အခန်း ၁၁၉၆
Vol. 80 Ch. 1196
Chapter 1196 ငါ့နတ်ဆိုးမျိုးနွယ်ရဲ့ စွမ်းအားကို သက်သေပြမယ်
“နတ်ဆိုးတဲ့လား၊ အဲ့ဒါကြောင့်ကိုး”
လူအိုကြီးယန် မချိပြုံး ပြုံးလိုက်မိသည်။
*လတ်စသတ်တော့ ငါတို့က လူပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ နတ်ဆိုးတစ်ကောင်ကို ရန်ရှာမိတာပဲ*
*တော်တော်ကို ရက်စက် ကြမ်းကြုတ်တဲ့ နတ်ဆိုး*
“ငါ့ကို သတ်လိုက်၊ မင်းလိုလူမျိုးရဲ့ လက်ထဲမှာ ငါ သေရတာက ဂုဏ်ယူစရာ ကိစ္စပဲ”
လူအိုကြီးယန်က မျက်လုံးကိုမှိတ်ကာ ငြိမ်၍ စောင့်နေသည်။ သို့သော် ယဲ့ဖန်က သူ့ကို ကြည့်ပင်မကြည့်ဘဲ လုံရှာထံသို့ လျှောက်သွားလေသည်။ ဤသည်ကိုမြင်သော် လုံရှာက အလျင်အမြန် ခေါင်းငုံ့၍ နှုတ်ခမ်းကို တင်းနေအောင် စေ့ထားပြီး စကား မပြောရဲတော့ချေ။
“ငါ့ကို မော့ကြည့်စမ်း”
ယဲ့ဖန်၏ ထည်ဝါသော အသံက နဂါးတစ်ကောင်၏ အော်သံသဖွယ် တောတောင်တစ်ခုလုံး တုန်လှုပ်သွားစေသည်ဟု ထင်မှတ်ရသည်။ လုံရှာ ခေါင်းမော့၍ ယဲ့ဖန်ကို ပြန်ကြည့်လိုက်သည်။
“ဖြောင်း”
သို့သော် သူ မော့ကြည့်လိုက်သည်နှင့် ယဲ့ဖန်၏ ပါးရိုက်ခြင်း ခံလိုက်ရလေသည်။
“အစ်ကိုယဲ့ဖန်”
ထန်ယွင်အာ မှင်တက်သွားသည်။
*ဒီလူက အစ်ကိုယဲ့ဖန်ရဲ့ မိတ်ဆွေဟောင်း မဟုတ်ဘူးလား၊ ဘာလို့ အစ်ကိုယဲ့ဖန်က သူ့ကို ဒီလို ဆက်ဆံရတာလဲ*
ယဲ့ဖန်က လက်ကိုကာ၍ သူမ ရှေ့တိုးလာမည်ကို တားဆီးလိုက်သည်။ သူ့မျက်လုံးများက အလွန် ခက်ထန်နေပြီး ဒေါသတကြီး အော်ငေါက်လာသည်။
“အမှိုက်ကောင်၊ တကယ့်ကို အမှိုက်တစ်စပဲ၊ ငါ့ကို အရှက်ရအောင် လုပ်တယ်”
လုံရှာ အံကြိတ်ထားမိသည်။ သူ့မျက်နှာတွင် အရှက်ရစိတ်များဖြင့် ပြည့်နှက်နေသော်လည်း သူ ပြန်ချေပရဲသည့် သတ္တိ မရှိပေ။ ထို့ကြောင့် သူ အောင့်သက်သက်သာ ပြုံးလိုက်မိသည်။
သူသည် တကယ်ကို အမှိုက်တစ်စပင်။ နတ်ဆိုးဧကရာဇ်အား အမှန်တကယ် အရှက်ရအောင် သူ လုပ်ခဲ့မိသည်။ ဤသို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု သူ ယခင်ကတည်းက ခန့်မှန်းထားခဲ့မိသည်။ ထို့ကြောင့်သာ သူ ယဲ့ဖန်ကို လာမတွေ့ရဲခဲ့ခြင်းပင်။
“ဒါပေမဲ့”
“ငါ မင်းကို အမှိုက်လို့ ပြောတာက မင်းမှာ ရှိသင့်တဲ့ ခွန်အားတွေ မရှိတော့လို့ မဟုတ်ဘူး၊ မင်းမှာ မရရအောင် အစကနေ ပြန်စမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ သတ္တိ မရှိလို့ပဲ”
“ငါဆိုတဲ့ ယဲ့ဖန်က အစကနေ ဘယ်နှစ်ကြိမ်ပဲ ပြန်စရပါစေ၊ ထိပ်ဆုံးကို ရောက်အောင် ငါ တက်လှမ်းမှာပဲ၊ ငါ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ သံသယ မဝင်ဘူး၊ ငါ့ညီအစ်ကိုတွေကလည်း ငါ့လို ဖြစ်သင့်တယ်”
“သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၊ မင်း ငါ့ကို တော်တော် စိတ်ပျက်စေတာပဲ*
ထိုစကားကိုကြားသော် လုံရှာ၏ အမူအရာက အေးစက် တောင့်တင်းသွားသည်။
*ယဲ့ဖန်က ငါ့ကို အမှိုက်လို့ ပြောတာက ငါ့မှာ ခွန်အားတွေ မရှိတော့လို့ မဟုတ်ဘဲ ယုံကြည်ချက်တွေ ပျောက်ဆုံး နေလို့ ပြောတာပါလား*
*ခိုင်မာတဲ့ ယုံကြည်ချက် ရှိစေချင်တာပဲ*
“မင်း တိုက်ခိုက်ချင်စိတ်ကို ဆုံးရှုံးသွားရပြီဆိုရင် မင်း ယုံကြည်ချက်ကိုလည်း ဆုံးရှုံးမှာပဲ၊ မင်းက ငါ့ကိုတောင် လာမတွေ့ရဲခဲ့ဘူး၊ ကြွက်တစ်ကောင်လို ကြောက်လန့်နေတဲ့ မင်းက သတ်ဖြတ်ခြင်း နတ်ဆိုးသခင်လို့ ခေါ်ထိုက် သေးရဲ့လား”
ယဲ့ဖန်က ဟာသတစ်ခုကို ပြောသကဲ့သို့ ရယ်မောလိုက်သည်။
“ကုန်ကုန်ပြောရရင် မင်းက မင်းညီအစ်ကိုကိုတောင် မယုံခဲ့ဘူးလေ၊ ဟုတ်တယ်မလား”
“မဟုတ်ဘူး၊ အဲ့လိုမဟုတ်ပါဘူး၊ ကျုပ်က … ကျုပ်က ဒီအတိုင်း …”
ထိုအခိုက်တွင် သတ်ဖြတ်ခြင်း နတ်ဆိုးသခင် မျက်ရည်လည်ရွဲဖြင့် ဖြစ်နေပြီး သွေးပျက်ကာ ဘာပြောရမှန်း မသိ ဖြစ်နေ၏။
“ငါ မင်းကို မုန်းတီးမယ်လို့ ထင်နေတာလား၊ ငါ မင်းကို အထင်သေးမှာကို စိုးရိမ်နေတာလား၊ မင်းမျက်လုံးထဲမှာ ငါဆိုတဲ့ ယဲ့ဖန်က အဲ့လိုလူစားမျိုးလား”
ယဲ့ဖန်က အေးစက်သော လေသံဖြင့် ပြောသော်လည်း အခြေအနေက ပူလောင်လွန်းနေ၏။
“မဟုတ်ပါဘူး၊ လုံးဝ အဲ့လိုမဟုတ်ပါဘူး”
သတ်ဖြတ်ခြင်း နတ်ဆိုးသခင် လုံရှာက ခေါင်းတွင်တွင်ခါ၍ ထိတ်လန့်စိုးရိမ်သော အမူအရာဖြင့် ပြန်ဖြေ လေသည်။
“ကျုပ် အရှင် နတ်ဆိုးဧကရာဇ်ကို ဘယ်တော့မှ သံသယ မဝင်ပါဘူး၊ ကျုပ် အရှင့်ကို ဒီအတိုင်း မျက်နှာ မပြရဲတာပါ၊ ကျုပ် အရှင့်ကို အရှက်ရအောင် လုပ်မိသွားမှာ စိုးလို့ပါ”
“မင်း ငါ့ကို တကယ် အရှက်ရအောင် လုပ်တာပဲလေ”
ယဲ့ဖန် သက်ပြင်းချလိုက်မိသည်။ သူ့စကားလုံးများ၌ ကူကယ်ရာမဲ့ဟန်များ ပါဝင်နေ၏။
“ငါ မင်းတို့တွေအားလုံးကို ညီအစ်ကိုတွေလို၊ အစ်မညီမတွေလို သဘောထားခဲ့တယ်၊ ဒါပေမဲ့ မင်းကတော့ မင်း ဒုက္ခရောက်နေတဲ့အချိန် ငါ့ကို လာမရှာဘူး၊ ငါ့ကို ညီအစ်ကိုလို့ရော သဘောထားသေးရဲ့လား”
“တောင်းပန်ပါတယ် တောင်းပန်ပါတယ်”
လုံရှာက အသည်းအသန် ဝပ်တွားတောင်းပန်နေပြီး မျက်နှာပေါ်တွင်လည်း မျက်ရည်များ စီးကျနေသည်။ ယဲ့ဖန်ကို သူ ဆွဲချသလို မလုပ်မိလျင် ယဲ့ဖန်ကို သူ ကူညီရာ ရောက်ပြီဟု ထင်ခဲ့မိသည်။ ထိုအတွေးကပင် ယဲ့ဖန်အတွက် ကြီးမားသော အရှက်ကွဲမှုကြီး ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူတို့က ညီအစ်ကိုတွေ မဟုတ်ပါလော။
“ညီအစ်ကိုဆိုတာ သေသေရှင်ရှင် အချင်းချင်း ကူညီပံ့ပိုးကြတယ်၊ အကောင်းအဆိုးကို အတူ ဖြတ်ကျော် ကြတယ်၊ မင်း မှတ်မိသေးရဲ့လား”
“ညီအစ်တွေရဲ့ ကံဆိုးခြင်းနဲ့ ကံကောင်းခြင်းက အချင်းချင်းပေါ် မှီခိုနေတယ်၊ တစ်ဦးနဲ့တစ်ဦး ရိုင်းပင်း ကူညီရတယ်၊ မင်း မှတ်မိသေးလား”
“ကျုပ် မှတ်မိပါတယ်၊ ကျုပ် မှတ်မိပါတယ်”
လုံရှာ နှာတရှုံ့ရှုံ့ ဖြစ်လာရသည်။
“ဒါဆို မင်း ဘာလို့ ငါ့ဆီ မလာတာလဲ၊ မင်းကိုယ်မင်း ကုသမရနိုင်ဘူးလို့ ထင်နေတာလား၊ ဒီလောကကြီးမှာ ငါယဲ့ဖန် မလုပ်နိုင်တာ ရှိတယ်လို့ ထင်နေတာလား”
“ငါတို့က နတ်ဆိုးတွေဆိုတာကို မေ့သွားပြီလား၊ နတ်ဆိုးဆိုတာ ကိုယ်လမ်းကို တားဆီးမယ့် ဘယ်သူ့ကိုမဆို သတ်တယ်၊ ကိုယ့်ကို အရှက်ခွဲ လှောင်ပြောင်လာသူတိုင်းကို သတ်တယ်၊ ကိုယ့်ကို အညံ့မခံချင်တဲ့ လူတိုင်းကို သတ်ပစ်တယ်”
“ဒါပေမဲ့ မင်းက ခွေးလိုပဲ ရှိသမျှ နည်းလမ်းအားလုံးနဲ့ လှောင်ပြောင်ခံချင်နေတာလား”
ယဲ့ဖန်က ကြောက်စရာကောင်းသော အကြည့်များဖြင့် ပြည့်နှက်နေပြီးနောက် နောက်လှည့်ကျောခိုင်းလိုက်ပြီး အဝေးသို့ လျှောက်သွားလိုက်သည်။
“ဒီလိုဆိုရင်တော့ မင်း ထွက်သွားလိုက်တော့၊ ဘာမဟုတ်တဲ့ မာနအတွက်နဲ့ ငကြောက်လို အသေခံလိုက်တော့၊ မင်းလို ညီအစ်ကိုမျိုး မရှိခဲ့ဘူးလို့ ငါ သတ်မှတ်လိုက်ပြီ”
“ကျုပ် မှားမှန်း သိပါပြီ အရှင် နတ်ဆိုးဧကရာဇ်၊ ကျုပ် မှားမှန်း သိပါပြီ”
လုံရှာ လဲပြိုသွားပြီး မျက်ရည် ဗလပွဖြင့် မြေကြီးနှင့် ခေါင်းကို အကြိမ်ကြိမ် ဆောင့်နေသောကြောင့် မကြာခင် မှာပင် သူ့ဦးခေါင်း၌ သွေးများ ရွှဲနစ်လာ၏။
ထို့နောက် လုံရှာ၏ မျက်နှာတွင် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေသည့် ရက်စက် ခက်ထန်သော အမူအရာများ ပေါ်လွင်လာသည်။ အစပိုင်း၌ သူ့တွင် မရှိခဲ့သော သတ်ဖြတ်လိုသည့် အငွေ့အသက်များက ယခု တစ်ဟုန်ထိုး တိုးပွား လာလေသည်။
ယခုအချိန်၌ သူသည် လုံရှာ မဟုတ်တော့ဘဲ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်သာ ဖြစ်ပေတော့သည်။ လုံရှာသည် တိုက်ပွဲကို ဆာလောင်နေသည့် တောက်ပသော မျက်လုံးများဖြင့် ယဲ့ဖန်၏ နောက်ကျောကို လှမ်းကြည့်လေသည်။
“အရှင် နတ်ဆိုးဧကရာဇ် ကျေးဇူးပြုပြီး ကျုပ်ကို နောက်ထပ် အခွင့်အရေး ပေးပါ၊ ဒါမှ ကျုပ် နတ်ဆိုးမျိုးနွယ်ရဲ့ နာမည်ကို ပြန်သယ်ဆောင်နိုင်မှာပါ”
“ဒီတစ်ခေါက်တော့ လုံရှာ လက်လျှော့မယ့်အစား အသက်ပဲ အသေခံပါ့မယ်”
လက်ရှိတွင် အခြားသူများအားလုံး မှင်တက်နေကြလေသည်။
*ဒီနှစ်ယောက် ဘာအကြောင်း ပြောနေတာလဲ*
*ဘာလို့ ငါတို့ တစ်လုံးမှ နားမလည်ရတာလဲ*
*သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က ဘာလဲ*
*နတ်ဆိုးဧကရာဇ် ဆိုတာကရော ဘာကြီးလဲ*
*ဒီနှစ်ယောက်က အရင်ကတည်းက အချင်းချင်း သိနေကြတာလား*
*သူတို့စကားအရဆို လုံရှာက အတိတ်တုန်းက ကြီးမားတဲ့ နောက်ခံ ရှိခဲ့တဲ့ပုံပဲ၊ ဒါပေမဲ့ သူက မွေးကတည်းက အမှိုက်ကောင် ဖြစ်နေခဲ့တာ မဟုတ်ဘူးလား*
များပြားလှသော သံသယဝင်စရာ အချက်များက လူတိုင်းအား သူတို့၏ ကြောက်စိတ်များကို မေ့လျော့သွားစေပြီး မျက်စိရှေ့မှ လူနှစ်ယောက်ကို ဇဝေဇဝါဖြင့် ကြည့်နေမိစေ၏။
ထိုအခါတွင်မှ အေးစက်နေသော ယဲ့ဖန်၏မျက်နှာ၌ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ပျော်ရွှင်စွာ ပြုံးလိုက်သော အပြုံးပင်။
“ဒါဆိုလည်း မင်း ဘာကို စောင့်နေတာလဲ၊ နတ်ဘုရားတွေက တားဆီးရင် နတ်ဘုရားကိုသတ်၊ ဗုဒ္ဓက တားဆီးရင် ဗုဒ္ဓကိုသတ်လေ၊ နတ်ဆိုးတွေရဲ့ ကြမ်းကြုတ်တဲ့ စွမ်းအားကို သက်သေပြလိုက်စမ်းပါ”
ယဲ့ဖန်က မာန်ပါပါ ပြောလိုက်ပြီးနောက် သူ့ကိုယ်မှ ပုံမှန်မဟုတ်သော ယန်စွမ်းအင်များ ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ ထိုသို့ ထွက်ပေါ်လာသော အသံက ကြောက်စရာ ကောင်းလှသည်။
ယင်းက ရှေးခေတ် နတ်ဘုရားတစ်ပါး ဆင်းသက်လာသည်နှင့် ထင်မှတ်မှားရပြီး ယင်းစွမ်းအင်က ဤလောကကို ဖျက်ဆီးရန် လုံလောက်သည်ဟု ထင်မှတ်ရလေသည်။
“ဘုံကိုးပါး ယန်စွမ်းအင် မဟုတ်လား၊ မင်းကိုယ်ထဲမှာ ဘယ်လိုလုပ် ဘုံကိုးပါး ယန်စွမ်းအင် ရှိနေတာလဲ”
ထိုအခိုက်တွင် လုံမိသားစုမှ လူတိုင်း သွေးပျက်မတတ် ကြောက်ရွံ့လာပြီး ယဲ့ဖန်အား မယုံနိုင်ဟန်ဖြင့် ကြည့်နေ လေသည်။ ဤအဖြစ်အပျက်က သူတို့၏ အတွေးအမြင်ကို ကပြောင်းကပြန် ဖြစ်သွားစေ၏။
“ငါတို့တော့ သွားပြီ၊ လုံမိသားစုလည်း ပျက်စီးပြီပဲ”
လူအိုကြီးယန် ခါးသက်သက် ပြုံးလိုက်မိသည်။ ဘုံကိုးပါး ယန်စွမ်းအင် ပိုင်ဆိုင်ထားသော ပုဂ္ဂိုလ်ကိုမှ သူတို့က ရန်စမိသည်တဲ့လား။ သူတို့ နတ်ဘုရားကို အမှန်တကယ် ရန်စသွားမိပါလား။
ရုတ်ချည်းဆိုသလိုပင် ဘုံကိုးပါး ယန်စွမ်းအင်က လုံရှာ၏ ကိုယ်ထဲသို့ စီးဝင်သွားသည်။
“အား….”
လုံရှာသည် သူ့ခန္ဓာကိုယ် ဆုတ်ဖြဲခံနေရသကဲ့သို့သော ခံစားချက်မျိုး ရလာသဖြင့် ငယ်သံပါအောင် အော်ဟစ် လိုက်မိသည်။ ထို့နောက် သူ၏ အရှိန်အဝါက တဖြည်းဖြည်း မြင့်မားလာ၏။
သူ့ကိုယ်ထဲ၌ ယခင်က မရှိခဲ့သော ယန်စွမ်းအင်သည် အဆုံးအစမဲ့စွာ ထွက်ပေါ်လာလေသည်။ သူ့ကိုယ်ထဲတွင် ယန်စွမ်းအင်သည် စမ်းချောင်းလေးသဖွယ် ဖြစ်တည်လာရာမှ တဖြည်းဖြည်း မြစ်တစ်စင်းသဖွယ် ဖြစ်လာ ပြီးနောက် ပင်လယ်ကြီးကဲ့သို့ ဖြစ်ပေါ်လာသည်။
အမှိုက်တစ်စ ဖြစ်ခဲ့သော သူ့၌ ယန်စွမ်းအင် ရှိလာလေပြီ။ ထို့နောက် တုန်လှုပ်စေနိုင်သော စွမ်းအင်က လေပြင်းသဖွယ် တိုက်ခတ် ပျံ့နှံ့လာပြီး ဖိနှိပ်နိုင်သော စွမ်းအင်က အလွန် ချောက်ချားဖွယ် ကောင်းလှသည်။ လုံမိသားစုဝင်များ ခေါင်းမွေးထောင်လာကြသည်။
*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*
*ဘယ်လိုလုပ် ဒီအမှိုက်လိုကောင်မှာ ဒီလောက် ကြောက်စရာကောင်းတဲ့ လူသတ်ချင်စိတ်တွေ ရှိနေရတာလဲ*
လုံရှာ၏ အေးစက်သော အကြည့်တစ်စုံက လူအိုကြီးယန်နှင့် အခြားသူများထံ ကျရောက်လာပြီး အေးစက်စက် ပြုံး၍ ပြောလိုက်သည်။
“ဒီနေ့ ရန်သူရဲ့သွေးနဲ့ ငါ့နတ်ဆိုးတွေရဲ့ စွမ်းအားကို သက်သေပြမယ်”