အခန်း ၁၁၈၂
Vol. 79 Ch. 1182
Chapter 1182 ငါတို့ကို သတ်မယ်ပေါ့လေ
*ဘာ*
လူတိုင်း တစ်ခဏမျှ အံ့ဩသွားပြီးနောက် ဟားတိုက်ရယ်မောလေသည်။
*ဒီလို အခြေအနေမျိုးမှာတောင် ယဲ့ဖန်က သူတို့ကို သေဖို့ ပြောတာလား*
*ယဲ့ဖန် ရူးများနေသလား*
*သူတစ်ယောက်တည်းနဲ့ ကျင်းကျန်းတစ်မြို့လုံးရဲ့ အင်အားကို ယှဉ်နိုင်မယ် ထင်နေတာလား*
*ဒါမှမဟုတ် ယွမ်ပမ်းရှီ ရှိနေလို့လား*
*ဟာသပဲ*
“ဒီတော့ မင်းက ငြင်းမယ်ပေါ့လေ”
တကုန်းဖုန့်က အေးစက်စွာ ပြန်ခနဲ့လိုက်ပြီး ယဲ့ဖန်အား အထင်သေးစွာ ကြည့်လေသည်။
*မင်း ငြင်းရဲမှတော့ သေရမှာပေါ့ကွာ*
“တကုန်းဖုန့် ဘာလို့ သူ့ကို အရေးမပါတာတွေ သွားပြောနေတာလဲ၊ သူ့လိုကောင်မျိုးက မိုးကောင်းကင် ဘယ်လောက် ကြီးမြတ်တယ်ဆိုတာကို မသိတဲ့ လူစားမျိုး၊ သူ့ခြေလက်တွေကို တန်းဖြတ်လိုက်ပါ၊ နောက်မှ အေးဆေး စာရင်းရှင်းတာပေါ့”
ရဲ့ထျန်းရှင်းက မချိပြုံး ပြုံးနေသည်။
“အချိန်ကျလာရင် ကျုပ် သူ့ကို အပိုင်း တစ်ရာ့ရှစ်ဆယ်တိတိ ခုတ်ပိုင်းပစ်မှာ၊ သူ ဆေးဖော်စပ်နည်းကို ကျိုးကျိုးနွံနွံ မပေးဘဲ နေမယ်လို့ ကျုပ် မထင်ဘူး”
“အပိုင်း တစ်ရာ့ရှစ်ဆယ်တိတိ ခုတ်ပိုင်းမယ်ဟုတ်လား၊ ကောင်းတယ်၊ သိပ်ကောင်းတယ်”
ယဲ့ဖန်က ဒေါသဖြင့် ရယ်မောလိုက်သည်။ ဤသည်က သူ့အား ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သတ်မှတ်နေခြင်း မဟုတ်ပါလော။ သူ ဘယ်လိုလုပ် တစ်ခြားသူ စိတ်တိုင်းကျ လှောင်ပြောင် စော်ကားခြင်း ခံရပါမည်နည်။
“ဒါဆိုလည်း အပိုင်း တစ်ရာ့ရှစ်ဆယ်တိတိ ခုတ်ပေးရတာပေါ့”
ယဲ့ဖန်၏ မျက်နှာထား မည်းမှောင်နေပြီးနောက် ရုတ်တရက် လက်ကို မြှောက်လိုက်သည်။ ထိုအခါ မြေကြီးပေါ်သို့ မိုးကြိုး ပစ်ချလာသကဲ့သို့ ဖြစ်လာပြီး လေပြင်း တိုက်ခတ်လာသည်။ ထိုလေပြင်းက ဓားတစ်လက်ကဲ့သို့ ထက်ရှလှသည်။
ယဲ့ဖန်က ရဲ့ထျန်းရှင်းကို ပြင်းထန်စွာ တိုက်ခိုက်လာ၏။
“ဘယ်လို …”
ရုတ်ချည်းဆိုသလိုပင် ရဲ့ထျန်းရှင်း၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။ သူ ခုခံချင်ပါသော်လည်း လုံးဝ ထိန်းချုပ်မရနိုင်ကြောင်း တွေ့လိုက်ရသည်။
ထိုစဉ် သူ အလန့်တကြား ဖြစ်နေစဉ်မှာပင် လေပြင်းက သူ့ထံသို့ တိုက်ခတ်လာသဖြင့် ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာ၏။
ရုတ်တရက် သူ့ကိုယ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး ထိုအက်ကွဲကြောင်းများက ဆက်လက် ကြီးမားလာပြီးနောက် တစ်စစီ ပြတ်ထွက်သွားသည်။ ချက်ချင်းဆိုသလို အသားတုံးများ အဖြစ်သို့ ပြောင်းသွား လေသည်။
အားလုံး မြေကြီးပေါ် ကြည့်လိုက်သောအခါ အလောင်းက တကယ်ပင် အပိုင်း တစ်ရာ့ရှစ်ဆယ်တိတိ ပိုင်းနေပြီး တစ်ခု ပိုလည်းမပိုသလို လိုလည်း မလိုချေ။
*တကယ်ကို အပိုင်း တစ်ရာ့ရှစ်ဆယ်ပါလား*
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
အခြားသူများ အားလုံး ပွက်လောရိုက်သွားပြီး ယဲ့ဖန်အား မယုံနိုင်ဟန်ဖြင့် ကြည့်နေကြသည်။ ထိုနည်းလမ်းက ထူးဆန်းလွန်းလှသည်။ လူတိုင်း ယဲ့ဖန်ကို မယုံသင်္ကာဖြင့် ဆက်ကြည့်နေလေသည်။
*ဒီကောင်က တကယ် ရဲ့ထျန်းရှင်းကို သတ်ပစ်လိုက်တာလား*
*တကယ်ကို နတ်ဆိုးလိုပဲ*
*ရဲ့ထျန်းရှင်းက ယဲ့ဖန်ကို အပိုင်း တစ်ရာ့ရှစ်ဆယ်တိတိ ခုတ်ပိုင်းပစ်မယ်လို့ ပြောခဲ့တာလေ၊ ဒါပေမဲ့ ယဲ့ဖန်ကပဲ သူ့ကို အပိုင်း တစ်ရာ့ရှစ်ဆယ်တိတိ ခုတ်သွားတာလား*
*ပြီးတော့ အဲ့ဒါကလည်း တစ်ချက်တည်းနဲ့*
*ဒါက ဂိုဏ်းချုပ်တစ်ယောက်ကို၊ ယဲ့ဖန် ဘယ်လိုလုပ်လိုက်တာလဲ*
*ဂိုဏ်းချုပ်တိုင်း ဒီနေ့လို အခြေအနေမျိုး ရလာဖို့ အနည်းဆုံး နှစ်တစ်ရာလောက် ကျင့်ကြံခဲ့ရတာ*
*အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ယောက်ပုံပေါ်နေတဲ့ ယဲ့ဖန်က ဘယ်လိုလုပ် ဒီလို နည်းလမ်းမျိုး တတ်နေ ရတာလဲ*
တစ်ခဏအတွင်း ရယ်သံများ တိခနဲ ရပ်တန့်သွားသည်။ အားလုံး ပြောစရာစကား မရှိအောင် ဆွံ့နေကြသည်။ ယခင်က ယဲ့ဖန်တစ်ယောက် စကားကြီး စကားကျယ်များ ပြောနေသည်ဟု သူတို့ ထင်ခဲ့မိသော်လည်း ယဲ့ဖန်က သူ၏ လုပ်ရပ်ဖြင့် သူတို့ကို ပေါ်တင် အရှက်ကွဲအောင် လုပ်နေ၏။
“ကောင်းတယ် သိပ်ကောင်းတယ်၊ ဟေ့ကောင် မင်းက ငါတို့ရန်သူ ဖြစ်ဖို့ ဆုံးဖြတ်ပြီးပြီလား”
တကုန်းဖုန့် အလွန်အမင်း ဒေါသူပုန် ထနေသည်။
*ယဲ့ဖန်က ငါ့ရှေ့တည့်တည့်မှာ လူသတ်ရဲနေပါလား*
*ဆေးဘုရင်တောင်ကြားက တိကုန်းဖုန့်ဆိုတဲ့ ငါ့ကို မျက်လုံးထဲတောင် မထည့်ဘူးဆိုတဲ့ သဘောပေါ့လေ*
“ငါ မင်းရဲ့ရန်သူ မဖြစ်ချင်ဘူး၊ ငါက မင်းတို့အားလုံးကို သေတဲ့အထိ နင်းချေချင်တာ”
ယဲ့ဖန်က ထီမထင်သော အကြည့်များဖြင့် သူ့အား အထင်မြင်သေးစွာ ကြည့်လိုက်သည်။
“တယ်မောက်မာတဲ့ကောင်ပါလား၊ မင်းကများ သူများ ပစ္စည်းကိုခိုးပြီး သူများ တပည့်ကို သတ်ပြီးတာတောင် ဒီလို မောက်မာရဲတယ်ပေါ့လေ၊ ဂိုဏ်းချုပ်တို့ ဒီကောင့်ကို သတ်ရအောင်”
ဓားနတ်ဘုရားက ဖြောင့်မတ်တည်ကြည်သော အမူအရာဖြင့် ချက်ချင်း အပြစ်ပေးလိုဟန်နှင့် ပြောလာသည်။ ဂိုဏ်းချုပ်များအားလုံးက ယဲ့ဖန်ကို မကောင်းသော အမူအရာများနှင့် ကြည့်လာကြသည်။
“ထပ်ပြီး လှည့်စားချင်နေသေးတာလား၊ ဒါ နာမည်ကြီးပါတယ်ဆိုတဲ့ ခင်ဗျားတို့ရဲ့ ဖြောင့်မတ် တည်ကြည်မှုလား”
ယဲ့ဖန်က လှောင်ရယ်လိုက်လေသည်။
“မင်းလို စက်ဆုပ်စရာကောင်းတဲ့ လူဆိုးကောင်အတွက် ဘာလို့ တရားမျှတမှု လိုရမှာလဲ”
လောင်ကျန်းရှန့်က အေးစက်စက် ပြန်ခနဲ့လိုက်ပြီး သူ့မျက်နှာ၌ နည်းနည်းလေးမှ ရှက်ရွံ့စိတ် ပေါ်မနေချေ။ တကယ်တမ်းတွင် သူ ယဲ့ဖန်ကို အမှန်တကယ် ကြောက်နေ၏။ ရဲ့ထျန်းရှင်းကို ချက်ချင်း သတ်လိုက်နိုင်သည့် ယဲ့ဖန်၏ အရည်အချင်းက သူ၏ခွန်အားကို သက်သေပြရန် လုံလောက်နေလေသည်။
ယဲ့ဖန်ကို တစ်ယောက်တည်း တိုက်ခိုက်ခြင်းက သေဆုံးနိုင်ချေများပြီး သူ့၌ ထိုသို့ သတ္တိမရှိပေ။ သို့သော် သူသည် ဆေးဖော်စပ်နည်းကို လက်လျှော့ရန် ဝန်လေးနေမိသည်။ အဘယ်ကြောင့်ဆိုသော် တကုန်းဖုန့်က ယဲ့ဖန်ကို သတ်ပြီးလျင် ဆေးဖော်စပ်နည်းကို သူတို့အချင်းချင်း ညီတူမျှတူ ခွဲဝေကြမည်ဟု ပြောထားသောကြောင့်ပင်။
ထို့ကြောင့် အန္တရာယ်အကင်းဆုံး နည်းလမ်းက ယဲ့ဖန်ကို အတူတူ တိုက်ခိုက်ခြင်းပင်။ သတ်မည့် နည်းလမ်းက ဖြောင့်မတ်သော နည်းလမ်းဖြစ်စေ၊ ဆိုးယုတ်သော နည်းလမ်းဖြစ်စေ သူ ဂရုမစိုက်ပါ။ သူတို့ ဆေးဖော်စပ်နည်းကို ရနိုင်လျင် လုံလောက်လေပြီ။
“အင်း ဘာပဲဖြစ်ဖြစ် ငါ့အတွက်ကတော့ ပုရွက်ဆိတ်တွေ အတူတူ တက်လာရင် ပိုနင်းချေလိုက်ရုံပဲ ရှိတာပဲ”
ယဲ့ဖန်က အေးတိအေးစက် ပြုံးနေပြီး ယခုထိ အထက်စီးဆန်နေဆဲပင်။ ထိုအခါ ကြောက်စရာကောင်းသည့် လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသည်။ ဂိုဏ်းချုပ်များအားလုံးက ယဲ့ဖန်ကို သတ်ချင်နေ ကြလေသည်။ ထိုသူများထဲတွင် ဟွာချင်ဂိုဏ်း၏ ဂိုဏ်းချုပ်တောင်မှ ပါနေသေး၏။
“လီဟယ် မင်း ဘာလုပ်တာလဲ”
ယွမ်ပမ်းရှီ ချက်ချင်း ဒေါသထွက်သွားပြီး လီဟယ်အား မယုံနိုင်ဟန်ဖြင့် ကြည့်နေမိသည်။ သူ့မိတ်ဆွေက ယခုတစ်ခေါက် ပြဿနာထဲ ပါနေလိမ့်မည်ဟု သူ ထင်မထားမိချေ။ လီဟယ်က စဉ်းလဲသော အပြုံးမျိုး ပြုံးလာသည်။
“မင်း အပြစ်တင်ချင်ရင် ဘာလုပ်တာက အားလုံးအတွက် ကောင်းလဲ မသိတဲ့ အဲ့ကောင်ကိုပဲ အပြစ်တင်လိုက်၊ ငါ သူနဲ့ မိတ်ဆွေဖြစ်တဲ့အထိ သက်ညှာခဲ့ပင်မယ့် သူက ငါ့ကို ထပ်ခါထပ်ခါ အရှက်ခွဲခဲ့တယ်လေ”
“ဆေးဘုရင်တောင်ကြားနောက် လိုက်တာက သူ့နောက် လိုက်တာထက် ပိုကောင်းသေးတယ်၊ အနည်းဆုံး ငါ ဆေးဖော်စပ်နည်း ရနိုင်တယ်လေ”
“မင်း … မင်း အရှက်မဲ့လိုက်တာ”
ယွမ်ပမ်းရှီ အလွန် ဒေါသထွက်သွားပြီး လီဟယ်၏ ခန္ဓာကိုယ်အား ဆွဲစုတ်ချင်နေ၏။ ဤသို့ ဖြစ်လာမည်ကို သူ ကြိုသိခဲ့ပါက မနေ့က လီဟယ်၏ အသက်ကို ဝင်ကယ်ပေးမိမည် မဟုတ်ပါ။ ထိုသို့ဆိုလျင် သူ ဤသို့ လက်စား ချေနိုင်မည် မဟုတ်ပေ။
*အရှက်မရှိလိုက်တာ*
*ငါ ဒီလို အမှိုက်မျိုးနဲ့ မိတ်ဆွေဖြစ်ခဲ့တယ်ဆိုတော့ ကန်းနေခဲ့တာပဲ*
“မင်း ကြိုက်သလိုသာ ပြောတော့”
လီဟယ်က အထင်သေးစွာ ပြုံးနေပြီး လုံးဝ အရေးမစိုက်ချေ။
“ဒီကောင်က ဆေးဘုရင်တောင်ကြားဆီကနေ ဆေးဖော်စပ်နည်း ခိုးခဲ့တာ၊ အဲ့တော့ သူ ဒီလိုမျိုး အဆုံးသတ်ဖို့ ထိုက်တန်တယ်”
“စီနီယာ ခင်ဗျား အစွဲအလမ်းကြီးတာကို ရပ်လိုက်ဖို့ ကျုပ် အကြံပေးချင်တယ်”
“ငါ မင်းကို သတ်မယ်ကွ”
ယွမ်ပမ်းရှီ ဒေါသထွက်လွန်းသဖြင့် သွေးအန်လုနီးပါး ဖြစ်နေသည်။
*ဘာကို မိတ်ဆွေကောင်း*
*ဘာကို နာမည်ကြီးတဲ့လူတွေလဲ*
*ဆေးဖော်စပ်နည်းအတွက်နဲ့ မျက်နှာလွှဲ ခဲပစ်ပြီး အသက်နှစ်ဆယ်ဝန်းကျင် လူငယ်လေးကို ဝိုင်းထားဖို့ ဝန်မလေးတဲ့ကောင်တွေ*
*သူ့ကို အရှက်ခွဲဖို့အတွက် တတ်နိုင်သမျှ နည်းလမ်းတွေနဲ့ မကောင်းတာတွေ လုပ်နေတယ်*
*ဒီလိုသာ ဖြစ်နေရင် ယဲ့ဖန် သေသွားခဲ့ရင်တောင်မှ ဒီအဖြစ်က နှစ်ထောင်ချီပြီး ဒဏ္ဍာရီအဖြစ် ကျန်နေတော့မှာ*
*ယဲ့ဖန်ရဲ့ အုတ်ဂူနား ဖြတ်သွားတိုင်း သူတို့က ရွံသလို တံတွေးထွေးတော့မှာပဲ*
*ရက်စက်လွန်းတဲ့ကောင်တွေ*
*တွေးကြည့်ရုံနဲ့တင် ရက်စက်လွန်းတယ်*
“ဒီလိုအမှိုက်အတွက်နဲ့ ဘာလို့ ဒေါသထွက်နေတာလဲ၊ မကြာခင် သူ သေမှာပဲကို”
ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။ ယွမ်ပမ်းရှီ သူ့အသက်အရွယ်နှင့် အလွန် ဒေါသထွက်နေသည်ကို စိုးရိမ်နေ၏။
“အမှိုက် ဟုတ်လား”
လီဟယ် ချက်ချင်း ဒေါသထွက်သွားသည်။ မနေ့က ယဲ့ဖန်က သူ့ကို အလေးအနက် မထားခဲ့ပေ။ ယခုလည်း သူ့ကို စော်ကားရဲနေသေး၏။
“အားလုံးပဲ ခဏနေ ခင်ဗျားတို့ ဆေးဖော်စပ်နည်းအကြောင်း မေးပြီးရင် သူ့ကို မသတ်ရဘူး၊ ကျုပ်လက်ကို အပ်လိုက်”
လီဟယ်၏ မျက်လုံးများတွင် ရက်စက်ခက်ထန်မှုများနှင့် ပြည့်နှက်နေသည်။
“သူ့အသက်ကို ကျုပ် သန်းတစ်ရာနဲ့ ဝယ်မယ်”
သူ ယဲ့ဖန်ကို မသေမချင်း နှိပ်စက်ချင်နေ၏။ ဟွာချင်ဂိုဏ်းကို စော်ကားခဲ့သည့် ရလဒ်အား ခံစားစေလိုသည်။ သူ့အား စော်ကားလျင် မည်သို့ဖြစ်မလဲ သိစေချင်နေသည်။
“ပြဿနာ မရှိဘူး၊ ဒီကောင့် ခြေလက်တွေကို ကျုပ် ဖြတ်ပြီးရင် သူက မင်းအပိုင်ပဲ”
ဂိုဏ်းချုပ်တစ်ယောက်က အပြုံးဖြင့် ပြောလာသည်။
“အစက ကျုပ် သူ့ကို ဂိုဏ်းဆီခေါ်သွားပြီး ဖြည်းဖြည်းချင်း နှိပ်စက်ချင်နေတာ၊ ဒါပေမဲ့ ခင်ဗျားက သူ့ကို လိုချင်နေမှတော့ ကျုပ် ပေးရမှာပေါ့၊ ဟားဟား”
ဟုန်ထျန်းကလည်း ရယ်မောနေပြီး ယဲ့ဖန်အား ကုန်းပေါ်မှ ငါးသဖွယ် သတ်မှတ်ထား၏။
“ဘိုးဘိုး ရပ်လိုက်ပါ”
သို့သော် ထိုအခိုက်တွင် လူတစ်ယောက်က ဒယိမ်းဒယိုင်ဖြင့် ပြေးလာပြီး အဘိုးအိုတစ်ယောက်၏ လက်မောင်းကို လာဆွဲလေသည်။ ထိုသူသည် ရူးမတတ် ဖြစ်နေပြီး မျက်ရည်များက အဆက်မပြတ် စီးကျနေလေသည်။
“ယောင်အာပါလား မင်း ဘာဖြစ်နေတာလဲ”
ထိုအဘိုးအိုက ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည်။ ပြေးလာသောသူမှာ စွန်းယောင်ပင်။
“ဘိုးဘိုး သူ့ကို သတ်လို့ မဖြစ်ဘူး၊ ဘိုးဘိုး သူ့ကို အာခံလို့ မရဘူး”
စွန်းယောင်က မျက်ရည်လည်ရွဲဖြင့် အော်ဟစ် တားမြစ်လေသည်။
“ဘာလို့လဲဆိုတော့ သူက ဘိုးဘိုးတို့ကို သတ်လိမ့်မယ်”