← Chapters

အခန်း ၁၁၈၄

Vol. 79 Ch. 1184

အခန်း ၁၁၈၄

Vol. 79 Ch. 1184

Chapter 1184 နတ်ဆိုးနည်းလမ်းများ

“မင်းကို ကုန်းပေါ်က ငါးလို သတ်မှတ်တော့ ဘာဖြစ်လဲ၊ ငါတို့က မင်းကို ကြက်သတ်သလို၊ ခွေးသတ်သလိုကို သတ်မှာကွ”

ဟုန်ထျန်းက အားရပါးရ ရယ်မော၍ ရုတ်တရက် ယဲ့ဖန်၏ အနောက်သို့ ပြေးဝင်သွားပြီး လက်သီးကိုဆုပ်ကာ ယဲ့ဖန်၏ ကျောပြင်ကို ထိုးချလိုက်သည်။ သူ့မျက်လုံး၌ ခက်ထန်မှုများဖြင့် ပြည့်နှက်နေပြီး ရူးသွပ်သော အပြုံးမျိုး ပြုံးနေလေသည်။

“မျိုးမစစ်လေး သေလိုက်တော့”

ဤသည်ကိုမြင်ပြီး လူတိုင်း အပျော်လွန်သွားကြသည်။ ဟုန်ထျန်းသည် အနီးကပ် တိုက်ခိုက်ခြင်း၌ ထူးချွန်သည်ဟု နာမည်ကြီးလေသည်။ သူ အနီးကပ် တိုက်ခိုက်လာပါက ဈာန်ဝင်စားခြင်းအဆင့် အထက်မှ နဂါးအသွင် ပြောင်းခြင်း အဆင့်သို့ ရောက်နေသူလျင်ပင် အန္တရာယ်များနိုင်သည်။

*ဒီကောင်က ဘယ်လို ရှောင်ရမလဲတောင် မသိတဲ့ ငတုံးပဲ*

*ဒီတစ်ခေါက်တော့ သူ သေမှာ သေချာတယ်*

ထိုအခိုက်တွင် ယဲ့ဖန်က ဟုန်ထျန်းကို မမြင်သကဲ့သို့ လှုပ်ကိုမလှုပ်ချေ။

“ဟားဟားဟား … ဒီမျိုးမစစ်ကောင် ကြောက်နေတာများလား”

လောင်ကျန်းရှန်သည် အနောက်မှ အပြေးလိုက်လာပြီးနောက် ဤသည်ကိုမြင်ပြီး ဟားတိုက် ရယ်မောလေသည်။ လူတိုင်း အထင်သေးသလို ကြည့်နေကြသည်။

*သူက အကြောက်လွန်ပြီး တုံ့ပြန်ဖို့ပါ မေ့နေတာပဲ၊ ဒီကောင်က အဲ့သလောက်လည်း မသန်မာဘူးထင်တယ်*

*တစ်ယောက်ချင်းဆီ တိုက်ခိုက်ရင် နိုင်ကောင်း နိုင်နိုင်ပင်မယ့် ပူးပေါင်း တိုက်ခိုက်လာရင်တော့ သူ ဘယ်လောက် သန်မာသန်မာ ကူကယ်ရာမဲ့ ဖြစ်နေမှာပဲ*

ဂိုဏ်းချုပ်များ၏ ပြင်းထန်သော အရှိန်အဝါက စုစည်းထွက်ပေါ်လာပြီး ယဲ့ဖန်ထံသို့ အရှိန်ဖြင့် တိုးဝင်လာ သောကြောင့် လောကအဆုံးသတ်တော့မတတ်သော မရဏ အငွေ့အသက်များ ဖြစ်ပေါ်လာရသည်။

ဟုန်ထျန်း၏ လက်သီးက လေကို ခွင်းလာသည်။ ယင်းလက်သီး၌ ယန်စွမ်းအင်များ များပြားစွာ ပါဝင်နေပြီး သတ်ဖြတ်လိုသော အားအင်များ ပြည့်နှက်နေ၏။

*လက်သီးတစ်ချက်တည်းနဲ့ ပွဲသိမ်းပြီပဲ*

လူတိုင်းက ယဲ့ဖန် အသားပြားကဲ့သို့ ထိုးကြိတ်ခံလိုက်ရပြီဟု မြင်ယောင်နေကြပြီး အကြင်နာကင်းမဲ့သော အပြုံးမျိုး ပြုံးနေကြလေသည်။

“သေလိုက်တော့ ပုရွက်ဆိတ်ကောင်”

သို့သော် သူ့လက်သီးက ယဲ့ဖန်၏ ဦးခေါင်းနှင့် ထိတော့မည့်အချိန်၌ ယဲ့ဖန် လှုပ်ရှားလာသည်။ သူ၏ လှုပ်ရှားမှုက ညင်သာလှသည်။ နှောင့်ယှက်နေသော ယင်ကောင်ကို ရိုက်ထုတ်သကဲ့သို့ ဟုန်ထျန်းအား လက်ဝါးဖြင့် ပြန်ရိုက်လာသည်။

“ဘန်း”

အသံကျယ်တစ်ခု ထွက်ပေါ်လာပြီး ဟုန်ထျန်း၏ ခန္ဓာကိုယ်က ကြိုးပြတ်သွားသော စွန်ကဲ့သို့ လွင့်ထွက် သွားလေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွား၏။ လူတိုင်း၏ လှောင်ပြုံးများ အေးခဲသွားပြီး ကြောက်ရွံ့ဟန်များ စွန်းထင်းလာသည်။

“ကျွီ…”

ပြေးတက်လာနေသော လောင်ကျန်းရှန် အပါအဝင် ဂိုဏ်းချုပ်များအားလုံး လှုပ်ရှားမှုကို ရပ်တန့်လိုက်မိပြီး တစ်စက်ကလေးမျှ မလှုပ်ရဲတော့ချေ။

ဂိုဏ်းချုပ်များအားလုံးသည် ဤသို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးပုံပေါ်ပြီး ကြက်သေ သေကာ နားဝေတိမ်တောင် ဖြစ်နေကြလေသည်။ သူတို့ တစ်ဒင်္ဂမျှ ကြောက်လန့်သွားပြီး လှုပ်ရှားရန် မေ့နေကြသည်။

လူတိုင်း မှင်တက်နေပြီး စိတ်ထဲ၌ “သောက်ကျိုးနည်း ဘာဖြစ်သွားတာလဲ” ဟုပင် ကျိန်ဆဲမိနေ၏။

*ဒါ ကျင်းကျန်းမြို့မှာ အသန်မာဆုံး ခန္ဓာကိုယ် ရှိတယ်လို့ နာမည်ကြီးတဲ့ ဟုန်ထျန်းလေ*

*အနီးကပ် တိုက်ခိုက်ရေး ကျွမ်းကျင်တဲ့သူက ယဲ့ဖန် တစ်ချက် ရိုက်လိုက်ရုံနဲ့ လွင့်ထွက်သွားရလား*

*ငါတို့ အိပ်မက် မက်နေတာ မဟုတ်ဘူးမလား*

*ဒါမှမဟုတ် ငါတို့ အမြင်မှားနေတာလား*

ဟုန်ထျန်းကို ထပ်ကြည့်လိုက်ကြသည်။ ထိုအခါ သူ့ကိုယ်၌ ဒဏ်ရာများက ပင့်ကူမျှင်ကဲ့သို့ ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

*လူတစ်ကိုယ်လုံး ကြွေထည်လို အက်နေပါလား*

*ဒါ အသန်မာဆုံး ခန္ဓာကိုယ်ပိုင်ရှင် ဟုတ်ရဲ့လား*

သူတို့၏ အမြင်တွင် ယဲ့ဖန်၏ လက်ဝါးချက်က လုံးဝ အသုံးမဝင်ပေ။

*မဟုတ်သေးပါဘူး*

*ဒါ လုံးဝ မိစ္ဆာကျင့်စဉ်လိုပဲ*

ဟုန်ထျန်း သွေးအန်နေပြီး သူ့မျက်နှာတစ်ခုလုံး ပြာနှမ်းနေလေသည်။ သူ၏ တိုက်ပွဲဝင်ခွန်အားကို လုံးဝ ဆုံးရှုံး လိုက်ရလေပြီ။ ပြင်းထန်သော ဒဏ်ရာကြောင့် သေလုမျောပါး ဖြစ်နေ၏။

ကျင်းကျန်းမြို့၌ အသန်မာဆုံး ခန္ဓာကိုယ်ပိုင်ရှင်ဟု ကျော်ကြားသော ဟုန်ထျန်းသည် တိုက်ပွဲဝင်ခွန်အားပါ ဆုံးရှုံးလိုက်ရလေသည်။ သူ ထိုသို့ဖြစ်သွားစေရန် ပြိုင်ဘက်က အစမှအဆုံးတိုင် လက်ဝါးဖြင့် တစ်ချက်မျှသာ ရိုက်လိုက်ရသည်။

*ဒါ အားမပါတဲ့ ရိုက်ချက်မှ ဟုတ်ရဲ့လား*

*တကယ့်ကို မယုံနိုင်စရာပဲ*

လူတိုင်း တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားပြီး ဆံပင်မွေးများ ထောင်လာရသည်။

*ဒီကောင် ဂိုဏ်းချုပ်တစ်ယောက်ကို ထပ်သတ်လိုက်ပြန်ပြီလား၊ မဖြစ်နိုင်လိုက်တာ*

*တစ်ယောက်ကို လက်ညှိုးလေး ထိုးပြီး ပေါက်ကွဲအောင် သတ်လိုက်တယ်၊ နောက်တစ်ယောက်ကိုလည်း အသာလေး ရိုက်သတ်လိုက်တယ်၊ ဒါ ဘယ်လိုမိစ္ဆာကောင်မျိုးလဲ*

ခပ်ဝေးဝေး၌ စွန်းကျန်းရှဲတစ်ယောက် စိတ်အေးသလို သက်ပြင်းချလိုက်မိသည်။ ထို့နောက် မချိပြုံးပြုံး၍ စွန်းယောင်ကို ပြန်ပြောလိုက်သည်။

“ဒီတစ်ခါတော့ မင်းကို ကျေးဇူးတင်ရမယ်”

လက်ရှိတွင် ယဲ့ဖန်က ယဲ့ဘုရင်ဖြစ်နိုင်ကြောင်း သူ တစ်ရာရာခိုင်နှုန်း ယုံကြည်နေ၏။ အကယ်၍ ယခု သူပါ တိုက်ခိုက်ပါက သေသွားမည့်သူက သူ ဖြစ်နိုင်သည်။

“ဆရာ …”

ယွမ်ပမ်းရှီ မအံ့ဩဘဲ မနေနိုင်တော့ချေ။ သူ၏ ဆရာဖြစ်သူက ဆေးပညာ၌ ထူးချွန်ရုံသာမက သိုင်းပညာ၌လည်း ကြောက်စရာ ကောင်းနေလိမ့်မည်ဟု သူ ထင်မထားမိပါ။

*နတ်ဆိုး*

*တကယ့်ကို နတ်ဆိုးပဲ*

“တက်ကြလေ၊ ခင်ဗျားတို့ တစ်ယောက်ပြီး တစ်ယောက် မသေစေချင်ရင် အတူတူ တက်ကြပါလား”

ထိုစဉ် လူအုပ်ထဲမှ လီဟွမ်ရီ၏ ဒေါသထွက်နေသော အသံ ထွက်ပေါ်လာ၏။ သူ့အား သေချာကြည့်မည်ဆိုလျင် သူ့ခန္ဓာကိုယ်က အအေးမိနေသကဲ့သို့ မသိမသာ တုန်ယင်နေသည်ကို မြင်ရပေလိမ့်မည်။ သူ ကြောက်လန့်နေ၏။ သူ အမှန်တကယ် ကြောက်လန့်နေပေသည်။

*ဒီနေ့မြင်ကွင်းက မနေ့ကနဲ့ ဘယ်လိုတောင် သွားတူနေတာလဲ*

*အဲ့ပါရမီရှင်တွေအားလုံး ယဲ့ဖန် လက်ညှိုးထိုးတာကို ခံလိုက်ရသလို ဒီဂိုဏ်းချုပ်တွေကလည်း အတူတူ ပါပဲလား*

*ဒီဂိုဏ်းချုပ်တွေသာ ယဲ့ဖန်ကို မတားနိုင်ရင် ငါလည်း သေရမှာပဲ*

ထိုအခါ လောင်ကျန်းရှန်နှင့် အခြားသူများ ချက်ချင်း သတိဝင်လာပြီး ပြိုင်တူ ပြေးတက်လာလေသည်။ အရှိန်နှင့် ချိန်ကိုက်မှုက တစ်ထပ်တည်းပင်။

သို့သော် သူတို့သည် ယခင်ကဲ့သို့ အလေးအနက် မထားသော အပြုံးများ ရှိမနေတော့ဘဲ လေးနက်တည်ကြည် နေကြသည်။ ပူးပေါင်း တိုက်ခိုက်မှဖြစ်မည်။ သို့မဟုတ်ပါက သူတို့ သေချာပေါက် ရှုံးနိုင်သည်။

လောင်ကျန်းရှန်နှင့် ဂိုဏ်းချုပ်တစ်ယောက်က ဘယ်နှင့်ညာမှ တက်လာသည် သူ၏ မြွေသဖွယ် ပျော့ပျောင်းသော ဓားပျော့က အေးစက်သော အလင်းတန်းနှင့်အတူ လည်မျိုကို ထိုးဖောက်မတတ် ကျရောက်လာသည်။

တစ်ချိန်တည်းမှာပင် ကြီးမားသော ဓားတစ်လက်က တောင်ကို ခုတ်ပိုင်းတော့မတတ် အားမာန်ဖြင့် ကျရောက်လာသည်။

“ဒေါင်”

“ချွင်”

သို့သော် ဘာကြောင့်မှန်း မသိသော်လည်း သံသံချင်း ထိမိသံ ထွက်ပေါ်လာ၏။ အရာအားလုံး တစ်ဖန် ကျရောက် လာပြန်သည်။ သို့သော် တိတ်ဆိတ်မှုက သိပ်မကြာလိုက်ဘဲ ဆူညံသံများ ထွက်ပေါ်လာလေသည်။

“ဒါ လုံးဝ မဖြစ်နိုင်ဘူး”

“မိစ္ဆာ သူက မိစ္ဆာတစ်ကောင်ပဲ”

“ငါ့အသက် ငါးဆယ်ရှိပြီး ဒီလိုလူမျိုး တစ်ခါမှ မမြင်ဖူးဘူး၊ သူ ဘယ်လိုလုပ်လိုက်တာပါလိမ့်”

လူအုပ်များကြားထဲမှ ထိတ်လန့် ကြောက်ရွံ့သော အသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ မြင်နေရသည့် မြင်ကွင်းက သူတို့အား နှလုံးရောဂါ ရလုမတတ် ဖြစ်သွားစေ သောကြောင့်ပင်။

သူတို့၏ မျက်စိရှေ့တည့်တည့်၌ ယဲ့ဖန်က လက်နှစ်ဖက်ကို ဆန့်ကာ လက်လေးနှစ်ချောင်းစီဖြင့် ဓားနှစ်လက်အား ညှပ်ထားလေသည်။

သူ့အတွက် လွယ်ကူအေးဆေး၍ အားစိုက်ထုတ်ရပုံ မပေါ်ချေ။ လက်ချောင်း နှစ်ချောင်းတည်းဖြင့် အားပြင်းသော ဓားနှစ်လက်ကို ဟန့်ထားလိုက်ခြင်းအား လူအများက မည်သို့ သွေးမပျက်ဘဲ ရှိနိုင်မည်နည်း။

လောင်ကျန်းရှန်နှင့် အခြား ဂိုဏ်းချုပ်တစ်ယောက်တို့ ချက်ချင်း မျက်နှာ ဖြူရော်သွားကြသည်။ သူတို့၏ မျက်လုံးများက ကျွတ်ကျမတတ် ပြူးကျယ်နေ၏။ ကြောက်စိတ်က တဖြည်းဖြည်း တိုးပွားလာလေသည်။ ကြောက်လွန်းသဖြင့် ကြောက်စိတ်က တိုး၍ပင် မကုန်တော့ပေ။

သူတို့၏ ဓားနှင့် ဓားသိုင်းတို့သည် ကျင်းကျန်းတစ်မြို့လုံး၌ အကောင်းဆုံးပင်။ သို့သော် သူတို့၏ ဓားကို လက်နှစ်ချောင်းတည်းဖြင့် တားဆီးနိုင်သူအား ကျင်းကျန်းမြို့ မဆိုထားနှင့် ဟွိုင်အန်း စီရင်စုတစ်ခုလုံး၌ တစ်ယောက်ပင် မရှိပေ။

ထိုအခိုက်တွင် စွန်းကျန်းရှဲက ဤလူငယ်လေး၏ နောက်ကြောင်းအား သိကိုသိလိမ့်မည်ဟု သူတို့ ချက်ချင်း သဘောပေါက် သွားလေသည်။

ဤလူငယ်လေး ဘယ်လောက် ကြောက်စရာကောင်းကြောင်း သူ သိပေလိမ့်မည်။ ထို့ကြောင့်သာ သူ နောက်ဆုတ်ရန် ရွေးချယ်သွားခြင်း ဖြစ်လေသည်။

*သေစမ်း ... ယီးပဲ ... သေလိုက်ပါတော့*

ဂိုဏ်းချုပ်နှစ်ယောက်လုံး ဆံပင်မွေး ထောင်နေပြီး မျက်နှာထားက ငိုသည်ထက်ပင် ကြည့်ရဆိုးနေ၏။

“ဒါ အကုန်ပဲလား”

ယဲ့ဖန်က ပုံမှန်အတိုင်း မေးလိုက်ဖြင့် လက်ချောင်းကို အသာလှုပ်ခါလိုက်သည်။ ထိုအခါ ဓားက ထက်ပိုင်း ကျိုးသွားလေသည်။ ချက်ချင်းဆိုသလိုပင် သူ့မျက်လုံး၌ လူသတ်လိုဟန်များ ထွက်ပေါ်လာသည်။

“ဒါဆို သေလို့ရပြီ”

လောင်ကျန်းနှင့် အခြားဂိုဏ်းချုပ်တို့၏ ဓားကျိုးများက နောက်ကြောင်းပြန်လှည့်လာပြီး သူတို့၏ ရင်ဘတ်အား ထိုးဖောက်သွားသဖြင့် အင်္ကျီ၌ သွေးများ စွန်းထင်းလာလေသည်။

All Chapters