အခန်း ၁၁၈၁
Vol. 79 Ch. 1181
Chapter 1181 ဒါဆိုလည်း သေလိုက်ကြပေါ့
“မင်းတို့ ငါ့ဆရာကို ထိရဲမယ်ဆိုရင် ငါ မင်းတို့နဲ့ သေတဲ့အထိ တိုက်ရလိမ့်မယ်”
ယွမ်းပမ်းရှီက အံကြိတ်၍ အော်ဟစ်လိုက်သည်။
*ငါ့ဆရာရဲ့ အဆင့်အတန်းက ဘယ်လောက် မြင့်မြတ်လိုက်သလဲ၊ ဘယ်လိုလုပ် ဒီကောင်တွေက ရန်စရဲရတာလဲ*
“သေတဲ့အထိ တိုက်မယ် ဟုတ်လား၊ ယွမ်ပမ်းရှီ ရှင် တကယ် ပြောတာလား”
ဂိုဏ်းချုပ်များကြားထဲမှနေ၍ ထေ့ငေါ့သော မိန်းမဆန်သည့်အသံ ထွက်လာသည်။ ထိုဂိုဏ်းချုပ်များ အားလုံး ချက်ချင်း လှုပ်ရှား၍ ဘေးသို့ကပ်ကာ တရိုတသေဖြင့် လမ်းဖယ်ပေး ကြလေသည်။
“ဟာ …”
ထိုသူကို မြင်သည်နှင့် အခြားသူများအားလုံးသည် သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ အသက်ပင် မရှူနိုင်ဘဲ မျက်လုံးများ ပြူးကျယ်သွားသည်။
ထိုသူသည် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ကလေးဆန်သော မျက်နှာ ရှိကာ လက်ကိုနောက်ပစ်၍ အင်မော်တယ် တစ်ပါး၏ ဟန်ပန်ဖြင့် လျှောက်လှမ်းလာသည်။
“ဆေးဘုရင် တောင်ကြားက တကုန်းဖုန့်”
ထိုလူသည် ဟွိုင်အန်း စီရင်စုတွင်းမှ ဆေးဘုရင်တောင်ကြား၏ အသန်မာဆုံး တိုက်ပွဲဝင်ခွန်အား ရှိသူ ဖြစ်သည်။ တကုန်းဖုန့်သည် ဘယ်လို ဆေးဖော်စပ်ရမလဲ မသိသော်လည်း မည်သို့ လူသတ်ရမလဲတော့ သိလေသည်။
ထို့ကြောင့် သူသည် ဆေးဘုရင်တောင်ကြားအတွက် လူသတ်ခဲ့သည်။ ယခုအချိန်ထိ သူ့လက်တွင် စွန်းပေနေသော သွေးများက မယုံနိုင်လောက်သော အတိုင်းအတာအထိ ရောက်နေလေပြီ။
တစ်ချိန်က တစ်ညတည်းနှင့် ဂိုဏ်းခုနစ်ခု ဆက်တိုက် ဖျက်ဆီးခံခဲ့ရပြီး လူပေါင်း တစ်ထောင်ကျော် အသတ်ခံ ခဲ့ရသည်။ ထိုအရာအားလုံးကို သူတစ်ယောက်တည်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်လေသည်။
*တကုန်းဖုန့်က ဘယ်လောက် သန်မာတာလဲ*
*တစ်ခြားဂိုဏ်းချုပ်တွေ ပေါင်းလိုက်ရင်တောင် သူ့ပြိုင်ဘက် မဟုတ်ပါလား*
*ကြောက်စရာပဲ*
*ကြောက်စရာကောင်းလိုက်တာ*
ဂိုဏ်းချုပ်များ ဤနေရာ၌ ပေါ်လာခြင်းက သူတို့၏ ဆုံးရှုံးသွားရသော ပါရမီရှင် တပည့်များအတွက် လက်စားချေရန် ဖြစ်ကြောင်း လူတိုင်း သိလိုက်ကြသည်။
ထိုသူကို မြင်သောအခါ ယွင်ပမ်းရှီသည်လည်း အနည်းငယ် မျက်နှာပျက်သွားသည်။ သူ အခြားဂိုဏ်းချုပ်များကို တားဆီးနိုင်သော်လည်း ဆေးဘုရင်တောင်ကြားသည် နှစ်ထောင်ချီစွာ တည်ရှိခဲ့သော ဂိုဏ်းတစ်ခုဖြစ်ပြီး သူ့ကိုတောင်မှ အနည်းငယ်မျှသာ မျက်နှာသာ ပေးခဲ့သည်။
သို့သော် ယွင်ပမ်းရှီက ဘယ်သောအခါမှ လက်လျှော့မည် မဟုတ်ပါ။ သူ အေးစက်စွာ ပြန်ခနဲ့လိုက်သည်။
“ငါဆိုတဲ့ ယွမ်ပမ်းရှီက ဘာမှမဟုတ်ပင်မယ့် ကျေးဇူးတရား သိတတ်တယ်၊ ငါ တစ်နေ့ ဆရာတစ်ယောက် ဖြစ်လာပြီး အဖေတစ်ယောက်လည်း ဖြစ်လာမယ်ဆိုတာ သိပြီးသား၊ ငါ့ဆရာကို မင်း သတ်ချင်ရင်တော့ ငါလို လူအိုကြီးကို အရင်နင်းသွားမှပဲ ရမယ်”
လူတိုင်း အံ့ဩသွားကြသည်။ ယွမ်ပမ်းရှီက မနေ့မှတွေ့သော လူတစ်ယောက်အတွက် အသက်ကို စွန့်စားလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
ထိုအခါ တကုန်းဖုန့် မျက်နှာ မည်းမှောင်သွားသည်။ ယွမ်ပမ်းရှီ၏ ဩဇာလွှမ်းမိုးမှုက အလွန် ကြီးမားလှပြီး ဆေးဘုရင်တောင်ကြားတောင်မှ သူ့ကို တကယ် မသတ်ရဲပါ။
သို့သော် ယနေ့ လက်စားချေခြင်းအား မဖြစ်မနေ လုပ်ဆောင်မှ ဖြစ်မည်။ သို့မဟုတ်ပါက ဆေးဘုရင်တောင်ကြား၏ နာမည်ကျော်ကြားမှုကို ဖျက်ဆီးရာ ရောက်နေပေလိမ့်မည်။ ယဲ့ဖန် သေကိုသေမှ ရမည်။
ချက်ချင်းဆိုသလိုပင် တကုန်းဖုန့်က မချိုမချဉ် ပြုံးလိုက်သည်။
“ကောင်းပြီလေ စီနီယာက သူ့ကို ကာကွယ်ပေးချင်မှတော့ ကျုပ် ခင်ဗျားကို မျက်နှာသာ ပေးလိုက်မယ်”
“ဒါပေမဲ့ အဓိကက သူ ကျုပ်တို့ ဆေးဘုရင်တောင်ကြားက ခိုးသွားတဲ့ ဆေးဖော်စပ်နည်းကို ပြန်ပေးရမယ်”
*ဘာ*
လူတိုင်း ယဲ့ဖန်ကို မယုံသင်္ကာဖြင့် ကြည့်လာကြသည်။
*မနေ့က သူ သုံးခဲ့တဲ့ ဆေးဖော်စပ်နည်းက ဆေးဘုရင်တောင်ကြားက ခိုးလာတဲ့ဟာလား*
ယဲ့ဖန်တောင်မှ မျက်မှောင်ကြုတ်သွားမိသည်။ တစ်ခဏအတွင်း သူ သရော်ပြုံး ပြုံးလိုက်လေသည်။ ဆေးဘုရင် တောင်ကြားက လက်မလျှော့ချင်သေးပုံပေါ်ပြီး သူ၏ ဆေးဖော်စပ်နည်းကို လုယူချင်နေ၏။
လက်စားချေသည်ဆိုသော စကားက အပေါ်ယံ ဟန်ပြမျှသာ ဖြစ်ပြီး သူတို့၏ တကယ့် ရည်ရွယ်ချက်က ဆေးဖော်စပ်နည်း ဖြစ်ပေသည်။
လုယက်နေခြင်း ဖြစ်သော်လည်း တစ်ဖက်လူက ဖြောင့်မတ် မှန်ကန်သော အမူအရာဖြင့် ပြုမူပြောဆိုနေသည်။ ထိုအခိုက်တွင် တကုန်းဖုန့်၏ မျက်လုံးတွင် လောဘရိပ်များဖြင့် ပြည့်နှက်နေသည်။ ယဲ့ဖန်၏ ဆေးဖော်စပ်နည်းကို ရသည်နှင့် သူတို့၏ ဆေးဘုရင်တောင်ကြားက ပိုမို၍ ဂုဏ်သတင်း တောက်ပြောင်လာပေတော့မည်။
ထိုသို့ဖြစ်လာလျင် ဆေးဘုရင်တောင်ကြားက ဟွိုင်အန်း စီရင်စု၌သာမက ကျုံးကျိုး အင်ပါယာတစ်ခုလုံး၌ပါ ကျော်ကြား လာနိုင်၏။ ထို့ကြောင့် ဆေးဖော်စပ်နည်းကို သူတို့ အရယူရန် ဆုံးဖြတ်ထားလေသည်။
ယွမ်ပမ်းရှီသည် ဇဝေဇဝါ ဖြစ်နေခဲ့သော်လည်း ထိုစကားကို ကြားလိုက်သည်နှင့် တစ်ဖက်လူက အမှန်ကို အမှားဖြစ်အောင် လုပ်နေကြောင်း သိသွားပြီး ချက်ချင်း ကြိမ်းမောင်းလိုက်သည်။
“အဓိပ္ပာယ် မရှိလိုက်တာ၊ ငါ့ဆရာရဲ့ ဆေးဖော်စပ်နည်းက မင်းဆီက ခိုးလာတယ်လို့ ပြောတာလား၊ ဘယ်သူက သက်သေ ခံနိုင်လို့လဲ”
“ကျွန်တော် သက်သေခံနိုင်တယ်”
ထိုစဉ် လူအုပ်ကြားထဲမှ ဖြောင့်မတ်တည်ကြည်သော အမူအရာအဖြင့် လူငယ်တစ်ယောက် ထွက်လာ၏။ ထိုသူကား လီဟွမ်ရီပင်။ သူသည် ယဲ့ဖန်အား လက်ညှိုးထိုးပြီး ဝမ်းနည်း၍ မခံမရပ်နိုင် ဖြစ်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ဆေးဖော်စပ်နည်းကို အစက ကျူးဟောင်ရွှမ် ယူလာတာပါ၊ ဒါပေမဲ့ ဘယ်လိုဖြစ်သွားမှန်း မသိဘဲ ဒီသူခိုးရဲ့ ခိုးယူတာကို ခံလိုက်ရတာပါ၊ သူက အစ်ကိုကျူးရဲ့ ဆေးဖော်စပ်နည်းနဲ့ အစ်ကိုကျူးကို အနိုင်ယူတဲ့ အပြင်ကိုမှ သတ်ပါ သတ်လိုက်သေးတယ်၊ အရမ်း အရှက်မဲ့ပြီး ရွံဖို့ကောင်းတယ်ဗျာ”
“မနေ့ညက ဂိုဏ်းချုပ်တွေရဲ့ တပည့်တစ်ချို့က ဒါကို လုံးဝ သည်းမခံနိုင်တော့ဘူး၊ အဲ့ဒါကြောင့် အစ်ကိုကျူးအတွက် တရားမျှတမှု ရအောင် လုပ်ချင်သလို ဆေးဖော်စပ်နည်းကိုလည်း ပြန်တောင်းချင်ကြတယ်”
“မထင်မှတ်ဘဲနဲ့ အဲ့ကောင်က ဆေးနည်းကို ပြန်မပေးတဲ့အပြင် ဂိုဏ်းချုပ်တပည့်တွေ အားလုံးကို ရက်ရက်စက်စက် သတ်ပစ်လိုက်တယ်၊ ကျွန်တော်သာ အပြေးမမြန်ရင် ဒီလျှို့ဝှက်ချက်က တစ်သက်လုံး ပျောက်ကွယ် နေလောက်တယ်”
လီဟွမ်ရီ၏ လေသံက မာန်ပါ၍ စိတ်တိုဟန်များ ပါနေသည်။ ကြီးမားသော နာကြည်းချက်နှင့် နှိပ်စက် ညှဉ်းပန်းမှုဒဏ်တို့အား ခံစားနေရသကဲ့သို့ လေသံက အက်ကွဲကာ ပြာတာတာ ဖြစ်ချင်နေ၏။
ထိုဝမ်းနည်းဖွယ်ဖြစ်ရာက ပြန်တွေးမိတိုင်း ခံစားရသည်ဟု ထင်မှတ်မှားရသည်။ ချက်ချင်းဆိုသလိုပင် ဤနေရာရှိ လူတိုင်း ခံစားချက်များ ပြင်းထန်လာကြသည်။
“အရှက်မရှိလိုက်တာ၊ အရှက်မဲ့လွန်းတယ်”
“ဆေးဖော်စပ်နည်းကို ခိုးယုံနဲ့တင် မလုံလောက်လို့ လူတွေကိုပါ သတ်လိုက်သေးတယ်၊ ဒီလို လူ့အမှိုက်ကို လူတိုင်း ဝိုင်းအပြစ်ပေးသင့်တယ်”
“သူက ဒီလောက် ငယ်သေးတာကို ဘယ်လိုလုပ် ဆေးလုံး ဖော်စပ်နိုင်တာလဲလို့ ငါ တွေးနေခဲ့တာ၊ လတ်စသက်တော့ တခြားသူဆီက ခိုးထားတာကိုး”
လူတိုင်း ယဲ့ဖန်ကို အပြစ်တင်ကာ စော်ကား ပုတ်ခတ်လာကြသည်။ အထူးသဖြင့် ဆေးပညာရှင်များပင်။ သူတို့အားလုံးသည် အသက်ငယ်ငယ်လေးနှင့် ယဲ့ဖန်က သူတို့ထက် သာလွန်နေသဖြင့် မနာလိုဖြစ်ကာ မုန်းတီးခဲ့ ကြသည်။ ယခု အမှန်ကို သိလိုက်ရသောအခါ သူတို့သည် ထောင်ချောက်ထဲ ကျသွားပြီး သူတို့ခံစားချက်အတွက် တရားမျှတမှုကို ရှာဖွေလေတော့သည်။
ဤသည်ကိုမြင်သောအခါ လီဟွမ်ရီသည် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ထင်မှတ်ကာ မျက်လုံး၌ အန္တရာယ် ပေးလိုသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။
*မျိုးမစစ်ကောင် ဒီတစ်ကောင် မင်းမသေဘူးလို့ ငါ မယုံဘူးကွ*
ဆေးဘုရင်တောင်ကြားမှ ဦးဆောင်လာသည့် ဂိုဏ်းချုပ်များစွာအပြင် သူ၏ အမှားကို အမှန်ဖြစ်အောင် လုပ်လိုက်သည့် အကွက်ချမှုကိုပါ ပေါင်းလိုက်လျင် မည်သူက ယဲ့ဖန်ဘက်၌ နေရဲမည်နည်း။
ထိုစကားကို ကြားသောအခါ မနေ့က ယဲ့ဖန်နောက် လိုက်ပါလိုသည်ဟု ဆုံးဖြတ်ထားသော ပုဂ္ဂိုလ်ကြီးများ ရုတ်တရက် ချီတုံချတုံ ဖြစ်သွားကြသည်။ ယဲ့ဖန်၏ လှည့်စားခြင်း ခံလိုက်ရသည်ဟုပင် ထင်သွားကြပြီး မုန်းတီးဟန်များ ပေါ်လာလေသည်။
ယဲ့ဖန်၏ ဆေးဖော်စပ်နည်းက ခိုးယူထားတာ ဖြစ်နေလျင် ယဲ့ဖန်က မောက်မာ၍ အသုံးမကျသော လူ့အမှိုက်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။
“လူလိမ်ကောင်”ယွမ်ပမ်းရှီ အော်ဟစ်ကြုံးဝါးလိုက်မိသည်။ အခြားသူများ မသိလျင်တောင်မှ သူက ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။
သူသည် ကျုံးကျိုး အင်ပါယာ၏ ဆေးပညာရှင်ကြီး ဖြစ်သည်။ ယဲ့ဖန်၏ ဆေးဖော်စပ်နည်းက အလွန် တမူထူးခြားပြီး ဒဏ္ဍာရီလာ မဟုတ်သော ဆေးနည်းများက သူ၏ ဆေးဖော်စပ်နည်းကို မယှဉ်နိုင်ပါ။ အကယ်၍ ဆေးပညာရှင်က လုံလုံလောက်လောက် ကျွမ်းကျင်မနေလျင် ဆေးပစ္စည်း အခါတစ်ထောင် ပေးလျင်တောင်မှ အသုံးမဝင်နိုင်ချေ။
“အကြီးအကဲ ခင်ဗျား အခုထိ အစွဲအလမ်း ကြီးနေသေးတာလား၊ ဒီကောင်က ဘယ်လို ဆေးဖော်စပ်ရမလဲ ဆိုတာကိုတောင် မသိတာ၊ ခင်ဗျား သူလှည့်စားတာကို ခံနေရတာ”
တကုန်းဖုန့်က အေးတိအေးစက် ခနဲ့လိုက်သော်လည်း သူ့စိတ်ထဲတွင် ဝမ်းမသာဘဲ မနေနိုင် ဖြစ်နေ၏။ ယခု ယဲ့ဖန်ကို သူခိုးဟု အမည်တပ် စွပ်စွဲလိုက်နိုင်သဖြင့် ဆေးဘုရင်တောင်ကြားက ကျော်ကြားလာပေတော့မည်။
ဤနည်းများဖြင့် သူတို့သည် လုယက်သူများဟု အခေါ်မခံရတော့ဘဲ ယဲ့ဖန်ကို တန်းသတ်နိုင်ပေမည်။ သူတို့သည် ဆေးဖော်စပ်နည်းကို အရယူနိုင်ရုံသာမက ယဲ့ဖန်ကိုလည်း အပြတ်ရှင်းပစ်နိုင်လေပြီ။ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ကို ပစ်လိုက်ခြင်းပင်။
“အစွဲအလမ်း ကြီးတယ် ဟုတ်လား၊ မင်းတို့ကမှ အစွဲအလမ်း ကြီးတာ မဟုတ်ဘူးလား၊ ငါ့ဆရာကို စော်ကားတာက ငါ့ကို စော်ကားတာနဲ့ အတူတူပဲ၊ ငါ မင်းနဲ့ချမယ်ကွ”
ယွမ်ပမ်းရှီက ရုတ်တရက် ဒေါသူပုန် ထသွားပြီး သူတို့နဲ့ အပြင်းအထန် တိုက်ခိုက်ရန် ရှေ့သို့ ပြေးတက်ရန် ပြင်လေသည်။ သို့သော် ထိုသို့သောအချိန်၌ ယဲ့ဖန်က သူ့ကို ပြန်ဆွဲ၍ အေးစက်စက် ပြောလိုက်သည်။
“ဒီဆရာ မသေသေးတာကို တပည့်က သူရဲကောင်း ဝင်လုပ်ဖို့ လိုလို့လား”
“ဒါပေမဲ့”
ယဲ့ဖန်က သူ့ကို လျစ်လျူရှုကာ ရှေ့တိုး၍ လူတိုင်းကို ဝေ့ကြည့်လိုက်သည်။ သူ့ခြေလှမ်းက ဂိုဏ်းချုပ်များ၏ ဒေါသကို တိုးလာစေပြီး ယဲ့ဖန်အား အရူးအမူး သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာကြသည်။
“ဆေးဖော်စပ်နည်းကို ပြန်ပေး၊ မင်းလက်၊ မင်းခြေကို ကိုယ်တိုင် ဖြတ်မယ်ဆိုရင် ငါ မင်းကို ခွေးတစ်ကောင်လို အသက် ချမ်းသာပေးကောင်း ပေးနိုင်တယ်”
တကုန်းဖုန့်က ယဲ့ဖန်အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ အထင်သေးစွာ ကြည့်နေ၏။
“ပြောလို့ပြီးပြီလား”
ယဲ့ဖန်က အေးတိအေးစက် အမူအရာဖြင့် ပြန်မေးလိုက်ပြီးနောက် သူ့မျက်လုံးတွင် အေးစက်သော အရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
“ဒါဆိုလည်း သေလိုက်တော့”