← Chapters

အခန်း ၁၁၉၅

Vol. 80 Ch. 1195

အခန်း ၁၁၉၅

Vol. 80 Ch. 1195

Chapter 1195 လူပေါင်းများစွာကို သတ်ခဲ့တဲ့ နတ်ဆိုး

ထိုအသံသည် ကျယ်လောင်၍ မာန်ပါကာ ဖိအားပြင်းလွန်းလှသည်။ အရာအားလုံးကို လွှမ်းမိုးနိုင်သည့် ဧကရာဇ် တစ်ပါး၏ အသံလိုပင်။

ရင်းနှီးနေသည့် အသံကို ကြားလိုက်ရသောအခါ လုံရှာ၏ ခန္ဓာကိုယ်က ပြင်းစွာ တုန်ယင်သွားပြီး ချက်ချင်း မျက်ရည် ကျလာသည်။

*ရောက်လာပြီ*

*ငါ့အရှင် နတ်ဆိုးဧကရာဇ် ဒီရောက်လာပြီပဲ*

*ဒါပေမဲ့ အခုချိန် ငါ သူ့ကို ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ*

*ငါ့မှာ ဘာအရည်အချင်းတွေ ရှိနေလို့ သခင်ကြီး ယဲ့ဖန်အနားမှာ နေနိုင်မှာလဲ*

လေပြင်းမုန်တိုင်းအောက်၌ ကတုံးနှင့်လူ၏ ခြေထောက်က တိခနဲ ပြတ်တောက်သွားပြီး ခြေသလုံးအထိ တစ်စစိ ပျက်စီးသွားပြီး သွေးသံတရဲရဲနှင့် အရိုးများကို မြင်လိုက်ရသည်။ လူတိုင်း ချောက်ချားသွားကြသည်.

*သူက နဂါးအသွင်ပြောင်းခြင်းအဆင့် ရောက်နေတာတောင် သူ့ခြေထောက်ကို တိတ်တဆိတ် ဖြတ်လိုက် နိုင်တာလား*

*မယုံနိုင်စရာပဲ*

ထို့နောက် သူတို့ရင်ထဲ၌ အေးစက်သော ခံစားချက်တစ်ခု ဝင်ရောက်လာပြီး အားလုံး ပြင်းထန်စွာ တုန်လှုပ် သွားကြသည်။ ထန်ယွင်အာ၏ စကားများ အမှန်ဖြစ်လာကြောင်း သူတို့ ရိပ်မိလိုက်သည်။ ထိုနတ်ဆိုး အမှန်တကယ် ရောက်လာလေပြီ။

သူတို့အားလုံး ကြောက်လန့်တကြားဖြင့် ဘေးဘီကို ကြည့်လိုက်မိကြသည်။ ထိုအခါ ချောမောသော မျက်နှာနှင့် သာမန် အဝတ်အစားကို ဝတ်ထားသည့် လူငယ်တစ်ယောက် ရှိနေသည်ကို တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ပြင်းထန်သည့် လူသတ်လိုသော အငွေ့အသက်ကြောင့်သာ မဟုတ်ပါက လူတိုင်း သူ့ကို နူးညံ့သော လူငယ်လေးဟု ထင်မိလောက်သည်။

“မင်းက ယဲ့ဘုရင်လား”

လူအိုကြီးယန် တုန်လှုပ်နေပြီး ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်နေမိသည်။

*ဒီကောင်လေးက ထန်မိသားစုကို သူ့အတွက် အသက်ပေးလောက်တဲ့အထိ ရူးသွပ်အောင် လုပ်နိုင်တဲ့ နတ်ဆိုးလား*

သို့သော် ယဲ့ဖန်က သူ့ကို လျစ်လျူရှုထားပြီး လုံရှာကိုသာ စိုက်ကြည့်နေ၏။ လုံရှာသည် ယဲ့ဖန်ကို မျက်နှာချင်း မဆိုင်ရဲသဖြင့် ရှက်ရွံ့စွာ ခေါင်းငုံ့ထားမိသည်။

“သောက်မျိုးမစစ်ကောင်၊ မင်းကများ ငါ့ကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့၊ သူ့ကိုသတ်၊ သူ့ကို သတ်ကြစမ်း”

ကတုံးနှင့်လူ အလွန် ဒေါသူပုန်ထနေ၏။ ပြင်းထန်သော ဝေဒနာကြောင့် သူ အလွန်အမင်း ဒေါသထွက်နေသည်။ တစ်စုံတစ်ယောက်ကြောင့် သူ အပြင်းအထန် ဒဏ်ရာရသွားသည့်အချက်က သူ့အတွက် ထိတ်လန့်စရာ ဖြစ်သလို ရှက်စရာလည်း ဖြစ်သည်။

“အင်း”

ယဲ့ဖန်က ကတုံးနှင့်လူဘက်သို့ ပြန်လှည့်ကြည့်လာသည်။ သူ့ပုံစံက နတ်ဆိုးတစ်ကောင်နှင့် သဏ္ဌာန်တူနေပြီး ကြောက်စရာကောင်းကာ ရက်စက်ပုံ ပေါ်နေသည်။

ထိုအခါ ကတုံးနှင့်လူ တုန်ယင်သွားပြီး လူသတ်ချင်နေသော အငွေ့အသက်များက သူ့ကို လွှမ်းခြုံလာပြီး ပြိုင်ဘက်ကင်း သားရဲတစ်ကောင်၏ စိုက်ကြည့်ခြင်း ခံနေရသည်ဟု ခံစားလိုက်မိသည်။ လူသတ်ချင်သော အငွေ့အသက်က ပင်လယ်လှိုင်းလုံးကဲ့သို့ အဆုံးအစမဲ့စွာ ပျံ့လွှင့်နေလေသည်။

“မင်း … အရမ်း အသံကျယ်လွန်းတယ်”

ယဲ့ဖန်၏ မျက်လုံးတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး လူသတ်ချင်သော လေသံဖြင့် အော်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ကိုမြှောက်၍ ကတုံးနှင့်လူကို ရိုက်ချလိုက်သည်။

“ဝုန်း”

မိုးကောင်းကင် ပြိုလုမတတ် ဖြစ်လာပြီး လေဟာနယ်က ချက်ချင်း တွန့်လိမ် ကောက်ကွေးလာ၏။ ကတုံးနှင့်လူသည် တစ်ခုခု မှားနေမှန်း ခံစားမိပြီး ထွက်ပြေးရန် ကြိုးစားသော်လည်း သူ၏ ခြေလက်များက လှုပ်ရှားမရ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး”

သူ့မျက်နှာတွင် မျှော်လင့်ချက်မဲ့၍ ကြောက်လန့်ဟန်များ စွန်းထင်းလာပြီး စူးစူးဝါးဝါး အော်ဟစ်လေသည်။ ထိုသို့ အော်ဟစ်နေစဉ်မှာပင် ပေါက်ကွဲ၍ သေဆုံးသွားသည်။

လုံမိသားစုဝင်များသည် ဤအဖြစ်ကိုမြင်ပြီးနောက် ကြက်သီးတဖြန်းဖြန်း ထလာကြသည်။

*တန်းသေသွားပြီ*

*နဂါးအသွင်ပြောင်းခြင်းအဆင့်က စက္ကန့်ပိုင်းအတွင်း အသတ်ခံလိုက်ရတယ်*

*ထူးဆန်းလိုက်တဲ့ နည်းလမ်းပဲ*

နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်များသည် ကျုံးကျိုး အင်ပါယာ၌ အဓိကလူများ ဖြစ်ကြသည်။ ကျုံးကျိုး အင်ပါယာသည် ကျယ်ပြောသော နယ်မြေတစ်ခုဖြစ်ပြီး ကမ္ဘာဂြိုဟ်မှ ဟွာရှနိုင်ငံထက် သုံးဆ ပိုကျယ်ပြောသည်။ ထိုအထဲမှ နဂါးအသွင်ပြောင်းခြင်းအဆင့်သို့ ရောက်နေသော သိုင်းပညာရှင်က အယောက် တစ်သောင်း မကျော်ချေ။

ထိုသူများသည် ရတနာသဖွယ် ရှားပါး၍ သန်မာကြသည်။ သို့သော် ယဲ့ဖန်အရှေ့၌ ထိုကဲ့သို့သော သိုင်းပညာရှင်က ဘာမှမဟုတ်သလိုပင်။ ဤမြင်ကွင်းက အိပ်မက်တစ်ခုသဖွယ် ဖြစ်နေပြီး သူတို့ လက်သင့်မခံနိုင်ကြချေ။

*ဒီလို ကြောက်စရာကောင်းတဲ့ သိုင်းပညာရှင်က တစ်ခြားလူထံမှာ ချက်ချင်း အသတ်ခံရနိုင်တာပဲလား*

လက်ရှိတွင် အဘယ်ကြောင့် ထန်မိသားစုက ယဲ့ဖန်နှင့် ပတ်သက်၍ ဆတ်ဆတ်ထိမခံနိုင်သလဲ ဆိုတာကို သူတို့ နားလည်သွားကြသည်။ သူတို့သည် နတ်ဆိုးတစ်သိုက်ဖြစ်ပြီး ယဲ့ဖန်က သူတို့၏ နတ်ဆိုးဧကရာဇ်ပင်။ ကြောက်စရာကောင်းသော နတ်ဆိုးဧကရာဇ် ဖြစ်လေသည်။

“မင်းက ဘယ်လိုမိစ္ဆာမျိုးလဲ”

လူအိုကြီးယန် ပြာတတ်နေသော အသံဖြင့် အော်ဟစ်လိုက်ပြီး သူ့မျက်လုံးများက မသိမသာ စိုစွတ်နေကာ ကြောက်လန့်၍ ငိုလုမတတ် ဖြစ်နေ၏။ သူ့မျက်စိရှေ့မှ မြင်ကွင်းက အလွန် ထိတ်လန့်စရာ ကောင်းနေသည် မဟုတ်ပါတကား။ သူ တစ်ခါမှ မမြင်ဖူးသော မြင်ကွင်းပင်။

*တစ်ချက်တည်း*

*တစ်ခါတည်းနဲ့ သတ်ပစ်တာ*

*ဘယ်လိုတောင် ကြောက်စရာကောင်းလိုက်တဲ့ နည်းလမ်းလဲ၊ ဒါ မိစ္ဆာကျင့်စဉ်ပဲ ဖြစ်မယ်*

လက်ရှိတွင် လူအိုကြီးယန်သည် ကြံရာမရ ဖြစ်နေ၏။

“ငါတို့ ပြောခဲ့တာကို မှတ်မိလား၊ နင်တို့ … ရန်မှားရှာမိပြီ”

ထန်ယွင်အာက ပျော်ရွှင်စွာ ရယ်မောနေသော်လည်း သူမအပြုံးက ရက်စက်ဟန် ပေါ်နေသည်။ သူမရယ်ပုံက သစ်ပင်ကြီးကို လှုပ်ခါအောင် ကြိုးစားနေသည့် ပုရွက်ဆိတ်များအား လှောင်ရယ်နေသလိုပင်။

“အခုတော့ ဂုဏ်ယူပါတယ်၊ နင်တို့ ဒီနတ်ဆိုးကို လုံးဝ ဒေါသထွက်အောင် လုပ်လိုက်မိပြီ”

ထန်ယွင်အာက တခစ်ခစ်ရယ်၍ လူအိုကြီးယန် အနားမှ ခပ်ဝေးဝေးသို့ လျှောက်သွားလေသည်။ အဘယ်ကြောင့် ဆိုသော် ခဏနေလျင် သူမကိုပါ သွေးများ စင်လာမည်ကို စိုးရိမ်သောကြောင့်ပင်။

“အစ်ကိုယဲ့ဖန် ရှင် ဒီလူအိုကြီး သက်သက်သာသာ သေခိုင်းလို့ မဖြစ်ဘူးနော်၊ သူက ကျွန်မကို သတ်ဖို့ ကြံစည် ထားတာ”

ထန်ယွင်အာက ညစ်ကျယ်ကျယ် ရယ်မော၍ ထပ်ပြောလိုက်သည်။

“သူ့ကို နုတ်နုတ်စင်းပစ်တာ ပိုကောင်းတယ်၊ ပြီးရင် သူ့ကို ကျွန်မ ထပ်ပြီး ရှစ်ပိုင်းပိုင်းပစ်မယ်၊ သူ့ကိုယ်အပိုင်း အစတွေကို ခွေးစာအဖြစ်ပါ ကျွေးပစ်ဦးမယ်”

“ခွေးမ မင်း သေချင်နေတာပဲ”

ထိုစကားများက လူအိုကြီးယန်ကို ဒေါသထွက်သွားစေသည်။ သူ့မျက်လုံးများက မုန်းတီးစိတ်ကြောင့် တောက်ပလာပြီး သေမင်းတံဆိပ်တုံးဖြင့် ထန်ယွင်အာကို တိုက်ခိုက်လေသည်။ သူ သေရမည်ဆိုလျင်တောင်မှ ဤခွေးမကို သူနှင့်အတူ အပါခေါ်သွားမည်။

သေမင်းတံဆိပ်တုံးက လေထဲတန်း၍ ဝဲပျံလာပြီး ယင်းထံမှ အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာကာ လေးဘက်လေးတန် အကာအရံများ ဖြစ်ပေါ်လာသည်။

ထိုအခိုက်တွင် လူတိုင်း မွန်းကြပ်သော ခံစားချက်မျိုး ခံစားလာရသည်။ ထိုစဉ် ယဲ့ဖန်က ရှေ့သို့ တစ်လှမ်း တိုးလာသည်။ သို့သော် သူ တစ်လှမ်းတိုးလိုက်တိုင်း မီတာတစ်ရာ အကွာအဝေးသို့ ရောက်ရောက်သွားပြီး သေမင်းတံဆိပ်တုံးနားသို့ တစ်ခဏအတွင်း ရောက်သွားသည်။

သူသည် ဘာမှမထူးခြားသော မျက်လုံးများ၊ အထင်သေးသော မျက်နှာထားဖြင့် သေမင်းတံဆိပ်တုံးကို ကြည့်နေ ပြီးနောက် အနှောင့်အယှက်ပေးသော ယင်ကောင်ကို ရိုက်လိုက်သကဲ့သို့ ရိုက်ထုတ်လိုက်သည်။

သို့သော် သူ၏လက်ဝါးချက်အောက်၌ မိုးကောင်းကင်ပင် တုန်ခါလောက်သည့် ဖိအားတစ်ခု ထွက်ပေါ်လာပြီး သေမင်း တံဆိပ်တုံးပင် ကပြောင်းကပြန် ဖြစ်ကာ လေဟာနယ်တစ်ခုလုံး အက်ကွဲလာ၏။

“ဖြောင်း”

ပြင်းထန်သော လက်ဝါးချက်က သေမင်းတံဆိပ်တုံးပေါ် ကျရောက်လာပြီးနောက် အနက်ရောင် အလင်းတန်း များက လုံးဝ မှေးမှိန်သွားကာ သေမင်းတံဆိပ်တုံးပေါ်၌ အက်ရာများ ဆက်တိုက် ထွက်ပေါ်လာသည်။

“ဝုန်း”

ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် သေမင်းတံဆိပ်တုံးသည် တစ်စစီ ပေါက်ကွဲကာ လောက၌ လုံးဝ မတည်ရှိတော့ချေ။

လုံမိသားစုဝင်များအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။

*လုံမိသားစုရဲ့ ရှားပါး ထိပ်တန်း ရတနာတစ်ခု ဖြစ်တဲ့ သေမင်းတံဆိပ်တုံးက လက်ဝါးနဲ့ တစ်ချက် ရိုက်ထုတ် လိုက်တာ ပျက်စီးသွားတယ်တဲ့လား*

ဤအဖြစ်က ကတုံးနှင့်လူကို သတ်လိုက်သည့်အခါကထက် ပို၍ ထိတ်လန့်စရာ ကောင်းလှပြီး လူတိုင်း မယုံနိုင်လောက်အောင် ဖြစ်နေလေသည်။

လူတိုင်း၏ မျက်လုံး၌ အလွန်တရာ ကြောက်လန့် သွေးပျက်ဟန်များ ထင်ဟပ်လာသည်။

*ယဲ့ဖန်က တကယ်ကို ကြောက်စရာကောင်းလွန်းတယ်*

“အစ်ကိုယဲ့ဖန် မရှိတုန်းက နင် ငါ့ကို မသတ်နိုင်ခဲ့ဘူး၊ အခု အစ်ကိုယဲ့ဖန် ရောက်လာပြီဆိုတော့ နင် ငါ့ကို သတ်နိုင်ဦးမှာလား”

ထန်ယွင်အာက ဂုဏ်ယူဝင့်ကြွားသော ဟန်ပန်ဖြင့် ပြုံးနေလေသည်။ တစ်ချိန်တည်းမှာပင် ယဲ့ဖန်၏ ကျောပြင်အား အလွန် ချစ်ခင်စွဲလမ်းဟန်ဖြင့် ကြည့်နေမိသည်။

ဤသို့သော ယောက်ျားမျိုးကို မြင်ပြီးနောက် အခြားယောက်ျားမျိုးကို ချစ်မိရန် သူမအတွက် ခက်ခဲသွားလေပြီ။ အဘယ်ကြောင့်ဆိုသော် မည်သည့် ယောက်ျားသားကမှ ယဲ့ဖန်ထက် မသာလွန်သလို ပို၍လည်း မသန်မာနိုင်ပေ။

ထိုစဉ် လူအိုကြီးယန်တောင်မှ မချိပြုံး ပြုံးလိုက်ရသည်။

“ငါ့ကို ပြောစမ်းပါ၊ မင်း … မင်းက နတ်ဘုရားလား”

ယဲ့ဖန်၏ အပြုအမူက နတ်ဘုရားလိုပင်။ ထိုသို့တွေးမိသည်မှလွဲ၍ သူ ပိုကောင်းသော ဖြေရှင်းချက်မျိုး ရှာမတွေ့ချေ။ ယဲ့ဖန်က သူ့ကို ပြန်စိုက်ကြည့်၍ ဖြေလိုက်သည်။

“မဟုတ်ဘူး၊ ငါက နတ်ဆိုး၊ လူပေါင်းများစွာကို သတ်ခဲ့တဲ့ နတ်ဆိုး”

All Chapters