← Chapters

အခန်း ၁၁၉၇

Vol. 80 Ch. 1197

အခန်း ၁၁၉၇

Vol. 80 Ch. 1197

Chapter 1197 ငါက …. ငရဲကလေ

“ဒီနေ့ ရန်သူရဲ့သွေးနဲ့ ငါ့နတ်ဆိုးတွေရဲ့ စွမ်းအားကို သက်သေပြမယ်”

ထိုကြွေးကြော်သံအဆုံး၌ ပြင်းထန်သော လူသတ်ချင်သည့် အရှိန်အဝါများက လူအိုကြီးယန်နှင့် အခြားသူများထံ လှိုင်းလုံးသဖွယ် ရိုက်ခတ်လာ၏။ သူတို့၏ မျက်နှာ၌ မယုံနိုင်ဟန်များ ဖြစ်ပေါ်နေသည်။

*ဒီအမှိုက်ကောင်ရဲ့ ကိုယ်ကနေ ယန်စွမ်းအင်တွေ အများကြီး ထွက်လာတာလား*

*ပြီးတော့ အဲ့ဒါကလည်း ငါတို့ နားမလည်နိုင်တဲ့ အဆင့်ထိကို*

လက်ရှိတွင် သူတို့၏ မျက်လုံးများက စိုက်ကြည့်ရလွန်း၍ ပေါက်ထွက်မတတ် ဖြစ်နေ၏။

*အမှိုက်ကောင်က စက္ကန့်ပိုင်းအတွင်း သိုင်းပညာရှင် ဖြစ်လာတာလား*

*ဒါ လုံးဝကို လောကကြီး ဖောက်ပြန်လာသလိုပဲ*

*အသုံးမကျတဲ့ အမှိုက်ကောင်ကို သူတို့ ကြောက်ရတဲ့ အဆင့်ထိ ရောက်လာအောင် ယဲ့ဖန် ဘယ်လိုလုပ် လိုက်တာလဲ*

လုံရှာ၏ ဖြူရော်နေသော မျက်နှာထားက တဖြည်းဖြည်း သွေးရောင်လွှမ်းလာပြီးနောက် ကြောက်စရာ ကောင်းလာ၏။ အိပ်ပျော်နေသော နဂါးတစ်ကောင် နိုးထလာသလိုပင်။

“ငါ့ခွန်အားတွေ ပြန်ရလာပြီ”

လက်ရှိတွင် လုံရှာ၏ မျက်နှာတွင် ဝမ်းသာစိတ်များနှင့် ပြည့်နှက်နေသလို သူ့ကိုယ်ထဲ၌ ယန်စွမ်းအင်များ အတောမသတ် စီးဆင်းနေသည်ဟု ခံစားမိနေ၏။

ယဲ့ဖန်က သူ၏ ရုပ်ခန္ဓာကိုယ်အား ပြောင်းလဲပေးလိုက်လေပြီ။ စွမ်းအင် အစပျိုးလာအောင် လုပ်ပေးရုံမဟုတ်ဘဲ သူ ချက်ချင်း အဆတစ်ရာမက မြင့်မားတိုးတက် သန်မာလာအောင် လုပ်ပေးလိုက်ခြင်း ဖြစ်သည်။

“ဒုန်း”

လုံရှာ ခြေတစ်လှမ်း လှမ်းလိုက်သောအခါ မြေဆီလွှာက ရုတ်တရက် တုန်ခါလာ၏။ သွေးနံ့များ ပါနေသည်ဟု ထင်ရသော လေပြင်းမုန်တိုင်းပါ တိုက်ခတ်လာလေသည်။

လုံရှာသည် တောတောင်နှင့် မြစ်ချောင်းများကို ဖြတ်ကျော်လာသည့် ဧရာမ သားရဲကြီးတစ်ကောင်ကဲ့သို့ အရှိန်ဖြင့် ပြေးဝင်လာသည်။

“လုံရှာ၊ မင်း …”

လူအိုကြီးယန်နှင့် အခြားသူများသည် သူတို့ကို ဖိနှိပ်လာသည့် ဖိအား အရှိန်အဝါကို ခံစားမိသဖြင့် အသက်ရှူ ကြပ်လာကြသည်။

“ငါက လုံရှာ မဟုတ်ဘူး၊ ငါ့အရင်နာမည်က သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၊ အရှင် နတ်ဆိုးဧကရာဇ် လက်အောက်က နတ်ဆိုးသခင်လေးပါးထဲက တစ်ပါးကွ၊ ဒါပေမဲ့ ငါက ဒီလို အမှိုက်ကောင်အဖြစ် ပြန်မွေးဖွား လာရတာ”

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ မျက်လုံးများက လူသတ်ချင်စိတ်တို့ဖြင့် တဖျပ်ဖျပ် တောက်ပနေ၏။ အတိတ်က လုံမိသားစုမှ သူ့အပေါ် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့သည်များကို ပြန်အမှတ်ရလာသည်။ ဤအစေခံများ၏ ထေ့ငေါ့လုံးများကို သူ မှတ်မိနေသေးသည်။

ယခု သူ့ခွန်အားက အပြည့်အဝ ပြန်ရလာပြီ ဖြစ်သဖြင့် ယခင်က အာဃာတတရားများကို ပြန်လည် ဖြေဖျောက် ရပေမည်။

“သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၊ နတ်ဆိုးမျိုးနွယ်”

ထိုစကားလုံးများကြောင့် လူအိုကြီးယန် မှင်တက်သွားသည်။

*ဒီကောင် ဘာတွေပြောနေတာလဲ၊ ပြန်ဝင်စားတယ် ဟုတ်လား*

*အဲ့လိုအရာမျိုးက တကယ် ရှိလို့လား*

ထန်ယွင်အာတောင်မှ ပါးစပ်ကို လက်ဖြင့် မအုပ်ဘဲ မနေနိုင်အောင် ဖြစ်နေ၏။

*ယဲ့ဖန်က ဒီအမှိုက်ကောင် လုံရှာကို သိနေတာက အံ့ဩစရာ မရှိတော့ဘူး၊ ဒီတော့ သူက လုံရှာကို သိတာ မဟုတ်ဘဲ လုံရှာအဖြစ် ပြန်ဝင်စားတဲ့လူကို သိနေတာကိုး*

*လုံရှာက ပြန်ဝင်စားတဲ့လူဆိုတော့ ယဲ့ဖန်ကလည်း လူဝင်စားပဲလား*

*သူတို့က ဒီလောကက မဟုတ်ဘူးလား*

ထိုအတွေးမျိုး စဉ်းစားမိသည်နှင့် ထန်ယွင်အာ ကြက်သေ သေသွားရသည်။

*သူတို့က ဘယ်ကလာတာလဲ*

ထန်ယွင်အာ အံ့အားသင့်နေ၏။ ယ‌နေ့ ဖြစ်ပျက်သမျှ အရာအားလုံးက သူမ အသိပညာထက် ကျော်လွန်နေသဖြင့် သူမ အလွန်အမင်း ထိတ်လန့်နေမိသည်။

“မင်း ငါ့ကို သတ်ချင်တာ မဟုတ်ဘူးလား၊ အခု လာလိုက်လေ”

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ လူသတ်ချင်စိတ်က အံ့ဩစရာ ကောင်းလှသည်။ သူ အပြီးတိုင် နိုးထလာလေပြီ။ တစ်ချိန်က ကြောက်စရာကောင်းသည့် လောဘကြီး၍ သွေးဆာတတ်သော နတ်ဆိုးတစ်ကောင်အဖြစ် နိုးထ လာပြီ ဖြစ်သည်။

“မဖြစ်နိုင်ဘူး ငါ မယုံဘူးကွ”

လူအိုကြီးယန် ဒေါသူပုန်ထသွားသည်။ ထိုသို့ ယုတ္တိမတန်သော အဖြစ်အပျက်များက လောက၌ တကယ် ရှိနေလိမ့်မည်ဟု သူ မယုံကြည်ပါ။ ယဲ့ဖန်၏ လက်ထဲ၌ သေရမည်ဆိုလျင် သူ လက်ခံနိုင်သေးသည်။ သို့ရာတွင် အမှိုက်ကောင် လုံရှာ၏ လက်ထဲ၌ သေရမည့်အဖြစ်ကိုတော့ သူ လုံးဝ လက်မခံနိုင်ပေ။

“လာကြ၊ ငါနဲ့အတူ ဒီအမှိုက်ကောင်ကို သတ်ကြမယ်”

ထိုစဉ် လူအိုကြီးယန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ အခြား လုံမိသားစုဝင်များ၏ မျက်လုံးတွင်လည်း လူသတ်ချင်စိတ်နှင့် မုန်းတီးစိတ်များ ပြည့်နှက်နေ၏။

ယနေ့ သူတို့ ဒုက္ခရောက်ပြီဖြစ်ကြောင်း ရိပ်မိပါသည်။ သို့သော်ငြားလည်း သူတို့ သေရမည်ဆိုလျင်တောင်မှ လုံရှာအား သူတို့နှင့်အတူ အပါခေါ်သွားချင်ကြသည်။

“ဝုန်း”

သူတို့ထံမှ ယန်စွမ်းအင်များ ထွက်ပေါ်လာပြီး နဂါးအော်သံများ ထွက်ပေါ်လာသည်။ လူအိုကြီးယန်၏ ခန္ဓာကိုယ်မှ ယန်စွမ်းအင်များသည် နဂါးအသွင်သို့ ပြောင်းလဲသွားပြီး မိုးထိမတတ် မြင့်မားလာ၏။

ဤသူမတူသော သိုင်းကွက်သည် လုံမိသားစုဝင်တိုင်း တတ်မြောက်ထားသည့် တော်ဝင်နဂါးသိုင်းကွက် ဖြစ်သည်။ မတူသည့်အချက်မှာ လူအိုကြီးယန် ထုတ်သုံးလိုက်သည့် တော်ဝင်နဂါးသိုင်းကွက်က ယခင်ထက် ပို၍ ကြောက်စရာ ကောင်းသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အသက်ဓာတ်ကိုပါ လောင်ကျွမ်းစေပြီး ထုတ်ဖော် ထားသည့် သိုင်းကွက် ဖြစ်နေသောကြောင့်ပင်။

သူ၏ရည်ရွယ်ချက်ပါ သတ်ဖြတ်ခြင်း နတ်ဆိုးသခင် လုံရှာကိုပါ သူနှင့်အတူ သေဆုံးသွားစေရန် ဖြစ်သည်။ သူ၏ အရှိန်အဝါက ဘေးပတ်ဝန်းကျင်အား ထိတ်လန့်သွားစေသည်။ လူအိုကြီးယန်၏ မျက်လုံးများက မီးအိမ်ကဲ့သို့ တလက်လက် တောက်နေပြီး သူ့ခန္ဓာကိုယ်မှ လျှပ်စီးသံများပင် ထွက်ပေါ်နေသည်။

သူသည် အသေခံတိုက်ရန် အသင့်ပြင်ထားပြီးလေသည်။ အခြား လုံမိသားစုဝင်များလည်း ထိုနည်းတူပင်။ သူတို့အားလုံး အသက်ဓာတ်ကို လောင်ကျွမ်းစေပြီး သူတို့၏ သိုင်းအဆင့်အား မြင့်တက်အောင် လုပ်ထား ကြသည်။

ပူပြင်းသော ယန်စွမ်းအင်ကြောင့် လေထုပင် ပူလောင်လာပြီး နေဆယ်စင်းမက ထွက်လာသည်ဟု ထင်မှတ် မှားရကာ မြေဆီလွှာများ ပက်ကြားအက်၍ ရေများ ပွက်ပွက်ဆူလာသည်။

ထိုအခါ ထန်ယွင်အာ၏ မျက်နှာက ဖြူရော်လာပြီး ပူလောင်အိုက်စပ်၍ ပေါက်ကွဲကာ သေဆုံးလုမတတ် ခံစားနေ ရသည်။ ဤအရှိန်အဝါသည် သူမ တောင့်ခံနိုင်သော အရာ မဟုတ်ပေ။

ထိုစဉ် လူတစ်ယောက်က သူမ၏ကျောကို လက်တစ်ဖက်ဖြင့် ပွတ်ပေးလာသဖြင့် ထန်ယွင်အာ၏ တစ်ကိုယ်လုံးသို့ အအေးဓာတ်တစ်ခု ပျံ့နှံ့လာကာ သူမ မနေနိုင်ဘဲ ညည်းလိုက်မိသည်။

“ဟင်း…”

ထို့နောက် ထန်ယွင်အာသည် သတိလက်လွတ် ဖြစ်နေရာမှ သတိပြန်ဝင်လာပြီး မျက်နှာတစ်ခုလုံး နီမြန်း သွားသည်။

“အစ်ကိုယဲ့ဖန်”

“ဘာမှမဖြစ်ဘူး”

ယဲ့ဖန် အသာပြုံးလိုက်သည်။ သို့သော် သူ့အနောက်၌ ဟင်းလင်းပြင် တံခါးပေါက်တစ်ခု ပွင့်နေပြီး ထိုအထဲ၌ သန်းရာချီသော ကြယ်တာရာများက ပြိုင်တူ တောက်ပနေ၏။

စကြဝဋ္ဌာ၏ နတ်ဆိုးဧကရာဇ်တစ်ယောက် ဟင်းလင်းပြင်ထဲ၌ ရပ်နေပုံက အစစ်အမှန် နတ်ဘုရားတစ်ပါး ဖြစ်လာ သလိုပင်။ ပူပြင်းသော ယန်စွမ်းအင်များက သူ့အနားသို့ ကပ်နိုင်သည့်ပုံ မပေါ်ချေ။

ထန်ယွင်အာ မှင်တက်သွားရသည်။ ယခုအခါတွင် သူမ၏ အစ်ကိုယဲ့ဖန်က အင်အားကြီးသော နတ်ဘုရားတစ်ပါး ဖြစ်သည်ဟု သူမ အမှန်တကယ် သတိပြုမိသွားသည်။

“လုံရှာ သေလိုက်တော့”

လူအိုကြီးယန်က ထိန်းချုပ်မရနိုင်သော မုန်းတီးစိတ်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ဟစ်အော်လိုက်ပြီး ပြင်းထန်သော ယန်စွမ်းအင်များနှင့်အတူ လုံရှာထံသို့ ပြေးဝင်လာလေသည်။

အခြားလုံမိသားစုဝင်များသည်လည်း ပြိုင်တူ လှုပ်ရှားလာ၏။ သူတို့၏ ယန်စွမ်းအင်များက ရုတ်တရက် ကောင်းကင်တစ်ခုလုံးသို့ ဖုံးအုပ်လာပြီး သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ထံသို့ တိုးဝင်လာသည်။

“ဟဲဟဲ …”

*အရှင် နတ်ဆိုးဧကရာဇ်ရဲ့ ကူညီမှုကြောင့် ပျောက်ဆုံးနေတဲ့ ငါ့ခွန်အားတွေ ပြန်ရလာပြီကို၊ ဘယ်လိုလုပ် ဒီလို ပမွှားလေးတွေက ငါ့ကို အသေသတ်နိုင်မှာလဲ*

“သွေးပင်လယ်ဝေခြင်း”

သတ်ဖြတ်ခြင်းနတ်ဆိုးသခင်၏ ခန္ဓာကိုယ်က ကျယ်ပြောသော သွေးပင်လယ်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး အရာအားလုံးကို ဝါးမျိုလာသည်။ သူ၏ သွေးပင်လယ်နှင့် ထိမိသည့် အရာတိုင်း ခြောက်သွေ့ ပျက်စီးသွားရသည်။

ဆယ်မိုင်ပတ်လည်အတွင်းမှ အရာအားလုံး သွေးရောင်လွှမ်းလာ၏။ ဤသွေးပင်လယ်သည် သတ်ဖြတ်ခြင်း နတ်ဆိုးသခင် သတ်ခဲ့သော ရန်သူများ၏ သွေးများ ဖြစ်ပြီး ထိုသူများ၏ သွေးများကို သူ စုပ်ယူ၍ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

ဤသည်ကိုမြင်ပြီး ယဲ့ဖန် ပြုံးလိုက်သည်။ ဤသည်မှာ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ အမူအကျင့်အစစ် ဖြစ်သည်။ ဤသည်မှာ ယဲ့ဖန်၏ ညီအစ်ကို ဖြစ်ပေသည်။

ကျယ်ပြောသော သွေးပင်လယ်နှင့် ယန်စွမ်းအင်တို့ အရှိန်အဟုန်ပြင်းပြင်း တွေ့ဆုံသွားပြီး ဝုန်းခနဲ အသံ ထွက်လာသည်။

၎င်းစွမ်းအင်အနား၌ ရှိနေသော တောင်သုံးလုံးသည် ချက်ချင်း ပြာဖြစ်သွားပြီး မြေဆီလွှာတစ်ခုလုံး ပြိုကျလုမတတ် ဖြစ်လာ၏။

ထန်ယွင်အာ ကြောက်လန့်လွန်းသဖြင့် ဘာမှမပြောနိုင်တော့ချေ။

*ဒါက နတ်ဘုရားတွေရဲ့ တိုက်ပွဲလိုပဲ*

*သတ်ဖြတ်ခြင်း နတ်ဆိုးသခင်မှာတောင် ဒီလိုအင်အားမျိုး ရှိနေတာ၊ အရှင် နတ်ဆိုးဧကရာဇ်လို့ သူ ခေါ်နေတဲ့ အစ်ကိုယဲ့ဖန်သာဆိုရင်ရော ဘယ်လောက် ကြောက်ဖို့ကောင်းနေမှာလဲ*

ထို့နောက် ထန်ယွင်အာက ယဲ့ဖန်ကို ပဟေဠိဖြစ်ကာ သိချင်နေသော မျက်လုံးများဖြင့် မော့ကြည့်၍ မေးလိုက်သည်။

“အစ်ကိုယဲ့ဖန် ရှင်က ဘယ်ကလာတာလဲဟင်”

ယဲ့ဖန်က သူမကို ပြန်ငုံ့ကြည့်ကာ ခပ်ဖွဖွ ပြုံးလေသည်.

“ငါက … ငရဲကလာတာလေ”

All Chapters