← Chapters

အခန်း ၁၂၀၀

Vol. 80 Ch. 1200

အခန်း ၁၂၀၀

Vol. 80 Ch. 1200

Chapter 1200 သူ့ညီအစ်ကိုက ယဲ့ဖန်လို့ ခေါ်တယ်

*မာနကို ပြန်အဖက်ဆယ်မယ်*

*အရှက်ခွဲခဲ့သမျှကို ပြန်ပေးမယ်*

လုံရှာ၏ စကားကို ကြားပြီးသော် လုံယင်ရှို့ မှင်တက်သွားပြီးမှ ဟားတိုက် ရယ်မောလေသည်။ သူသည်သာမက အခြား လုံမိသားစုဝင်များသည်လည်း ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ရယ်မောလာကြသည်။“ဟေ့ … ဟေ့ … မှန်မှန်ပြော ငါတို့ သခင်လေး လုံရှာရဲ့ ခေါင်းကို ဘယ်သူ ခပ်ကြမ်းကြမ်း ဆော်ထည့်လိုက်တာလဲ၊ သူ ခေါင်းချောင်သွားလို့ မဟုတ်တာတွေ လျှောက်ပြောနေပြီ”

“ငါတို့ ရိုက်နှက်တာ မလုံလောက်လို့နဲ့တူတယ်၊ သခင်လေး လုံရှာက အရိုက်ခံရဖို့ ယားနေမှတော့ ငါတို့က သူ့ကို ဂရုစိုက်ပေးရမှာပေါ့”

“ဟားဟားဟား … ငါ ရယ်ရလွန်းလို့ သေတော့မယ်၊ မာနကို ပြန်အဖက်ဆယ်မယ် ဟုတ်လား၊ မင်းမှာ မာနကော ရှိလို့လား”

“အရှက်ခွဲခဲ့တာကို ပြန်ပေးဆပ်ခိုင်းမယ် ဟုတ်လား၊ ဘာလို့လဲ၊ မင်းက အဲ့လိုလုပ်နိုင်လို့လား”

လုံမိသားစုဝင်တိုင်း၏ ပါးစပ်မှ ထေ့ငေါ့လုံးများသာ ထွက်လာပြီး အားလုံးက လုံရှာကို အူမြူးသလို ကြည့်နေကြသည်။

မင်္ဂလာပွဲသို့ တက်ရောက်လာသည့် လူများကလည်း ခေါင်းတခါခါဖြင့် လုံရှာအား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လေသည်။

လုံမိသားစု၏ မင်္ဂလာပွဲကို လာဖျက်ခြင်းက နားလည်ပေး၍ ရနိုင်သော်လည်း ယဲ့ဘုရင်အဖြစ် ဟန်ဆောင်ရဲ သည်တဲ့လား။ လုံမိသားစုက သူ့ကို ခွင့်လွှတ်ပေးလျင်တောင်မှ ထိုနတ်ဆိုးက သူ့ကို အသာထားမည် မဟုတ်ပါ။ ထိုသို့ဆိုလျင် လုံရှာ သေကိုသေရမည်ပင်။

“သူ့ညီအစ်ကိုက ယဲ့ဖန်လို့ ခေါ်တဲ့အတွက် လုပ်နိုင်တယ်”

သို့သော် ထိုအခိုက်တွင် မိုးခြိမ်းသံကဲ့သို့သော အော်သံတစ်သံနှင့်အတူ ပုံရိပ်တစ်ခုက လုံရှာဘေးသို့ ရောက်လာသည်။

ထိုသူသည် လက်ပိုက်ထားပြီး အရပ်ရှည်ကာ ခါးကိုမတ်ထားပြီး မျက်လုံးများက ငရဲမှ ဝိညာဉ်မီးအိမ် နှစ်လုံး သဖွယ် စူးရှလင်းလက်နေသဖြင့် လူအများအား ကြက်သီးထသွားစေသည်။

ခန်းမတစ်ခုလုံး အုတ်အုတ်ကြွတ်ကြွတ် ဖြစ်လာပြီး လူတိုင်း နောက်မဆုတ်ဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။ အကြောက်တရားက ကူးစက်ရောဂါသဖွယ် အားလုံးထံ ကူးစက်သွားပြီး ရယ်မောနေသော မျက်နှာထားက ကြောက်ရွံ့သော အမူအရာအဖြစ်သို့ ပြောင်းလဲသွားသည်။ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး မည်သူမျှ အသက်မရှူဝံ့တော့ချေ။

*နတ်ဆိုး ဒီရောက်လာပြီ*

*ပြီးတော့ သူက လုံမိသားစုရဲ့ အမှိုက်ကောင်ကို ကူညီနေသေးတယ်*

*ဒါ ဘယ်လိုဖြစ်ရတာလဲ*

ထိုအခါ လုံမိသားစုဝင်တိုင်း မျက်နှာ သုန်မှုန်သွားကြသည်။

*လုံရှာက သိုင်းပညာရှင်တွေကို စက္ကန့်ပိုင်းအတွင်း သတ်နိုင်တာ အံ့ဩစရာ မရှိတော့ဘူး၊ လတ်စသက်တော့ ယဲ့ဘုရင်က သူ့အနောက်ကနေ ကူညီနေတာကိုး*

“ယဲ့ဖန် နင် ဒီအမှိုက်ကောင်အတွက်နဲ့ ငါ့လုံမိသားစုရဲ့ ရန်သူ ဖြစ်တော့မလို့လား၊ နင် ဦးနှောက်ချောင် နေပြီလား”

စုန့်ကျဲရင်က ယဲ့ဖန်ကို အထင်သေးသော အမူအရာဖြင့်ကြည့်၍ မကျေမချမ်း ပြောလိုက်သည်။

ယခု သူမက လုံမိသားစုနှင့် တော်စပ်နေပြီဖြစ်သဖြင့် သောက်ရေးမပါသော ယဲ့ဘုရင်ကို လုံးဝ ဂရုမစိုက်ပါ။

“ငါ့လုံမိသားစုရဲ့ရန်သူ ဟုတ်လား၊ သူက အဲ့လိုဖြစ်ဖို့ရော ထိုက်တန်လို့လား”

လုံယင်ရှို့က ပျက်ရယ်ပြုလိုက်ပြီး အထင်သေး စက်ဆုပ်သော အကြည့်များဖြင့် ယဲ့ဖန်ကို ကြည့်နေသည်။

“ယဲ့ဖန် ဒီနေ့က ငါ့အတွက် နေ့ထူးနေ့မြတ်ပဲ၊ လုပ်စရာရှိတာ မြန်မြန်လုပ်၊ မင်းရဲ့ ခွေးတစ်ကောင်လို ငါ အသက် ချမ်းသာပေးဖို့ စဉ်းစားပေးမယ်”

“ခွေးတစ်ကောင်လို အသက်ကို ချမ်းသာပေးမယ် ဟုတ်လား”

ထိုစကားကြောင့် ယဲ့ဖန်၏ အမူအရာက တင်းမာလာပြီး ကြောက်စရာကောင်းသော အပြုံးမျိုး ပြုံးလာ၏။ ထို့နောက် မင်္ဂလာခန်းမတစ်ခုလုံး အအေးဓာတ်တစ်ခု ပျံ့လွင့်လာပြီး လူတိုင်း ခိုက်ခိုက်တုန်သွားကြသည်။ ထို့အတူ မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခုက လူတိုင်း၏ ရှေ့မှောက်၌ ဖြစ်ပေါ်လာလေသည်။

“ဖြောင်း”

လုံယင်ရှို့၏ မျက်နှာပေါ်သို့ ပြင်းထန်၍ ကျယ်လောင်သော လက်ဝါးချက် ကျရောက်လာ၏။ လုံယင်ရှို့ တစ်ယောက် ချက်ချင်း ဆယ်မီတာကျော် လွင့်ထွက်သွားပြီး နံရံအား အရှိန်ဖြင့် ဝင်ဆောင့်သွားပြီး လူပုံစံ ချိုင့်ရာ ပေါ်လာသည်။

ယဲ့ဖန်မှာမူ နေရာ၌ ရပ်မြဲအတိုင်း ရပ်နေဆဲပင်။

*လူတစ်ယောက်ကို အဝေးကနေ လှမ်းပြီး တိုက်ခိုက်နိုင်တာလား*

လူတိုင်း ကြက်သေ သေသွားကြသည်။

*ဒါ ဘာနည်းလမ်းလဲ*

*အဲ့လောက် အကွာအဝေးကနေ လုံယင်ရှို့ကို လွင့်ထွက်သွားအောင် ရိုက်နိုင်တယ်ပေါ့*

“ယဲ့ဖန် နင် သေချင်နေတာပဲ၊ အခုချက်ချင်း ဒူးထောက်ပြီး ယင်ရှို့ကို ဝပ်တွားပြီး နင့်အမှားကို တောင်းပန်စမ်း၊ မဟုတ်လို့ကတော့ နင့်ဘဝက သေတာထက် ဆိုးစေရမယ်လို့ ငါ အာမခံတယ်”

ထိုအခိုက်တွင် စုန့်ကျဲရင်၏ မျက်နှာက အလွန် သုန်မှုန်နေပြီး ယဲ့ဖန်အား အရှင်လတ်လတ် ဝါးစားချင်ပုံ ပေါက်နေသည်။

“ဖြောင်း”

သို့သော် စုန့်ကျဲရင်သည်လည်း ပါးချခံလိုက်ရပြီး လွင့်ထွက်သွားပြန်သည်။

“အရှင် နတ်ဆိုးဧကရာဇ်ကို ဒူးထောက်ခိုင်းရအောင် လုံမိသားစုက ဘာမို့လို့လဲ”

ဧည့်သည်များကြားထဲတွင် အုတ်အော်သောင်းတင်း ဖြစ်သွားပြီး လုံချန်အား မယုံနိုင်ဟန်ဖြင့် ကြည့်လာကြသည်။

ယဲ့ဘုရင်၏ ရိုက်နှက်ခြင်းကို သူတို့ လက်ခံနိုင်သော်လည်း လုံရှာကဲ့သို့သောလူက ဘယ်လိုတောင်များ ရိုက်နှက်ရဲ ရသနည်း။

ဤအဖြစ်က လူတိုင်းကို ထိတ်လန့်သွားစေပြီး အားလုံး အမြင်မှားသည်ဟုထင်ပြီး ကိုယ့်မျက်လုံးကိုယ်ပြန် ပွတ်ကာ ကြည့်မိကြသည်။

“သူတို့ကိုသတ်စမ်း၊ သူတို့ကို သတ်ကြစမ်း”

လုံယင်ရှို့ အကြီးအကျယ် မျက်နှာပျက်နေသလို မျက်နှာပုံစံကလည်း အတော်လေး ကြည့်ရဆိုးနေ၏။ လက်ရှိတွင် သူ့မျက်လုံးများက မီးဝင်းဝင်းတောက်နေပြီး ယဲ့ဖန်ကို အမုန်းကြီးမုန်းတီးကာ အရေခွံစုတ်ချင်နေမိသည်။

“မဟုတ်ဘူး၊ သူတို့ကို မသတ်နဲ့၊ သူတို့ခြေလက်တွေကို အရင်ချိုးလိုက်၊ ငါ သူတို့ကို ဖြည်းဖြည်းချင်းစီ နှိပ်စက်မယ်”

စုန့်ကျဲရင်ကလည်း မကျေမချမ်းဖြစ်သော အကြည့်များဖြင့် ဒေါသတကြီး အော်ဟစ် ပြောဆိုလာသည်။ သူမသည် လုံမိသားစုမှ ဒုသခင်လေးကတော် ဖြစ်သည်။ သို့သော် ဤအမှိုက်ကောင်များက သူမကို ရိုက်နှက်ရဲသဖြင့် သူတို့ကို လုံးဝ ခွင့်မလွှတ်ပေးနိုင်ပါ။

ယနေ့က နေ့ကောင်းနေ့မြတ် မဖြစ်နိုင်တော့ကြောင်း လူတိုင်း သတိထားမိသွားသည်။ ယဲ့ဖန်နှင့် လုံမိသားစုတွင် ယနေ့ တစ်ဖက်ဖက်မှ သေကိုသေရပေလိမ့်မည်။

ယဲ့ဖန်သည် တစ်ယောက်တည်း ဖြစ်နေသည့်အပြင် အမှိုက်ကောင်ကိုပါ ပေါင်းလိုက်လျင်တောင်မှ ကျုံးကျိုး အင်ပါယာတွင်း၌ အင်အားကြီးသော လုံမိသားစုကို တားဆီးနိုင်ပါမည်လော။

“ငါ့နေရာမှာ ဘယ်သူ ပြဿနာလာရှာရဲတာလဲကွ”

ထိုစဉ် တစ်နေရာမှ ကြိမ်းမောင်းသံ ထွက်ပေါ်လာပြီး မျက်နှာထားတင်းတင်းနှင့် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်က အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် သိုင်းပညာရှင်တစ်ဖွဲ့နှင့်အတူ လျင်မြန်စွာ လျှောက်လာ၏။ သူ့ထံမှ ပြင်းထန်သော ဖိအား အရှိန်အဝါများ ပျံ့လွင့်နေသည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားကိုကြည့်ပြီး လူတိုင်း ချောက်ချားသွားကြသည်။

“နလန်ရှောင်ပါလား”

ရောက်လာသူသည် ကျင်းကျန်းမြို့၏ မြေအောက်လောကဘုရင် ဖြစ်ပြီး လက်တစ်ဖက်တည်းနှင့် ကျင်းကျန်းမြို့ကို စိုးမိုးနိုင်သည်ဟု ဆိုသည်။

သူ့လက်အောက်၌ အင်အားကြီးသော သိုင်းပညာရှင်များစွာ ရှိပြီး ဂိုဏ်းကြီး တော်တော်များများပင် ရန်မစရဲ ကြသလို ဆေးဘုရင်တောင်ကြားတောင်မှ သတိနှင့် ဆက်ဆံရလေသည်။

ဤလူအား မျိုးဆက်တစ်ခု၏ သူရဲကောင်းဟု ခေါ်နိုင်ပေသည်။ သူတို့ သိထားသလောက်ဆိုလျင် ဤဟိုတယ် သည် နာလန်ရှောင်၏ ပိုင်ဆိုင်မှုတစ်ခု ဖြစ်ပြီး နလန်ရှောင်နှင့် လုံမိသားစုကြားရှိ ပတ်သက်မှုက တစ်မူထူးခြား ပေသည်။

“ဦးလေးနလန်”

လုံယင်ရှို့၏ မျက်လုံးများက ကယ်တင်ရှင်ကို မြင်လိုက်ရသကဲ့သို့ ဝမ်းသာတက်ကြွသွားလေသည်။

“ဦးလေးနလန်၊ ရှင် အချိန်ကိုက် ရောက်လာတာပဲ၊ မြန်မြန်လုပ်ပါဦး၊ ရှင့်လူတွေနဲ့ အဲ့မျိုးမစစ်ကောင် နှစ်ကောင်ကို အပြစ်ပေးပေးပါ”

စုန့်ကျဲရင်က အံကြိတ်၍ ဆူပူပြောဆိုလိုက်သည်။ နလန်ရှောင်က ယဲ့ဖန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အကြီးအကျယ် မျက်နှာပျက်သွားသည်။ အတော်လေး ထိတ်လန့်သွားပုံရသည်။ သို့သော် မကြာခင်မှာပင် သူ့မျက်နှာက ယခင်အတိုင်း ပြန်ဖြစ်သွားပြီး အောင့်သက်သက် ပြုံးလိုက်သည်။

“ဪ … ဒါဆိုရင် ငါ သူ့ကို ဘယ်လို အပြစ်ပေးသင့်လဲ ပြောပါဦး”

ထိုစကားကိုကြားပြီး ယဲ့ဖန်တို့နှစ်ယောက်လုံး ပွဲသိမ်းပြီဟု လူတိုင်း သိလိုက်ကြသည်။ ကြောက်စရာ ကောင်းသော လုံမိသားစုအပြင် ကျင်းကျန်းမြို့၏ မြို့ခံဖြစ်သော နလန်ရှောင်ကိုပါ ပေါင်းလိုက်လျင် ယဲ့ဖန်တို့ နှစ်ယောက်လုံး မည်သို့ အနိုင်ရနိုင်ပါမည်နည်း။

*ကျင်းကျန်းမြို့က ယဲ့ဖန်တို့နှစ်ယောက်လုံးရဲ့ သင်္ချိုင်းမြေ ဖြစ်လာတော့မှာပဲ*

“အရင်ဆုံး သူတို့ခြေလက်တွေကို ချိုးပစ်ပေးပါ၊ ပြီးရင်တော့ သူတို့ကို ကျွန်တော်တို့ လုံမိသားစုဆီ လွှဲပေးရင် ရပါတယ်”

လုံယင်ရှို့က မချိတင်ကဲ ပြုံးနေသည်။ ယဲ့ဖန်နှင့် လုံရှာတို့ကို ဒုက္ခိတဖြစ်အောင် လုပ်ပြီးလျင် သူတို့အား သေသည်ထက် ဆိုးသော ဘဝမျိုး ရှိကြောင်း သိလာအောင် သူ သေချာပေါက် လုပ်ပြမည်။

“ကောင်းပြီလေ ဒါဆိုလည်း မင်းခြေလက်တွေကို ချိုးရတာပေါ့”

နလန်ရှောင်က ခံစားချက်မဲ့စွာ ခေါင်းညိတ်လိုက်ပြီးနောက် သူ့လူများကို အချက်ပြလိုက်သည်။

“ဂျွတ်”

ခြေထောက်တစ်ချောင်း ကျိုးသွားသံ ထွက်ပေါ်လာသည်။

“အား…”

ထို့အတူ ငယ်သံပါအောင် အော်ဟစ်လိုက်သည့် အသံလည်း ထွက်လာလေသည်။ သို့သော် မြင်နေရသည့် အဖြစ်ကြောင့် လူတိုင်း မယုံနိုင် ဖြစ်သွားကြသည်။ လူတိုင်း နေရာမှာတင် ကြက်သေ သေနေကြပြီး မျက်လုံး ပြူးကျယ်လာ၏။ အဘယ်ကြောင့်ဆိုသော် ခြေထောက်ကျိုးသွားသည့်လူမှာ လုံယင်ရှို့ ဖြစ်နေသောကြောင့်ပင်။

စာစဉ် ၈၀ ဤတွင် ပြီးပါပြီ။

All Chapters