အခန်း ၁၁၉၁
Vol. 80 Ch. 1191
Chapter 1191 ငါ့ဘုရင်ကို လှောင်ပြောင်ခွင့် မပေးနိုင်ဘူး
ယဲ့ဖန်သည် သူတို့၏ နတ်ဘုရားဖြစ်သည်။ သူတို့နတ်ဘုရား၏ မိတ်ဆွေကလည်း သူတို့၏ အထူး ဧည့်သည်တော်ပင်။
လုံရှာတစ်ယောက် ဤလူများ၏ အနိုင်ကျင့်ခြင်း ခံနေရသည်ကို သူတို့ ကြည့်နေပါက ဘယ်လိုလုပ် သူတို့ ထန်မိသားစုက ယဲ့ဖန်ကို မျက်နှာပြနိုင်တော့မည်နည်း။
ဤသို့တွေးမိပြီးနောက် ထန်မိသားစုဝင်များ၏ သတ်ဖြတ်လိုသော ခံစားချက်က တစ်ဟုန်ထိုး မြင့်တက်လာပြီး လောကကို လွှမ်းမိုးတော့မည်ဟု ထင်မှတ်မှားရလုမတတ် ကြောက်စရာကောင်းလာသည်။
လုံရှာ ထိတ်လန့်သွားရသည်။ အတိတ်က နတ်ဆိုးများကို မြင်နေရသည်ဟုပင် သူ ထင်မှတ်သွားလေသည်။ နတ်ဆိုးဧကရာဇ်၏ လက်အောက်၌ ရှိသော နတ်ဆိုးမျိုးနွယ်သည် ခက်ထန် ကြမ်းကြုတ်၍ သေရမည်ကို မစိုးရွံ့ကြချေ။
လက်ရှိတွင် သူသည် ထန်မိသားစု၏ အပြုအမူကြောင့် ထိတ်လန့်သွားရသော်လည်း ထန်မိသားစု ဤသို့ လုပ်ရခြင်း၏ အကြောင်းရင်းမှာ သူ့ကြောင့်မဟုတ်ဘဲ ယဲ့ဖန်ကြောင့်သာ ဖြစ်ကြောင်း သူ သိပါသည်။ ဤသည်ကို စဉ်းစားမိပြီး လုံရှာ ပြုံးလိုက်မိသည်။
*ဒီလိုပဲ ဖြစ်ရမယ်လေ*
*အရှင် နတ်ဆိုးဧကရာဇ် ဘယ်နေရာရောက်ရောက် သူ့ခြေထောက်အောက်မှာ ဝပ်တွားပြီး သူ့အတွက် သွေးမြေကျပေးမဲ့ လူတွေက အမြဲ ရှိနေမှာပဲ*
*သူ့ရဲ့ သူမတူတဲ့ ခေါင်းဆောင်နိုင်စွမ်းနဲ့ ဩဇာညောင်းတဲ့ပုံက လူတွေကို အထင်မကြီးဘဲ မနေနိုင်အောင် ဖြစ်စေမှာ*
“ထန်မိသားစုလား”
ထိုစဉ် လုံမိသားစု၏ အစေခံများသည် ရုတ်တရက် အံ့ဩဟန် ပြလာပြီးမှ သရော်ဟန်ဖြင့် ပြန်မေးလိုက်သည်။
“ယဲ့ဘုရင်ရဲ့ အမိန့်ကို နာခံတဲ့ အဲ့ထန်မိသားစုလား”
“နင်တို့ သိသားပဲ၊ သိရင်လည်း ငါ့ဘုရင် ပြန်မလာခင် မြန်မြန်ထွက်သွားတော့”
ထန်ယွင်အာက လေသံမာမာဖြင့် ပြောလိုက်သည်။ သူမနောက်ကွယ်မှ ယဲ့ဖန်ကြောင့် လုံမိသားစု ဖြစ်နေလျင်တောင်မှ သူမ စိန်ခေါ်ဝံ့သည်။ ဤသည်မှာ ထန်မိသားစုနှင့် ဖျင်အန်းတစ်မြို့လုံးကို ယဲ့ဖန် ပေးလိုက်သည့် သတ္တိပင်။
“ငါတို့ကို ထွက်သွားခိုင်းတာလား၊ ဟားဟားဟား … မင်းတို့ ကြားလိုက်လားကွ၊ ဘာမဟုတ်တဲ့ ထန်မိသားစုလေးက ငါတို့ လုံမိသားစုကြီးကို နှင်ထုတ်ရဲတယ်တဲ့ကွ”
“ယဲ့ဘုရင်ကို မှီခိုပြီးတော့ ထန်မိသားစုက သူတို့ကိုယ်သူတို့ လောကမှာ ပြိုင်စံရှား ဖြစ်နေပြီလို့ ထင်နေတဲ့ပုံပဲ၊ ဟားဟားဟား … အရူးတွေပါကွာ”
“ယဲ့ဘုရင်လား၊ သူက ဟွိုင်အန်း စီရင်စုတွင်းမှာသာ ဩဇာညောင်းရင် ညောင်းမယ်၊ ဒါပေမဲ့ ဟွိုင်အန်းစီရင်စုကို ကျော်တာနဲ့ ငါတို့ လုံမိသားစုက သူ့ကို လက်တစ်ဖက်တည်းနဲ့ အသေသတ်နိုင်တယ်ကွ”
လုံမိသားစုမှ လူများသည် ဟာသကြီးတစ်ပုဒ်ကို ကြားရသကဲ့သို့ ရယ်မောကြလေသည်။ လုံမိသားစု၏ မိသားစုဝင်တိုင်းက တိုက်ခိုက်ခြင်း၌ ရူးသွပ်ကြပြီး ခွန်အားအရာတွင်လည်း မြင့်မားကြသည်။
သူတို့ထဲတွင်ပင် နဂါးအသွင်ပြောင်းခြင်းအဆင့်သို့ ရောက်နေသူ သုံးယောက် ရှိသည်။ ထိုသုံးယောက်ထဲမှ မည်သူမဆိုက ဤဖျင်အန်းမြို့ငယ်လေးကို သွေးမုန်တိုင်းထန်အောင် ပြုလုပ်နိုင်၏။
သူတို့ လုံမိသားစုရှေ့တွင် ဘာမှမဟုတ်သည့် သေးငယ်သော ထန်မိသားစုက သူတို့ကို မလေးမစား ဆက်ဆံရဲသည် တဲ့လား။
“မင်းတို့က ငါတို့ဘုရင်ကို မလေးမစား ပြောရဲတယ်ပေါ့လေ”
ရုတ်တရက် ထန်မိသားစုဝင်များ၏ မျက်နှာတွင် မုန်းတီးစိတ်နှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာသည်။ တစ်ဖက်လူက သူတို့နှလုံးသားထဲမှ နတ်ဘုရားကို ရိုင်းပျရဲသည်။ ဤတစ်ခုတည်းကပင် ထိုသူများကို သူတို့ အခါတစ်ထောင်မက သတ်ရန် လုံလောက်နေလေပြီ။
“ဘုရင် ဟုတ်လား၊ ပုရွက်ဆိတ်လို သေးငယ်တဲ့ကောင်က ငါတို့လုံမိသားစုရှေ့မှာ ဘုရင်ဖြစ်ဖို့ ထိုက်တန်လို့လား”
လုံမိသားစုက အလေးမထားဟန်ဖြင့် ပြန်ပြောလေသည်။
*ဘာကို ယဲ့ဘုရင်လဲ၊ ဟွိုင်အန်းစီရင်စုထဲမှာသာ ဘုရင်လို နေလို့ရရင် ရမယ်၊ ကျုံးကျိုး အင်ပါယာတစ်ခုလုံးမှာ မြေလှန်နိုင်တဲ့ ငါတို့ လုံမိသားစုရှေ့မှာတော့ ဘုရင်လို နေလို့ ဘယ်ရမလဲ*
“လုပ်လိုက်လေ၊ မင်းတို့ရဲ့ ယဲ့ဘုရင်ဆိုတဲ့ကောင်ကို ထွက်လာခိုင်းလိုက်၊ ငါ ရိုက်သတ်ပေးမယ်၊ အဲ့တော့မှာ မင်းတို့ ယဲ့ဘုရင်ဆိုတာ ဘယ်လောက် ကြီးမြတ်လဲ သိအောင် လုပ်ပေးမယ်”
ကတုံးနှင့်လူက ဟားတိုက်ရယ်၍ စိတ်အား ထက်သန်နေသော မျက်လုံးများဖြင့် ကြည့်လာသည်။
“ငါ့ဘုရင်ကို ရိုင်းပျတဲ့ကောင် သေပေတော့”
ထန်မိသားစုဝင်တိုင်း ဒေါသူပုန် ထသွားလေသည်။ တစ်ယောက်ပြီးတစ်ယောက် ဆာလောင်နေသော ဝံပုလွေတစ်ကောင်၊ ခြင်္သေ့တစ်ကောင်ကဲ့သို့ ပြေးတက်လာပြီး ရန်သူထံ ပြေးဝင်သွားကြသည်။ သူတို့၏ မျက်နှာတွင် သတ်ဖြတ်ချင်စိတ်များ ထင်ဟပ်နေ၏။
“မင်းတို့ ထန်မိသားစုကို အပြစ်ပေးဖို့ လိုနေတဲ့ပုံပဲ၊ မင်းတို့က ကြီးမြတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို မသိကြပါလား”
နဂါးအသွင်ပြောင်းခြင့်အဆင့် သိုင်းပညာရှင်သုံးယောက်က ပြိုင်တူ မာန်မဲလာသည်။ ထို့နောက် သူတို့က ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လေတော့သည်။
သူတို့သုံးယောက်သည် ထန်မိသားစုဝင်များထံ ပြေးဝင်သွားပြီး လက်ချည်းဗလာဖြင့် ထိုးနှက် တိုက်ခိုက် လေသည်။ ပြင်းထန်သော လူသတ်ချင်စိတ်များဖြင့် အရူးအမူး တိုက်ခိုက်နေကြသည်။ လက်ရှိတွင် လုံမိသားစုနှင့် ထန်မိသားတို့ အပြင်းအထန် တိုက်ခိုက်နေလေသည်။
“မင်းတို့ စိတ်လိုက်မာန်ပါ မလုပ်နဲ့၊ မင်းတို့က သူတို့ပြိုင်ဘက် မဟုတ်ဘူး”
လုံရှာ သွေးပျက်စွာ အော်ဟစ်လိုက်သည်။ လုံမိသားစု၏ ခွန်အားကို သူ ကောင်းကြောင်းကြီး သိပါ၏။ ထန်မိသားစုက သူတို့၏ ပြိုင်ဘက် လုံးဝ မဟုတ်ချေ။
သို့သော် ထန်မိသားစုက မကြားသယောင်ပြု၍ တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ ဆက်လက် ပြေးတက် လာ၏။ သူတို့ သေလျင်တောင်မှ တစ်ဖက်လူ၏ အသားတစ်စလောက်တော့ ကိုက်ဖဲ့မှကို ဖြစ်မည်ဟု ခံယူထား ကြသည်။
၎င်းက အလုပ်မဖြစ်လျင်တောင်မှ ထိုသူများကို ထိုးကြိတ်ကန်ကျောက်ခဲ့ရုံနှင့်တင် သူတို့ ပျော်ပါသည်။ တစ်ဖက်လူများက သူတို့၏ ယုံကြည်ရာကို စော်ကား ရိုင်းပျရဲသဖြင့် သူတို့၏ အမုန်းမီးများက တဟုန်းဟုန်း တောက်လောင်ပြီးသား ဖြစ်သည်။
ဒါဇင်ချီသော ထန်မိသားစုဝင်များသည် လုံမိသားစုဝင်များကို ဝိုင်းထားကြသည်။ သို့သော် နှစ်ဖက်လုံး၌ ထောင်ချီသော စစ်သည်တော်များက ရွှေလက်နက်များ ကိုင်ဆောင်၍ စစ်ပွဲဆင်နွှဲသကဲ့သို့ အကြိတ်အနယ် တိုက်ခိုက်နေသဖြင့် ကမ္ဘာပျက်တော့မည်ဟု ထင်မှတ်ရသည်။
နံရံများ ပြိုကျလာပြီး သဲများက ကျွံဝင်လာ၏။ သွေးစီးကြောင်းတစ်ခုက နေရာအနှံ့သို့ စီးဆင်းနေသဖြင့် လေထုထဲ၌ သွေးနံ့များ လှိုင်လှိုင်ထနေသည်။ ထန်မိသားစုဝင် တစ်ယောက်ပြီး တစ်ယောက် သေဆုံး သွားကြသည်။ ခွန်အားချင်း ကွာဟချက်က အမီလိုက်ရန် ခဲယဉ်းပေသည်။
“ဟားဟားဟား ပုရွက်ဆိတ်တွေ အခု မင်းတို့ ငါတို့ရှေ့မှာ ပြဿနာ ရှာရဲသေးလား”
လုံမိသားစုဝင်များ အလွန်အမင်း ဂုဏ်ယူနေကြသည်။ ဤတိုက်ပွဲအပြီး၌ သူတို့ ထန်မိသားစုကို ကြောက်လန့် သွားအောင် လုပ်နိုင်ပြီဟု ထင်နေလေသည်။ သို့သော် တစ်ခဏအတွင်းမှာပင် သူတို့ မှင်တက်သွားရသည်။
အဘယ်ကြောင့်ဆိုသော် ထန်မိသားစုဝင်များ အားလုံး၏ မျက်လုံးတွင် ကြောက်စိတ် တစ်စက်ကလေးမျှ ရှိမနေဘဲ လူသတ်ချင်စိတ်နှင့် မုန်းတီးစိတ်များသာ ပိုမို ပြင်းပြလာသည်ကို တွေ့လိုက်ရသောကြောင့်ပင်။ နတ်ဆိုးနဂါးတစ်ကောင် ဒေါသထွက်နေသည်ဟု ထင်မှတ်မှားရသည်။
“သတ်ကြ၊ ငါတို့ သေရမယ်ဆိုရင်တောင်မှ သူတို့ကိုပါ တစ်ခါတည်း ဆွဲခေါ်သွားမှရမယ်၊ ငါတို့ ယဲ့ဘုရင်ကို သူတို့ ရိုင်းပျခွင့် မပေးနိုင်ဘူး”
“ထန်မိသားစု အသေအကြေ တိုက်ကြဟေ့”
“သတ် သတ် သတ်”
ထို့နောက် ထန်မိသားစုဝင်များအားလုံးသည် ပြန်၍ ရှင်သန်တက်ကြွလာသကဲ့သို့ လုံမိသားစုဝင်များကို ထပ်မံ တိုက်ခိုက်ကြသည်။ အရှိန်ကလည်း ယခင်ထက် ပိုမို ပြင်းထန်လာ၏။
“ရူးနေပြီ၊ အရူးတွေပဲ”
လုံမိသားစုဝင်များ ထိတ်လန့်သွားကြသည်။ ဤသို့သော လူစားမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးပါ။
*သူတို့ သေရမယ်ဆိုတာကို သိနေတာတောင် ရှေ့တက်ရဲတာလား*
*ဒီလူတွေရဲ့ စိတ်တွေက ဘာတွေဖြစ်နေတာလဲ*
ထို့နောက် အခြေအနေက ပြောင်းပြန် ဖြစ်လာသည်။ ထန်မိသားစုဝင်များက ကြောက်စိတ်ကင်းမဲ့သော အမူအရာနှင့် ပြေးတက်လာနေသော်လည်း လုံမိသားစုဝင်များက ကြောက်စိတ်ကို ခံစားမိနေ၏။
*ဒီလူတွေ တကယ် ရူးနေပြီ*
*အသက်ကိုရင်းပြီး တိုက်နေကြပါလား*
*ကြမ်းတမ်းတယ်*
*ငါတို့ကို မသတ်ရမချင်း လက်မလျှော့မယ့်ပုံပဲ*
*ငါတို့က ယဲ့ဘုရင်ကို စော်ကားမိတာနဲ့ ဒီလူတွေက သူတို့တစ်မိသားစုကို ငါတို့ သတ်လိုက်တဲ့ပုံမျိုးနဲ့ အရူးလို ပြန်သတ်ချင်နေကြပါလား*
*ဒီလူတွေက ဘာတွေလဲ*
“ရွှစ်”
ထိုစဉ် လုံမိသားစုတစ်ယောက် ဓားခုတ်ခံလိုက်ရပြီး သူ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် နောက်ထပ် ဓား ခုနစ်လက်၊ ရှစ်လက်က သူ့ထံ ကျရောက်လာ၏။ တစ်ဒင်္ဂမျှ ကြိုးစားမှုအတွင်းမှာပင် သူ နုတ်နုတ်စင်း ခံလိုက်ရလေသည်။
ဤသည်ကိုမြင်ပြီး လုံမိသားစုဝင်များအားလုံး ခေါင်းမွေးထောင်သွားကြသည်။
*ဒီလူတွေက ငါတို့ကို တကယ် မုန်းနေတာပဲ*
ထို့နောက် အသက်ပေါင်း သုံးဆယ်မျှ ရင်းပြီးနောက် ထန်မိသားစုသည် လုံမိသားစုဝင် နှစ်ယောက်ကို သတ်လိုက် နိုင်သည်။ ထိုနှစ်ယောက်ထဲတွင် နဂါးအသွင်ပြောင်းခြင်းအဆင့်သို့ ရောက်နေသူ တစ်ယောက်ပင် ပါလေသည်။
“ထန်မိသားစု ဒီနေ့ကစပြီး ဖျင်အန်းတစ်မြို့လုံးကို ကမ္ဘာမြေပေါ်က ကြေးချွတ်သန့်စင်ဘုံ ဖြစ်သွားအောင် ပြောင်းလဲပစ်မယ်လို့ ငါ ကတိပေးတယ်”
ပိန်ပါးပါးလူက ဒေါသတကြီး အော်ဟစ် ကြိမ်းမောင်းလိုက်သည်။ သူ ဒေါသထွက်သလို အရှက်လည်း ရနေ၏။ သူတို့လုံမိသားစုက ဘယ်လိုလုပ် ဤသို့ ဆက်ဆံခံရသနည်း။ သေးနုတ်သော မိသားစုလေးက သူတို့ကို တကယ် အပြင်းအထန် တိုက်ခိုက်ရဲသည်တဲ့လား။ မည်မျှ ရှက်ဖွဲကောင်းလိုက်သနည်း။
“မင်းတို့ ထန်မိသားစု သေရမယ်၊ ဖျင်အန်းမြို့က လူတွေလည်း သေရမယ်၊ မင်းတို့အပြင် မင်းတို့ဘုရင်ပါ သေရမယ်ကွ”
လက်ရှိတွင် လုံမိသားစု၏ မျက်နှာတွင် အထင်သေးဟန်များ မရှိတော့ဘဲ ဒေါသရိပ်များ ထင်ဟပ်နေ၏။ သူတို့ အလွန် အထင်သေးခဲ့သော လူများ၏ အသေအကြေ တိုက်ခိုက်ခြင်းကြောင့် သူတို့လည်း နစ်နာနေရသည် မဟုတ်ပါလော။
သို့သော် သူ့စကားကို ကြားပြီးနောက် ထန်ယွင်အာက အလွန် မထူးခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။
“ထန်မိသားစုက လှောင်ပြောင်ခံမှာ မဟုတ်ဘူး”
“ငါတို့ဘုရင်ကိုလည်း လှောင်ပြောင်ခံခွင့် ပေးမှာမဟုတ်ဘူး”