောင်၍ ပျက်ရယ်ပြုလေသည်။

“အခြားသူအတွက် မင်းကိုယ်တိုင် ဝင်ပါကတည်းက ဒီလို အဆုံးသတ်မျိုးလည်း ကြုံရနိုင်တယ်လို့ မင်း မျှော်လင့် ထားသင့်တယ်”

*တန်ရာတန်ကြေးကို ပေးဆပ်ပြီးသယောင် ဆောင်နေတာပဲ*

အစကတည်းက ကျူးဟောင်ရွှမ်သည် ယဲ့ဖန်ကို သူ စိတ်အလိုရှိတိုင်း နင်းချေနိုင်မည့် ပုရွက်ဆိတ်ကောင်ဟု သတ်မှတ် ထားခဲ့သည်။ သူ့အတ္တအတွက် သူ ပြန်ပေးဆပ်သင့်ပေသည်။

“မင်း လောင်းကြေးကို ပြောခဲ့ရင် အဲ့ဒါကို ပေးဆပ်ရမှာပေါ့”

ယဲ့ဖန်က ကျူးဟောင်ရွှမ်ထံသို့ လျှောက်လာပြီး ပိုပိုအေးစက်သော အကြည့်များဖြင့် ပြောလိုက်သည်။

“မင်း သေသင့်တယ်”

“မင်း …”

ကျူးဟောင်ရွှမ် အလန့်တကြား နောက်ဆုတ်လိုက်မိသည်။ သူ နောင်တရစိတ်များနှင့် ပြည့်နှက်လာ၏။

*ငါ ဘာလို့ ဟိုခွေးမအတွက်နဲ့ ဒီမိစ္ဆာကောင်ကို ရန်စခဲ့မိတာလဲ*

“ငါက ဆေးဘုရင်တောင်ကြားက ပါရမီရှင် တပည့်ပဲ၊ မင်း ငါ့ကို သတ်မယ်ဆိုရင် ဆေးဘုရင်တောင်ကြားက မင်းကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး”

ငြိမ်းချမ်းရေး ဆွေးနွေးမှုက ပျက်ပြယ်သွားသည်ကိုမြင်ပြီး ကျူးဟောင်ရွှမ်က ချက်ချင်း အန္တရာယ်ပေးလိုသော အမူအရာမျိုး ပြသလာသည်.

*ယဲ့ဖန်ဘေးနားမှ ယွမ်ပမ်းရှီ ရှိနေလဲ ဘာဖြစ်လဲ*

*ဆေးဘုရင်တောင်ကြားက နှစ်ထောင်ချီပြီး ရပ်တည်လာခဲ့တာ၊ ဂိုဏ်းထဲက လူတွေက နိုင်ငံတစ်ဝှမ်းက အခြေခံ တောင့်တင်းတဲ့ လူတွေနဲ့ အဆက်အသွယ် ရှိပြီးသား၊ ယွမ်ပမ်းရှီတောင်မှ ဒီလို သက်တမ်းရင့်ဂိုဏ်းကို မျက်ကွယ် မပြုရဲတာ*

“မင်း သေချာစဉ်းစားသင့်တယ်၊ မင်းတစ်ယောက်တည်း သေမှာ မဟုတ်ဘူးနော်၊ မင်းမိသားစု၊ မင်းမိတ်ဆွေတွေ၊ မင်းနဲ့ ရင်းနှီးတဲ့လူတိုင်း ဆေးဘုရင်တောင်ကြားရဲ့ ပစ်မှတ် ဖြစ်လာလိမ့်မယ်”

ကျူးဟောင်ရွှမ်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံး၍ ဆက်ပြောလေသည်။

“ငါတို့ ဆေးဘုရင်တောင်ကြားမှာ မဟာမိတ်တွေ အများကြီး ရှိတယ်၊ အဲ့ဒါတွေကို ပေါင်းလိုက်ရင် အင်အားစု တစ်ရာတောင် မကဘူး၊ မင်းက တစ်ယောက်တည်း မဟုတ်လား၊ မင်းက ငါတို့ရဲ့ ရန်သူ ဖြစ်လာမှာ၊ မင်းကိုယ်မင်း အရည်အချင်းရှိတယ် ထင်နေတာလား”

ကျူးဟောင်ရွှမ်က ခြိမ်းခြောက်သည့်အပြင် အထင်ပါသေးနေလေသည်။ သူ့စိတ်ထဲတွင် ယဲ့ဖန်သာ ဦးနှောက် ရှိပါက မဆင်မခြင် မပြုမူရဲဟု တွက်နေ၏။ ဆေးဘုရင်တောင်ကြား၏ ဂုဏ်သတင်းက ယခုထိ ကြောက်စရာ ကောင်းနေဆဲပင်။

“တစ်ယောက်တည်း ဖြစ်တော့ ဘာဖြစ်လဲ၊ အဲ့ဒါက အရေးပါလို့လား”

ယဲ့ဖန်က ထူးဆန်းသော အပြုံးမျိုး ပြုံးလိုက်သည်။

“ဘယ်ဟုတ်မလဲ ငါ ယွမ်ပမ်းရှီက ငါ့အားကုန်သုံးပြီး ငါ့ဆရာအတွက် ဆေးဘုရင်တောင်ကြားကို ဖျက်စီးပစ်မှာ”

“ချမ်မိသားစုကလည်း မိသားစုအင်အားကို သုံးပြီး လူကြီးမင်းယဲ့အတွက် ရန်သူကို သုတ်သင်ပေးချင်ပါတယ်”

“ထိုက်ရွှမ်ခန်းမကလည်း လူကြီးမင်းယဲ့ကို ကာကွယ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်”

“ချောင်မိသားစုကလည်း လူကြီးမင်းအတွက် အစွမ်းကုန် လုပ်ဆောင်ပါ့မယ်”

“ကျိုးမိသားစုကလည်း …”

ပုဂ္ဂိုလ်ကြီးများ တစ်ယောက်ပြီးတစ်ယောက် ဝင်ပြောလာ၏။

“မင်းတို့ …”

ကျူးဟောင်ရွှမ် မျက်လုံး ပြူးကျယ်သွားပြီး ကြောက်လန့်ဟန် ပေါ်လာသည်။ ဤပုဂ္ဂိုလ်များသည် ယနေ့မတိုင်ခင် အထိ သူ့ရှေ့၌ နှိမ့်ချသော အပြုအမူများ ပြသခဲ့သည်။

ယခု သူက ယဲ့ဖန်နှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်သောအခါ သူတို့က ယဲ့ဖန်ကို ကူညီပြီး ဆေးဘုရင် တောင်ကြားကို ချေမှုန်းသုတ်သင်မည်တဲ့လား။

*ဒါတွေအားလုံးက သူ့ကြောင့်ပဲ*

*ယဲ့ဖန်က နေ့တစ်ဝက်တည်းနဲ့ ဆေးဘုရင်တောင်ကြားရဲ့ မဟာမိတ် ဆယ်ခုနီးပါးကို လုသွားပြီ*

လက်ရှိတွင် ထိုလူများအားလုံးက သူ့ကို ကျောခိုင်းကာ ယဲ့ဖန်ခြေဖဝါးအောက်၌ ဝပ်တွား၍ သူ၏ ခွေးများ ဖြစ်ချင် နေကြသည်။ မယုံနိုင်စရာ ကောင်းလှသည်။

“မင်း မြင်ပြီလား၊ သန်မာသူအနားမှာ နောက်လိုက်တွေ ဘယ်တော့မှ ပြတ်လပ်မနေဘူး”

ယဲ့ဖန်က ထီမထင်ဟန် ပြုံးလိုက်သည်။

“သူတို့ ငါ့ကို ရွေးချယ်လိုက်ပြီးတော့ ဆေးဘုရင်တောင်ကြားကို ကျောခိုင်းလိုက်ပြီ၊ ဘာလို့ ဒီလို ဖြစ်ရတာလဲ ဆိုတော့ ရှုံးသွားတာ ငါ မဟုတ်ဘူးဆိုတာကို သိနေလို့ပဲ၊ ဒါပေမဲ့ ဆေးဘုရင်‌ တောင်ကြားက … အရည်အချင်း မပြည့်မီဘူးလေ”

ကျူးရှောင်ဟွမ် ထိတ်လန့်သွားပြီး မျက်နှာ ပြာနှမ်းသွားရသည်။ လက်ရှိတွင် သူ လုံးဝ သည်းခြေပျက်နေ၏။ သူ အမှားကြီးတစ်ခု လုပ်လိုက်မိပြီဖြစ်ကြောင်း သူ ယခုမှ သတိပြုမိသွားသည်။

*ဒီလူက ယှဉ်လို့မရဘူးပဲ”

“ငါ …”

ကျူးဟောင်ရွှမ် စကားစလိုက်ချင်သည်။ သို့သော် ယဲ့ဖန်၏ လက်က သူ့လည်မျိုကို တင်းကြပ်စွာ ဖမ်းဆုပ်လာပြီး သူ့အား လေထဲသို့ မြှောက်လာသည်။

“အ … အသက် ချမ်းသာပေးပါ”

ကျူးဟောင်ရွှမ်က ခက်ခက်ခဲခဲ ပြောလိုက်ရသည်။ သူ့မျက်နှာက အသက်ရှူမဝသောကြောင့် ခရမ်းရောင်သို့ ပြောင်းလာလေသည်။

“မင်းလာရင် မင်း သေမယ်၊ ဆေးဘုရင်တောင်ကြား လာရင် ဆေးဘုရင်တောင်ကြားလည်း သေမယ်”

ယဲ့ဖန်က ခက်ထန်စွာ အော်ဟစ်လိုက်ပြီး လက်ကို အားထည့်လိုက်သဖြင့် ပြင်းထန်သော စွမ်းအင်များ ထွက်လာ ရသည်။

“ဂျွတ်”

ကျူးဟောင်ရွှမ် လည်ပင်းက ကျိုးသွားပြီး ဆိုးဆိုးရွားရွား ပွဲချင်းပြီး သေသွားလေသည်။ ဤသည်ကိုမြင်ပြီး ဟွာချင်ဂိုဏ်းချုပ် မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။

ယဲ့ဖန်သည် ဆေးပညာ၌ ထူးချွန်ရုံသာမက သူ၏ ရက်စက်သော နည်းလမ်းကလည်း သာမန်ထက် လွန်ကဲလှသည်။

ကျူးဟောင်ရွှမ်သည် ဆေးပညာရှင်တစ်ယောက် ဖြစ်သော်ငြားလည်း သူ၏ ခွန်အားက ဈာန်ဝင်စားခြင်းအဆင့်၌ ရှိသည်။ သို့သော် သူသည် ယဲ့ဖန်ထံ၌ ပြန်တိုက်နိုင်သော ခွန်အားပင်မရှိဘဲ ချက်ချင်း အသတ်ခံလိုက်ရသည်။

“ဆရာ ကျန်းယုရုန်ဆိုတဲ့တစ်ယောက်ကို ကျွန်တော် တစ်ယောက်ယောက် လွှတ်ပြီး ရှင်းလိုက်ရမလား”

ယွမ်ပမ်းရှီက ရက်စက်သော အမူအရာဖြင့် မေးလာသည်။ ယနေ့တွင် ယဲ့ဖန်က သူ၏ နတ်ဘုရား ဖြစ်လာခဲ့သည်။ သူ့နတ်ဘုရားကို အာခံသူတိုင်းအား သေခြင်းတရားဖြင့်သာ အဆုံးသတ်စေချင်သည်။ ယဲ့ဖန်က ထီမထင်ဟန် ပြုံးလိုက်သည်။

“မလိုဘူး သူက လူပြက်သာသာ အဆင့်ပဲ ရှိတယ်”

ယဲ့ဖန်သာ ကျန်းယုရုန်ကို သတ်ချင်ခဲ့ပါက ကျန်းယုရုန် ထွက်ပြေးနိုင်ခွင့်ပင် ရှိမည် မဟုတ်ပါ။

“လူကြီးမင်းယဲ့ ဒီည ကျုပ်တို့ ဟွာချင်ဂိုဏ်းမှာ အနားယူပါလား၊ ကျုပ် ခွင့်လွှတ်မှု တောင်းခံတဲ့အနေနဲ့ လူကြီးမင်းကို ဧည့်ခံ ကျွေးမွေးပါရစေ”

ဟွာချင်ဂိုဏ်းချုပ်က လက်မလျှော့ဘဲ ရှေ့တိုး၍ ပြောလာသည်။ သို့သော် ယဲ့ဖန်က ပြန်လှောင်လိုက်သည်။

“မင်းတို့ ဟွာချင်ဂိုဏ်းကို ငါ မဝင်ရဲပါဘူး”

ထို့နောက် သူ ထွက်လာလိုက်သည်။ ဟွာချင်ဂိုဏ်းချုပ်မှာမူ အောင့်သီးအောင့်သက် အမူအရာမျိုး ဖြစ်သွားရသည်။

“မင်း … မင်းကွာ”

ယွမ်ပမ်းရှီက ဟွာချင်ဂိုဏ်းချုပ်ကို စိတ်ဆိုးမာန်ဆိုးဖြင့် လက်ညှိုးထိုးပြီးနောက် လှည့်ထွက် သွားလေသည်။

All Chapters