အခန်း ၁၁၉၃
Vol. 80 Ch. 1193
Chapter 1193 မင်းတို့အားလုံး သေရမယ်
အနက်ရောင် အလင်းတန်းများက လေထုထဲတွင် စုဝေးလာပြီးနောက် အနက်ရောင် နေလုံးအသွင် ပြောင်းလဲ သွားပြီး အောက်ဘက်မှ ထန်မိသားစုတစ်ခုလုံးပေါ်သို့ အလင်းရောင်များ ဖြာကျလာ၏။
အဘိုးအို ရူးမတတ် ဖြစ်နေ၏။ ဤလူများ၏ မျက်နှာပေါ်မှ အထင်သေး လှောင်ပြောင်သော အမူအရာနှင့် ပျက်ရယ်ပြုသံများကို သူ နောက်တစ်ကြိမ် မမြင်ချင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ယင်းက သူ့ကို အလွန် ကြောက်လန့်စေသောကြောင့်ပင်။ ထန်မိသားစုမှ သိုင်းပညာရှင် များအားလုံး ပေါက်ကွဲကာ သေဆုံးသွားကြသည်။ သို့သော် သူတို့၏ သေဆုံးခြင်းက ထူးဆန်းလှသည်။ လူတိုင်း၏ မျက်နှာတွင် လှောင်ရိပ်များသာ ပြည့်နှက်နေ၏။
“အရူးတွေ၊ သေသင့်တဲ့ အရူးတွေ”
လုံမိသားစုဝင်များအားလုံး ထိတ်လန့်ကာ ဒေါသထွက်နေကြပြီး အတွင်းစိတ်ထဲ၌ ကြောက်ရွံ့နေကြသည်။ သူတို့ လူပေါင်း ဒါဇင်ချီ၍ ခေါ်လာခဲ့သော်လည်း ယခု တစ်ဝက်နီးပါး အသတ်ခံလိုက်ရသည်။ ထိုသို့ အသတ်ခံလိုက် ရသူများထဲတွင် နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက်လည်း ပါဝင်နေ၏။
ဒါဇင်ချီသော လူများထဲတွင်မှ နဂါးအသွင် ပြောင်းခြင်းအဆင့်သို့ ရောက်နေသူ သုံးယောက် ရှိသည့်အပြင် သူတို့ဘက်၌ သေမင်း တံဆိပ်တုံးပါ ရှိသည်။ သို့သော်လည်း သူတို့ ခက်ခက်ခဲခဲ အနိုင်ရအောင် လုပ်ခဲ့ရသည်။
သေမင်းတံဆိပ်တုံး၏ အကူအညီသာ မရှိလျင် သူတို့အားလုံး သေသွားနိုင်သလား။ ထိုသို့တွေးမိပြီး လုံမိသားစုဝင်များ ကြက်သီးမွေးညင်း ထလာကြသည်။
*မိစ္ဆာတွေ*
*ဒီလူတွေက မိစ္ဆာကောင်တွေပဲ*
သတ်ဖြတ်ခြင်း နတ်ဆိုးသခင် လုံရှာတောင်မှ မှင်တက်မိနေသည်။ သူသည် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ဟု ကျော်ကြားသော်လည်း သူ့ရှေ့မှ ထိုသူများ၏ သတ္တိက သူ့အား ထိတ်လန့်သွားစေသည်။
*တကယ်ပါပဲ*
*သခင်ကြီး လေ့ကျင့်ပျိုးထောင်ထားတဲ့ စစ်တပ်က တော်တော် ကြောက်စရာကောင်းတယ်*
“ဟားဟား … မင်းတို့တော့ သွားပြီ၊ မင်းတို့တော့ သွားပြီပဲ”
ထိုစဉ် လုံရှာက ရုတ်တရက် ကျယ်လောင်စွာ ထရယ်လေသည်။
“သူတို့ပြောတာ မှန်တယ်၊ ယဲ့ဘုရင်က မင်းတို့ဆီ လာလိမ့်မယ်၊ မင်းတို့အားလုံး သေလိမ့်မယ်”
“ပါးစပ်ပိတ်ထားစမ်း”
အဘိုးအိုက ချက်ချင်း မာန်မဲလေသည်။ သူ့မျက်နှာက အလွန်အမင်း မည်းမှောင်နေ၏။ သို့သော်လည်း လုံရှာက ရူးနေသကဲ့သို့ ဆက်လက်၍ ဟားတိုက်ရယ်မောလေသည်။
“အရူးတွေ၊ မင်းတို့တင် မကဘူးကွ၊ လုံမိသားစုတစ်ခုလုံး သေလိမ့်မယ်”
သူ အတော်လေး ပျော်ရွှင်နေ၏။
*ငါ့ကို အနိုင်ကျင့်ပြီး နင်းချေခဲ့တဲ့လူတွေ မကြာခင် ပြန်ပေးဆပ်ရတော့မယ်*
*ငါ့သခင်ကြီးက လုံမိသားစုကို အမြစ်ကနေ လှန်ပစ်တော့မှာ*
*ပြီးတော့ သူတို့ ကံတရားက ငါ့ထက် အဆတစ်ရာ ပိုဆိုးဦးမှာ*
ထိုသို့တွေးပြီး သူ ရယ်မောသည်ကို မရပ်နိုင်တော့ချေ။
“ဒီအမှိုက်ကောင်ကို အဝေးခေါ်သွားစမ်း”
အဘိုးအိုက စိတ်ပျက်လက်ပျက်နှင့် အော်ဟစ်လိုက်သော်လည်း လုံရှာကို မသတ်နိုင်ချေ။ လုံရှာက အသုံးမကျသော အမှိုက်ကောင် ဖြစ်ပြီး လုံမိသားစုတွင်း၌ မဝင်ဆံ့သော်လည်း လုံမိသားစုဝင် တစ်ယောက် ဖြစ်နေသေးသည်။ လုံမိသားစုဝင် အချင်းချင်းက သူ့ကို သတ်နိုင်သော်လည်း သူတို့လို အစေခံများက မသတ်နိုင်ပါ။
လူတစ်စုက ရှေ့တိုးလာပြီး လုံရှာကို အတင်းဆွဲခေါ်သွားကြသည်။ သူတို့အားလုံး၏ မျက်လုံးတွင် အလွန် ခက်ထန်သော အရိပ်အယောင်များ ထင်ဟပ်နေသည်။ ထို့နောက် သူတို့အားလုံး အပြုံးကြီး ပြုံးနေကြသည်။
“အမှိုက်ကောင်၊ မင်း အခု ဂုဏ်ယူနေပင်မယ့် မကြာခင် ဂုဏ်ယူနိုင်တော့မှာ မဟုတ်ဘူး”
“လူအိုကြီး ခင်ဗျား ကျုပ်ကို ဒီကောင်မလေး ပေးလိုက်လို့ ရမလား”
ကတုံးနှင့်လူက ညစ်ကျယ်ကျယ် ရယ်မော၍ မလှမ်းမကမ်းမှ ထန်ယွင်အာကို စိုက်ကြည့်ကာ ယခုထိ အကြံအစည်ကို လက်မလျှော့နိုင်သေးသည့်ပုံပင်။ လူအိုကြီးက သေမင်း တံဆိပ်တုံးကို ပြန်သိမ်း၍ ခပ်မာမာ မျက်နှာထားနှင့် ပြန်ပြောလိုက်သည်။
“မင်းသဘောပဲ၊ ဒုသခင်လေးရဲ့ ကိစ္စကိုသာ မဖျက်ဆီးနဲ့၊ မဟုတ်လို့ကတော့ မင်း အကျိုးဆက်ကို သိပါတယ် …”
“ဟာ … ကောင်မလေး တစ်ယောက်ပဲကို၊ ဘယ်လို ပြဿနာ ကြီးမှာ မို့လို့လဲ”
ကတုံးနှင့်လူက ကြက်သီးထဖွယ် ကောင်းလောက်အောင် ရယ်မောလိုက်ပြီးနောက် ရှေ့တိုး၍ ထန်ယွင်အာ၏ လည်ပင်းကို ဓားဖြင့် ရမ်းလိုက်သည်။
“ငါ အရင် ကစားမယ်၊ ပြီးရင် သူက မင်းတို့အပိုင်ပဲ”
ကတုံးနှင့်လူက ဆိုးရွားစွာ ရယ်မောနေသည်။ အခြား လုံမိသားစုဝင်များကလည်း ရယ်မော၍ မချိုမချဉ် ပြုံးနေ လေသည်။ ထို့နောက် ထိုလူတစ်စုသည် နေရာမှ လှစ်ခနဲ ပျောက်ကွယ်သွားတော့သည်။
…
နာရီဝက်ကြာပြီးနောက် ယဲ့ဖန်နှင့် အခြားသူများသည် ထန်မိသားစု အိမ်တော်သို့ ပြန်ရောက်လာပြီး သွေးသံတရဲရဲ မြင်ကွင်းကို မြင်လိုက်ရသည်။
“ဘယ်သူလဲ၊ ဘယ်သူ လုပ်တာလဲ”
ထန်မင်လီ၏ မျက်လုံးများက မီးဝင်းဝင်း တောက်နေပြီး အလွန် ဒေါသူပုန်ထနေ၏။
“မတုန်လှုပ်နဲ့”
ယဲ့ဖန် ကြိမ်းမောင်းလိုက်ပြီးနောက် သူ့မျက်လုံးတွင် နတ်ဆိုး အလင်းတစ်ခု ဖြတ်ပြေးသွားသည်။ ထို့နောက် တာအို သဘောတရားများက ပင်လယ်လှိုင်းသဖွယ် တိုးမြင့်လာသည်။
ယခင်က ဖြစ်ပွားခဲ့သော အဖြစ်အပျက်များက သူ့မျက်စိရှေ့၌ ရုပ်ရှင်ကားတစ်ခုသဖွယ် ပြန်ပေါ်ထွက်လာသည်။ ထိုအခါ လုံရှာ၏ ပုံရိပ်က သူ့မြင်ကွင်းထဲသို့ ရောက်လာ၏။ သူ့ပုံစံကို သေချာ မြင်လိုက်ရသောအခါ ယဲ့ဖန် တုန်လှုပ် သွားရသည်။
ထို့နောက် လုံရှာနှင့် ထန်ယွင်အာတို့ကြားမှ စကားသံကို သူ ကြားသိလိုက်သည်။
*ငါက ယဲ့ဖန်ဆိုတာ သိသွားတာနဲ့ လုံရှာက ဘာလို့ နောက်လှည့်ပြီး ထွက်သွားရတာလဲ*
*ထန်ယွင်အာကိုတောင် သူ့အကြောင်း အစစ်ကို မပြောချင်ပါလား*
*ဒါ ဘာအဓိပ္ပာယ်လဲ*
“ယဲ့ဘုရင် အရှင် ဘာမြင်လိုက်တာလဲ”
ထန်မင်လီနှင့် အခြားသူများက ချက်ချင်း စိုးရိမ်နေသော မျက်နှာထားများဖြင့် မေးလာ၏။ ယဲ့ဖန်က ပြန်မဖြေဘဲ မေးခွန်းသာ မေးလိုက်သည်။
“လုံရှာဆိုတာကို ကြားဖူးလား”
“လုံရှာလား၊ သူက ကျုံးကျိုးအင်ပါယာက လုံမိသားစုရဲ့ အရှက်ရစရာ နာမည်ကြီး အမှိုက်ကောင်လို့ ကျွန်တော် ကြားဖူးတယ်၊ သူက ယန်စွမ်းအင် မပါဘဲ မွေးလာရုံတင်မကဘဲ လုံမိသားစုက သူ့ကို နေ့တိုင်း အပျော်တမ်း ကစားသလို နှိပ်စက်ပြီး အပျင်းဖြေတယ်လို့ ကြားပါတယ်၊ သူ့ပေါင်ခြံကို နင်းကာ၊ ဒူးထောက်ဝပ်တွားခိုင်းတာတွေ လုပ်သလို … အဆိုးဆုံးက သူ့ပေါ် သေးနဲ့ပန်းတယ်လို့ ပြောသံ ကြားဖူးပါတယ်”
“အခု သူ့မိန်းမက တစ်ခြားသူနောက် ပါသွားပြီးတော့ သူ့မိန်းမကို လုယူဆွေးဆောင်တဲ့လူက သူ့ဝမ်းကွဲပါ၊ အဲ့လူနှစ်ယောက်က ဖောက်ပြန်ပြီးတာနဲ့ အတူနေနိုင်အောင် လုံရှာကို အဆိပ်ခပ်ပြီး ယောကျ်ားလို့ မပြောနိုင် တော့အောင် လုပ်ပါတယ်၊ ဒါကို အကြောင်းပြပြီး သူ့မိန်းမက သူနဲ့ ကွာရှင်းလိုက်တာပဲ”
“အခု လုံရှာက ကျုံးကျိုးအင်ပါယာတစ်ခုလုံးရဲ့ လူရယ်စရာ ဖြစ်နေတာပါ၊ သူ့မှာ နာမည်ပြောင်တွေ အများကြီး ရှိတယ်၊ ဦးထုပ်စိမ်း ဆောင်းတဲ့ကောင်၊ ယန်ဝေ့၊ အသက်တိုတဲ့ တစ္ဆေ”
“ဘာ”
ဤသည်ကိုကြားပြီး ယဲ့ဖန် ဒေါသတကြီး အော်လိုက်မိသည်။ သူ့အသံက မိုးခြိမ်းကဲ့သို့ အရပ်ဆယ်မျက်နှာနီးနီးသို့ ပဲ့တင်ထပ် သွားလေသည်။
*ငါ့လက်အောက်ငယ်သား၊ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က အလှောင်ခံနေရပါလား*
ထိုအခါတွင်မှ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်တစ်ယောက် သူ့နာမည် အစစ်ကို ထုတ်မပြောရဲသလို သူ့ကိုလည်း လာမတွေ့ရဲ့သည့် အကြောင်းရင်းကို နားလည်သွားရတော့သည်။ လုံရှာက သူ့ကို လာတွေ့ရဲသည့် သတ္တိ မရှိတော့ခြင်းပင်။
အခြားသူများ၏ လှောင်ပြောင်နှိပ်စက်ခြင်း ခံရသည်က သူ့သိက္ခာကို စော်ကားလိုက်သလိုပင်။ သူကိုယ်တိုင်က အမှိုက်ကောင် ဖြစ်နေသဖြင့် လူရယ်စရာ ဖြစ်နေ၏။ ဤအဖြစ်ကြောင့် လုံရှာ၌ ယဲ့ဖန်ကို ရင်ဆိုင်ရဲသည့် သတ္တိ ဘယ်လိုလုပ် ရှိပါတော့မည်နည်း။
သူ့ကိုယ်သူ တစ်ချိန်က အရာအားလုံးကို သတ်ဖြတ်ခဲ့သူ သတ်ဖြတ်ခြင်း နတ်ဆိုးပါဟု သူ ဘယ်လိုလုပ် ပြောရဲ တော့မည်နည်း။ သူ ယဲ့ဖန်ကို အရှက်မရစေလိုပါ။ ထို့ကြောင့် သူ ငြိမ်၍ သည်းခံရန်သာ ရွေးချယ်ခဲ့ပြီး တိတ်တိတ်လေး သေသွားရန် ဆုံးဖြတ်ခဲ့ခြင်းပင်။ သူ တစ်ခါမှ ပြန်မမွေးဖွားခဲ့သလို နေချင်ခဲ့သည်။
အေးစက်သော လေညင်းတစ်ခု တိုက်ခတ်လာသကဲ့သို့ အေးမြသော အပူချိန်က ထန်မင်လီနှင့် အခြားသူများကို လွှမ်းခြုံလာ၏။ သူတို့ အရိုးကွဲမတတ် ချမ်းအေးလာကြသည်။ သူတို့၏ စိတ်ဝိညာဉ်ပါ တုန်ခါလာသည်ဟု သူတို့ ခံစားမိနေသည်။
ထိုအခိုက်တွင် မြေကြီးပေါ်မှ သဘာဝပေါက်ပင်များ လျင်မြန်စွာ ခြောက်သွေ့လာပြီး မြေဆီလွှာက ခြောက်သွေ့ အက်ကွဲကာ အနက်ရောင် စွန့်ပစ်နယ်မြေသဖွယ် ပြောင်းလဲသွားသည်။ လေထုထဲ၌ ထူးဆန်းသော ရနံ့တစ်မျိုး ပျံ့လွင့်လာသည်။
သစ်ပင်ပေါ်မှ အနက်ရောင် သစ်ခေါက်များ ကျဆင်းလာပြီး လေဟာနယ်ပင် အက်ကွဲလာရသည်။ ဤမြင်ကွင်းက အမှောင်ထု မွေးဖွားလာသလိုပင်။
သူတို့ ယဲ့ဖန် အလွန် ဒေါသထွက်နေသည်ကို တစ်ခါမှ မမြင်ဖူးပါ။ ယဲ့ဖန်၏ ဒေါသအောက်၌ လောကပင် တုန်လှုပ် လာရလိမ့်မည်ဟု သူတို့ မထင်ထားမိချေ။
“တော်တော်လာတဲ့ လုံမိသားစုပဲ”
“သိပ်ဟုတ်နေတဲ့ ခွေးထီးနဲ့ ခွေးမ”
“ကောင်းတယ် သိပ်ကောင်းတယ်”
ယဲ့ဖန် ပါးစပ်ကို မဟသော်လည်း သူ့အတွေးထဲမှ အသံက လေပြင်းသဖွယ် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး နားပင်းလုမတတ် ဖြစ်လာရသည်။
ဤအသံကြောင့် လူတိုင်း နားစည်များ ကွဲတော့မလို ခံစားလိုက်ရသည်။ ရုတ်ချည်းဆိုသလိုပင် ယဲ့ဖန်က လုံရှာနှင့် အခြားသူများ ထွက်သွားရာ အရပ်သို့ လှမ်းကြည့်ပြီး ပြောလိုက်သည်။
“ငါ့ညီအစ်ကိုကို ရှိသမျှ နည်းတွေနဲ့ လှောင်ပြောင်ရဲမှတော့ မင်းတို့အားလုံး သေရမယ်”