← Chapters

အခန်း ၁၁၈၉

Vol. 80 Ch. 1189

အခန်း ၁၁၈၉

Vol. 80 Ch. 1189

Chapter 1189 ငါတို့ နတ်ဆိုးဖြစ်ချင်တယ်

လီဟွမ်ရီ မယုံနိုင်ပါ။ သူ အစောပိုင်းလေးတင် တောင်ပေါ်၌ ယဲ့ဖန်ကို သေချာ မြင်ခဲ့သည်။ ဘယ်လိုလုပ် သူက တောင်အောက်ကို ချက်ချင်း ရောက်နေရသနည်း။

*သူက ငါ့ထက် ပိုမြန်နေတာလား*

*ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ*

တစ်ခဏအတွင်းမှာပင် လီဟွမ်ရီ ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားသောကြောင့် ခေါင်းမွေးထောင်လာရသည်။ သူ တုန်ယင်စွာ မေးလိုက်မိသည်။

“မင်း … မင်းက နဂါးအသွင်ပြောင်ခြင်းအဆင့် ရောက်နေတာလား”

ထိုအကြောင်းအရာ တစ်ခုတည်းသာ ဖြစ်နိုင်ပေသည်။ နဂါးအသွင်ပြောင်းခြင်းအဆင့်သို့ ရောက်နေသူသာလျင် ဤမျှ ကြောက်စရာကောင်းသော ခွန်အားနှင့် သူမတူသော လျင်မြန်မှုမျိုး ရှိနိုင်၏။ သို့သော် ယဲ့ဖန်က သရော်သော အပြုံးမျိုး ပြုံးလာသည်။

“နဂါးအသွင်ပြောင်းခြင်းအဆင့် ဟုတ်လား၊ ငါ့အတွက် ပုရွက်ဆိတ်အဆင့်လောက်ပဲ ရှိတယ်”

လီဟွမ်ရီ၏ မျက်နှာတွင် မယုံနိုင်ဟန်များဖြင့် ပြည့်နှက်လာသည်။

*ဒီကောင် ဘာပြောလိုက်တာလဲ*

*နဂါးအသွင်ပြောင်းခြင်းအဆင့်က ပုရွက်ဆိတ်လိုအဆင့် ဟုတ်လား*

*ဒါဆို သူ့အဆင့်က နဂါးအသွင်ပြောင်းခြင်းအဆင့်ထက် မြင့်နေတာလား*

*ပြေးလို့မရတော့ဘူးပဲ*

လီဟွမ်ရီတစ်ယောက် သူ ပြေးမလွတ်တော့ကြောင်း တပ်အပ် သိလိုက်သည်။ သူ့အဆင့်လေးနှင့် နဂါးအသွင် ပြောင်းခြင်း အဆင့်ထက် သာနေသော နတ်ဆိုးတစ်ကောင်၏ လက်ထဲမှ မည်သို့ ပြေးနိုင်ပါမည်နည်း။ လီဟွမ်ရီ အောင့်သက်သက် ပြုံးလိုက်မိသည်။

“ငါ မင်းနဲ့ မိတ်ဆွေ ဖြစ်ခဲ့သင့်တာ”

လီဟွမ်ရီ နောင်တရနေသည်။ သူ၏ အမြင်ကျဉ်းမှုကြောင့် သူ၏ ကောင်းမွန်လာမည့် အနာဂတ်ကို ဖျက်ဆီး ခဲ့မိသည်။ ယဲ့ဖန်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးက သူ့အား သမိုင်းတွင်အောင် လုပ်နိုင်ပေသည်။

“မဖြစ်ခဲ့ဘူးလို့ ဘယ်သူ ပြောလဲ”

ယဲ့ဖန် အသာရယ်လိုက်ပြီးနောက် လက်ဆန့်လိုက်သည်။

“မင်း အခွင့်အရေး မရှိခဲ့တာ စိတ်မကောင်းစရာပဲ”

ထိုစကားသံအဆုံး၌ လီဟွမ်ရီ၏ လူ့အရေပြားတစ်ခုလုံး ကွာကျလာသည်။

“အား …”

ကြောက်လန့်ဖွယ်အော်သံကြီးက တောင်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး အချိန် အတော်ကြာအောင် ထွက်ပေါ်နေသဖြင့် အလွန် ကြောက်ရွံ့စရာ ကောင်းလှသည်။ အရေပြားတစ်ခုလုံး အခွာခံနေရခြင်းက မတွေးဝံ့စရာ ကောင်း လောက်အောင် နာကျင်လှပေသည်။ ဆိုးရွားလှသော ဝေဒနာက သူ့အား စုတ်ဖြဲနေသလိုပင်။

“ယဲ့ဖန် သောက်ခွေးမသား၊ ဘာလို့ ငါ့ကို တန်းမသတ်တာလဲ၊ မင်း ငါ့ကို သတ်လိုက်လို့ ရနေတာပဲ”

လီဟွမ်ရီ နာကျင်စွာဖြင့် ငယ်သံပါအောင် အော်ဟစ်လိုက်မိသည်။

“မင်းကို သတ်လိုက် ဟုတ်လား၊ မင်းအတွက် အဲ့ဒါ အရမ်း ပေါပေါပဲပဲ ဖြစ်မနေဘူးလား”

ယဲ့ဖန်က နတ်ဆိုးသဖွယ် ပြုံးနေသည်။

“မင်းရဲ့လုပ်ရပ်တွေအတွက် ငါ မင်းကို ဆိုးဆိုးရွားရွား သေအောင် လုပ်မှာ”

ယဲ့ဖန်က သူ့လက်ချောင်းကို အသာလှုပ်လိုက်သောအခါ လီဟွမ်ရီ၏ ခန္ဓာကိုယ်ပေါ်၌ အမာရွတ်တစ်ခု ထပ် ဖြစ်ပေါ်လာသည်။

ယဲ့ဖန်၏ လက်ချောင်းများ ဆက်တိုက် လှုပ်ရှားနေပြီး လေပြင်းများက လီဟွမ်ရီ၏ အရေပြားကို ဆက်တိုက် ဖြတ်တောက်နေသဖြင့် အသားစများနှင့် သွေးစက်များ အဆက်မပြတ် လွင့်ပျံနေသည်။

ဝေဒနာက ပိုမိုဆိုးရွားလာပြီး အော်သံက ပိုမိုကျယ်လောင်လာသည်။ လီဟွမ်ရီ၏ ကြောက်လန့်ဖွယ် အော်သံက တောင်အနှံ့ ကြားနေရသဖြင့် ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းလှသည်။

ယဲ့ဖန်၏ တန်းသတ်ခြင်း ခံလိုက်ရသည်ကိုပင် လက်ဆောင်တစ်ခုဟု သူတို့ စတင် ခံစားမိလာ၏။ ဝေဒနာ ခံစားနေရသည့် အော်သံကြောင့် သူတို့ မွန်းကြပ်လာရသည်။

အချိန်တစ်ချို့ကြာပြီးနောက် ယဲ့ဖန် တောင်ပေါ်သို့ ပြန်တက်လာသည်။ လူတိုင်း ခေါင်းကိုငုံ့ထားပြီး သူ့ကို မော့ကြည့်ရဲသည့် သတ္တိ မရှိတော့ချေ။

လက်ရှိတွင် လီဟွမ်ရီ၏ ဂိုဏ်းချုပ်သည် နုတ်နုတ်စင်းခံရပြီး ဆိုးဆိုးရွားရွား သေဆုံးနေ၏။ ယဲ့ဖန်က လူတိုင်းကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး မထူးခြားနားစွာ ပြောလိုက်သည်။

“ခင်ဗျားတို့ သွားလို့ရပြီ”

သို့သော် ကျင်းကျန်းမြို့မှ မည်သူမှ တုတ်တုတ်မလှုပ်ပေ။ ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်မိသည်။

“ဘာလဲ ခင်ဗျားတို့က သေချင်တာလား”

“ဒုန်း ဒုန်း ဒုန်း”

ထိုအခါ ဂိုဏ်းတစ်ခုမှ ဒါဇင်ချီသော လူများသည် ယဲ့ဖန်ရှေ့၌ ချက်ချင်း ဒူးထောက်လာ၏။

“ယဲ့ဘုရင် ကျွန်တော်တို့ကို သက်ညှာပြီး အရှင့်လက်အောက်မှာ အမှုထမ်းခွင့်ပေးဖို့ တောင်းဆိုပါတယ်”

ကျင်းကျန်းမြို့မှ အင်အားစုအားလုံးတို့သည်လည်း ယဲ့ဖန်ရှေ့ ဒူးထောက်လာ၏။ အားလုံးက ရိုကျိုးနှိမ့်ချကာ နတ်ဘုရားတစ်ပါးကို လေးစားသကဲ့သို့ လေးစားစွာ ပြုမူကြသည်။

“ဪ … ဘာလို့လဲ”

ယဲ့ဖန် စိတ်ဝင်တစား ပြန်မေးလိုက်သည်။

“ဘာဖြစ်လို့လဲဆိုတော့ ကျုပ်တို့ တကယ့် ဘုရင်တစ်ပါးကို မြင်ခဲ့ပြီးလို့ပါ၊ ပြိုင်ဘက်ကင်းတဲ့ ဘုရင်တစ်ပါးကို မြင်ခဲ့လိုက်လို့ပါ”

“ကျုပ်တို့ အရှင့်လှေတော်ကြီးကိုစီးပြီး အမြင့်ဆုံးတစ်နေရာအထိ ရွက်လွှင့်သွားချင်ပါတယ်”

“ကျုပ်တို့ နတ်ဆိုး ဖြစ်ချင်ပါတယ်”

သူတို့သည် ယဲ့ဖန်၏ ဩဇာညောင်းမှုကို အထင်ကြီး လေးစားနေကြသည်။ ယဲ့ဖန်၏ ဆွဲဆောင်နိုင်သည့် အရည်အချင်းက ကြီးမားလွန်းလှသည်။

ယဲ့ဖန်ကြောင့် ပြိုင်ဘက်ကင်းသည်ဟူသော အဓိပ္ပာယ်ကို သိနားလည်လာစေသည်။ လောက၌ ပြိုင်ဘက် ကင်းသော ခံစားချက်ကို သိမြင်စေခဲ့သည်။ သူတို့သည် ဤသို့သော ဘုရင်တစ်ပါး၏ နောက်ထံပါး၌ ခစား၍ အမြင့်သို့ တက်လှမ်းချင်စိတ် ရှိလေသည်။

ထန်မိသားစုနှင့် အခြားမိသားစုများသည် တစ်ချိန်က ဟွိုင်အန်း စီရင်စုတွင်း၌ အရာမဝင်ခဲ့သောသူများ ဖြစ်ခဲ့သည်။ သို့သော် ယခုအခါ၌ ထိုသူများသည် ဂိုဏ်းချုပ်များအား စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်နေ၏။ ဤသည်ကလည်း ယဲ့ဖန်၏ ကျေးဇူးကြောင့်ပင်။

ယခု ကျင်းကျန်းမြို့၏ ဂိုဏ်းချုပ်များအားလုံး သေဆုံးသွားသဖြင့် သူတို့အားလုံး နိမ့်ကျလာမည်ကို ထိုင်စောင့်နေမလား သို့မဟုတ် အခြားနည်းလမ်း ရှာမလား ရွေးချယ်ရုံသာ ရှိတော့သည်။

ယဲ့ဖန်သည် သူတို့၏ လွတ်မြောက်ရာလမ်း ဖြစ်ပေသည်။ ဘုရင်တစ်ပါးထံ၌ ခစားလျင် သူတို့လည်း သန်မာလာ ကြမည်။

သို့ရာတွင် ယဲ့ဖန်က ထီမထင်ဟန် ပြုံးလေ၏။

“စိတ်မကောင်းပါဘူး၊ အားကြီးတဲ့သူတွေရှေ့မှာ အားနည်းသူတွေအတွက် နေရာမရှိဘူး”

ကျင်းကျန်းမြို့မှ လူများအားလုံး မှင်တက်သွားကြပြီး အားလုံး၏ မျက်နှာတွင် အလွန် စိတ်ညစ်သွားဟန်များ ပေါ်လာလေသည်။

*ငြင်းလိုက်တယ်*

*ယဲ့ဖန်က ငါတို့ကို တန်းငြင်းလိုက်တယ်*

*ငါတို့ကို ပြန်တောင် မစဉ်းစားပေးဘူး*

*ခွန်အားနဲ့ အမွေအနှစ်အရဆို ငါတို့က ဖျင်အန်းထက် ပိုသာနေတာကို ဘာလို့ ရှုံးရတာလဲ၊ ယဲ့ဖန်က ဖျင်အန်းမြို့ကို အသိအမှတ်ပြုပြီး ကျင်းကျန်းမြို့ကို ဘာလို့ ငြင်းပယ်ရတာလဲ*

*ဘာလို့ ယဲ့ဖန်က ဖျင်အန်းမြို့ကို အသိအမှတ်ပြုပြီး ကျင်းကျန်းမြို့ကို ငြင်းရတာလဲ*

“အရှင်ယဲ့ဘုရင် ဘာဖြစ်လို့လဲလို့ ကျုပ် မေးလို့ရမလား”

အသက်အရွယ်ရနေသော ဂိုဏ်းချုပ်တစ်ယောက်က လေးနက်သော အသံဖြင့် မေးလာသည်။

“ရှင်းပါတယ်၊ သူတို့က ငါ့အတွက် အသက်ပေးချင်စိတ် ရှိတယ်၊ မင်းတို့မှာ အဲ့လိုစိတ် ရှိလို့လား”

ယဲ့ဖန်က ခနဲ့ဟန်ဖြင့် ပြုံးလိုက်သည်။ ထန်မိသားစုနှင့် အခြားမိသားစုများသည် အနည်းငယ် အားနည်းသော်လည်း သူ့အတွက် သူတို့ အသေခံလိုစိတ် ရှိကြသည်။ ဤတစ်ခုတည်းကပင် ယဲ့ဖန် သူတို့ကို မိမိလက်အောက်၌ ထားရန် လုံလောက်နေလေပြီ။

“ကျုပ်တို့လည်း အဲ့လိုစိတ် ရှိပါတယ်”

“ဟုတ်ပါတယ်၊ ယဲ့ဘုရင် တစ်ခွန်းပြောလိုက်တာနဲ့ ကျုပ်တို့ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်ပြပါ့မယ်”

ကျင်းကျန်းမြို့ကလည်း သူတို့၏ အတွေးအမြင်ကို တစ်ယောက်ပြီး တစ်ယောက် ထုတ်ပြောလာ၏။

“ကောင်းပြီလေ အခုကစပြီး တစ်လနေရင် ယဲ့မိသားစုနဲ့ ပတ်သက်တဲ့ အင်အားစုတိုင်းကို ရှင်းလင်းနိုင်တဲ့ ဘယ်သူမဆို ငါ့လက်အောက်ကို လာပူးပေါင်းလို့ ရတယ်”

ယဲ့ဖန် အသာပြုံးလိုက်ပြီးနောက် သူ့ပုံရိပ်က နေရာမှ ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ ထိုအခါ အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။

*ယဲ့မိသားစုလား၊ နဂါးမြို့တော်က ယဲ့မိသားစုကို ပြောတာလား*

*ဒါ ကျုံးကျိုး အင်ပါယာမှာ နာမည်ကြီးတဲ့ မိသားစုကြီးလေ*

*အဲ့လို နာမည်ကြီးတဲ့ မိသားစုကြီးကို ဘာမဟုတ်တဲ့ ဟွိုင်အန်း စီရင်စုလေးက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ*

*ဆေးဘုရင်တောင်ကြားတောင် သူတို့နဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး*

*ယဲ့ဖန်က ငါတို့ကို အဲ့လိုလူမျိုးနဲ့ တကယ် ရင်ဆိုင်ခိုင်းတာလား၊ အဲ့လူတွေက ငါတို့ကို ခြေထောက် တစ်ဖက်တည်းနဲ့တင် နင်းချေမှာကို စိုးနေရတာ*

ထိုအခိုက်တွင် ဂိုဏ်းအားလုံး ချီတုံချတုံ ဖြစ်နေကြသည်။ တစ်ချိန်တည်းမှာပင် စုတ်စုတ်ပြတ်ပြတ် အဝတ်အစားနှင့် လူတစ်ယောက်က ထန်မိသားစု အိမ်တော်၏ တံခါးဝသို့ ရောက်လာသည်။ သူသည် ခွေယိုင်လုမတတ် လမ်းလျှောက်နေပြီး အထီးကျန်ပုံ ပေါ်နေသည်။

“ရှင် ဘယ်သူလဲ၊ ဘယ်သူ့ကို လာရှာတာလဲ”

ထန်ယွင်အာသည် သူတောင်းစားနှင့်တူသော ယောက်ျားတစ်ယောက်က သူမအိမ်တော်တွင်းသို့ ဝင်လာ တော့မည်ကို မြင်ပြီး မျက်နှာ မည်းမှောင်ကာ မကျေမနပ်နှင့် ကြိမ်းမောင်းလေသည်။

ထိုသူသည် ဝတ်ရုံခေါင်းစွပ်ကို ချွတ်လိုက်သဖြင့် သွေးမရှိကဲ့သို့ ဖြူရော်သော မျက်နှာတစ်ခု ပေါ်လာပြီး ပြန်မေးလိုက်သည်။

“တဆိတ်လောက်ဗျာ၊ ယဲ့ဘုရင်က ဒီမှာ နေတာလား”

“ကျွန်မတို့ ဘုရင်က အပြင်သွားနေတယ်၊ ရှင် ဘာအတွက် လာရှာတာလဲ”

တစ်ဖက်လူက ယဲ့ဖန်ကို လာရှာသည်ဟု ထန်ယွင်အာ ကြားသောအခါ သူမအမူအရာက အတော်လေး ပျော့ပျောင်း သွားသည်။

“မဟုတ်ပါဘူး၊ ကျုပ်က ယဲ့ဘုရင်ရဲ့ နာမည်အရင်းက ယဲ့ဖန် ဟုတ်လားလို့ မေးကြည့်ချင်ရုံလေးပါ”

ထိုသူက ဆက်မေးလာ၏။ သူ့အမူအရာက လေးနက်လာသည်။ သူ့မျက်လုံး၌ မျှော်လင့်နေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။ ထန်ယွင်အာက ဆန့်ကျင်ဘက် အဖြေမျိုး ပေးလာမည်ကို ကြောက်လန့် နေပုံရသည်။

“ဟုတ်တယ် ဘာဖြစ်လို့လဲ”

ထန်ယွင်အာက ထိုလူ၏ ထူးဆန်းပုံကို သတိမထားမိဘဲ ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။

ရုတ်တရက် ထိုလူက နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားလေသည်။ ထို့နောက် သူ မျက်ရည် ဖြိုင်ဖြိုင် ကျဆင်းလာ၏။

“သူပဲကိုး၊ တကယ် သူ ဖြစ်နေတာပဲ၊ သူ့လိုလူက ဘယ်တော့မှ မသေနိုင်မှန်း ငါ သိနေတယ်”

“ရှောင်ယဲ့လေး၊ နောက်ဆုံးတော့ မင်း ဒီရောက်လာပြီပဲ”

All Chapters