← Chapters

အခန်း ၁၁၈၈

Vol. 80 Ch. 1188

အခန်း ၁၁၈၈

Vol. 80 Ch. 1188

Chapter 1188 သူ့နောက်လိုက်သွား

ယဲ့ဘုရင် လူထပ်သတ်တော့မည်ဖြစ်ကြောင်း လူတိုင်း သိနေကြသည်။ သူ၏ ဒေါသအောက်၌ မည်သူမှ အသက် မရှင်နိုင်ချေ။ သို့သော် ဤဂိုဏ်းချုပ်များက ဘယ်လိုလုပ် လိုလိုလားလား အသတ်ခံကြပါမည်နည်း။

“ထွက်ပြေးရမယ်၊ ထွက်ပြေးရမယ်”

ချက်ချင်းဆိုသလိုပင် သူတို့အားလုံး အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြလေသည်။ ကျင်းကျန်းမြို့၏ ဂုဏ်ဝင့်ခဲ့ ရသော ပုဂ္ဂိုလ်တစ်စုသည် ယခု ခွေးများကဲ့သို့ ထွက်ပြေးနေကြသည်က လူရယ်ချင်စရာပင်။

သို့သော် ဤမြင်ကွင်းအား မည်သူမှ ရယ်စရာကောင်းသည်ဟု မထင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူများနေရာ၌ သူတို့ ဖြစ်နေပါက သူတို့သည်လည်း တူညီသော ဆုံးဖြတ်ချက်မျိုးချ၍ ထွက်ပြေးမိမှာပင်။

ပို၍ ယုတ္တိမတန်သည်မှာ မိမိတို့၏ ဂိုဏ်းချုပ်များ အသတ်ခံနေရသည်ကို မည်သည့် တပည့်များနှင့် အကြီးအကဲများက ဝင်ပါ၍ တားဆီးခြင်း မရှိခြင်းပင်။ သူတို့ထဲက မည်သူမှ နတ်ဆိုးယဲ့ဖန်ကို မဆန့်ကျင် ရဲကြချေ။

“ငါ့ဘုရင်ကို ဒေါသထွက်အောင် လုပ်ပြီးတာတောင် မင်းတို့က ထွက်ပြေးချင်သေးတာလား၊ အရူးတွေပဲ”

ထန်မင်လီက ပျက်ရယ်ပြု၍ လက်ထဲမှ နတ်ဓားကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ နတ်စွမ်းအင်တစ်ချို့က ထန်မင်လီအရှေ့မှ ဂိုဏ်းချုပ်တစ်ယောက်ထံ ရွေ့လျားသွားလေသည်။

ဤဓား၏ အစွမ်းကိုမြင်ပြီး သိုင်းပညာရှင်များအားလုံး ကြက်သေ သေသွားကြသည်။ ထိုဓား၏ ဖိနှိပ်နိုင်စွမ်းကို သူတို့ သေချာ ခံစားမိသည်။

ထိုဂိုဏ်းချုပ်သည် သူ့နောက်မှ မရဏ အငွေ့အသက်ကို ခံစားမိသော်လည်း ပြန်ခုခံရန် ခွန်အားမဲ့နေကြောင်း သတိထားမိသွားသည်။ သူ့ခန္ဓာကိုယ်က တောင့်တင်းအေးစက်သွားပြီး သွေးများ ပန်းထွက်လာ၏။ ဓားချက်ကြောင့် သူ့ခန္ဓာကိုယ် နှစ်ခြမ်း ပြတ်ထွက်သွားလေသည်။

*သေသွားပြီ*

*နောက်ထပ် ဂိုဏ်းချုပ်တစ်ယောက် သေသွားပြန်ပြီ*

*ယဲ့ဘုရင်ကိုယ်တိုင်တောင် လှုပ်ရှားစရာ မလိုဘူး၊ သူ့လူတွေကတင် ဂိုဏ်းချုပ်ကို စက္ကန့်ပိုင်းအတွင်း အမြစ်ဖြတ် နိုင်နေတာ*

လူတိုင်း၏ မျက်နှာ၌ ခါးသီးမှုများနှင့် ပြည့်နှက်နေသည်။ ဤမြင်ကွင်းက သူတို့အတွက် အလွန် ထိတ်လန့် သွေးပျက်စရာ ကောင်းနေ၏။

သူတို့၏ ဂိုဏ်းချုပ်များ အသတ်ခံနေရသော်လည်း သူတို့က ဝင်ကူနိုင်စွမ်း မရှိသဖြင့် သူတို့ဂိုဏ်းများ နိမ့်ဆင်းလာမည်ကိုသာ ကြည့်နေရသည်။

ဂိုဏ်းချုပ်သည် ဂိုဏ်းတစ်ခု၏ အုတ်မြစ်ပင်။ ဂိုဏ်းချုပ်တောင်မှ သေသွားရလျင် သူတို့၏ဂိုဏ်း ဆက်တည်ရှိနိုင် ပါဦးမည်လား။

ထုံမိသားစု၊ ယန်မိသားစုနှင့် အခြားမိသားစုများက ကျယ်လောင်စွာ ရယ်မောလာပြီး သူတို့၏ ရတနာများကို ထုတ်လာကြသည်။

ထိုအခါ ရတနာများထံမှ နတ်ဘုရားတစ်ပါး၏ စွမ်းအင်များ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်တစ်ခုလုံးအား ဖိအားတစ်ခု သက်ရောက်လာသဖြင့် လူတိုင်း ကြက်သီးမွေးညင်း ထလာလေသည်။

ဂိုဏ်းချုပ် တစ်ယောက်ပြီး တစ်ယောက် မခုခံနိုင်ဘဲ ဆိုးဆိုးရွားရွား သေဆုံးနေကြသည်။ အဖြစ်အပျက်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ပိုမို ငြိမ်သက်လာ၏။

ဂိုဏ်းအားလုံး၏ ဂိုဏ်းသားများအားလုံး ငြိမ်သက်နေပြီး ယခင်ကဲ့သို့ ဝင့်ကြွားသော အမူအရာများ မရှိတော့ချေ။ အသက်ပင် ပြင်းပြင်း မရှူနိုင်ကြတော့ချေ။

ကျင်းကျန်းမြို့ထဲမှ အင်အားစု ရှစ်ဆယ် ရာခိုင်နှုန်းကျော်က အသတ်ခံရခြင်း သို့မဟုတ် ဒဏ်ရာရခြင်း ဖြစ်နေကြသည်။ ဤသည်က ကျင်းကျန်းမြို့၏ သမိုင်းတွင် အဆိုးရွားဆုံး တိုက်ပွဲ ဖြစ်လေသည်။

ဂိုဏ်းချုပ်များအားလုံးသည် ပြန်လည် မတိုက်ခိုက်နိုင်ဘဲ အားလုံး အသတ်ခံလိုက်ရလေသည်။ လူတိုင်း အလွန်အမင်း ကြောက်ရွံ့လာကြသည်။

“အခု မင်းအလှည့်ပဲ”

ယဲ့ဖန်၏အကြည့်က လီဟွမ်ရီနှင့် သူ့အနောက်မှ ဂိုဏ်းထံသို့ ကျရောက်လာသည်။ ချက်ချင်းဆိုသလိုပင် အကြီးအကဲတစ်ယောက်က ယဲ့ဖန်ရှေ့ ဒူးထောက်၍ အော်ပြောလေသည်။

“ယဲ့ဘုရင် ညှာတာပေးဖို့ ကျုပ် တောင်းပန်ပါတယ်၊ ခင်ဗျားကို ဆန့်ကျင်ဖို့ လုပ်တာက လီဟွမ်ရီနဲ့ ဂိုဏ်းချုပ်ရဲ့ ဆုံးဖြတ်ချက်ပါ၊ မနေ့ညက လီဟွမ်ရီက ဂိုဏ်းချုပ်နဲ့ ခင်ဗျားကို ဆန့်ကျင်ဖို့ လျှို့ဝှက်ပြောဆိုနေတာကို ကျုပ် ကြားခဲ့ပါတယ်၊ ဒါ ကျုပ်တို့နဲ့ ဘာမှမဆိုင်ပါဘူး”

“ဘာ အကြီးအကဲရဲ့ ခင်ဗျား ...”

လီဟွမ်ရီနှင့် ဂိုဏ်းချုပ်တို့ အံကြိတ်ထားပြီး သူတို့ အယုံကြည်ရဆုံး ညာလက်ရုံး အကြီးအကဲကို ‌ဒေါသတကြီး စိုက်ကြည့်လာ၏။ အထူးသဖြင့် လီဟွမ်ရီ၏ ဂိုဏ်းချုပ်ပင်။ အရေးအကြီးဆုံး အချိန်၌ သူ့လူက သစ္စာဖောက် လိမ့်မည်ဟု ထင်မထားမိချေ။

“ကျွန်တော်တို့အသက်ကို ချမ်းသာပေးဖို့ ယဲ့ဘုရင်ကို တောင်းဆိုပါတယ်၊ ဒီကိစ္စက ကျွန်တော်တို့နဲ့ ဘာမှ မပတ်သက်ပါဘူး”

ချက်ချင်းဆိုသလိုပင် ဂိုဏ်းသားများကလည်း ယဲ့ဖန်ရှေ့ ဒူးထောက်၍ ပြိုင်တူ အော်ပြောလာကြသည်။

“မင်းတို့တွေ … မင်းတို့တွေ သိပ်ဟုတ်နေတယ်ပေါ့”

လီဟွမ်ရီ၏ ဂိုဏ်းချုပ်သည် သူ အယုံကြည်ရဆုံးသူကပါ သစ္စာဖောက်ရုံမကဘဲ ဂိုဏ်းသားများကပါ စွန့်ခွာသွား ကြသဖြင့် အလွန်အမင်း ဒေါသထွက်လာသည်။ အရှက်ကွဲကာ ယူကြုံးမရ ဖြစ်နေ၏။

“ဂိုဏ်းချုပ် ကျွန်တော်တို့ ဘာလုပ်ကြမလဲ”

လီဟွမ်ရီသည်လည်း သွေးပျက်နေ၏။ ဂိုဏ်းသည် သူ၏ နောက်ဆုံး အားထားရာ ဖြစ်သည်။ ဂိုဏ်း၏ ထောက်ခံမှု မပါလျင် သူ သေချာပေါက် သေရလောက်သည်။

“ပါးစပ်ပိတ်ထား”

ဂိုဏ်းချုပ် ဒေါသတကြီး လက်မြှောက်လိုက်ပြီး လီဟွမ်ရီအား မြေကြီးပေါ် လဲကျအောင် ဖြောင်းခနဲ ရိုက်ချလိုက်သည်။ လီဟွမ်ရီ၏ ပါးတွင် ချက်ချင်း သွေးများ စို့လာလေသည်။

လီဟွမ်ရီကြောင့်သာ မဟုတ်ပါက သူ ဘယ်လိုလုပ် ယဲ့ဘုရင်နှင့် ရင်ဆိုင်ရပါမည်နည်း။ ဤသို့ ဆိုးရွားသော အဆုံးသတ်နှင့် သူ ကြုံတွေ့ရမည် မဟုတ်ပေ။

လီဟွမ်ရီက သူ့အား အကျိုးအမြတ်များစွာ ရလိမ့်မည်ဟု ယခင်က ကတိစကား ပြောခဲ့သည်။ ဆေးဖော်စပ်နည်းများ၊ ထူးဆန်းသော ကျင့်စဉ်များ ရလိမ့်မည်ဟု ပြောခဲ့သလို ယဲ့ဖန်အနားမှ အမျိုးသမီးကလည်း ထိပ်တန်း အလှလေးဟု ပြောခဲ့သည်။ ထို့ကြောင့် သူ လောဘတက်ကာ ဝင်ပါရန် ဆုံးဖြတ်ခဲ့သည်။ ယခု ထိုအရာအားလုံးက အတုအယောင် ဖြစ်နေသည့်ပုံပင်။

လီဟွမ်ရီက ယဲ့ဖန်၏ နောက်ကြောင်းကို လုံးဝမသိဘဲ သူ့အား တောက်လျှောက် ကျဆင်းအောင် ဆွဲချခဲ့လေသည်။ လီဟွမ်ရီ ခေါင်းမူးနေပြီး သတိလစ်လုနီးပါး ဖြစ်သလို ခံစားနေရသော်လည်း ပြန်မချရဲပေ။ လက်ရှိတွင် သူ၏ ဂိုဏ်းချုပ်ကသာ သူ၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်ပေသည်။

ထိုအချိန်တွင် ယဲ့ဖန်က အေးတိအေးစက် ပြုံးလိုက်ပြီး ရုတ်တရက် လီဟွမ်ရီနှင့် သူ့ဂိုဏ်းချုပ်ကို လက်ညှိုး ထိုးလိုက်သည်။

“သူတို့ကို သတ်ရင် မင်းတို့ အသက်ရှင်နိုင်မယ်”

လူတိုင်း ယဲ့ဖန်ကို အလန့်တကြား ကြည့်လာကြသည်။

*ဒီလူ လူစကား ပြောလိုက်တာလား*

*ဒီလူတွေကို သူတို့ဂိုဏ်းချုပ်နဲ့ မိတ်ဆွေကို သတ်ခိုင်းနေတာလား၊ အဆိုးဆုံးနည်းနဲ့ အသတ်ခံရအောင် လုပ်နေ ပါလား*

*ယဲ့ဖန်က ရန်သူကို လက်လေးတစ်ဖက်တည်းနဲ့ စက္ကန့်ပိုင်းအတွင်း သတ်နိုင်တာကို ဆရာနဲ့ တပည့်ကို ဒီလို ရက်စက်တဲ့ နည်းနဲ့ ကစားနေပါလား*

*ဒီလူက နတ်ဆိုးဆိုတာက တကယ် မှန်တယ်*

အားလုံးက ယဲ့ဖန်ကို ပိုမိုကြောက်ရွံ့သော အကြည့်များဖြင့် ကြည့်လိုက်မိသည်။

“ပြဿနာ မရှိဘူး ယဲ့ဘုရင်သာ ခွင့်လွှတ်နိုင်မယ်ဆိုရင် ကျုပ်တို့ လိုလိုလားလားနဲ့ကို လုပ်မယ်”

အကြီးအကဲက သက်ပြင်းချ၍ ဓားကို ဆွဲထုတ်လိုက်သည်။ သူ့အနောက်မှ ဂိုဏ်းသားများကလည်း ဓားများကို ဆွဲထုတ်လာပြီး လီဟွမ်ရီနှင့် ဂိုဏ်းချုပ်အား အေးစက် ခက်ထန်သော မျက်လုံးများဖြင့် ကြည့်လာသည်။

“မင်းတို့ လုပ်ရဲလား”

ဂိုဏ်းချုပ် အလွန် ဒေါသူပုန်ထသွားသည်။

*ဒီခွေးမသားတွေက ငါ့ကို တကယ် ဓားရွယ်ရဲတယ်ပေါ့လေ*

“ကျုပ် တောင်းပန်ပါတယ် ဂိုဏ်းချုပ်၊ ခင်ဗျား အပြစ်တင်ချင်တယ်ဆိုရင် ဘဝကို ဘယ်လိုနေရမလဲ မသိဘဲ ယဲ့ဘုရင်ကို ရန်စတဲ့ ခင်ဗျားကိုယ်ခင်ဗျားသာ အပြစ်တင်လိုက်ပါတော့၊ ဘယ်လိုလုပ် ခင်ဗျားအမှားအတွက် ကျုပ်တို့ကိုပါ ဒုက္ခရောက်ခိုင်းရတာလဲ၊ အဲ့ဒါကြောင့် ခင်ဗျားကို အသေခံလိုက်ဖို့ပဲ ပြောချင်ပါတယ်”

ထိုသို့ပြောပြီးနောက် အကြီးအကဲက ချက်ချင်း ပြေးတက်လာသည်။ သူ့နောက်မှ ရာချီသော ဂိုဏ်းသားများ ကလည်း လီဟွမ်ရီနှင့် ဂိုဏ်းချုပ်ကို သတ်ရန် ပြေးတက်လာလေသည်။

“သစ္စာဖောက်တွေ ငါ သေရမယ်ဆိုရင်တောင်မှ မင်းတို့ကို အပါခေါ်သွားမယ်ကွ”

ဂိုဏ်းချုပ်က ထိုသို့ကြွေးကြော်၍ လီဟွမ်ရီနှင့်အတူ ပြေးတက်၍ အရှေ့မှ ဂိုဏ်းသားဆယ်ယောက်ကျော်ကို သတ်ရန် ပြင်လိုက်သည်။

သို့သော် ထိုသို့သောအချိန်၌ လီဟွမ်ရီက ယခင်သုံးခဲ့သော လှည့်ကွက်ကို ထုတ်သုံးလာ၏။ လူအများ ဝိုင်းလာသည်ကို အခွင့်ကောင်းယူ၍ လှစ်ဟာနေသော နေရာသို့ ဦးတည်ကာ အလျင်အမြန် ထွက်ပြေးလေသည်။

လက်ရှိတွင် သူ့ဂိုဏ်းချုပ်သည် ပတ်ပတ်လည် အဝိုင်းခံထားရပြီး ဓားသွားများက သူ့ထံ ကျရောက်လာပြီး ခန္ဓာကိုယ်အား အရှိန်ဖြင့် ထိုးဖောက်လာသဖြင့် ဓားဒဏ်ရာများ မရေတွက်နိုင်အောင် ရလာရသည်။

“လီဟွမ်ရီ ခွေးမသား မင်း သေရဲသေကြည့်လိုက်”

လီဟွမ်ရီသည် ထူးဆန်းသော လှုပ်ရှားမှု သိုင်းကွက်ကို သုံးခဲ့သဖြင့် မီတာတစ်ရာကျော် အဝေးသို့ ချက်ချင်း ထွက်ပြေး လွတ်မြောက်သွားသည်။ ကျိန်ဆဲသံကို ကြားသောအခါ ရယ်မော၍ ပြန်ပြောလိုက်သည်။

“ဂိုဏ်းချုပ် အသက်ကယ်ခဲ့တာကို ဒီဟွမ်ရီက တစ်သက်လုံး စိတ်ထဲမှာ မှတ်ထားမှာပါ၊ တစ်နေ့ ကျွန်တော် သိုင်းပညာ သင်ယူတာ ပြည့်စုံသွားရင် ဂိုဏ်းချုပ်အတွက် သေချာပေါက် လက်စားချေပေးပါ့မယ်”

သူ အလွန် ဂုဏ်ယူနေ၏။ သူ၏ လှုပ်ရှားမှု သိုင်းကွက်သည် ထူးခြားသော ဂူတစ်လုံးအတွင်းမှ ရခဲ့ခြင်း ဖြစ်ပြီး အားကုန် ထုတ်သုံးလိုက်လျင် နဂါး အသွင်ပြောင်းခြင်း အဆင့်မှ သိုင်းပညာရှင်အချို့ပင် သူ့အား အမီလိုက်နိုင်မည် မဟုတ်ပါ။

ယခင်တစ်ခေါက်က ဤနည်းဖြင့် သူ ယဲ့ဖန်၏လက်မှ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ခေါက်တွင်လည်း သူ ထပ်၍ ထွက်ပြေးနိုင်မည်ဟု ယုံကြည်နေ၏။

သို့သော် ယခင်တစ်ခေါက်က ယဲ့ဖန် သူ့ကို မသတ်ရသည့် အကြောင်းရင်းကို သူ မသိပေ။ ယဲ့ဖန်က ပျင်းရိလွန်းသဖြင့် သူ့ကို မသတ်လိုက်ခြင်းသာ ဖြစ်သည်။

သို့သော် ယခုတစ်ခေါက်က မတူတော့ချေ။ ထို့ကြောင့် သိပ်မကြာခင်မှာပင် တောင်ခြေ၌ လူတစ်ယောက်က သူ့ကို ကျောပေး၍ ရပ်နေသည်ကို လီဟွမ်ရီ မြင်လိုက်ရသည်။ ထိုလူ၏ အဝတ်အစားကို မြင်ပြီးနောက် လီဟွမ်ရီ ထိတ်လန့်သွားသည်။

*မဖြစ်နိုင်ဘူး*

*ဒါ လုံးဝမဖြစ်နိုင်ဘူး*

ထိုလူက တဖြည်းဖြည်း သူ့ဘက်လှည့်လာပြီး အလွန် အေးစက်သည့် အပြုံးမျိုး ပြုံးလာ၏။

“ငရဲကိုသွားရမယ့် လမ်းက ရှည်လွန်းတာကို မင်းဂိုဏ်းချုပ် တစ်ယောက်တည်းကို သွားခိုင်းတာ အထီးကျန် လွန်းတယ်၊ သူ အဖော်ရအောင် ငါ မင်းကိုပါ ပို့ပေးရမှာပေါ့”

All Chapters