← Chapters

အခန်း ၁၁၉၈

Vol. 80 Ch. 1198

အခန်း ၁၁၉၈

Vol. 80 Ch. 1198

Chapter 1198 ငါ့နာမည်က သတ်ဖြတ်ခြင်း နတ်ဆိုးသခင်

*ငရဲ*

*အဲ့နေရာက တကယ် ရှိလို့လား*

“ငါ ဘယ်သူလဲ၊ ဘယ်ကလဲ ဆိုတာကို တွေးမနေနဲ့၊ ငါက ယဲ့ဖန်ဆိုတာကိုပဲ မှတ်ထား၊ ဒါဆို လုံလောက်ပြီ”

ယဲ့ဖန်က ထန်ယွင်အာ၏ ဦးခေါင်းအား ကြင်နာစွာ ပွတ်သပ်ပေးလိုက်သည်။ ထန်ယွင်အာ တစ်ခဏမျှ မှင်တက်သွားပြီးနောက် သူမနှလုံးသားထဲတွင် တစ်စုံတစ်ရာ ပြည့်နှက်လာသည်ဟု ရုတ်တရက် ခံစားလိုက်မိပြီးနောက် ခေါင်းတဆတ်ဆိတ် ညိတ်ပြလိုက်သည်။

“အင်း”

ယဲ့ဖန်က ဘယ်သူ ဖြစ်နေပါစေ သူက သူမ၏ အစ်ကိုယဲ့ဖန် ဖြစ်ကြောင်း မှတ်မိနေရုံနှင့်တင် လုံလောက်နေလေပြီ။

“ဝုန်း”

ထိုအခိုက်တွင် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေပြီး ကမ္ဘာပျက်တော့မည့် ကပ်ဘေးတစ်ခု ဖြစ်ပေါ် နေသည်ဟု ထင်မှတ်လာရသည်။

ဤသို့ အပြေးလာနေသည့် ထန်မင်လီနှင့် အခြားသူများတောင်မှ ၎င်းမြင်ကွင်းကိုကြည့်ပြီး ကြက်သီးတဖြန်းဖြန်း မထဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။

သွေးပင်လယ်နှင့် ယန်စွမ်းအင်တို့ အပြင်းအထန် ထိပ်တိုက်တွေ့ဆုံသောအခါ တောင်တန်းတစ်ခုလုံး ပြာကျသွား လေသည်။

ဤနေရာက နက်ရှိုင်းသော တောတောင်နေရာ ဖြစ်နေ၍ တော်သေးသည်။ အကယ်၍ သူတို့အားလုံးသာ မြို့ထဲ၌ ရှိနေပါက လူပေါင်း မည်မျှ သေကြေမလဲ မသိနိုင်ပေ။ ဤမြင်ကွင်းက အလွန့်ကို ကြောက်စရာ ကောင်းလှသည်။

“ယဲ့ဘုရင် တိုက်ခိုက်နေတာများလား”

ထန်မင်လီနှင့် အခြားသူများ ပဟေဠိ ဖြစ်နေကြသည်။ သူတို့အမြင်တွင် ယဲ့ဖန်တစ်ယောက်တည်းသာ လောကကို ယခုကဲ့သို့ ဖျက်ဆီးနိုင်စွမ်း ရှိသည်ဟု ထင်မှတ်ထားလေသည်။

သို့သော် မကြာခင်မှာပင် ယဲ့ဖန်က တိုက်ပွဲကို ခပ်လှမ်းလှမ်းမှနေ၍ ကြည့်နေသည်ကို သူတို့ တွေ့လိုက်ရသည်။ ထို့ကြောင့် အားလုံး ကြက်သေ သေသွားကြသည်။

*ယဲ့ဘုရင်လို ကြောက်စရာကောင်းတဲ့ လူစားမျိုး ရှိနေသေးတာလား*

“ဘိုးဘိုး အဲ့ဒါ အစ်ကိုယဲ့ဖန်ရဲ့ လက်အောက်က စစ်သူကြီးလေ၊ တော်တော် သန်မာတာပဲနော်”

ထန်ယွင်အာက ပြုံး၍ လှမ်းပြောလိုက်သည်။

“စစ်သူကြီးတဲ့လား”

ထန်မင်လီနှင့် အခြားသူများအားလုံး မျက်လုံးပြူးသွားကြသည်။

*စစ်သူကြီးတစ်ယောက်က ဒီလောက် ထိတ်လန့်စရာ ကောင်းရလား*

*ဒါဆို ယဲ့ဖန်ကရော … ဘယ်လောက်ထိ ကြောက်စရာ ကောင်းနေမှာလဲ*

သူတို့ ယဲ့ဖန်ကို ယခင်ကတည်းက အထင်ကြီးခဲ့သည်ဟု တွက်ထားခဲ့ကြသော်လည်း ယခုမှ ယဲ့ဖန်ကို သူတို့ အထင်သေးနေမိဆဲ ဖြစ်ကြောင်း သိလိုက်ရသည်။

ထန်မင်လီနှင့် အခြားမိသားစုခေါင်းဆောင်များသည် အချင်းချင်း မတတ်သာသော အကြည့်ဖြင့် ကြည့်လိုက် ကြပြီး မချိတင်ကဲ ပြုံးလိုက်လေသည်။

သူတို့အားလုံး ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲချင်နေမိသည်။ ယဲ့ဖန်သည် အလွန်တရာ ထူးခြားဆန်းကြယ်သော လူတစ်ယောက် ဖြစ်သလို အလွန်အမင်း သန်မာအင်အားကြီးလေသည်။ အမှန်စင်စစ် မိစ္ဆာတစ်ကောင်လိုပင်။

“အရှင်ယဲ့ဘုရင်ရဲ့ စစ်သူကြီးကတောင် တော်တော် ကြောက်စရာ ကောင်းတာပဲ၊ ဒီလူက သွေးပင်လယ်ကို ထုတ်ဖော်နိုင်ပြီးတော့ သက်ရှိအားလုံးကို ဝါးမျိုနိုင်တယ်၊ တော်တော် လန့်ဖို့ကောင်းတယ်”

လူတိုင်း ကြက်သေ သေနေပြီး ပျက်စီးနေသော နေရာကို ကြည့်ကာ သူတို့၏ ကျောပြင်တစ်ခုလုံး အေးစက် သွားသည်။

သို့သော် ထိုအချိန်တွင် ကောင်းကင်ထက်မှ ပုံမှန်မဟုတ်သော အသံတစ်သံ ထွက်ပေါ်လာပြီး ယန်စွမ်းအင် များသည် မီးတောက်အသွင် တောက်လောင်လာပြီးနောက် တဖြည်းဖြည်း အရောင်မှိန်လာသည်။

တစ်ဖက်တွင်မူ သွေးပင်လယ်သည် ပိုမို၍ ကြမ်းတမ်းကာ အရိုင်းဆန်လာပြီး လေထုထဲတွင် ဝရုန်းသုန်းကား ဖြစ်နေပြီး ငရဲမှ သွေးပင်လယ်ကဲ့သို့ အလောင်းများနှင့် ဝိညာဉ်များကို မသိမသာ မြင်နေရသည်။ လောကကို ငုံ့ကြည့်နေသည့် မဟာဝိညာဉ်ကြီးတစ်မျိုး ရှိနေသလိုပင်။

“အား…”

ထိုစဉ် အော်သံတစ်သံ ထွက်ပေါ်လာ၏။ လုံမိသားစုဝင်တစ်ယောက်သည် ယန်စွမ်းအင်များ ကုန်ခမ်းသွားသဖြင့် သွေးပင်လယ်နှင့် ထိမိချိန်တွင် သူ့ခန္ဓာကိုယ်သည် အက်စစ်ဖြင့် အပက်ခံလိုက်ရသကဲ့သို့ တိုက်စားခံလိုက်ရပြီး အရေပြားနှင့် သွေးများအားလုံး သွေးပင်လယ်ထဲသို့ စီးဝင်သွားလေသည်။ ထိုသူ လုံးဝ ပျောက်ကွယ် သွားတော့သည်။

ဤမြင်ကွင်းကြောင့် လုံမိသားစုဝင်များအားလုံး ကြက်သီးမွေးညင်း ထသွားကြသည်။ သူတို့ မျက်စိရှေ့မှ သွေးပင်လယ်သည် ရပ်တန့်၍ မရနိုင်ပေ။ သူတို့၌ ခုခံရန် ယန်စွမ်းအင် တစ်စက်မှ မကျန်တော့သဖြင့် ချက်ချင်း ဝါးမျိုခြင်း ခံရလေသည်။

“ဝုန်း”

မိုးကောင်းကင်နှင့် ပထဝီမြေကြီးကြား၌ ထိတ်လန့်ဖွယ် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး ကောင်းကင်ထက်မှ ယန်စွမ်းအင်များ ပျောက်ကွယ်သွားပြီး လုံမိသားစုဝင်တစ်စုသည်လည်း ပျောက်ဆုံးသွားလေတော့သည်။

“ဘာ … လုံမိသားစု ရှုံးသွားတာလား”

“ယဲ့ဘုရင်ရဲ့ လက်အောက်ငယ်သား ဆိုတဲ့အတိုင်းပဲ သူ့ခွန်အားက တော်တော် ကြောက်စရာကောင်းတာပဲ၊ ဒီသူမတူတဲ့ စွမ်းရည်ကရော ယဲ့ဘုရင်ဆီက ရလာတာလား”

မိသားစုခေါင်းဆောင်များ တုန်လှုပ်ချောက်ချားနေသလို ချီးမွမ်းလိုက်မိသည်။ ဤမြင်ကွင်းက သူတို့ကို စိတ်အား တက်ကြွသွားစေသည်။

သူတို့သာ ကျင့်ကြံခြင်းကို အရှိန်အဟုန်မြှင့်ရန် လိုအပ်နေကြောင်း သူတို့ သိလိုက်သည်။ သို့မဟုတ်ပါက သူတို့ ဘယ်လိုလုပ် ယဲ့ဘုရင်လက်အောက်၌ အမှုထမ်းနိုင်ပါတော့မည်နည်း။

ထိုအခိုက်တွင် လူအိုကြီးယန်သည်လည်း ထိုးနှက်ခံလိုက်ရပြီး သူ့ရင်ဘတ်၌ အပေါက်ကြီး တစ်ပေါ် ဖြစ်ပေါ် နေသည်။ သူ၏ကိုယ်ထဲမှ ယန်စွမ်းအင်သည် တစ်ခါတရံ သန်မာလာလိုက်၊ တစ်ခါတရံ အားနည်းလာလိုက်နှင့် စားပွဲပေါ်မှ ဖယောင်းတိုင်ကဲ့သို့ အချိန်မရွေး ငြိမ်းသွားတော့မည့်ပုံပင်။

ဤအဖြစ်ကို သူ လက်မခံနိုင်သလို မကျေမချမ်းလည်း ဖြစ်မိသည်။ ဤခံစားချက်ကြောင့် သူ၏မျက်နှာထားက ပို၍ တင်းမာခက်ထန်လာပြီး နောက်ဆုံး၌ မကျေမနပ် အော်ဟစ်လာ၏။

“လုံရှာ”

ဤအမှိုက်ကောင်လက်ထဲ၌ သူ သေရမည်တဲ့လား။ မည်မျှ ရှက်စရာ ကောင်းလိုက်သနည်း။ ဤသည်က သေသည်ထက် ဆိုးရွားလွန်းသော အဖြစ်ပင်။

သွေးပင်လယ်က ပိုမိုကျယ်ပြန့်လာပြီး ၎င်းထဲမှ သွေးနှင့်ရေချိုးထားသကဲ့သို့သော နတ်ဆိုးတစ်ကောင်၏ ခန္ဓာကိုယ် အပေါ်ပိုင်း ပေါ်ထွက်လာသည်။

ထိုနတ်ဆိုးသည် လူအိုကြီးယန်၏ ဦးခေါင်းကို လက်တစ်ဖက်ဖြင့် ဖမ်းချုပ်၍ ကြောက်စရာကောင်းသော မျက်လုံးများဖြင့် ကြည့်လာသည်။ လူအိုကြီးယန် ခေါ်သော နာမည်ကို သူ အလွန် မုန်းတီးပုံရသည်။

“ငါ့နာမည်က သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ကွ”

“ဂျွတ်”

ထိုအသံနှင့်အတူ လူအိုကြီးယန်၏ ဦးခေါင်းက ကွဲကြေသွားလေတော့သည်။ တစ်ချိန်တည်းမှာပင် ကျန်လုံမိသားစု ဝင်များသည် သွေးပင်လယ်၏ ဝါးမျိုခြင်း ခံရကာ နေရာမှာတင် အရည်ပျော်ကျသွားလေ၏။

သွေးပင်လယ်သည်လည်း တစ်ခါမှ မပေါ်လာဖူးသကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားသည်။ လက်ရှိတွင် လူတိုင်း တုန်လှုပ် ချောက်ချားနေပြီး ဖြစ်ပျက်သွားခဲ့သမျှကို နားလည်ရန် ခက်ခဲနေသည်။

*ဘယ်လိုလုပ် လူတစ်ယောက်က သွေးပင်လယ်ပုံစံ ပြောင်းသွားတာလဲ၊ ပြီးတော့ သွေးပင်လယ်ကနေ ဘယ်လိုလုပ် လူပြန်ဖြစ်ရတာလဲ*

*ဒါ တကယ့်ကို မိစ္ဆာနည်းလမ်းပဲ*

သတ်ဖြတ်ခြင်းနတ်ဆိုးတွင် ယဲ့ဖန်၏ ပုံစံတော်တော်များများကို သူတို့ မြင်နေရသည်။ ထိုအခိုက်တွင် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က ယဲ့ဖန်ရှေ့၌ ဒူးထောက်လာ၏။ သူ့မျက်လုံးများက စိုစွတ်နီရဲနေသည်။

“အရှင်နတ်ဆိုးဧကရာဇ်၊ ကျုပ် … ပြန်လာပါပြီ”

ယဲ့ဖန်ကြောင့်သာ မဟုတ်ပါက သူ့လက်ကျန်ဘဝတစ်လျှောက်လုံး ယခင်အတိုင်း အမှိုက်တစ်ကောင်အဖြစ် နှိပ်စက်လှောင်ပြောင်ခြင်း ခံရပေလိမ့်မည်။ သူသည် သေခြင်းထက်ဆိုးသော ဘဝ၌ နေထိုင်ရပေလိမ့်မည်။ ယခင်ကကဲ့သို့ ယဲ့ဖန်က သူ့ကို ပြန်ကယ်တင်ခဲ့လေသည်။

တစ်ဖက်လူ၏ အကြောင်းကို သူတို့ သိထားပြီးသော်လည်း ထိုသို့ သန်မာသောလူတစ်ယောက်က ယဲ့ဖန်ရှေ့ ဒူးထောက်နေသည်ကို ကြည့်ပြီး ထန်မင်လီနှင့် အခြားသူများသည် လက်တွေ့ဘဝနှင့် ကင်းကွာနေသလို ခံစားမိ နေ၏။ သို့သော် ယဲ့ဖန်က ပြုံး၍ ကြည့်နေသည်။

“သတ်ဖြတ်ခြင်း နတ်ဆိုးသခင် အမိန့်နာခံပါ”

“ဒီငယ်သား နာခံလျက်ပါ”

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်သည် သူ၏ ယခင် ဆုံးဖြတ်ချက် ပြတ်သားသော ဟန်ပန်မျိုး ပြန်ရနေပြီး သူ့မျက်နှာတွင် အေးစက် ခက်ထန်သော အကြည့်များ ပြန်ရောက်လာသည်။

“ဒီလောကမှာ ငါ မင်းကို ပထမဆုံးပေးမယ့် အမိန့်က မင်းကို နှိပ်စက်တဲ့လူတွေ အားလုံးကို ပြန်သတ်ဖို့ပဲ”

သူ့စကားကိုကြားသော် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ မျက်လုံးများက အရောင်တောက်သွားပြီး ယဲ့ဖန်ကို မော့ကြည့်လေသည်။ ထို့နောက် ဝမ်းသာအားရ ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဒီငယ်သား အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်”

….

ထိုသို့သောအချိန်၌ ကျင်းကျန်းမြို့၏ တန်ဖိုးအကြီးဆုံး ဟိုတယ်တစ်ခုအတွင်း၌ မင်္ဂလာပွဲတစ်ခု ကျင်းပလျက် ရှိသည်။ ထိုမင်္ဂလာပွဲမှာ လုံယင်ရှို့နှင့် စုန့်ကျဲရင်တို့၏ မင်္ဂလာပွဲ ဖြစ်လေသည်။

သို့သော် လက်ရှိတွင် လုံယင်ရှို့သည် မသိမသာ ကသိကအောက် ဖြစ်နေ၏။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နာရီဝက်က လူအိုကြီးယန်၏ ဖုန်းက ပိတ်ထားသည်ကို သိလိုက်ရသောကြောင့်ပင်။

သူတို့ သဘောတူထားသည့်အတိုင်းဆိုလျင် လွန်ခဲ့သော နာရီဝက်ကတည်းက လူအိုကြီးယန်က သူ့ဆီ ဖုန်းဆက်၍ သတင်းကောင်းကို ပြောပြသင့်နေပြီ ဖြစ်သည်။

လုံရှာ တစ်ရက်ရှင်နေလျင် သူ တစ်ရက် ငြိမ်းချမ်းသလို ခံစားရမည် မဟုတ်ပါ။ ထိုအမှိုက်က သူ့ဇနီးနှင့် တစ်ချိန်က ပတ်သက်မှု ရှိခဲ့သည် မဟုတ်ပါလော။

“ရှင် ဘာတွေတွေးနေတာလဲ၊ ပရိသတ်တွေ ရောက်နေပြီကို သတို့သားဖြစ်တဲ့ ရှင်က မနှုတ်ဆက်တော့ဘူးလား”

စုန့်ကျဲရင်က အနည်းငယ် မကျေနပ်ဟန်ဖြင့် ပြောလာ၏။

“လူအိုကြီးယန်က ငါ့ဆီ ဖုန်းမဆက်သေးဘူး၊ တစ်ခုခု ဖြစ်နေပြီလားတောင် မသိဘူး”

“တစ်ခုခု ဖြစ်တယ်ဟုတ်လား၊ ရှင် နောက်နေတာလား၊ အဲ့အမှိုက်ကောင်က လူအိုကြီးယန်ရဲ့ လက်ကနေ လွတ်အောင် ပြေးနိုင်မယ် ထင်နေတာလား”

စုန့်ကျဲရင်က အထင်သေးသလို ပြုံးလိုက်ပြီး သူမမျက်နှာက ဂရုမစိုက်ဟန် ပေါ်နေသည်။ လုံရှာ ယ‌နေ့ သေရလိမ့်မည်ကို သူမ သိထားပြီးသော်လည်း လုံးဝ သနား ကရုဏာစိတ် မရှိပေ။

အကြင်လင်မယား ဆိုသည်မှာ ရက်တစ်ရာမျှ အတူပေါင်းသင်းနေခဲ့လျင်ပင် အချင်းချင်း ကြင်နာနွေးထွေးစွာ နေထိုင်ကြသည်ဟု ဆိုသော်လည်း သူမက အလွန် သွေးအေးလွန်းလှသည်။

“ကဲပါ အဲ့အမှိုက်ကောင်ကို စိုးရိမ်မနေပါနဲ့၊ ဒီနေ့က ကျွန်မတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးလေ၊ သူ့ကြောင့်နဲ့ ကျွန်မကို ဝမ်းနည်းအောင် မလုပ်ပါနဲ့လား”

စုန့်ကျဲရင်က လုံယင်ရှို့အား ဖြားယောင်မှုအပြည့်ဖြင့် နမ်းလိုက်သည်။ လုံယင်ရှို့ကလည်း ခေါင်းညိတ်၍ သူမနှင့်အတူ ဧည့်သည်များကို နှုတ်ဆက်ရန် ထွက်လာလေသည်။

မကြာခင်မှာပင် သိကျွမ်းခဲ့သော လူများအားလုံး ရောက်လာပြီး လုံယင်ရှို့အား ဂုဏ်ပြုစကား ပြောဆိုကြပြီး အလွန် တလေးတစား ရှိကြသည်။ လုံယင်ရှို့ကလည်း အသာခေါင်းပြန်ညိတ်ပြ၍ ဩဇာညောင်းဟန် ပေါ်နေ၏။

“ဖျင်အန်းမြို့ရဲ့ ယဲ့ဘုရင်က စေတနာနဲ့ လက်ဆောင်တစ်ခု ပို့လာတယ်ဟေ့”

ထိုစဉ် တံခါးအပြင်မှနေ၍ ထွက်ပေါ်လာသော အော်သံကြောင့် လူလေးယောက်တို့ ထိတ်လန့်သွားကြသည်။

All Chapters