အခန်း ၁၁၇၉
Vol. 79 Ch. 1179
Chapter 1179 သူ့နာမည်က ယဲ့ဘုရင်
လက်ညှိုးတစ်ခါထိုးသည်နှင့် လူတစ်ယောက် ပေါက်ကွဲရသည်။ ကောင်းကင်ဘုံအား ဆန့်ကျင်သော နည်းလမ်း လိုပင်။ ဤလောက၌ သူ့ကို မည်သူမှ မသတ်နိုင်သလိုပင်။ အလွန်အမင်း ရက်စက်လွန်းလှသည်။
တစ်ဒင်္ဂအတွင်း ပါရမီရှင်များ အော်ပင် မအော်နိုင်ပဲ နေရာမှာတင် ကြက်သေ သေနေကြသည်။ နောက်ထပ် ဘယ်သူ ဆက်သေမည်နည်း။ အားလုံးက လက်ညှိုးထိုးခံရသည်နှင့် တန်းသေမှာပင်။ လူတိုင်း ချက်ချင်း ဒူးထောက်လိုက်မိသည်။
“ယဲ့ … လူကြီးမင်းယဲ့ ညှာတာပေးပါ၊ ကျုပ်တို့အားလုံး လှည့်စားခံရတာပါ၊ အဲ့ဒါကြောင့် ကျုပ်တို့ ခင်ဗျားကို ရန်လုပ်မိတာပါ”
“ဟုတ်ပါတယ်၊ ကျုပ်တို့အားလုံး လီဟွမ်ရီ လှည့်စားတာကို ခံခဲ့ရတာပါ၊ သူက ကျုပ်တို့ကို ခင်ဗျားကို ဒီမှာ ဝိုင်းဖမ်းပြီး အနိုင်ယူဖို့ ပြောခဲ့တာပါ၊ ဒါတွေအားလုံးက သူ့အမှားပါ”
ယဲ့ဖန်က အလွန် ကြောက်စရာကောင်းသည်ကို သူတို့ ကြိုသိခဲ့ပါက ဇွဲကြီးသော ကျားသစ်တစ်ကောင်၏ သတ္တိမျိုး သူတို့၌ ရှိနေလျင်ပင် ယဲ့ဖန်ကို တိုက်ခိုက်ရဲမည် မဟုတ်ပါ။
သူတို့ တကယ် ကြောက်ရွံ့နေကြသည်။ သူတို့သည် ပါရမီရှင်များ ဖြစ်ပြီး မည်သူမှ အလွယ်တကူ မထိနိုင်သော ကောင်းကင်မှ လမင်းကဲ့သို့ လူများ ဖြစ်ခဲ့ကြသည်။
ထို့ကြောင့် သူတို့သည် ဘဝမြင့်၍ သွေးကြီးကြသည်။ လူငယ်မျိုးဆက်များကြား၌ သူတို့အား ယှဉ်နိုင်သူဟူ၍ မရှိကြပေ။
ထို့ကြောင့်ပင် ယဲ့ဖန်ကို သူတို့ ဝိုင်းထားခဲ့စဉ်က ယဲ့ဖန် ဘယ်လိုမှ ထွက်မပြေးနိုင်ဟု သူတို့ ယုံကြည်ချက် ရှိခဲ့ကြသည်။ သူတို့က ယဲ့ဖန်၏ သေခြင်းတရားကိုပင် ကြိုမြင်ယောင်ခဲ့လေသည်။
သူတို့ကြောင့် ယဲ့ဖန် အရေခွံ နွှာခံရရင်ရ မဟုတ်လျင် ခေါင်းဖြတ်ခံရ၍ သွေးများက နေရာအနှံ့သို့ လွင့်စဉ် သွားမည်ဟု ထင်ခဲ့ကြသည်။
ယဲ့ဖန် သူတို့ရှေ့ ခွေးလို ဒူးထောက်၍ အသက်ချမ်းသာပေးရန် တောင်းပန်လိမ့်မည်ဟုပင် ထင်မှတ်ခဲ့လေသည်။ ထို့နောက်တွင် သူတို့က ယဲ့ဖန်၏ အော်ဟစ်ဆဲဆိုသံများကို အဝနားထောင်ပြီးသည်နှင့် သတ်ဖြတ်ပစ်မည်ဟု အစကတည်းက ကြံစည်ခဲ့သည်။
သူတို့ အရာအားလုံးကို မျှော်မှန်းထားခဲ့ပြီး အစီအစဉ်က သူတို့ မှန်းထားသည့်အတိုင်း ဖြစ်လာလိမ့်မည်ဟု တွက်ဆ ခဲ့ကြသည်။
သို့သော် သူတို့ ရင်ဆိုင်ရသည့် ယဲ့ဖန်က ရက်စက်၍ သွေးဆာသော နတ်ဆိုးဘုရင် ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိကြချေ။
လက်ရှိတွင် လူတိုင်း တုန်ယင်ကာ ကြောက်လန့်နေကြသည်။ ယနေ့ ဤသို့ လာခဲ့ခြင်းက ငရဲတံခါးဝသို့ ခြေတစ်ဖက် ချလိုက်ခြင်း ဖြစ်သည်ဟု သတိပြုမိလာသည်။
လက်တစ်ချောင်းတည်းဖြင့် လူတစ်စုကို ဖိနှိပ်သတ်ဖြတ်နိုင်သော ကြောက်စရာကောင်းသည့် လူမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးပါ။
သူတို့ထံ လျှောက်လာနေသော ယဲ့ဖန်အား အစစ်အမှန် နတ်ဘုရားအဖြစ် အသွင်ပြောင်းနေသူဟု မြင်ယောင်ကာ လိပ်ပြာလွင့်မတတ် ဖြစ်နေကြသည်။ သူကဲ့သို့သော လူမျိုးသည် တစ်ချက်ကြည့်လိုက်ရုံနှင့် အခြားသူအား ရင်တုန်အောင် လုပ်နိုင်ပေ၏။
သူတို့က ဘယ်လိုလုပ် သူ၏ ပြိုင်ဘက် ဖြစ်နိုင်ပါမည်နည်း။ သူတို့ တောင်းပန်ရုံသာ တတ်နိုင်တော့သည်။ သူတို့ ဆက်တိုက် တောင်းပန်နေမိသည်။ သူတို့ နိုင်နိုင်စရာ အကြောင်းမရှိ၍ တောင်းပန်နေမိလေသည်။
“လူကြီးမင်းယဲ့ ကျုပ်က ဦးဆောင်ပြီး ကျုပ်ရဲ့ဂိုဏ်းကို ခင်ဗျားဆီမှာ အမှုထမ်းပါ့မယ်၊ ခင်ဗျားအတွက် ဗီယင်ကျန်း နန်းတော်ကိုတောင်မှ ဖျက်ဆီးပေးပါ့မယ်၊ ကျုပ်အပြစ်ကို ခွင့်လွှတ်ပေးဖို့ အခွင့်အရေး တစ်ခုပေးဖို့ပဲ တောင်းဆို ပါရစေ”
ပါရမီရှင်တစ်ယောက်က အသည်းအသန် ငိုကြွေး၍ အပြင်းအထန် တောင်းပန်နေလေသည်။ ယခုအချိန်၌ သူ အသက်ရှင်ချင်စိတ်သာ ရှိပေသည်။
ထိုစကားကိုကြားသော် ကျန်းယုရုန် မျက်နှာ ပြာနှမ်းသွားပြီး သူမ အမှားကြီးတစ်ခုကို ကျူးလွန်လိုက်မိကြောင်း သတိထားမိသွားသည်။ သူမလုပ်ရပ်က ဂိုဏ်းအား ထာဝရ အဖက်ဆယ်မရနိုင်တော့သော အခြေအနေသို့ တွန်းပို့မိ သွားလေပြီ။
သူမမျက်နှာ၌ ခါးသီးမှုများနှင့် ပြည့်နှက်လာသည်။ နတ်ဆိုးဘုရင် ဒေါသထွကလာလျင် သန်းချီသော လူများကို မြှုပ်နှံပစ်တတ်သည် မဟုတ်ပါလော။
ဗီယင်ကျန်းနန်းတော်အား သူ အလွန် အထင်သေးသည်ကို အံ့ဩစရာ မရှိတော့ချေ။ သူမကို သူ မျက်လုံးထဲ မထည့်သည့် ကိစ္စအားလည်း မအံ့ဩတော့ပါ။
ဗီယင်ကျန်း နန်းတော် မဆိုထားနှင့် အင်အားကြီးသော ဆေးဘုရင်တောင်ကြားပင် သူ၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ပါ။
*သွားပြီ*
*ငါတော့ သွားပြီ*
*ဗီယင်ကျန်းနန်းတော်လည်း ဇာတ်သိမ်းပြီ*
*ပြီးတော့ ငါက တစ်မိသားစုလုံကို သတ်တဲ့ အပြစ်သားကြီး ဖြစ်လာတော့မှာပဲ*
“ဗီယင်ကျန်း နန်းတော်လား”
ယဲ့ဖန်က အထင်သေး ထေ့ငေါ့သော အပြုံးမျိုး ပြုံးလိုက်သည်။
“လက်ဖျောက်တီးလိုက်ရုံနဲ့တင် ဖျက်ဆီးနိုင်နေတဲ့ ပုရွက်ဆိတ်ကို မင်းတို့ ဘာလို့ စိတ်ပူစရာ လိုမှာလဲ”
“ငါ့နဲ့ ညှိုနှိုင်းဆွေးနွေးချင်တာလား၊ စိတ်မကောင်းပါဘူး မင်းတို့က အဆင့်မမီဘူး”
ယဲ့ဖန်၏ မျက်နှာက အေးစက် တင်းမာနေပြီး သူ့ခန္ဓာကိုယ်မှ လူသတ်လိုသော အရှိန်အဝါများ ထွက်ပေါ်လာပြီး ပြန်လည်၍ လှုပ်ရှားလာသည်။
“ဝုန်း”
သနားခံသော ပါရမီရှင် ချက်ချင်း ပေါက်ကွဲ၍ သေဆုံးသွားလေသည်။ သွေးထွက်သံယိုများက ရက်စက်လွန်း လှသည်။ ဘာအရိုးမှ မကျန်ခဲ့ချေ။
“ယဲ့ဖန် ငါတို့အားလုံးက ဂိုဏ်းတွေရဲ့ အတော်ဆုံး ပါရမီရှင်တွေနော်၊ နင် ငါတို့ကို သတ်လိုက်ရင် ဂိုဏ်းတစ်ခုရဲ့ အမွေဆက်ခံသူကို ဖျက်ဆီးလိုက်တာပဲ၊ နင်က ကျင်းကျန်းတစ်မြို့လုံးရဲ့ ရန်သူ ဖြစ်ချင်တာလား”
နောက်ဆုံးတွင် တစ်စုံတစ်ယောက်က သည်းမခံနိုင်တော့ဘဲ မတ်တပ်ထရပ်၍ ယဲ့ဖန်ကို ခြိမ်းခြောက် ကြိမ်းမောင်း လေတော့သည်။
“ဟုတ်တယ် မင်း ဘယ်လောက်ပဲ သန်မာနေပါစေ၊ တကယ်တမ်း မင်းဘက်မှာ မင်းတစ်ယောက်တည်း ရှိတာလေ၊ ကျင်းကျန်းမြို့မှာ ထူးချွန်တဲ့ လူတွေနဲ့ ဂိုဏ်းတွေက နေရာတိုင်းမှာ ရှိနေတာ၊ မင်း ငါတို့ကို သတ်ဖို့ ကြိုးစားမယ် ဆိုရင် မင်းက ကျင်းကျန်း တစ်မြို့လုံးနဲ့ ဂိုဏ်းအားလုံးရဲ့ ရန်သူ ဖြစ်လာမှာ”
“ရှင် အမှားမလုပ်တာ ကောင်းမယ်”
မိန်းမပျိုလေး တစ်ယောက်ကလည်း မာနကြီးစွာ ထေ့ငေါ့လေသည်။ သူမ၏ ခြိမ်းခြောက်မှုအောက်၌ ယဲ့ဖန်က ရူးနေသူ မဟုတ်သရွေ့ ချက်ချင်း ငြိမ်ကျသွားလိမ့်မည်ဟု ယုံကြည်နေ၏။
ကျင်းကျန်းတစ်မြို့လုံးမှ ဂိုဏ်းအားလုံးနှင့် ရန်သူ ဖြစ်ပြီး တိုက်ခိုက်နိုင်လောက်သည်အထိ မည်သူ၌ ထိုသို့သော ခွန်အားမျိုး ရှိမည်နည်း။
ပါရမီရှင်များအားလုံး ချက်ချင်း စိတ်တည်ငြိမ်လာကြသည်။ ထိုအခိုက်တွင် သူတို့၏ နောက်ကွယ်၌ ထောက်ပံ့သူ ဖြစ်သည့် သူတို့၏ ဂိုဏ်းများ ရှိနေသေးသည်ကို ရုတ်တရက် ပြန်အမှတ်ရသွားကြလေသည်။
ယဲ့ဖန်သည် တစ်ကိုယ်တည်းသမား ဖြစ်ပြီး သူတို့အနောက်မှ ဂိုဏ်းအားလုံး၏ ရန်သူ မည်သို့ ဖြစ်နိုင်ပါမည်နည်း။ အကယ်၍ ယဲ့ဖန်က သူတို့ကို သတ်ရဲလျင် သူ သေချာပေါက် သေရပေလိမ့်မည်။
“ယဲ့ဖန် ငါတို့အားလုံးက လီဟွမ်ရီ လှည့်စားတာကို ခံခဲ့ရတာ၊ ဒီနေ့ကိစ္စက နားလည်မှုလွဲတာ သက်သက်ပဲ၊ ငါတို့ကို လွှတ်ပေးလိုက်လေ၊ ဘယ်လိုလဲ”
ထီမထင်သော အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက ယဲ့ဖန် ငြင်းဆန်မည်ကို မစိုးရိမ်သည့်ပုံပင်။ ယဲ့ဖန်၌ ထိုသို့သော သတ္တိမျိုး မရှိဟု သူတို့ ယုံကြည်နေကြသည်။
“ဟားဟားဟား …”
သူတို့၏ မာန်တက်နေသော မျက်နှာများကို ကြည့်ပြီး ယဲ့ဖန်က အထင်သေးစွာ မထိတရိ ပြုံးလိုက်သည်။
*ရယ်စရာ ကောင်းလိုက်တာ*
*လူပြက်တစ်သိုက် ခုန်ဆွခုန်ဆွ လုပ်နေတာကို ကြည့်နေရသလိုပဲ*
သူတို့က ယဲ့ဖန် မသတ်ရဲလောက်ဟု ထင်နေကြသည်။ သူတို့၏ အနောက်မှ ဂိုဏ်းများကို ယဲ့ဖန် ကြောက်နေမည်ဟု သူတို့ ထင်နေကြလေ၏။ ဤသည်က ယဲ့ဖန်ကို ဘယ်လိုလုပ် မရယ်ဘဲ နေနိုင်စေမည်နည်း။
“လူကြီးမင်းယဲ့ ဒီစကားကို သူတို့ ပြောတာပါ၊ သူတို့က ကျုပ်နဲ့ ဘာမှမဆိုင်ပါဘူး၊ ကျုပ် တကယ်ကို လီဟွမ်ရီ လှည့်စားတာကို ခံလိုက်ရတာပါ၊ အခုမှ ကျုပ် ခင်ဗျား ဘယ်သူမှန်း သိတာပါ”
ထိုသို့သောအချိန်၌ ခပ်ဝဝ လူငယ်တစ်ယောက်က ငိုယို၍ ယဲ့ဖန်ကို တောင်းပန်လာသည်။
*ဒီလူက ယဲ့ဘုရင် မဟုတ်လို့ ဘယ်သူ ဖြစ်ရဦးမှာလဲ*
ထိုတိုက်ရိုက်ထုတ်လွှင့်ခြင်းမှ ယဲ့ဖန် သုံးခဲ့သော နည်းလမ်းများကို သူ ရှင်းလင်းစွာ မှတ်မိနေပါသည်။ ထို့ကြောင့် ယဲ့ဖန် သူတို့အား လုံးဝ မကြောက်သည်ကို သူ သိနေ၏။ ဤတစ်ကိုယ်ကောင်းဆန်သော အရူးများ၏ မောက်မာမှုက သူတို့အား ချောက်နက်ထဲသို့ တွန်းချနေလေပြီ။
ထိုခပ်ဝဝ လူငယ်က ဒူးထောက်ဝပ်တွားခယကာ တောင်းပန်လေသည်။
“လူကြီးမင်းယဲ့ ကျုပ် လောဘကြီးခဲ့တာကို ဝန်ခံပါတယ်၊ ဒါပေမဲ့ အဲ့ဒါကလည်း ကျုပ် ခင်ဗျား ဘယ်သူဆိုတာကို မသိလို့ပါ၊ ကျုပ်သာ ခင်ဗျားကို သိခဲ့ရင် ဘယ်တော့မှ ဒီလောက် ရိုင်းပျမိမှာ မဟုတ်ပါဘူး”
သူသာ ယဲ့ဖန်ကို သိနေခဲ့ပါက ဟွာချင်ဂိုဏ်းမှ လျင်မြန်စွာ ထွက်ပြေးမိမည် ဖြစ်သလို ကျင်းကျန်းမြို့ကပင် ထွက်ပြေးမိ လောက်သည်။ ကျုံးကျိုးအင်ပါယာကတောင်မှ ထွက်ပြေးမိနိုင်သည်။
“စွန်းယောင် မင်း ဘာတွေတွေးနေတာလဲ၊ မင်းလည်း ဂိုဏ်းချုပ်ရဲ့ တပည့်ပဲလေ၊ ဘာလို့ ဒီလောက်ထိ နှိမ့်ချပြီး ဒူးထောက်နေရတာလဲ”
“ဟုတ်ပါ့ မင်းဂိုဏ်းတောင် သိက္ခာကျတယ်”
“ကျင်းကျန်းမြို့မှ စစ်မဖြစ်ရဲတဲ့ ဂိုဏ်းဆိုတာ ရှိလို့လား၊ သူ့ကို အခါတစ်ရာလောက် သတ္တိမွေးခိုင်းရင်တောင် သူ လုပ်ရဲမှာ မဟုတ်ဘူးကွ”
ပါရမီရှင်များအားလုံး စွန်းယောင်ကို အထင်သေးနေကြသည်။
“အရူး”
စွန်းယောင်၏ မျက်လုံးများက သွေးကဲ့သို့ နီရဲနေပြီး သူတို့ကို စူးစိုက်ကြည့်၍ ဒေါသတကြီး ပြန်အော်လိုက်သည်။
“မင်းတို့ သေချင်တယ်ဆိုရင်တောင် ငါ့ကိုပါ ဆွဲမထည့်နဲ့ကွ”
ပါရမီရှင်များအားလုံး အံ့ဩသွားလေသည်။
*ဘယ်လိုလုပ် စွန်းယောင်က ရုတ်တရက်ကြီး ပုံမှန်မဟုတ်တော့ဘဲ ယဲ့ဖန်အတွက် ငါတို့ကို ကြိမ်းမောင်း နေရတာလဲ*
“မင်းတို့တွေက သူ့ပြိုင်ဘက် လုံးဝ မဟုတ်ဘူး၊ ကျင်းကျန်းမြို့က ဂိုဏ်းအားလုံး ပေါင်းလိုက်ရင်တောင် သူ့ပြိုင်ဘက် မဟုတ်ဘူးကွ”
“မင်းတို့ သူ ဘယ်သူလဲ မသိဘူး၊ သူ ဘယ်လောက် ကြောက်စရာကောင်းလဲလဲ မသိပါဘူးကွာ”
စွန်းယောင်၏ အသံတွင် ဒေါသနှင့် ကြောက်စိတ်များ ရောပြွမ်းနေပြီး တစ်ကိုယ်လုံး တုန်ယင်နေ၏။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ နာမည်က ယဲ့ဘုရင်ဖြစ်ပြီး ယဲ့ဖန် မည်မျှ ကြောက်ဖို့ကောင်းကြောင်း သူသာလျင် သိသောကြောင့်ပင်။
ဟွိုင်အန်း စီရင်စုတစ်ခုလုံး၌ သူနှင့် ရန်သူဖြစ်သူတိုင်း သေခြင်းတရားတစ်ခုတည်းဖြင့်သာ အဆုံးသတ်ရသည်။ ပါရမီရှင်များသည်လည်း တစ်ခုခုကို သတိထားမိသွားပုံရပြီး အံ့ဩနေသော မျက်နှာထားဖြင့် ပြိုင်တူ ပြန်မေးလိုက်သည်။
“သူက ဘာကောင်မို့လို့လဲ”
“ဟားဟား …”
စွန်းယောင်၏ မျက်နှာတွင် လှောင်ပြောင်ဟန်များ စွန်းထင်းလာ၏။
“ယဲ့ဘုရင်လေ”