အခန်း ၁၁၉၄
Vol. 80 Ch. 1194
Chapter 1194 ငါ မင်းကို သေခွင့်ပေးလို့လား
“ဟိုအမှိုက်ကောင်ကို မိပြီလား”
ထိုအခိုက်တွင် အဘိုးအိုထံသို့ ဖုန်းဝင်လာပြီး တစ်ဖက်မှ ရက်စက် ခက်ထန်သော အသံတစ်သံ ထွက်လာ၏။
“ဒုသခင်လေးကို သတင်းပို့ပါတယ်၊ ကျွန်တော်တို့လူတွေ ဖမ်းလာခဲ့ပြီးပါပြီ”
လူအိုကြီးယန်ထံက ပြန်ပြောလိုက်ပြီးနောက် ဆိုးယုတ်သော အပြုံးမျိုး ပြုံးလိုက်သည်။
“ဒါပေမဲ့ ဒုသခင်လေး ကျွန်တော့်မှာ အကြံတစ်ခု ရှိပါတယ်”
“ဘာအကြံလဲ”
“အဲ့အမှိုက်ကောင်ကို သတ်လိုက်တာပါ”
လူအိုကြီးယန်က မလှမ်းမကမ်းမှ လုံရှာကို ခက်ထန်သော အကြည့်ဖြင့် လှမ်းကြည့်လေသည်။
“သောက်ရေးမပါတာ၊ သူက အမှိုက်ကောင် ဖြစ်နေပင်မယ့် ငါ့လုံမိသားစုဝင်လေ၊ ငါ သူ့ကို သတ်လိုက်ရင် တခြားမိသားစုဝင်တွေက ငါ့ကို ဘယ်လိုထင်မလဲ”
မိသားစု အပြစ်ဒဏ်ကိုသာ ကြောက်ရွံ့မနေရလျင် လုံယင်ရှို့တစ်ယောက် လုံရှာကို အချိန်အတော်ကြာစဉ် ကတည်းက သတ်ပြီးလောက်ပြီး ယခုအထိ စောင့်နေမည်မဟုတ်ပါ။
လူအိုကြီးယန်က ပြုံးလိုက်ပြီးနောက် သူ့မျက်လုံးတွင်း၌ မကောင်းသော အရိပ်အယောင်များ ဖြတ်ပြေး သွားသည်။
“အဲ့ဒါကြောင့် ကျုပ် ဆက်ပြောပြမယ့် ကိစ္စကို နားထောင်ပေးပါ၊ ဒီနေ့ ကျုပ်တို့ ထန်မိသားစုနဲ့ ပဋိပက္ခ ဖြစ်ခဲ့ပါတယ်၊ ထန်မိသားစုက အမှိုက်ကောင်နဲ့ ရန်ငြှိုးရှိနေလို့ အမှိုက်ကောင်ကို ထန်မိသားစုက သတ်လိုက်တယ်လို့ ကျုပ်တို့ ပြောလိုက်မယ်၊ လုံမိသားစုက သူ့အတွက် လက်စားချေပြီး ထန်မိသားစုကို သုတ်သင်မယ်၊ ဒါဆို ဘယ်သူမှ သံသယဝင်တော့မှာ မဟုတ်ဘူး”
“ပြီးတော့ ထန်မိသားစုရဲ့ အကြီးဆုံး သခင်မလေးက ကျုပ်တို့ လက်ထဲ ရောက်နေပြီ၊ ညီအစ်ကိုတွေ သူနဲ့ ပျော်ပါးပြီးရင် ကျုပ်တို့ လုံရှာအပေါ် ပုံချလိုက်မယ်၊ ထန်မိသားစုရဲ့ အကြီးဆုံး သမီးကို သူ သတ်လိုက်လို့ ထန်မိသားစုက မုန်းတီးပြီး ပြန်သတ်တာလို့ သတင်းလွှင့်လိုက်မယ်”
“အဲ့လိုဆိုရင် ဒုသခင်လေးနဲ့ မမလေး ကျဲရင်တို့ကြားက ဆူးညှောင့်ကို လုံးဝ ရှင်းလင်းပြီးသား ဖြစ်သွားသလို သူ သေသွားတာ ကောင်းတယ်လို့ အားလုံးက ပြောကြလိမ့်မယ်၊ မမလေး ကျဲရင်က သူနဲ့ ခွာချင်တာ မဆန်းပါဘူး၊ ဘာလို့ ခဲတစ်လုံးတည်းနဲ့ ငှက်သုံးကောင်လောက် မပစ်ရမှာလဲ”
ရက်စက်ကောက်ကျစ်လွန်းလှပေ၏။ ဤသို့ ကောက်ကျစ်သော အကြံသည် အလွန်အမင်း ရက်စက်လွန်းသည်ဟု ဆိုရပေမည်။ လုံရှာအား သေစေရုံသာမက အပြစ်အားလုံးကိုလည်း သူ့အပေါ် လွှဲချလိုက်သေးသည်။
လူအိုကြီးယန်၏ စကားအဆုံး၌ ဖုန်းတစ်ဖက်မှလူသည် အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားသည်။
“မင်းတို့ခြေလက်တွေကိုသာ သန့်ရှင်းအောင် လုပ်ထား”
ထို့နောက် လုံယင်ရှို့၏ မထူးခြားနားသောအသံ ပြန်ထွက်လာ၏။ သူ့ကိုယ်သူ အတတ်နိုင်ဆုံး ထိန်းချုပ်၍ ပြောနေသော်လည်း စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာစိတ်တို့ကို လူအိုကြီးယန် မသိမသာ ခံစားမိသည်။ သူ့အကြံကို ဒုသခင်လေး အလွန် ကျေနပ်ကြောင်း သိနေလေသည်။
“ဒုသခင်လေး စိတ်ချလက်ချနေပါ၊ ကျုပ်တို့ ဘာလက်စလက်နမှ မကျန်အောင် လုပ်မှာပါ”
“ဒီကိစ္စတွေအားလုံး ပြီးသွားရင် ကျုပ် ခင်ဗျားကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ပါဘူး”
“ကျေးဇူးတင်ပါတယ် ဒုသခင်လေး၊ ကျေးဇူးတင်ပါတယ် ဒုသခင်လေး”
လူအိုကြီးယန်က အလွန် စိတ်လှုပ်ရှားသွားပြီး ကျေနပ်အားရစွာ ဖုန်းချလိုက်သည်။
“ရှင့်မှာ တော်တော် ကောက်ကျစ်တာပဲ”
ထန်ယွင်အာက ချက်ချင်း ခနဲ့လိုက်သည်။ လုံရှာက သူတို့ပြောသော အကြောင်းအရာကို မကြားသော်လည်း ထန်ယွင်အာက ရှင်းလင်းပြတ်သားစွာ ကြားနေရပါသည်။ သူ့စကားကြောင့် လူအိုကြီးယန်က အံ့ဩသွားပြီး ပြန်မေးလိုက်သည်။
“မင်း မကြောက်ဘူးလား”
သူတို့ ထန်ယွင်အာကို သတ်ရန် ဆုံးဖြတ်ထားသည်ကို သူမ သိနေသောကြောင့် ကြောက်နေသင့်ပါသည်။ သို့သော် အစမှအဆုံးတိုင် သူမမျက်နှာ၌ အထင်သေးဟန်များသာ ပြည့်နှက်နေ၏။
*ဘာတွေဖြစ်နေတာလဲ၊ ဒီကောင်မလေး ရူးနေတာလား*
“ကြောက်တယ် ဟုတ်လား”
ထန်ယွင်အာက ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ရယ်မောလေသည်။
“ကြောက်နေသင့်တာ ရှင်လေ”
ထန်ယွင်အာက လူအိုကြီးယန်နှင့် အခြားသူများအား သေလူများကို ကြည့်သကဲ့သို့ တစ်ချက် ဝေ့ကြည့် လိုက်သည်။
“ကျွန်မရဲ့ အစ်ကိုယဲ့ဖန်က သေချာပေါက် ကျွန်မကို လာကယ်မှာ၊ သူ လာနေလောက်ပြီလို့ ကျွန်မ ထင်တယ်”
“ပြီးတော့ …”
ထန်ယွင်အာက သူမ၏ လှပ၍ ဖြူစင်သော မျက်နှာလေးနှင့် မလိုက်သည့် အန္တရာယ်များသော မျက်နှာပေးဖြင့် တစ်လုံးချင်း ပြောလိုက်သည်။
“သူ တအား ဒေါသထွက်နေတယ်လို့ ကျွန်မ ခံစားမိနေတယ်၊ တော်တော်လေးကို စိတ်ဆိုးနေတာ”
“သူ့ဒေါသရဲ့ အကျိုးဆက်က တော်တော့်ကို၊ တော်တော်လေးကို ပြင်းထန်မှာ”
*လာပြန်ပြီ*
လူအိုကြီးယန်၏ မျက်နှာတွင် မုန်းတီးမှုနှင့် ခက်ထန်မှုများ ပေါ်လွင်လာသည်။
*ဒီလူတွေ ယဲ့ဘုရင်အကြောင်း ထုတ်ပြောတဲ့အချိန်တိုင်း သူတို့မျက်နှာမှာ အတောမသတ်နိုင်တဲ့ လေးစားမှုတွေ ပြည့်နေတာပဲ၊ မသိရင် သူက နတ်ဘုရားလိုပဲ*
*အဲ့ယဲ့ဘုရင်က ဘယ်လိုလူစားမျိုးမို့လို့လဲ*
သူတို့ ဤသို့ ပြုမူလေ၊ လူအိုကြီးယန် ယဲ့ဖန်ကို ပိုကြောက်လာလေပင်။
“မကြာခင် မင်း ရယ်နိုင်ဦးမယ်လို့ ငါ မျှော်လင့်ပါတယ်”
လူအိုကြီးယန်က အေးစက်စွာ ခနဲ့၍ လုံရှာထံသို့ လျှောက်သွးလေသည်။ ထို့နောက် သူက လက်ချောင်း တစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ယင်းလက်ချောင်းမှ ရွှေရောင် အလင်းတန်းတစ်ခု ထွက်လာပြီး လုံရှာ၏ နောက်ကျောအား သတိမပေးဘဲ တိုက်ခိုက်လိုက်သည်။
ရက်စက်ယုတ်မာသော အကောက်ကြံမှုပင်။
“သတိထား”
ထန်ယွင်အာ မသိစိတ်၏ စေ့ဆော်မှုအရ အော်ဟစ်သတိပေးလိုက်မိသည်။ လုံရှာ ထိတ်လန့်သွားသည်။ သူ ကျင့်ကြံခြင်း ဆုံးရှုံးနေသော်လည်း အန္တရာယ်နှင့် ပတ်သက်လာလျင် အထူး သတိထားနိုင်သည်။ သူ ဘေးတစ်ဖက်သို့ အလိုအလျောက် ရှောင်တိမ်းလိုက်သည်။
နှလုံးသို့ ချိန်ရွယ်ထားသည့် သေစေနိုင်သော တိုက်ကွက်မှ လွတ်မြောက်သွားသော်လည်း ခန္ဓာကိုယ်သို့ ထိမှန်သွား သေးသည်။ သူ့လက်မောင်း၌ သွေးသံတရဲရဲ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာသည်။
“ခင်ဗျား ဘာလုပ်တာလဲ”
လုံရှာ၏ မျက်နှာ မည်းမှောင်သွားပြီး အေးစက်စက် လေသံဖြင့် ပြန်မေးလိုက်သည်။
“မင်းလို အမှိုက်ကောင်အတွက် စိတ်မကောင်းပါဘူး၊ ဒုသခင်လေးက မင်းကို ဒီနေ့ ဒီနေရာမှာ သေရမယ်လို့ အမိန့်ပေးထားတယ်”
လူအိုကြီးက မကောင်းသော အပြုံးဖြင့် ပြောလေသည်။
“ဘာပဲဖြစ်ဖြစ် မင်း အသက်ရှင်နေရင် ဝေဒနာ ခံစားနေရမှာပဲ မဟုတ်လား၊ ဒီလောကကြီးမှာ ဆက်ပြီး ဒုက္ခခံနေမယ့်အစား ငါ မင်းကို ဝဋ်ကျွတ်အောင် လုပ်ပေးတာက ပိုကောင်းပါတယ်”
“မင်း ငါတို့ကို ကျေးဇူးတင်စရာ မလိုပါဘူး၊ ငါတို့က သဘောကောင်းတယ်မလား၊ ဟားဟားဟား”
ကတုံးနှင့်လူကပါ ဝင်ပြော၍ ရယ်မောလေသည်။
“ဖောက်ပြန်တဲ့စုံတွဲက ငါ့ကို ဒီလို အခြေအနေဖြစ်အောင် လုပ်ထားပြီးတာတောင် လက်မလျှော့နိုင်သေးဘူးလား၊ ကောင်းတယ်၊ သိပ်ကောင်းတယ်”
လုံရှာ အံကြိတ်ထားမိပြီး ရူးမတတ် ဖြစ်နေသည်။ ဤသို့ ဆက်ဆံခံရအောင် သူ ဘာအမှားများ လုပ်ခဲ့မိသနည်း။ သူ မုန်းတီးမိသည်။ သူ လူသတ်ချင်နေ၏။ ထိုခွေးစုံတွဲကို တစ်စစီ ဆွဲစုတ်၍ မသေမချင်း သူ နှိပ်စက်ချင်ပါသည်။
“ဒုန်း”
သို့သော် တစ်ခဏအတွင်းမှာပင် ကတုံးနှင့်လူ၏ လက်သီးချက်ကြောင့် သူ လွင့်ထွက်သွားရသည်။ လုံရှာ သွေးအန်လာပြီး မျက်နှာတစ်ခုလုံး ပြာနှမ်းလာ၏။
“မင်းလို အမှိုက်ကောင်ကများ ဒုသခင်လေးကို စော်ကားရဲတယ်ပေါ့လေ၊ သေချင်နေတာပဲ”
ကတုံးနှင့်လူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“မင်း အပြစ်တင်ချင်ရင် မင်း အရမ်း အားနည်းလွန်းတာကိုပဲ အပြစ်တင်လိုက်၊ မင်းက သုံးစားမရတဲ့ အမှိုက်အဖြစ် မွေးလာတာ၊ မင်းက အားနည်းသူတွေက အားကြီးသူတွေရဲ့ သားကောင် ဖြစ်ရတဲ့ လောကကြီးမှာ မွေးလာတာလေ”
“အချိန်ဖြုန်းမနေနဲ့၊ သူ့ကို သတ်လိုက်တော့”
လူအိုကြီးယန်က မထူးခြားနားဟန်ဖြင့် ပြောလိုက်ပြီး လုံရှာအား ထပ်ပင်ငဲ့မကြည့်တော့ချေ။ လုံရှာကဲ့သို့ ပမွှားလေးက သူ၏ အာရုံစိုက်ခြင်း ခံရရန် မထိုက်တန်ပေ။
“ဒီလောကကြီးထဲမှာ အားနည်းသူအဖြစ် မွေးဖွားလာတာကိုက အပြစ်ပဲကွ၊ မင်း အေးအေးချမ်းချမ်း အနားယူ လိုက်တော့”
ကတုံးနှင့်လူက လုံရှာရှေ့တွင်ရပ်၍ ခြေထောက်တစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ သူ့မျက်နှာက အေးစက်၍ သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေ၏။
“ငါ မကျေနပ်ဘူး၊ ငါ လုံးဝ မကျေနပ်ဘူး”
လုံရှာ စိတ်ထဲတွင် ရူးမတတ် အော်ဟစ်နေမိသည်။ သူသည် ယဲ့ဖန်၏ လက်အောက်မှ နတ်ဆိုးသခင် လေးပါးထဲက တစ်ပါးဖြစ်သော သတ်ဖြတ်ခြင်း နတ်ဆိုးသခင် ဖြစ်ခဲ့သည်။ သို့သော် ယခုအခါတွင် ယန်နယ်မြေ၌ ဘာမဟုတ်သော လူများ၏ လက်အောက်၌ နှိပ်စက်ခံနေရသည်။ အလွန် ရှက်ဖွယ်ကောင်းလှ၏။
အားပါးသော ခြေထောက်တစ်ဖက်က အရှိန်ဖြင့် ကျလာပြီး လေတိုးသံကိုပင် ကြားနေရသည်။ ဤခြေထောက် အားနှင့်ဆိုလျင် လုံရှာ၏ ဦးခေါင်းက သေချာပေါက် ပြားချပ်သွားလောက်သည်။
“အရှင် နတ်ဆိုးဧကရာဇ်၊ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က အရှင် အရှက်ရအောင် လုပ်ခဲ့မိပါတယ်၊ နောက်ဘဝမှပဲ ကျွန်တော် အရှင့်အတွက် တိုက်ပွဲဝင်ပါ့မယ်၊ နောက်ဘဝမှပဲ အရှင်နဲ့အတူ သေရည်သောက်ရင်း သီချင်းတွေ အော်ဆိုပါ့မယ်”
ထို့နောက် လုံရှာသည် မျက်လုံးမှိတ်လိုက်ပြီး မချိပြုံး ပြုံးလိုက်လေသည်။
“အစ်ကိုယဲ့ဖန် မြန်မြန် လာပါတော့”
ထန်ယွင်အာသည်လည်း မျက်ရည်များ စီးကျလာပြီး အသားကုန် အော်ဟစ်လိုက်မိသည်။ ထိုစဉ် ရုတ်ချည်း ဆိုသလို လေပြင်းမုန်တိုင်း တိုက်ခတ်လာ၏။ အပူချိန်ကလည်း ရေခဲမှတ်သို့ ထိုးကျလာပြီး ခိုက်ခိုက်တုန်မတတ် အေးစက်လာသည်။
ထိုလေပြင်းအောက်၌ လူတိုင်း ပြင်းထန်စွာ တုန်ယင်သွားပြီး အကြောက်တရားများ ဖြစ်ပေါ်လာရသည်။ အဘယ်ကြောင့်ဆိုသော် ထိုလေပြင်းထဲမှ အလွန်တရာ ကြောက်လန့်ဖွယ်ကောင်းသည့် လူသတ်ချင်သော အငွေ့အသက်ကို သူတို့ ခံစားမိလိုက်သောကြောင့်ပင်။ ထိုအငွေ့အသက်က တောင်လိုပုံနေသော အလောင်း များနှင့် သွေးပင်လယ်ကို မြင်ယောင်သလို ဖြစ်သွားစေ၏။
ထို့နောက် ကောင်းကင်ယံမှ နတ်ဆိုးနတ်ဘုရားတစ်ပါး၏ အသံကဲ့သို့သော အော်ဟစ်သံ ထွက်ပေါ်လာလေသည်။
“သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၊ ငါ မင်းကို သေခွင့်ပေးထားသလား”