← Chapters

အခန်း ၁၁၉၀

Vol. 80 Ch. 1190

အခန်း ၁၁၉၀

Vol. 80 Ch. 1190

Chapter 1190 ထန်မိသားစုက သေခြင်းရှင်ခြင်း တိုက်ပွဲကို ဆင်နွှဲမယ်

*ယဲ့ဘုရင်က ယဲ့ဖန်*

*တကယ်ပဲ သူ ဖြစ်နေတာပဲ*

လက်ရှိတွင် ထန်ယွင်အာ၏ စကားကို နားထောင်ပြီးနောက် ထိုသူ၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး မျက်ရည်များ စီးကျလာလေသည်။

*သူ လာပြီ*

*နတ်ဆိုးဧကရာဇ် ဒီလောကကို နောက်ဆုံးတော့ ရောက်လာပြီပဲ*

“သခင်ကြီး ခင်ဗျား ရောက်လာလိမ့်မယ်လို့ ကျုပ် သိပြီးသားပါ၊ ဟားဟားဟား … လောကကြီး ခင်ဗျား မြင်ပြီလား၊ ခင်ဗျားတို့ အိပ်မက်ဆိုးက … ဒီရောက်လာပြီ”

ထိုစဉ် စိတ်ဓာတ်ကျနေသော ထိုလူသည် အားပါးတရ ရယ်မောလေသည်။ သူ့အမူအရာ၌ အလွန် မျှော်လင့် စောင့်ဆိုင်းနေဟန်များ ပေါ်လွင်နေသည်။ သူ ရယ်မောပြီးရင်း ရယ်မောနေသလို မျက်ရည်များလည်း စီးကျနေသည်။

ငရဲဘုံ စကြဝဠာတွင်းမှ တုနှိုင်းမဲ့သော ပုဂ္ဂိုလ်ကို သူ ပြန်မြင်ယောင်လာသည်။ နတ်ဆိုးများကို တဖြည်းဖြည်း မြင့်မားလာအောင် ဦးဆောင် ခေါ်ဆောင်သွားခဲ့သူက ထိုပုဂ္ဂိုလ်ပင်။ နတ်ဆိုးများအား စကြဝဠာအား စိုးမိုးအောင် လုပ်ပေးခဲ့သူက ထိုပုဂ္ဂိုလ်ပင်။

အတိတ်က ဂုဏ်ရောင်ဂုဏ်ဝါ တောက်ပခဲ့သော နှစ်များကို ပြန်တွေးမိပြီး ထိုလူသည် ကောင်းကင်ယံကို မော့ကြည့်ကာ ဒူးတစ်ဖက်‌ထောက်၍ ရင်ဘတ်ပေါ် လက်တင်ကာ စိတ်အားထက်သန်မှု အပြည့်ဖြင့် ကြွေးကြော် လေသည်။

“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် ထာဝရ အသက်ရှည်ပါစေ”

“ယန်နယ်မြေကို ရောက်လာတဲ့ သခင်ကြီးကို လုံရှာ ကြိုဆိုပါတယ်”

ဤသည်ကိုကြည့်ပြီး ထန်ယွင်အာ အလွန်အမင်း ထိတ်လန့်သွားသည်။ သူမရှေ့မှ လူက ယဲ့ဖန်ကို လေးစား ရိုသေခြင်း ဖြစ်ကြောင်း သူမ သေချာ ခံစားမိနေ၏။ ထိုသူ၏ စိတ်အားထက်ကြွမှုက သူ အယုံကြည်ဆုံး အားကိုးရာကို မျှော်ကြည့်နေသလိုပင်။

*ဒါက …*

ထန်ယွင်အာ ရင်ထိတ်သွားပြီး သူမရှေ့မှ လူအား အလျင်အမြန် မေးလိုက်မိသည်။

“ရှင် ဘယ်သူလဲ”

*ဘယ်သူလဲတဲ့လား*

ထိုစကားလုံးသည် လေးလံသော ဝန်ထုပ်ဝန်ပိုး ကျလာသကဲ့သို့ ထိုသူအား တုန်ယင်သွားစေသည်။ သူသည် ငရဲဘုံတွင် မွေးဖွားခဲ့ပြီး ဂြိုဟ်များအကြား၌ ကြီးပြင်းလာခဲ့သည်။

နတ်ဆိုးမျိုးနွယ်များ အမြင့်ဆုံးသို့ ရောက်လာသောနေ့တွင် မျိုးနွယ်သုံးခု၏ လောကသခင် သုံးပါးက ပူးပေါင်းပြီး နတ်ဆိုးဧကရာဇ်အား တိုက်ခိုက်ခဲ့သောအချိန်တွင် သူသည်လည်း ကောင်းကင်ယံ၏ အက်ကြောင်းရာများထဲသို့ ပြုတ်ကျသွားခဲ့ပြီး ဘယ်သောအခါမှ ပြန်မသွားနိုင်တော့ပေ။

သို့သော် သူ ယန်နယ်မြေသို့ ရောက်သွားရလိမ်မည်ဟု တစ်ခါမှ ထင်မထားမိပါ။ သူသည် ယန်နယ်မြေ၌ အချိန် အတော်ကြာအောင် စောင့်နေခဲ့သည်။

ဤနှစ်များအတွင်း သူသည် အနိုင်ကျင့်ခံရပြီး အရှက်တကွဲနှင့် အပါယ်ငရဲသို့ ကျနေသည့် ဘဝမျိုး၌ အသက်ရှင် နေခဲ့ရသည်။ ယဲ့ဖန်ကို ထပ်မြင်ချင်သော စိတ်ဆန္ဒကြောင့်သာ မဟုတ်လျင် အရှက်ရခြင်းကြောင့် သူ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီးလောက်သည်။

တစ်ချိန်က စကြဝဠာကြီးအား ချုပ်ကိုင်နိုင်ခဲ့သူ ဖြစ်ခဲ့သည်ကို သူ ပြန်တွေးမိပြီး ယခုဘဝ၌ ခွေးသဖွယ် အနိုင်ကျင့် ခံနေရသဖြင့် သူ့ဘဝက သေသည်ထက်ကို ဆိုးရွားနေ၏။

သို့သော် သူ စိတ်မလျှော့နိုင်ခဲ့ပါ။ သူ၏ သခင်ကြီးက သည်အတိုင်း သေသွားသည်ဟု မယုံနိုင်ပေ။ နတ်ဘုရားသဖွယ် စွမ်းအားကြီး၍ နတ်ဆိုးသဖွယ် ရက်စက်သော ယဲ့ဖန်က ဘယ်လိုလုပ် အလွယ်တကူ သေဆုံးနိုင်မည်နည်း။ ယခု သူ့အယူအဆက မှန်နေလေပြီ။

သူ၏ ညီအစ်ကိုသည် စကြဝဠာကြီး၏ နတ်ဆိုးဧကရာဇ် ဖြစ်သည်။ ဤလောက၌ သူကိုယ်တိုင်မှလွဲ၍ သူ့ကို သတ်နိုင်သူ မရှိပါ။

“ငါက သူ့ရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ပါပဲ”

ထိုလူ၏ အမူအရာက ရုတ်တရက် အထီးကျန်ပုံ ပေါ်လာသည်။ သူ့အကြောင်းကို ထုတ်ဖော်ပြရဲသည့် သတ္တိ မရှိပါ။ ယခု ဘယ်လို အရည်အချင်းမျိုး ရှိနေ၍ သူက ယဲ့ဖန်၏ ညီအစ်ကို ဖြစ်နိုင်မည်နည်း။ အလွန် ကိုးရိုးကားရား နိုင်လှသည်။

ယန်နယ်မြေက မည်မျှ ဆိုးရွား၍ ကြောက်စရာကောင်းကြောင်း သူ ကောင်းကောင်း သိပါသည်။ ယခု လက်ရှိ သူ့အခြေအနေ သူ ယဲ့ဖန်ကို မကူညီနိုင်ဘဲ ဆွဲချမိသလို ဖြစ်သွားလိမ့်မည်။

“ကျုပ်မှာ လုပ်စရာလေး ရှိသေးလို့၊ သွားခွင့်ပြုပါဦး”

ထိုသို့ပြောပြီး ထိုလူက နောက်လှည့်၍ ထွက်သွားရန် ပြင်လေသည်။ ယခု ယဲ့ဖန် အသက်ရှင်နေသေးကြောင်း သိလိုက်ရသဖြင့် သူ စိတ်အေးသွားလေပြီ။

“မသွားနဲ့ဦး၊ ရှင့်နာမည်က ဘာလဲဆိုတာ ကျွန်မကို ပြောခဲ့ပါလား”

ထန်ယွင်အာ အလျင်အမြန် မေးလိုက်မိသည်။ ဤလူနှင့် ယဲ့ဖန်ကြားက ပတ်သက်မှုက ထူးခြားနေမည် ဖြစ်ကြောင်း သူမ၏ မသိစိတ်က ပြောပြနေ၏။

“ကျုပ်နာမည်လား”

ထိုအမေးကြောင့် ထိုသူက မချိပြုံး ပြုံးလိုက်သည်။

“ကျုပ် အရင်နာမည်ကို ထုတ်ပြောဖို့ မထိုက်တန်တော့တဲ့အတွက် အခု ကျုပ်ကို လုံရှာလို့ ခေါ်ပါတယ်”

လုံရှာသည် တစ်ချိန်က နတ်ဆိုးသခင်လေးပါးထဲမှ တစ်ပါးဖြစ်သူ သတ်ဖြတ်ခြင်း နတ်ဆိုးသခင် ဖြစ်လေသည်။ သူသည် ယန်နယ်မြေ၌ ပြန်လည်ဝင်စားခဲ့သော်လည်း သုံးစားမရသော အမှိုက်တစ်ကောင် ဖြစ်ခဲ့သည်။ သူသည် ဒုက္ခတိအဖြစ် မွေးဖွားလာရုံသာမက သူ့ကိုယ်၌ ယန်စွမ်းအင် စီးဆင်းခြင်းလည်း မရှိပေ။

လုံမိသားစုအတွင်း၌ သူ့နေရာက အလွန် နိမ့်ကျလှပြီး သူ နှိပ်စက် လှောင်ပြောင်ခြင်း ခံခဲ့ရလေသည်။ သူ့မိန်းမကတောင်မှ သူ့ဝမ်းကွဲနှင့် ဖောက်ပြန်ခဲ့သည်။

ထိုအရာများသည် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်နှင့် ပတ်သက်ခြင်း မရှိသော်လည်း ယခု သူက လုံရှာအဖြစ် ဝင်စားလာခဲ့သည်။ ထို့ကြောင့် သူသည် သူ့မိန်းမနှင့် ဝမ်းကွဲတို့၏ မျက်လုံးထဲတွင် ဆူးညှောင့်တစ်ခု ဖြစ်နေပြီး သူတို့က လုံရှာကို သတ်ရန် နည်းလမ်းပေါင်းစုံ သုံးကြလေသည်။

လုံရှာ နှစ်ပေါင်းများစွာ အလွန် လှောင်ပြောင်ခံရသောဘဝ၌ နေထိုင်ခဲ့ရသည်။ သူ သန်မာလာရန် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ယခု လုံရှာသည် သူတို့၏ နာတာရှည် အဆိပ်ခပ်ခံ ထားရသဖြင့် သက်တမ်းက သိပ်မကျန်တော့ချေ။

သူ၏ နောက်ဆုံးဆန္ဒမှာသူ မသေခင် သူ၏ ညီအစ်ကိုတစ်ဖြစ်လဲ နတ်ဆိုးဧကရာဇ် အသက်ရှင်နေသေးသည်ကို သိချင်သော ဆန္ဒ ဖြစ်သည်။ သို့မှသာ သူ စိတ်ကျေနပ်နိုင်ပေမည်။

“လုံရှာလား”

ထန်ယွင်အာ တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြန်ပြောလိုက်သည်။

“လုံမိသားစုက သိုင်းမတတ်တဲ့ အမှိုက် လုံရှာလား”

သူမ ထိုနာမည်ကို ကြားဖူးသည်။ လုံမိသားစုသည် ကျုံးကျိုးအင်ပါယာ၌ မိသားစုကြီး တစ်ခုဖြစ်ပြီး သူတို့၏ အမွေအနှစ် အင်အားစုက နဂါးမြို့တော်မှ ယဲ့မိသားစုနှင့် သိပ်မကွာပေ။

လုံမိသားစု၏ သိုင်းပညာကလည်း ကျုံးကျိုး အင်ပါယာတစ်ခုလုံး၌ ကျော်ကြားသည်။ အသက်သုံးနှစ်ကတည်းက ကလေးငယ်များသည် သိုင်းပညာကို ကျင့်ကြံရပြီး သူတို့၏ ခန္ဓာကိုယ်အား တိရစ္ဆာန်သွေးဖြင့် ပြုပြင်မွမ်းမံသဖြင့် လုံမိသားစု၏ ကလေးတိုင်းက အလွန် သန်မာကြသည်။

သို့သော် လုံမိသားစုမှ အမှိုက်တစ်ကောင် မွေးဖွားလာခဲ့သည်။ ထိုကလေးသည် မွေးဖွားလာကတည်းက ယန်စွမ်းအင် မပါသော အမှိုက်တစ်ကောင် ဖြစ်ခဲ့သဖြင့် လုံမိသားစု မျက်နှာမလှ ဖြစ်ခဲ့လေသည်။ လုံမိသားစု ဝင်တိုင်းက ယင်းကို အရှက်ကွဲမှုကြီးကို သတ်မှတ်ခဲ့သည်။

ထိုသူ၏ မိန်းမတောင်မှ ဝမ်းကွဲက လုယူခဲ့သဖြင့် မည်မျှ အရှက်ရစရာ ကောင်းလိုက်သနည်း။

“လုံရှာ ခွေးမသား ငါတို့ကို တော်တော် ရှာရအောင်လုပ်တယ်”

သို့သော် ထိုသို့သောအချိန်၌ မလှမ်းမကမ်းမှ အေးစက်မာကြောသော အသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် မြင်ကွင်းထဲသို့ လူတစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။ ထိုသူများအားလုံးသည် စဉ်းလဲစွာ ပြုံးနေကြပြီး လုံရှာအား နောင်ပြောင်သလို ကြည့်နေသည်။ လုံရှာ မျက်နှာမည်းမှောင်သွားသည်။

“ကျုပ် ဘယ်သွားသွား ခင်ဗျားတို့ကို တင်ပြနေရဦးမှာလား”

“အရင်က မလိုပင်မယ့် ဒီရက်ပိုင်းအတွင်း ဒုသခင်လေးနဲ့ မမလေး ကျဲရင်တို့က ဟွိုင်အန်း စီရင်စုတွင်းမှာ လက်ထပ်ပွဲ ကျင်းပတော့မှာ၊ မမလေး ကျဲရင်က မင်းလို အမှိုက်ကောင်နဲ့ တစ်လေတည်းကို မရှူချင်ဘူး၊ သူ ရွံသလို ခံစားရတယ်လို့ ပြောထားတာ၊ အဲ့ဒါကြောင့် ငါတို့ မင်းကို ဟွိုင်အန်း စီရင်စုတွင်းက ထွက်သွားခိုင်းပြီး မမလေး ထွက်သွားမှ မင်းကို ပြန်လာခိုင်းမလို့”

ထိုစကားကို ကြားသောအခါ လုံရှာ တော်တော်လေး မျက်နှာပျက်သွားသည်။ ဒုသခင်လေးနှင့် မမလေး ကျဲရင်ဆိုသည်မှာ သူ၏ ဝမ်းကွဲ လုံယင်ရှို့နှင့် ဇနီးဖြစ်သူ စုန့်ကျဲရင်တို့ ဖြစ်ပြီး နှစ်ပေါင်းများစွာ သူ့ကို မဆုံးနိုင်သော အရှက်များ ပေးခဲ့သူများ ဖြစ်လေသည်။

အစပိုင်း၌ သူတို့ သွေးကြောင်စွာ ဖုံးကွယ်၍ ဖောက်ပြန်ခဲ့သော်လည်း ယခု သူတို့က ပေါ်တင် ဖောက်ပြန်နေပြီး သူ့အား နင်းခြေရန်ပင် မမေ့ကြချေ။

ယခင်က လုံရှာဆိုလျင် ဘယ်လိုလုပ် ဤသို့ အလှောင်ခံမည်နည်း။ သူ၏ အစွမ်းကို ထုတ်သုံး၍ လုံမိသားစုအား သတ်ပြီးနေလောက်သည်။ သို့သော် ယခုအခါ၌ သူ ငုံ့ခံရန်သာ ရှိတော့သည်။

“သွားမယ်၊ အမှိုက်ကောင် ငါတို့ မင်းအပေါ် ကြမ်းတမ်းလာအောင် ဖိအားမပေးနဲ့”

ထိုလူများက ရယ်မောလေသည်။ သူတို့သည် လုံမိသားစု၏ အစေခံများသာ ဖြစ်သော်လည်း လုံရှာသည် အစေခံလောက်ပင် မိသားစုတွင်း၌ နေရာမရချေ။ သူသည် မိသားစုတွင်း၌ ခွေးတစ်ကောင်လို ဆက်ဆံခံရသဖြင့် အစေခံများကပါ အလိုရှိသလို အနိုင်ကျင့် လှောင်ပြောင်ကြသည်။

လုံရှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေပြီး အံကြိတ်ထားရသဖြင့် သွားများပါ အက်လုနီးပါး ဖြစ်နေ၏။

*ရှက်စရာ ကောင်းလိုက်တာ*

*တော်တော် ရှက်စရာ ကောင်းတယ်*

“သူ ဘယ်မှမသွားရဘူး”

ထိုစဉ် ထန်ယွင်အာက ရှေ့တိုးလာပြီး လုံမိသားစု၏ အစေခံများကို အေးစက်စွာ ကြည့်လာသည်။ ထိုအခါတွင်မှ အားလုံး ထန်ယွင်အာကို အာရုံစိုက်မိသွားသည်။ လုံရှာတောင်မှ အံ့ဩသွားလေသည်။ ထန်ယွင်အာက သူ့ကို ကူညီရန် ဝင်ပါလာလိမ့်မည်ဟု မျှော်လင့်မထားမိပါ။

“ကျွတ် ကျွတ် ကျွတ်၊ အတော်လှတဲ့ ကောင်မလေးပဲ၊ သူနဲ့သာ တစ်ညလောက် ပျော်ပါးခွင့်ရမယ်ဆိုရင် ငါ့သက်တမ်း ဆယ်နှစ်လောက် လျော့သွားလည်း ရတယ်ကွာ”

ကတုံးနှင့်လူက ရမ္မက်ဆန်စွာ ရယ်မော၍ သွားရည်ကျနေသကဲ့သို့ လျှာသပ်လေသည်။

“အလှလေး မင်း ဘာလို့ ဒီဒုက္ခိတအတွက် ဝင်ပါရတာလဲ၊ မင်းက သူ့ကို ကြိုက်နေတာများလား၊ ငါ မင်းကို ပြောလိုက်မယ်၊ သူက ချောပေမယ့် အသုံးမကျဘူး၊ သူက ငါတို့ ဒုသခင်လေး သုတ်သင်တာကို ခံရတော့မှာ … ဟားဟားဟား”

“ဟုတ်တယ် မင်း တကယ်လို့ လိုအပ်နေတယ်ဆိုရင် ငါတို့ညီအစ်ကိုတွေကို ခေါ်ပါလား၊ ငါတို့ မင်းကို သေမတတ် ကောင်းအောင် လုပ်ပေးမှာပေါ့”

လုံမိသားစု၏ အစေခံများသည် ထန်ယွင်အာအား မျက်လုံးထဲပင် မထည့်ချေ။ သူတို့၏ လုံမိသားစုသည် သန်မာ၍ အင်အားကြီးကာ ကျုံးကျိုး အင်ပါယာတစ်ခုလုံး၏ လူလေးစားခြင်း ခံရသည်။ သူတို့သည် ဟွိုင်အန်း စီရင်စု၏ မြို့လေးတစ်ခုတွင်း၌သာ အင်အားကြီးသော ဒေသခံ အင်အားစုကို အရေးမစိုက်ပေ။

“သေချင်နေတာပဲ”

မှောင်ရိပ်ထဲမှ ထန်မိသားစု၏ သိုင်းပညာရှင်တို့သည် သူတို့၏ အကြီးဆုံး မမလေးကို တစ်ဖက်လူက စော်ကား ပြောဆိုခြင်းအား သည်းမခံနိုင်တော့သဖြင့် ချက်ချင်း ပြေးထွက်လာကြသည်။

“ဟားဟား …”

ထိုစဉ် ပိန်ပါးပါး ယောက်ျားတစ်ယောက်က လှောင်ရယ်၍ လက်ကို အသာဝှေ့ယမ်းလိုက်သည်။

“ဖြောင်း”

ချက်ချင်းဆိုသလိုပင် ထန်မိသားစု၏ ဈာန်ဝင်စားခြင်အဆင့် သိုင်းပညာရှင်သည် ခေါင်းပေါက်ကွဲ၍ သေသွားလေသည်။

ထန်ယွင်အာနှင့် အခြားသူများ မျက်နှာ မည်းမှောင်သွားပြီး စိတ်ခံစားချက် မကောင်းတော့ပေ။

*လုံမိသားစုက တကယ် ကြောက်စရာကောင်းတာပဲ*

“မင်းတို့ သူများကိစ္စကို ဝင်ပါချင်တာ သေချာလား”

လုံမိသားစု၏ အစေခံများက ရက်စက်သော အပြုံးမျိုး ပြုံးလာကြသည်။ ထိုစကားကို ကြားသောအခါ ထန်ယွင်အာ၏ မျက်လုံးတွင်းမှ ကြောက်စိတ်များ လွင့်ပြယ်သွားပြီး ရှေ့သို့ ထပ်တိုးလိုက်သည်။

“သူက ငါ့ဘုရင်ရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ပဲ၊ အဲ့တော့ ငါတို့ဘုရင်ရဲ့ မိတ်ဆွေဟောင်း လှောင်ပြောင်ခံ နေရတာက ငါတို့ ထန်မိသားစုကို လှောင်ပြောင်တာနဲ့ အတူတူပဲ”

သူမအနောက်၌ ထန်မိသားစု၏ သိုင်းပညာရှင်များကလည်း ငြိမ်၍ ရှေ့သို့ တိုးလာပြီး ဓားကို ထုတ်လာကြသည်။

“ထန်မိသားစုက သေခြင်းရှင်ခြင်း တိုက်ပွဲ ဆင်နွှဲမယ်ကွ”

All Chapters