အခန်း ၁၁၈၀
Vol. 79 Ch. 1180
Chapter 1180 ဒီနေ့ ယဲ့ဖန် သေရမယ်
*ယဲ့ဘုရင်*
ထိုစကားသည် ပါရမီရှင်များအတွက် နတ်ဆိုးတစ်ကောင်၏ အသံဟု ထင်မှတ်ရကာ အားလုံး မိုးကြိုးပစ်ချခံ ရသကဲ့သို့ ဖြစ်သွားလေသည်။
လူတိုင်း နေရာမှာတင် ကြက်သေ သေနေမိသည်။ သူတို့၏ ဦးနှောက်များက ဤသတင်းကို တစ်ခဏမျှ လက်မခံနိုင် ဖြစ်ကာ တစ်ဒင်္ဂမျှ ဦးနှောက်သေသလို ဖြစ်သွားရသည်။
*ယဲ့ဘုရင်လား*
*မကြာသေးခင်ကမှ ဟွိုင်အန်း စီရင်စုကို ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ခဲ့တဲ့ နတ်ဆိုးလား*
*တစ်လအတွင်း ဖျင်အန်းမြို့နဲ့ ဟွိုင်အန်းမြို့ကို အောင်အောင်မြင်မြင် ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တဲ့သူလေ*
*သူ့ရှေ့မှာ အဖွဲ့အစည်းအားလုံး ဒူးထောက်နေရတာ*
ပါရမီရှင်တွေ ကြားထဲက ပါရမီရှင်ဟု ကျော်ကြားသော ယဲ့ယွင်ထျန်းတောင်မှ ရက်စက်စွာ အသတ်ခံရပြီး အလောင်းပင် အပြည့်အစုံ မရှိဘဲ သေသွားခဲ့ရသည်။ နှစ်ထောင်ချီ သက်တမ်းရှိသော ယွင်ရင်တောင်ဂိုဏ်းတောင်မှ သူ့လက်ထဲ၌ ဖျက်ဆီးခံခဲ့ရလေသည်။
ယဲ့ဘုရင်အား ဟွိုင်အန်း စီရင်စုမှ အဓိက အဖွဲ့အစည်းကြီးများက ရန်မစသင့်သော ပုဂ္ဂိုဟ်ဟု သတ်မှတ် ခေါ်ဆိုကြသည်။ ယခုအခါတွင်မူ သူတို့က ယဲ့ဘုရင်အား ရန်ရှာမိရုံမက သတ်ပင် သတ်ချင်နေခဲ့သည်။
အားလုံး ခေါင်းမီးတောက်ကာ ပြဿနာ အကြီးအကျယ် တက်ပြီဟု သိလိုက်ကြသည်။ ဤသတင်းသာ သူတို့ဂိုဏ်းများသို့ ပျံ့သွားပါက သူတို့၏ ဂိုဏ်းချုပ်များပင် သူတို့ကို လုံးဝ စွန့်ပစ်ကာ အသေခံခိုင်းလောက်သည်။
သူတို့အတွက်နှင့် ဂိုဏ်းများက ပြိုင်ဘက်ကင်းသော ယဲ့ဘုရင်ကို ဘယ်သောအခါမှ ရန်စမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ယဲ့ဘုရင်ဟူသော နာမည်က ပျက်စီးခြင်းကိုသာ ယူဆောင်လာပေးသောကြောင့်ပင်။ သူတို့ ငိုချင်နေသော်လည်း မျက်ရည် မကျနိုင်ပေ။
*သွားပြီ*
*အားလုံး သွားပါပြီ*
ယခင်က သူတို့ ဒူးထောက်၍ အသနားခံနိုင်သော အခွင့်အရေး ရခဲ့သော်လည်း ယခု သူတို့ လဲ၍ အသေခံရန်သာ ရှိတော့သည်။ ကျန်းယုရုန်၏ မျက်နှာက အေးခဲနေပြီး တစ်ကိုယ်လုံး ထိန်းမရအောင် တုန်ယင်နေသည်။
*ငါ ဘာလုပ်မိတာလဲ*
*ငါ ဘာတွေ လုပ်ခဲ့မိတာလဲ*
သူမက ဟွိုင်အန်း စီရင်စုတစ်ခုလုံး ရန်မနိုင်သည့် ပုဂ္ဂိုလ်ကိုမှ တကယ် ရန်စသွားမိသည်ပဲ။ ဗီယင်ကျန်း နန်းတော်လည်း ပျက်စီးပေတော့မည်။ အသက်ရှင်နိုင်သည့် အခွင့်အရေး လုံးဝ မရှိတော့ချေ။
“အဖေ အမေ သမီး တောင်းပန်ပါတယ်၊ သမီး ခွင့်မလွှတ်နိုင်တဲ့ အမှားကို လုပ်မိသွားပြီ”
ကျန်းယုရုန် အားမရှိတော့ဘဲ မြေကြီးပေါ် ဒူးထောက်ကျသွားပြီး မျက်ရည်လည်ရွဲဖြင့် ငိုယိုလေတော့သည်။ ထိုစဉ် ယဲ့ဖန်က စွန်းယောင်ကို လက်ညှိုးထိုးလာ၏။
“မင်း အသက်ရှင်နိုင်တယ်”
ထိုစကားကို ကြားသောအခါ စွန်းယောင် ရုတ်တရက် ထိတ်လန့်သွားပြီးမှ ယဲ့ဖန်ကို ပြန်လည် ဝပ်တွား ဦးညွှတ် လေသည်။
“ကျေးဇူးတင်ပါတယ် အရှင် ယဲ့ဘုရင်၊ ကျေးဇူးတင်ပါတယ် အရှင် ယဲ့ဘုရင်”
သူဆုံးဖြတ်ချက်က မှန်ကန်ကြောင်း သူ သိနေ၏။ ဘုရင်ရှေ့ ဒူးထောက်မှသာလျင် ဘုရင်၏ ခွင့်လွှတ်မှုကို ရရှိနိုင် ပေမည်။
သူက ပါရမီရှင်များကို ချက်ချင်း ပြန်လှည့်ကြည့်၍ လှောင်လိုက်သည်။
“အရူးတွေ သေချာ ကြည့်ထား၊ ငါက သတ္တိမရှိတာ မဟုတ်ဘူး၊ ငါက သေလမ်း မရှာတာပဲ ရှိတာ”
“အရှင် ယဲ့ဘုရင်ကို ရန်စရဲမှတော့ မင်းတို့ ဘယ်လိုသေမလဲ ကြည့်ကြသေးတာပေါ့”
လူတိုင်း သဘောပေါက် နားလည်သွားကြသည်။ ယခင်က စွန်းယောင် အရေးမပါတာတွေ လုပ်သည်ဟု သူတို့ ထင်ခဲ့မိသည်။ သို့သော် အရေးမပါတာတွေ လုပ်ခဲ့မိသူက သူတို့ပင်။ သူတို့အနောက်မှ ဂိုဏ်းများက ယဲ့ဖန်ကို ရှင်းနိုင်မည်ဟု အမှန်တကယ် မှတ်ယူခဲ့လေသည်။
ထိုစဉ် ယဲ့ဖန်က သူတို့ကို လက်ညှိုးထိုးလာ၏။ သူ့အသံက မြေအောက်လောက၏ ခေါ်သံလိုပင်။
“သူ အသက်ရှင်နိုင်တယ်၊ မင်းတို့ကတော့ … သေရမယ်”
ထိုစကားကြောင့် သူတို့အား အဝီစိအထိ ဆွဲချသွားသလို ခံစားလိုက်ရသည်။
“ဝုန်း”
ထိုစဉ် ယဲ့ဖန် လက်ညှိုးထိုးလာသဖြင့် လူတစ်ယောက် သေသွားလေသည်။ ရက်စက်ကာ အကြင်နာတရား မဲ့လှပေသည်။ ထိုအခိုက်တွင် ဤနတ်ဆိုးဘုရင်အား မည်သူမှ မတားဆီးနိုင်ကြောင်း လူတိုင်း နားလည် သွားကြသည်။
“ဝုန်း ဝုန်း”
သုံးကြိမ်ဆက်တိုက် လက်ညှိုးထိုးလိုက်သဖြင့် သူ လက်ညှိုးညွှန်ရာတိုင်း ပေါက်ကွဲကာ သွေးများ ပန်းထွက် လာရသည်။
*နတ်ဆိုး*
*ဒီလူက တကယ် နတ်ဆိုးပဲ*
*ငါတို့ သေရမယ်ဆိုရင်တောင်မှ အေးအေးဆေးဆေး ပေးသေမှာ မဟုတ်ဘူး*
“ယဲ့ဖန်၊ ယဲ့ဘုရင်၊ ဟားဟားဟား … လီဟွမ်ရီ ငါ သရဲဖြစ်သွားရင်တောင်မှ မင်းကို အလွတ်မပေးဘူးကွ”
“ယဲ့ဖန် မင်း ငါ့ကို သတ်လို့ရတယ်၊ ကျေးဇူးပြုပြီး ငါ့ဂိုဏ်းကို မသတ်ပါနဲ့ကွာ”
ထိုအခိုက်တွင် ပါရမီရှင်များအားလုံး သေဆုံးနေပြီး နေရာတိုင်း၌ သွေးအိုင်များ ဖြစ်နေလေသည်။ နောက်ဆုံးတွင် ကျန်းယုရုန် တစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ သူမသည် ကြောက်လန့်ကာ မှုန်မှိုင်းနေသော မျက်နှာထားဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။
ယဲ့ဖန်က သူမထံ လျှောက်သွားပြီးနောက် အထက်စီးဆန်သောဟန်ဖြင့် ငုံ့ကြည့်လေသည်။ ကျန်းယုရုန်သည်လည်း သတိထားမိသွားပြီး ယဲ့ဖန်ကို မော့ကြည့်ကာ ငိုယိုတော့သည်။
“ငါ …”
“ဝုန်း”
လက်ချောင်းတစ်ချောင်းတည်းဖြင့် သတ်ပစ်လိုက်ပြန်သည်။ တစ်ဖက်လူက အမျိုးသမီး ဖြစ်နေသော်လည်း ယဲ့ဖန် သူမထံမှ မည်သို့သော ဖြေရှင်းချက်ကိုမှ နားမထောင်လိုပါ။ သူမ ဘာပြောပြော သေဘေးမှ လွတ်နိုင်မည် မဟုတ်ပါ။ သွေးအေးကာ ရက်စက်လွန်းပေသည်။
သူ့ဘေးနားမှ စွန်းယောင်သည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေပြီး ကြောက်လန့်လွန်းသဖြင့် ပြောစရာစကား မဲ့နေ၏။
*ဒီယဲ့ဘုရင်က ကြောက်စရာကောင်းလွန်းတယ်၊ သူ့ခွန်အားပဲဖြစ်ဖြစ် သူ့အကျင့်စရိုက်ပဲ ဖြစ်ဖြစ် ကြောက်စရာ ကောင်းနေတာပဲ*
“မင်း ထွက်မသွားသေးဘူးလား”
ယဲ့ဖန်က အေးစက်စက် မျက်လုံးများဖြင့် စွန်းယောင်ကို စိုက်ကြည့်လိုက်သည်။ စွန်းယောင် ချက်ချင်း ပေါင်ခြံက ပူနွေးလာပြီး ကျင်ငယ်ရည် ထွက်ကျလုမတတ် ဖြစ်သွားလေသည်။
“ကျုပ် သွားတော့မှာပါ၊ ကျုပ် အခု ထွက်သွားပါပြီ”
ချက်ချင်းဆိုသလိုပင် သူ ကုန်းထ၍ တောင်အောက်သို့ ပြေးဆင်းလေတော့သည်။ မြေကြီးပေါ်မှ သွေးကွက်များကို ကြည့်ပြီး ယဲ့ဖန်က အန္တရာယ်ရှိသော အပြုံးမျိုး ပြုံးလာ၏။
“နောက်ထပ် ပုရွက်ဆိတ် ဘယ်လောက်များများ လာအသေခံဦးမှာလဲ”
…
နောက်တစ်နေ့တွင် ယဲ့ဖန်က ဟွာချင်ဂိုဏ်းသို့ပြန်ပြီး ဆက်လက်၍ ဆေးဖော်စပ်ရန် စီစဉ်လေသည်။ သို့သော် လက်ရှိအချိန်၌ ဟွာချင်ဂိုဏ်းတွင်းမှ ရှစ်မျိုးမထက် နည်းသော ပြင်းထန်သည့် ယန်စွမ်းအင်များက ဖိနှိပ်ထားသည်ကို သူ ခံစားမိလိုက်သည်။
“ဟဲဟဲ …”
ယဲ့ဖန် လှောင်ရယ်လိုက်မိသည်။ အန္တရာယ်ပေးမည့်သူများ ရောက်လာပြီဖြစ်ကြောင်း သူ သိထားပြီးသား ဖြစ်သည်။ တစ်ဖက်လူ၏ အရှိန်က ဤမျှ မြန်ဆန်နေလိမ့်မည်ဟုသာ သူ ထင်မထားမိခြင်းပေ။ သူတို့၏ ပါရမီရှင်များကို မနေ့ကမှ သူ သတ်ခဲ့သော်လည်း ယနေ့ သူတို့က လက်စားချေရန် ရောက်လာကြသည်။
သူ မတတ်သာဘဲ ခေါင်းခါယမ်းလိုက်မိသည်။
“ပုရွက်ဆိတ်တွေက သတ်လို့ကို မကုန်ပါလား”
ထို့နောက် ဟွာချင်ဂိုဏ်းထံသို့ ဝင်သွားလေသည်။
“ဆရာ သွားပါတော့ ထွက်သွားပါတော့”
ထိုစဉ် ယွမ်ပမ်းရှီ သွေးပျက်စွာ ပြေးထွက်လာသည်ကို တွေ့လိုက်ရပြီးနောက် သူ့ကို တံခါးဝ၌ ဆီး၍ တားလေသည်။ အဘယ်ကြောင့်ဆိုသော် ရောက်လာသော သူများကို သူ မတားနိုင်သောကြောင့်ပင်။
အကယ်၍ ယဲ့ဖန်သာ အဝေးသို့ ထွက်မသွားပါက သေခြင်းဖြင့်သာ အဆုံးသတ်ရပေလိမ့်မည်။ ဤသည်ကို ဖြတ်သွားဖြတ်လာများ ကြားပြီး အံ့ဩကာ လမ်းလျှောက်နေရာမှ ယဲ့ဖန်ကို ဇဝေဇဝါဖြင့် ကြည့်လာကြသည်။
“သွား ဟုတ်လား၊ သူ ထွက်သွားနိုင်လို့လား”
ထိုစဉ် တံခါးဝမှ ခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာပြီး ဟွာချင် တံခါးအပြင်ဘက်သို့ အရပ်မြင့်၍ ကြံ့ခိုင်သန်စွမ်းသော လူတစ်ယောက် ထွက်လာ၏။
ထိုသူသည် သုံးမီတာမျှ အရပ်မြင့်ကာ တောင်တစ်လုံးကဲ့သို့ ကြီးမားပြီး နဂါးတစ်ကောင်ကဲ့သို့ သန်မာကာ အားဖြင့် လျှောက်လာလေသည်။ သူ့တစ်ကိုယ်လုံးမှ ဖိအားပေးနိုင်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။
“ဝူရွှမ်ဘုရားကျောင်းရဲ့ အရှင်သခင် ဟုန်ထျန်း”
လူတိုင်း အသက်ရှူမှားသွားရသည်။ သူတို့အရှေ့မှလူသည် ကျင်းကျင်းမြို့၌ ခန္ဓာကိုယ် ကြံ့ခိုင်မှု၌ နံပါတ်တစ်ဟု ကျော်ကြားသူ ဖြစ်သည်။
သူ၏ သံမဏိ လက်သီးအား ကျင်းကျန်းမြို့၌ ယှဉ်ထိုးနိုင်သူ မရှိချေ။ တစ်ခါက လက်သီးတစ်ချက်တည်းဖြင့် တောင်နံရံ တစ်ဝက်မျှကို သူ ဖျက်ဆီးဖူးသည်ဟု ဆိုကြသည်။ သူ့လက်သီးကို တားဆီးနိုင်သူဟူ၍ ကျင်းကျန်းမြို့၌ လက်ချိုးရေ၍ ရနိုင်သည်။
ဟုန်ထျန်းက ယဲ့ဖန်ကို လာပြဿနာရှာခြင်း ဖြစ်ကြောင်း သူတို့ ရိပ်စားမိလိုက်သည်။
“ကောလာဟလတွေက အမှန် ဖြစ်နေတာလား မသိဘူး၊ ဒီလူကြီးမင်းယဲ့ မနေ့ညက သူတို့တပည့်တွေကို တကယ် သတ်လိုက်တဲ့ပုံပဲ”
လူတိုင်းက မချိုမချဉ် မျက်နှာပေးမျိုးဖြင့် ကြည့်နေကာ ပွဲကြီးပွဲကောင်း ကြည့်ရပြီဟု ထင်နေကြသည်။
“စီနီယာ ခင်ဗျား ဝင်မပါဖို့ ကျုပ် အကြံပေးပါရစေ၊ ဒီကောင်က မကြာခင် သေရမှာ၊ သူက ကျုပ် တပည့်ကို သတ်ရဲမှတော့ သူ့ကို အသက်ရှင်ခွင့် ပေးမယ် ထင်နေလား”
ကျော၌ ဓားလွယ်ထားသည့် အဘိုးအိုတစ်ယောက်က တံခါးကိုမှီ၍ အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ အန္တရာယ်များသော မျက်နှာဖြင့် ကြည့်နေသည်။
“တောင်မန် ဓားနတ်ဘုရား”
လူအုပ်ထဲ၌ ဆူညံ ပွက်လောရိုက်လာသည်။
*နောက်ထပ် အရှင်သခင်ပါလား*
“ဟေ့ကောင် မင်း ဘယ်လိုသေချင်လဲ ငါ့ကို ပြောစမ်း၊ မင်း အရေခွံ ခွာခံချင်လား၊ ဓားနဲ့ အခုတ်ခံချင်လား”
တတိယမြောက် ဂိုဏ်းချုပ် ပေါ်လာပြီး ထိုသူမှာ ထိုက်ရှန်ခန်းမ ရဲ့ထျန်းရှင်း။ သူ့အနောက်မှနေ၍ ဟွာချင်ဂိုဏ်းထဲမှ ဂိုဏ်းချုပ်များ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။ သူတို့ထံမှ ထွက်ပေါ်လာသည့် လူသတ်လိုသည့် အရှိန်အဝါများက လူတိုင်းကို ခေါင်းမွေးထောင်သွားစေသည်။
*ဂိုဏ်းချုပ်တွေ အတူတက်လာပြီး လူကြီးမင်းယဲ့ကို ဝိုင်းထားတာပဲ၊ သူ ဒီတစ်ခေါက် အသက်ရှင်နိုင်ပါ့မလား*
ဂိုဏ်းချုပ်အားလုံး၏ မျက်နှာတွင် လူသတ်လိုစိတ်များ ဖုံးလွှမ်းနေ၏။
“ဒီနေ့ ယဲ့ဖန် သေရမယ်”