အခန်း ၁၁၇၆
Vol. 79 Ch. 1176
Chapter 1176 ငါက ပုရွက်ဆိတ်တွေကို နင်းချေလိုက်ရတာကို သဘောကျတယ်
ညတာသည် အေးချမ်းတိတ်ဆိတ်လှသည်။ ယဲ့ဖန်က ကျင်းကျန်းမြို့မှ ပုဂ္ဂိုလ်ကြီးများကို ငြင်းပယ်ပြီးနောက် တောင့်နိမ့်တစ်လုံးအား နားခိုရာအဖြစ် ရွေးချယ်လိုက်သည်။
သို့သော် သူ တောင်ပေါ်သို့ တက်နေစဉ်မှာပင် လမ်းလျှောက်နေရာမှ ရုတ်တရက် ရပ်တန့်လိုက်မိသည်။ တစ်ချိန်တည်းမှာပင် ယဲ့ဖန်က ပြုံးတုံ့တုံ့ဖြင့် တောင်နိမ့်လေး၏ တောအုပ်ထဲသို့ စိုက်ကြည့်ကာ နောက်ပြောင်သလို ပြောလေသည်။
“မင်းတို့ လူသတ်ပြီး ပစ္စည်းတွေ ရောင်းဖို့ ကြံစည်ထားတယ် ဆိုရင်လည်း ဘာလို့ ခေါင်းကိုဖွက်ပြီး အမြီးကို ပြနေသေးလဲ”
သူ၏ စကားက အေးစက် ခက်ထန်လှသည်။ သူ့စကားအဆုံး၌ တောအုပ်ထဲမှ လူရိပ်များ တိတ်တဆိတ် ထွက်ပေါ် လာသည်။
“တောင်မန်၊ ဟွမ်ရီဟဲ”
“ပြိုင်ဘက်ကင်း ခန်းမ၊ လီတုန်ရှန်”
“ထိုက်ရှန်ခန်းမ စုန်ဝေ့”
ယဲ့ဖန်က တစ်ယောက်ချင်းစီ၏ မျက်နှာကို ကြည့်ပြီး ပိုပိုပြုံးလိုက်မိသည်။ သူ မှတ်မိတာ မှန်မည်ဆိုလျင် ဤလူများ အားလုံးသည် ကျင်းကျန်းမြို့၏ နာမည်ကြီး ပါရမီရှင်များ ဖြစ်လေသည်။
ထို့နောက် ယဲ့ဖန်သည် ထွက်ပြေးသွားခဲ့သော ကျန်းယုရုန်ကိုလည်း တွေ့လိုက်ရသည်။ လက်ရှိတွင် သူမဘေး၌ လူအိုကြီး နှစ်ယောက် ရှိနေပြီး ထိုနှစ်ယောက်လုံးတွင် သတ်ဖြတ်လိုသော အမူအရာများ ပြည့်နှက်နေ၏။ ကျန်းယုရုန်က ပန်းပွင့်သကဲ့သို့ ပြုံးနေလေသည်။ သူမပုံစံက အလွန် ဂုဏ်ယူဟန် ပေါ်နေသည်။
အဘယ်ကြောင့်ဆိုသော် သူမဘေး၌ ရပ်နေသူများသည် ဗီယင်ကျန်းနန်းတော်၏ ဘယ်လက်ရုံးနှင့် ညာလက်ရုံး စောင့်ရှောက်သူများ ဖြစ်လေသည်။
သူမက အခြေအနေ မကောင်းသည်ကို မြင်လိုက်ရသောအခါ သူမဖခင်ကို ချက်ချင်း အသိပေး၍ ဗီယင်ကျန်း နန်းတော်၏ အသန်မာဆုံး စောင့်ရှောက်သူ နှစ်ယောက်ကို လွှတ်ပေးရန် ပြောလိုက်သည်။ သူမအကြံအစည်မှာ ယဲ့ဖန်ကို သတ်ရန် ဖြစ်သည်။
ကျန်းယုရုန်သည် အမြင်ကျဉ်းသူ ဖြစ်ပြီး သူမဒေါသအတွက် ပြန်ခံစားရအောင် လုပ်သူ ဖြစ်သည်။ ထို့ကြောင့် သူမသည် အလှောင်ခံရပြီးနောက် အလွယ်တကူ အလျော့မပေးနိုင်ပါ။
“မင်း ထွက်သွားပြီလို့ ငါ ထင်နေတာ”
ယဲ့ဖန်က ကျန်းယုရုန်ကို နောက်ပြောင်သလို ကြည့်ကာ လှောင်လေသည်။
“နင်မှ မသေသေးတာ၊ ငါ ဘာလို့ ဒီကနေ ထွက်သွားရမှာလဲ”
ကျန်းယုရုန်က ဆိုးယုတ်စွာ ပြုံးနေ၏။ ယဲ့ဖန် ဆိုးဆိုးရွားရွား သေရသည်ကို သူမ မြင်ချင်နေလေသည်။ သူမဟူသော ကျန်းယုရုန်ကို ရန်စမိလျင် မည်သို့ ဖြစ်လာမလဲ ဆိုတာကို ယဲ့ဖန်အား သိစေချင်နေသည်။
“စောင့်ရှောက်သူ နှစ်ယောက်၊ ခဏနေရင် ရှင်တို့ အဲ့ကောင်ကို လွယ်လွယ်လေးနဲ့ သေစေလို့ မဖြစ်ဘူးနော်”
ကျန်းယုရုန်က စဉ်းလဲစွာ ပြုံးနေ၏။ သူ ယဲ့ဖန်ကို မသေမချင်း ဖြည်းဖြည်းချင်းစီ နှိပ်စက်ချင်နေ၏။ ထိုသို့ ပြုလုပ်ချင်းကသာ သူမ ယဲ့ဖန်၏ လှောင်ပြောင်ခြင်း ခံရသမျှကို ပြန်ချေဖျက်နိုင်ပြီဟု သတ်မှတ်ထားသည်။
“သူက ပါရမီရှင် ဖြစ်နေပင်မယ့် သနားစရာပဲ၊ သူက ငါတို့ ဗီယင်ကျန်းနန်းတော်ကို ရန်စမှတော့ သေလမ်းပဲ ရှိတော့တယ်”
ကျူးဟူဖာက လှောင်လိုဟန်ဖြင့် သက်ပြင်းချသလို ပြောလိုက်သည်။
“ပါရမီရှင်ကို သတ်ရတာလား၊ ငါ အဲ့ဒါကို အကြိုက်ဆုံးပဲ”
ညာလက်ရုံး စောင့်ရှောက်သူက သုန်မှုန်နေသော မျက်နှာထားဖြင့် အားတက်သရော ပြောလေသည်။ ဆာလောင် နေသော ဝံပုလွေက သိုးပေါက်ကို စားချင်စိတ်ဖြင့် ကြည့်နေသလိုပင်။
“မင်း ဘာလို့ ပုန်းနေတာလဲ လီဟွမ်ရီ”
ယဲ့ဖန်က ရယ်ကာ ပြောလိုက်သည်။
*လီဟွမ်ရီ*
ထိုသူသည် ယဲ့ဖန် ကျန်းယုရုန်နှင့် ရန်ဖြစ်စဉ်က ယဲ့ဖန်ကို တစ်ချိန်လုံး သတိပေးခဲ့သူ ဖြစ်သည်။ လက်ရှိတွင် လီဟွမ်ရီက ချုံပုတ်ထဲမှ ထွက်လာပြီး အပြုံးကြီး ပြုံးနေ၏။
“ညီလေးယဲ့ မင်း ဒီအတွက် ငါ့ကို အပြစ်မတင်နဲ့၊ ဖြူစင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အပြစ်ကျူးလွန်မှုကို မင်း နားလည်နိုင်မယ်လို့ ငါ ထင်တယ်”
ထိုသို့ပြောသောအခါ ပါရမီရှင်တိုင်းက အန္တရာယ်ပေးလိုသော အပြုံးများ ပြုံးနေကြသည်။ ယဲ့ဖန်အား စဉ်းတီတုံးပေါ်မှ ငါးတစ်ကောင်ကဲ့သို့ အချိန်မရွေး သတ်ဖြတ်နိုင်ဟန်ဖြင့် ကြည့်နေလေသည်။
သူတို့ ဤကို လာရသည့် ရည်ရွယ်ချက်မှာ ရိုးရှင်းပါသည်။ ယဲ့ဖန်ကို သတ်၍ ပစ္စည်းများ လုယက်ကာ သူ့ဆေးများကို သိမ်းယူရန် ဖြစ်သည်။
ဟွာချင်ဂိုဏ်း၌ ယဲ့ဖန်၏ စွမ်းရည်က အံ့ဩစရာကောင်းခဲ့သည်။ ခြေသလုံးအိမ်တိုင် သိုင်းသမားက ဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည်။ ဤသည်က ယဲ့ဖန်၏ ကိုယ်တွင် ဆေးဖော်စပ်နည်း ရှိကိုရှိရမည်ဟု ဆိုလိုနေသည်။
သူတို့သာ ထိုဆေးဖော်စပ်နည်းကို ရနိုင်မည်ဆိုလျင် သူတို့အနောက်မှ ဂိုဏ်းများ၏ ခွန်အားက တစ်ဟုန်ထိုး မြင့်တက်လာပြီး နောင်တွင် ဒေသတစ်ခုလုံး လွှမ်းမိုးလာနိုင်ပေလိမ့်မည်။ ထို့ကြောင့် ယဲ့ဖန်ကိုယ်ပေါ်မှ ဆေးဖော်စပ်နည်းကို သူတို့ ရအောင်ယူမည်ဟု ဆုံးဖြတ်ထားကြသည်။
“စိတ်မကောင်းစရာပဲ၊ အစက ငါ မင်းကို တကယ် အကောင်းမြင်ခဲ့တယ်”
ယဲ့ဖန် မတတ်သာဘဲ သက်ပြင်းချလိုက်မိသည်။ ယခင်က လီဟွမ်ရီက စိတ်ကောင်းစေတနာ ရှိသည်ဟု သူ ထင်ခဲ့မိသည်။ သို့သော် ယခုပုံစံအရ သူ့၌ အကြံအစည် ရှိခဲ့သည့်ပုံပင်။ လီဟွမ်ရီ၏ မျက်လုံးတွင် လှည့်ဖြား တတ်သော အရိပ်အယောင် ဖြတ်ပြေးသွားသည်။
“တကယ်တော့ ငါလည်း မင်းကို အထင်ကြီးခဲ့မိတယ်၊ မင်း ငါတို့ကို ဆေးလုံး လွှဲပေးလိုက်ပါလား၊ ဒါဆို သူတို့က မင်းကို လွှတ်ပေးရင် ပေးမှာပေါ့”
ဤသည်က ယဲ့ဖန်အမှားပင်။ ယဲ့ဖန်၏ လက်ရှိ လွှမ်းမိုးနိုင်မှုနှင့် ယွမ်ပမ်းရှီ၏ ရပ်တည်မှုကြောင့် ယဲ့ဖန်ကိုသာ ဤနေရာမှ ဘေးကင်းကင်းဖြင့် ထွက်သွားခိုင်းလိုက်လျင် သူတို့ နောင်တွင် ကံဆိုးနိုင်ပေသည်။
လီဟွမ်ရီ ထိုသို့ပြောလိုက်ရသည့်အကြောင်းရင်းမှာ ဆေးဖော်စပ်နည်းကို ရရှိရန် လိမ်ညာလှည့်ဖြား၍ သူ စိတ်အေးအောင် ပြောလိုက်ခြင်း ဖြစ်သည်။
ယနေ့ ယဲ့ဖန် ဆေးဖော်စပ်နည်းကို ပေးပေး၊ မပေးပေး သူ့အား ဤနေရာမှ အသက်ရှင်လျင် ထွက်သွားခွင့် မပေးနိုင်ပါ။
သို့သော် ယဲ့ဖန်သည် လောက၌ အချိန်အတော်ကြာ နေထိုင်ခဲ့သူဖြစ်ပြီး နတ်ဆိုးတစ်ကောင်ကဲ့သို့ ဉာဏ်များ လှသဖြင့် ဘယ်လိုလုပ် အလွယ်တကူ အရူးလုပ်ခံမည်နည်း။
“မင်းတို့က တကယ် နေရာရွေးတတ်တာပဲ၊ အရှေ့မှ ရွာလည်း မရှိသလို အနောက်မှာ ဘာဆိုင်တန်းမှလည်း မရှိဘူး၊ ငါ ထွက်မပြေးနိုင်သလို အော်ဟစ်ပြီးလည်း အကူအညီ မတောင်းနိုင်ဘူး၊ ဒီနေရာက လူသတ်ပြီး မြေမြှပ်ဖို့ အကောင်းဆုံး နေရာပဲ”
ယဲ့ဖန်က ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်၍ အပြုံးကြီး ပြုံးလိုက်သည်။ ဤလူများသည် တမင်တကာကို ရွေးချယ်ထားခြင်း ဖြစ်သည်။ ယွမ်ပမ်းရှီကို ရန်မစမိစေရန်အတွက် သူတို့က တိတ်တဆိတ် သတ်ပစ်ရန် ကြံစည် ထားကြသည်။
“သိတာကောင်းတယ်၊ ဒီနေ့ နင် တောင်ပံပေါက်နေရင်တောင် ပြေးလို့မလွတ်စေရဘူး၊ ဒီနေရာက နင့်ရဲ့ သင်္ချိုင်းပဲ”
ကျန်းယုရုန်က အဆိပ်ပြင်းသော မိန်းမကဲ့သို့ ကောက်ကျစ်စွာ ပြုံးလိုက်သည်။ အဆိပ်ပြင်းသော မိန်းမ၏ နှလုံးသားသည် ရှေးခေတ်ကတည်းက လှည့်စားမခံတတ်ပေ။
“သင်္ချိုင်း ဟုတ်လား”
ယဲ့ဖန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“မင်း မကြောက်ရင် မင်းကိုယ်တိုင်လာပြီး ချပါလား”
“နင်က အဲ့ဒါနဲ့ ထိုက်တန်လို့လား”
ကျန်းယုရုန်က ဒေါသဖြင့် ရယ်မော၍ ပြောလိုက်သည်။
“နင့်ကိုသတ်ဖို့ ဒီကို လာတဲ့လူတိုင်းက နာမည်ကြီး ပါရမီရှင်တွေပဲ၊ နင် ထွက်ပြေးနိုင်ရင် ငါ့နာမည်ကို ငါ ပြောင်းပြန် လှန်ပစ်လိုက်မယ်”
“ဒီလိုဆိုမှတော့ …”
ယဲ့ဖန်က ပြုံးနေရာမှ တည်သွားပြီး မျက်လုံးများက အေးစက်လာ၏။
“မင်းတို့ ဘာတွေ စောင့်နေတာလဲ”
“မင်း …”
လူတိုင်း အံ့ဩသွားကြသည်။
*သူ ရူးနေတာလား*
*သူ အဆုံးထိ တကယ် တိုက်ချင်နေတာလား*
*သူ သေမှာ မကြောက်ဘူးလား*
“မင်း သေမှာ မကြောက်ဘူးလား”
တည်ငြိမ်နေသော လီဟွမ်ရီတောင်မှ မျက်မှောင်ကြုတ်မိသွားသည်။
“မင်းတို့ တစ်ယောက်ချင်းစီ တက်လာတာက ငါ့ကို သေအောင် မလုပ်နိုင်ဘူး”
ယဲ့ဖန်က အေးစက်စွာ ပြုံးလိုက်ပြီး သူတို့ထံသို့ လှမ်းသွားလိုက်သည်။
“ညတာက အမှောင်ထဲက မကောင်းမှုကို ဖုံးအုပ်ထားတယ်၊ တောအုပ်တွေက မကောင်းမှုကို မြှုပ်နှံပေးတယ်”
“ဒီည ဘယ်သူ မြေမြှုပ်ခံရမလဲ ကြည့်ရသေးတာပေါ့”
ထို့နောက် သတ်ဖြတ်လိုသော အရှိန်အဝါက တစ်ဟုန်ထိုး တစ်ဟုန်ထိုး ထွက်ပေါ်လာ၏။ နှိုင်းယှဉ်မရအောင် ပြင်းထန်သည့် စွမ်းအင်လှိုင်းက လေပြင်းသဖွယ် ပျံ့လွင့်လာလေသည်။
“ဒါ …”
လူတိုင်း မျက်နှာပျက်သွားကြသည်။ ဤသို့ ပြင်းထန်ကြီးမားသော စွမ်းအင်က ရှေးဟောင်း နတ်ဆိုးတစ်ကောင် နှိုးထလာသလိုပင်။
“ရွှစ်”
ထိုအခိုက်တွင် ရုတ်တရက် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။ ညာလက်ရုံး စောင့်ရှောက်သူ၏ ရင်ဘတ်အား လက်တစ်ဖက်က ဖောက်ထွင်းလာပြီး လတ်ဆတ်သော သွေးများက ကျန်းယုရုန်၏ မျက်နှာသို့ လာစဉ်လေသည်။
သူမအပြုံးက ပျောက်ကွယ်သွားပြီး ကြက်သေ သေသွားရသည်။
*ယဲ့ဖန်က ဘယ်တုန်းက ညာလက်ရုံး စောင့်ရှောက်သူရဲ့ အနောက်ကို ရောက်နေတာလဲ*
*ဘာလို့ သူတို့ သတိမထားမိရတာလဲ*
ထိုအခိုက်တွင် ယဲ့ဖန်၏ မျက်လုံးများက တောက်ပနေပြီး နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြောက်စရာ ကောင်းနေ၏။
“ခင်ဗျားက ပါရမီရှင်တွေကို သတ်ရတာကို သဘောကျတာလား”
ညာလက်ရုံး စောင့်ရှောက်သူ ဘာမှမပြောနိုင်ဘဲ သူ့ရင်ဘတ်ကို ဖောက်နေသည့် လက်ကိုသာ အလန့်တကြား ကြည့်နေမိသည်။ ထိုလက်သည် သွယ်လျ ဖြူစွတ်၍ မိန်းမတစ်ယောက်၏ လက်ကဲ့သို့ လှပပြီး လက်၌ သွေးများ ပေကျံနေခြင်း မရှိချေ။
*ဘယ်လိုဖြစ်ရတာလဲ*
*နှလုံးကို ဖောက်တာတောင် သွေးမပေဘူးလား*
*ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ အမြန်နှုန်းလဲ*
သူတို့ အမှားကြီး မှားပြီဖြစ်ကြောင်း ညာလက်ရုံး စောင့်ရှောက်သူ သတိထားမိသွားသည်။ သူတို့နှင့် ယဲ့ဖန်သည် အဆင့်မတူပေ။ နောက်ဆုံးအချိန်ရောက်မှသာ ဤသည်ကို သတိထားမိသွားသည်က စိတ်မကောင်းစရာပင်။
*ငါ သေတော့မှာလား*
ညာလက်ရုံး စောင့်ရှောက်သူ အမှန်အား လက်မခံနိုင် ဖြစ်နေသည်။ သူသည် နှစ်ပေါင်းများစွာကြာအောင် မရေတွက်နိုင်သော ပြိုင်ဘက်များကို အနိုင်ယူခဲ့သည်။ ယနေ့တော့ သူက ဆံဖြူကောင်ဆီမှာ ရှုံးရသည်တဲ့လား။
*ပါရမီရှင်ကို သတ်မယ်တဲ့လား*
*ဟာသပဲ*
ရုတ်တရက် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာပြန်၏။ သူက အပြုံးကြီး ပြုံးကာ ပြောလိုက်သည်။
“တိုက်ဆိုင်လိုက်တာ၊ ငါလည်း ပုရွက်ဆိတ်တွေကို နင်းချေရတာကို သဘောကျတယ်”