ဤကမ္ဘာကို ရှင်းပစ်ဖို့
Vol. 96 Ch. 1340
ကြယ်တာရာကောင်းကင်၏အဆုံး၊ ကောင်းကင်ဘုံ (၁) ထဲတွင် မန်ဟိုသည် ... သူ ထင်ထားသည်နှင့် တက်တက်စင် လွဲနေသော ကမ္ဘာတစ်ကမ္ဘာကို မြင်လိုက်ရ၏။ တောင်တန်းများနှင့် သက်တံ့များ၊ လွင်ပြင်များနှင့် သမုဒ္ဒရာများကို သူ မြင်လိုက်ရသည်။
ဤနေရာတွင် စိတ်ဝိညာဉ်စွမ်းအင်များက တောင်ပင်လယ်လောကထက် ဆယ်ဆကျော်များပြား၍ သိပ်သည်းနေသည်။ စိတ်ဝိညာဉ်စွမ်းအင်များသာမဟုတ်၊ အင်မော်တယ်ချီများလည်း ပေါများလျက်ရှိရာ တစ်နေရာလုံးအား နတ်ဘုံနတ်နန်းပမာ ဖြစ်နေစေတော့သည်။
စိမ်းလန်းစိုပြေသော အပင်များက မြေမျက်နှာပြင်ကို လွှမ်းခြုံထားပြီး အပြာရောင်ကောင်းကင်ကြီးတစ်ခုက မျက်စိတဆုံး စိုးမိုးလျက်ရှိသည်။ မြို့တော်များ၊ ဗိမာန်များသည် မှိုလိုပေါက်နေသော်လည်း မြေကြီးပေါ်တွင် တည်ဆောက်ထားခြင်းမဟုတ်ဘဲ လေပေါ်ဝဲနေကြခြင်းဖြစ်၏။ အင်မော်တယ်တောင်တန်းများကိုလည်း မြင်ရနိုင်ပြီး ကြယ်တံခွန်များကား မိုးနှင့်မြေကို ဆက်သွယ်ပေးထားသည့်ပမာ ထင်ရပေသည်။
ဗိမာန်အားလုံးသည် ခမ်းနားကြီးကျယ်ပြီး ဧရာမကြီးမား၏။ ၎င်းတို့က အချိန်နှင့်သမိုင်းအငွေ့အသက်များ ပြည့်နှက်လျက် ရှေးကျလေသည်။ ရုပ်တုများကို မြင်ရနိုင်ပြီး အဖိုးထိုက်ပစ္စည်းများအား နေရာတိုင်း၌ ရရှိနိုင်နေသည်။
“ဒါက ကောင်းကင်ဘုံ (၁) ဆိုတာပေါ့လေ ...” မန်ဟိုမှာ တအံ့တဩ တွေးမိလိုက်သည်။ ရုတ်တရက် သွေးအေးသောအလင်းရောင်တစ်စက သူ၏မျက်လုံးများတွင် ဖြတ်ပြေးသွားပြီး သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအား ပေါ်ထွက်လာသည်။ အပြင်အားကိုယ်ခွန်အား လိမ့်ထွက်သွားပြီး သူက စတင်ကြီးမားလာသည်။ မျက်စိတစ်မှိတ်အတွင်း သူသည် မီတာသုံးထောင် မြင့်မားသွားလေပြီ။
သူ့တွင် မိုးနှင့်မြေကို ကိုင်လှုပ်နိုင်သော တာအိုဥသျှောင်အပြင်အားကိုယ်ရှိပြီး သူ၏ခြေတစ်လှမ်းက မြေပြင်များ၊ တောင်တန်းများကို လှုပ်ခါသွားစေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအား ဖြာထွက်သွားသောအခါ ပါရာဂွန်တံတားသည် ကောင်းကင်တစ်ခွင် အရောင်အဝါများ တဖျပ်ဖျပ်လက်သွားစေသော ချေမှုန်းခြင်းဖိအားကို ထုတ်လွှတ်လျက် ထွက်ပေါ်လာ၏။
ကောင်းကင်ဘုံ (၁) ကို စောင့်ရှောက်နေသော အပြင်သူများ ရှိသော်ငြား တစ်ယောက်မှ ကျင့်ကြံခြင်းအဆင့် သိပ်မမြင့်မားကြပေ။ သူတို့အားလုံးမှာ မန်ဟို့ကို ကြည့်ရင်း လုံးလုံးလျားလျား ချောက်ချားနေကြသည်။
ထိုစဉ် အဝေးမှ ရှေးဆန်သောအသံတစ်သံက စကားပြောသည်။ “မင်းက ဘယ်သူလဲ။ ဘာလုပ်နေတာလဲ”
မြူခိုးတိမ်တိုက်များက အလိပ်လိပ်ထလာပြီး မန်ဟို့ကို စိုက်ကြည့်နေသော မျက်နှာကြီးတစ်ဖက် အသွင်ပြောင်းသွားသည်။
“ငါက တောင်ပင်လယ်လောကက မန်ဟို” မန်ဟိုက အေးအေးဆေးဆေး ဖြေသည်။ “ဒီနေ့ ဒီကမ္ဘာကို ရှင်းပစ်ဖို့ ငါ ရောက်လာတာပဲ” ထို့နောက် သူသည် လက်သီးဆုပ်၍ မြေကြီးက ထိုးချလိုက်၏။
သုတ်သင်ဖယ်ရှားစွမ်းအားလှိုင်းကြီး ဖြာဆင်းသွားသဖြင့် ထိုလက်သီးတစ်ချက်က တစ်ကမ္ဘာလုံးကို တသိမ့်သိမ့်တုန်လျက် အက်ကွဲလာစေသည်။
၎င်းက အသက်နုတ်လက်သီးမှတစ်ပါး အခြားမဟုတ်ပေ။
ထိုလက်သီးချက်၏အင်အားသည် ကောင်းကင်ဘုံ (၁) ၏ မြေပြင်များကို လှုပ်ခတ်သွားစေ၏။ စစချင်း လှုပ်ခတ်မှုသည် သိပ်မပြင်းထန်၊ ပိုးပျံကောင်လေးတစ်ကောင် သစ်ရွက်တစ်ရွက်ပေါ် ဆင်းသက်လိုက်၍ လှုပ်ခတ်သွားသလောက်သာ ရှိသည်။ သို့သော် တစ်ချိန်တည်းမှာပင် အနီးနားရှိ မြေမျက်နှာပြင်ပေါ်က သစ်ပင်ပန်းမန်အားလုံး ခြောက်သွေ့သေဆုံးကုန်ကြလေသည်။
၎င်းတို့ထံမှ အသက်ဓာတ်တို့ နှုတ်ယူခံလိုက်ရသည့်အလားပင်။ မီးခိုးရောင်လှိုင်းတစ်လုံးက မန်ဟို့လက်သီးထံမှ ဖြာထွက်သွားပြီး ၎င်းဖြတ်ကျော်သွားသည့် နေရာတိုင်းတွင် ရှိရှိသမျှအရာအားလုံး ခြောက်သွေ့ကုန်ကြသည်။
ဤသို့ဖြစ်ပျက်သောအခါ အပြင်သူများ၏မျက်နှာများ ပျက်သွားကြပြီး ရှေးမျက်နှာကြီးတွင် ထိတ်လန့်မှုတို့ ပြည့်နှက်လာသည်။ သို့သော် ၎င်း ဘာမှမပြောနိုင်ခင် မန်ဟိုက အင်္ကျီလက်စကို ခါလိုက်ရာ မြူမျက်နှာကြီး ပြိုကွဲသွားသဖြင့် ဖောင်းခနဲပေါက်ကွဲသံတစ်သံအား ကြားလိုက်ရသည်။
ယခုတွင် မန်ဟို့မျက်လုံးများသည် အေးစက်စွာ တောက်ပနေ၏။ သူ့အတွက် ဤနေရာတွင် ကျင့်ကြံသူဟူ၍မရှိ၊ တိရစ္ဆာန်များသာ ရှိသည်။ သူ ပြောနိုင်သည်အရ လူပုံစံဖန်ဆင်းထားကြသူများအပါအဝင် ဤကမ္ဘာထဲရှိ ကျင့်ကြံသူအားလုံးနီးပါးသည် ဖွတ်အိမ်မြှောင်နွယ်များသာ ဖြစ်ကြ၏။
အဆောက်အအုံများနှင့် ပတ်ဝန်းကျင်က အင်မော်တယ်ကမ္ဘာနှင့် တူသော်လည်း ထိုသို့မဟုတ်ကြောင်း မန်ဟို သိသည်။ ဤနေရာမှာ ... တိရစ္ဆာန်တစ်ကောင်၏ ဂူတစ်ဂူထက်မပိုပေ။
“မင်းတို့လိုတိရိစ္ဆာန်တွေက တောင်ပင်လယ်လောကကို အမြစ်ဖြုတ်ချင်တယ်တဲ့လား” မန်ဟိုက ခေါင်းခါပြီးနောက် သူ့ခြေထောက်အောက်ရှိ မြေပြင်ထံသို့ နောက်ထပ်လက်သီးတစ်လုံး ပစ်သွင်းပြီး သူ့လက်ကို ပြန်ရုတ်ကာ ထပ်မံပစ်သွင်းပြန်သည်။ ဒုတိယလက်သီးသည် နတ်ဆိုးလက်သီးဖြစ်၍ တတိယလက်သီးကတော့ နတ်ဘုရားသုတ်သင်ခြင်းလက်သီးဖြစ်၏။ မြေပြင်များ တုန်ခါနေစဉ် ပါရာဂွန်တံတားက လေပေါ်ဝဲနေသော မြို့တော်များ၊ ဗိမာန်များကို တုန်ရီပြိုလဲသွားစေရင်း ကျဆင်းသွားသည်။ ထို့နောက် မန်ဟို၏နတ်ဘုရားအာရုံက တစ်ကမ္ဘာလုံးအပြည့် ဖြာထွက်သွား၏။ သူ၏စိတ်ဆန္ဒကား ကမ္ဘာ၏စိတ်ဆန္ဒထက် သာလွန်၍ ကြောက်ခမန်းလိလိဖျက်စီးခြင်းစွမ်းအားကို ထုတ်လွှတ်လျက် ဖိနှိပ်နေသည်။
သူသည် သူသွားသမျှနေရာတိုင်းရှိ တောင်တန်းများကို ပြိုလဲသွားစေသော လေမုန်တိုင်းကြီးအလားပင်။ မြေပြင်များ ကျွံကျ၍ မြစ်ချောင်းတွေ နောက်ပြန်စီးကုန်သည်။ သမုဒ္ဒရာများ အော်မြည်နေပြီး ပက်ကြားအက်များသည် အက်ကွဲသံများကို ထုတ်လွှတ်လျက် ဖြာထွက်သွား၏။ မရေမတွက်နိုင်သော နဂါးများ မြေကြီးကို ထိုးဖောက်၍ လူးလွန့်သွားနေသည့်အလား တစ်ကမ္ဘာလုံး တုန်ခါနေတော့သည်။
မန်ဟိုက ရှေ့တစ်လှမ်းလှမ်းကာ လေပေါ်မြို့တစ်မြို့၏အရှေ့တွင် ပေါ်လာသည်။ သူသည် ၎င်းကို တခဏကြည့်လိုက်ပြီး သူ့မျက်လုံးများတွင် ခိုင်မာပြတ်သားမှုတို့ ဖြတ်ပြေးသွားသည်။ ယခုအချိန်သည် သနားကြင်နာရမည့်အချိန်မဟုတ်ပေ။ သူ့မျက်ဝန်းထဲတွင် တောင်ပင်လယ်လောကအတွင်းရှိ ပျက်စီးနေသောဂြိုဟ်များနှင့် သေမျိုးများကိုပင် အသက်ချမ်းသာမပေးဘဲ ကောက်ကျစ်စွာ ရယ်မောနေကြသော အပြင်သူများကို ပြန်မြင်ယောင်လာသည်။
“ဘယ်လောက်မိုက်ရိုင်းလိုက်သလဲ။ အေး မင်းတို့က တကယ်လည်း တိရိစ္ဆာန်တွေသာသာပါပဲ” သူ၏ညာလက်က လက်သီးဆုပ်၍ ထိုးချလိုက်သည်။ ဧရာမမြို့ကြီးတစ်မြို့လုံး ပျက်စီးသွားသဖြင့် သွေးပျက်စွာအော်သံများနှင့်အတူ တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်သွားသည်။
ကောင်းကင်ဘုံ (၁) အတွင်းရှိ အပြင်သူအားလုံးမှာ ဖွတ်အိမ်မြှောင်များ ဖြစ်ကြောင်း မန်ဟို့နတ်ဘုရားအာရုံက အတည်ပြုပေးခဲ့ပြီးလေပြီ။ ထိုမျှသာမက ၎င်းတို့သည် သေမျိုးလူသားများကဲ့သို့ ကျင့်ကြံခြင်းအခြေခံမရှိဘဲ မနေ။ မွေးကတည်းက ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ပိုင်ဆိုင်ထားပြီးဖြစ်၏။
ထိုအကြောင်းကြောင့် ၎င်းတို့ကို မျိုးဖြုတ်မလား၊ မျိုးမဖြုတ်ဘူးလား မေးခွန်းထုတ်စရာမလိုပေ။
သူက ခြေတစ်လှမ်းတစ်လှမ်းလိုက်ပြီး မြင်မြင်သမျှအရာအားလုံးကို သုတ်သင်နေသည်။ အသက်ဓာတ်တို့ ထပ်မံစုပ်ယူခံလိုက်ရ၍ သေခြင်းအငွေ့အသက်များ နေရာတိုင်းတွင် ပျံ့နှံ့နေသဖြင့် မြေပြင်မှာ မီးခိုးရောင်သမ်းနေတော့သည်။
တဖြေးဖြေး မန်ဟိုသည် မြေကြီး၏အတွင်းထဲမှ လာနေသည့် ဟိန်းဟောက်သံတစ်သံကို ခံစားလိုက်ရသည်။ ၎င်းက အပြင်သူတစ်ယောက်ထံမှ လာခြင်းမဟုတ်၊ ကမ္ဘာ၏စိတ်ဆန္ဒထံမှ လာနေခြင်းပင်။
၎င်းက အရာအားလုံးကို သတ်ပစ်ဖို့ သူ စိတ်ပိုင်းဖြတ်ထားသည်ကို ခံစားရသည့်အတွက်ကြောင့်လည်း သူ့ထံသို့ ပြစ်ဒဏ်မိုးကြိုးအား စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ယခုတွင် သူကိုယ်တိုင် ဤနေရာသို့ ရောက်လာခဲ့ပြီဖြစ်၍ ၎င်းက သူ့ကို နှင်ထုတ်ဖို့ အစွမ်းကုန်ကြိုးစားနေလေသည်။
နှင်ထုတ်ခြင်းအားက အားကောင်းလာသည့်တိုင် မန်ဟိုကတော့ ‘ဖုတ်လေတဲ့ ငါးပိ၊ ရှိတယ်ဟုပင် မထင်’။
တာအိုဥသျှောင်အဆင့်အပြင်အားကိုယ်၊ ပါရာဂွန်အဆင့်၏ရှစ်ဆယ်ရာခိုင်နှုန်းမျှ အစွမ်းထက်သော နတ်ဘုရားအာရုံ၊ လောကပါလတာအိုအင်မော်တယ်တစ်ဦး၏ ကျင့်ကြံခြင်းအဆင့်ဖြင့် သူသည် ၎င်းကို မုချပြန်တိုက်ခိုက်နိုင်၏။
မြို့တော်များ ပြိုကျ၍ ရုပ်တုများ ဖျက်စီးခံနေရသဖြင့် ထစ်ချုန်းသံများ ဆူညံနေသည်။ မရေမတွက်နိုင်သော အပြင်သူများမှာ အကြွေးခွံများ ပေါက်ကွဲ၍ သေဆုံးကုန်ကြသည်။ မန်ဟိုကား သွားသမျှနေရာတိုင်းတွင် သေဘေးဆိုက်စေသော သေမင်းကြီးအလားပင်။
ရုတ်တရက် ဟိန်းဟောက်သံတစ်သံ ပဲ့တင်ထပ်လာသည်။ အသံလာရာကား စောစောက အဘိုးကြီးတစ်ဦး၏မျက်နှာအဖြစ် ဖန်ဆင်းခဲ့သော အရာမှတစ်ပါးမဟုတ်ပေ။ ယခုတွင် ၎င်းသည် အဝေးမှ မန်ဟို့ထံ ပြေးဝင်လာနေသော ဧရာမရှေးဟောင်းအိမ်မြှောင်ကြီးတစ်ကောင်အသွင် ယူထား၏။ အနှစ်သာရ ၅ ခုအဆင့် ကျင့်ကြံခြင်းအခြေခံလှိုင်းများ ဖြာထွက်လာသည့်တိုင် ၎င်း အနားပင်ကပ်မလာနိုင်ခင် မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်ရာ အိမ်မြှောင်ကြီးမှာ ပါးစပ်မှ သွေးများပန်းထွက်လျက် လေလယ်တွင် တုံ့ခနဲ ရပ်သွားတော့သည်။ မန်ဟိုသည် ၎င်းအနားရောက်လာမည်ကိုပင် မစောင့်ဘဲ လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။
ရှေးဟောင်းအိမ်မြှောင်ကြီးအား ဖောင်းခနဲ ပျက်စီးသွားလေပြီ။
ကမ္ဘာ၏နေရာအနှံ့အပြားမှာ အော်ဟစ်ငိုယိုသံများ ကြားနေရသည်။ ကျိန်ဆဲသံများနှင့်အတူ အသနားခံသံများ ဆူညံနေသည်။
မန်ဟိုက ကောင်းကင်နှင့်မြေကြီးကို ကြည့်ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းရင်း နတ်မီးတောက်အား ထုတ်လွှတ်လိုက်သည်။ “မင်းတို့က ငါတို့ကို ဖိနှိပ်ခဲ့တယ်။ ချုပ်နှောင်ခဲ့တယ်။ ကျုးကျော်ခဲ့တယ်။ မင်းတို့ အပြစ်တင်ချင်သပဆိုရင်တော့ ... မိုးနှင့်မြေကို ရက်စက်တဲ့အတွက် အပြစ်တင်၊ ဘဝကို မမျှတတဲ့အတွက် အပြစ်တင်”
နတ်မီးတောက်ဖြတ်သွားသမျှ နေရာတိုင်းတွင် ပျက်စီးခြင်းစွမ်းအားက အရာအားလုံးကို မီးလောင်တိုက်သွင်းပစ်နေသည်။
သွေးမိစ္ဆာကြီးက ဟိန်းဟောက်လိုက်ပြီး ၎င်းသွားသည့်နေရာတွင်း ဖွတ်အိမ်မြှောင်များ၏ အော်ဟစ်သံများ ပဲ့တင်ထပ်သွားတတ်သည်။
တောင်တန်းမြစ်ချောင်းများ ပြောင်းပြန်လန်ကုန်သည်။ ကောင်းကင်ကြီး ကြေမွလာသည်။ မရေမတွက်နိုင်သော အဆောက်အအုံများ၊ မြို့များ ပြိုကွဲလွင့်စင်သွားသည်။ မြေပြင်တစ်လျှောက် ပြေးလွှားလျက် အရာအားလုံးကို တုန်ရီပြိုကျသွားစေသော အကွဲကြောင်းများ ပိုမိုများပြားလာသည်။
ကောင်းကင်ဘုံ (၁) ၏ တည်နေရာမှကြည့်လျှင် ဖြစ်ပျက်နေသောအရာမှာ သိပ်မထင်ရှားပေ။ သို့သော် အောက်ရှိ တောင်ပင်လယ်လောကမှ ကြည့်လျှင်တော့ သိသာ၏။
တောင်ပင်လယ်လောကသား ကျင့်ကြံသူတိုင်း ကြယ်တာရာကောင်းကင်ကို စိုးမိုးထားခဲ့သည့် ကောင်းကင်ဘုံ (၁) ကို မော့ကြည့်နိုင်ကြပြီး ပဲ့တင်နေသော ပေါက်ကွဲသံများကို ကြားကြရသည်။ လွင့်စင်နေသော ဖုန်သဲပြာမှုန်များကို မြင်ကြရသည်။ အမှန်တွင် ကျောက်တုံးအစအနများပင် အောက်သို့ကျဆင်းလာလေသည်။
အုန်းခနဲ တစ်ချက်မြည်တိုင်း မြေပြင်များ တုန်ခါသွားသည်။ အပိုင်းပိုင်းပြိုကျလာ၍ မြေပြင်အနေအထားမှာ စတင်ပုံပျက်လာတော့သည်။ ပက်ကြားအက်များ ဖုံးလွှမ်းနေပြီး တချို့နေရာများထံမှ ဂြိုဟ်သိမ်များလောက် ကြီးမားသော မြေလွှာကြီးများ ပြုတ်ကျလာသည်။
“ကောင်းကင်ဘုံ (၁) ပြိုကျလာတော့မယ်”
“တကယ် ... တကယ်ကြီး ဖျက်စီးခံရတော့မှာပဲ”
“မန်ဟို သူပဲ”
“သူက ကောင်းကင်ဘုံ (၁) ကို အပြီးဖျက်စီးပစ်မယ့် ရည်ရွယ်ချက်နဲ့ တိုက်ခိုက်နေတာ”
“တောင်ပင်လယ်လောကသားကျင့်ကြံသူတို့ မသေမချင်း တိုက်” တောင်ပင်လယ်လောက၏ ကျင့်ကြံသူများသည် ရူးမိုက်လာကြပြီး သူတို့၏မျက်ဝန်းများတွင် စိတ်ပိုင်းဖြတ်ထားမှုတို့ တောက်ပနေ၏။ သူတို့၏အားတက်သရော ကြွေးကြော်သံများ၊ သူတို့၏ အသတ်အဖြတ်စိတ်ဆန္ဒနှင့် သူတို့၏တိုက်ခိုက်လိုစိတ်က ကောင်းကင်ဘုံများကို မှေးမှိန်လာစေသည်။
အပြင်သူများမှာ သူတို့၏အိမ် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲနေသည်ကို မြင်နေရသဖြင့် ထိတ်လန့်တုန်ရီလာကြသည်။ ရုတ်တရက်ဆိုသလို သူတို့၏အတိုက်အခိုက်စိတ်ဆန္ဒနေရာတွင် အကြောက်တရားတို့ အစားထိုးဝင်ရောက်သွားလေပြီ။
တစ်ဖက်က အားတက်ပြီး တစ်ဖက်က စိတ်ဓာတ်ကျသွားသည်။ ချက်ချင်းဆိုသလို ဟန်ချက်က ပြောင်းပြန်ဖြစ်သွား၏။
တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်း၏ ကျင့်ကြံသူများ ရဲစွမ်းသတ္တိအပြည့်ဖြင့် အားကြိုးမာန်တက် စတင်တိုက်ခိုက်ကြသဖြင့် တိုက်သံခိုက်သံများ ကျယ်လောင်စွာ ပဲ့တင်ထပ်လာသည်။
အင်ပါယာသခင်က ဟိန်းဟောက်သည်။ ပါရာဂွန်က ဒေါသူပုန်ထနေပြီး တာအိုဥသျှောင်မှာတော့ သွေးရူးသွေးတန်း ဖြစ်နေသည်။ သို့ထိတိုင် ဖြစ်ပျက်နေသောအရာကို သူတို့မတားနိုင်ပေ။
ကောင်းကင်ဘုံကား ပြိုကျနေပြီ။
မြေပြင်ကား အက်ကွဲနေပြီ။
တောင်ပင်လယ်လောကသားကျင့်ကြံသူများ၏ စိတ်ဓာတ်အားမာန်သည် မြင့်တက်လာနေ၏။ သူတို့နှလုံးသားထဲရှိ ယုံကြည်ချက်မီးစ မငြိမ်းသေသွားအောင် မန်ဟိုက မီးညှိပေးခဲ့ပြီး ယခုတွင် ထိုမီးစမှာ တောက်ပစွာ လောင်ကျွမ်းနေလေပြီ။
အဋ္ဌမတောင်ပင်လယ်တွင် မှီခိုရာဂိုဏ်းချုပ်သည် အပြင်သူကျင့်ကြံသူအလောင်းများ တောင်လိုပုံနေသော စစ်မြေပြင်တစ်ခုထက်တွင် ပျံဝဲနေ၏။ သူက ကောင်းကင်ဘုံ (၁) ဖြစ်သော မြေထုကြီးကို မော့ကြည့်နေလေသည်။
တခဏတိတ်ဆိတ်နေပြီးနောက် သူက ကျယ်လောင်စွာ အော်ရယ်သည်။
“ဒါမှ ငါ့ဂိုဏ်းသားကွ၊ ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူ မန်ဟို၊ မယုံနိုင်စရာပဲ
“ငါဟာ တခြားသူရဲ့စီးတော်လိပ် မဖြစ်ချင်လို့ ၊ အချုပ်နှောင်မခံချင်လို့ နှစ်ပေါင်းများစွာ မင်းဆီကနေ ထွက်ပြေးနေခဲ့တယ်။ ဒါပေမဲ့ အခုတော့ ခွေးသူတောင်းစားလေးရေ မင်းလုပ်ခဲ့တဲ့အရာ၊ မင်းပြောခဲ့တဲ့စကားက ငါ့ကို သဘောကျသွားစေခဲ့ပြီ....
“အခုကစပြီး ငါ မန်ဟိုရဲ့ စီးတော်လိပ် လုပ်ပေးမယ်
“ငါ ဂိုဏ်းချုပ် ရာနှုန်းပြည့်ဆန္ဒရှိသလို ... ဘယ်တော့မှ နောင်တရမှာလည်း မဟုတ်ဘူး” မှီခိုရာဂိုဏ်းချုပ်သည် ခေါင်းနောက်လှန်၍ ဟိန်းဟောက်ပြီးနောက် ကြယ်တာရာကောင်းကင်သို့ ပျံတက်သွား၏။ ယခုတွင် မန်ဟို၏စီးတော်လိပ် လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်၍ ရှေးဟောင်းသဘောတူညီချက်ကို ဖြည့်ဆည်းပေးပေမည်။ သူသည် တွန့်ဆုတ်ခြင်းမရှိဘဲ ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူ၏ တာအိုစောင့်ရှောက်သူ လုပ်ပေးမည်။ ထို့ကြောင့် မန်ဟို့ကို သွားတွေ့ဖို့ လေပေါ် ပျံတက်လိုက်၏။
ဂူယွိတင်းစန်းယွီသည် ဝမ်းသာကြည်နူးစွာ ရယ်ရင်း မှီခိုရာဂိုဏ်းချုပ်၏ ခေါင်းပေါ်တွင် ထိုင်နေ၏။ ယနေ့ကို သူမ စောင့်နေခဲ့ရသည်မှာ အလွန့်အလွန် ကြာခဲ့လေပြီ....
တစ်ချိန်တည်းမှာပင် မှီခိုရာဂိုဏ်းချုပ်၏ ကျောပေါ်က တာ့ချင်းတောင်ထိပ်တွင် ကြယ်တာရာကောင်းကင်ကို မော့ကြည့်လျက် သက်လတ်ပိုင်းလူတစ်ယောက် ရပ်နေသည်ကို မြင်ရနိုင်သည်။ သူသည် သူ့အကြည့်၏ရက်စက်ကြမ်းကြုတ်မှုကို ဖိနှိပ်နေ၏။ မဟုတ်လျှင် အင်မတန်တုန်လှုပ်စရာကောင်းနေလိမ့်မည်။
သူသည် တာအိုနယ်ပယ်၏အငွေ့အသက်ကိုသော်လည်းကောင်း၊ ရှေးဟောင်းနယ်ပယ်၏အငွေ့အသက်ကိုသော်လည်းကောင်း ထုတ်လွှတ်မနေပေ။ သူသည် အင်မော်တယ်တစ်ဦးမဟုတ်သလို၊ ဝိညာဉ်တစ်ကောင်လည်းမဟုတ်။ အမှန်တွင် မည်သည့်ကျင့်ကြံခြင်းအခြေခံမှ မရှိသော သေမျိုးတစ်ယောက်နှင့် တူနေ၏။
သို့ထိတိုင် သူသည် မယုံနိုင်လောက်အောင် အန္တရာယ်များပုံလည်း ရနေသည်။
အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ထိုသက်လတ်ပိုင်းလူကား တုန်းဟူမှတစ်ပါး အခြားမဟုတ်ပေ။
“ငါ တုန်းဟူမှာ ငါ့တစ်ဘဝလုံး ဒီရတနာကို စောင့်ရှောက်နေခဲ့တယ်။ ငါနဲ့ ကံမပါဘူးဆိုတော့ တခြားတစ်ယောက်အတွက် ပြင်ဆင်ပေးထားခဲ့သလို ဖြစ်သွားပြီပေါ့လေ။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါ အဲဒါကို နားလည်ခဲ့ပေမယ့် အခုတော့ ရတနာစောင့်ဝိညာဉ် ဖြစ်လာခဲ့ပြီ .... ဒါပေမယ့် အဲဒါက တကယ်ပဲ အရေးပါရဲ့လား”
ဟိုးအစတုန်းက ရှုချင် မှီခိုရာဂိုဏ်းကို ခေါ်လာခဲ့သည့် ကောင်လေးလေးယောက် ရှိခဲ့သည်။
မန်ဟို၊ ဝမ်ယိုချိုင်၊ ဖက်တီး နှင့် တုန်းဟူ။
သူတို့အားလုံး ခွဲခွာပြီးနောက် ရှုချင်သည် ဘဝပြန်ဝင်စားသံသရာသို့ ဝင်ရောက်ခဲ့ရ၏။ ဝမ်ယိုချိုင်က အဆုံးမဲ့ဉာဏ်အလင်းကို ရရှိဖို့ မျက်စိကန်းခံခဲ့သည်။ ဖက်တီးကတော့ မိန်းမများနှင့် ကိုယ်လုပ်တော်များ လက်ချိုးရေမရအောင် ရရှိခဲ့သည်။ မန်ဟိုကမူ တဟုန်ထိုး ထင်ရှားကျော်ကြားလာခဲ့သည်။
ဤအခိုက်အတန့်တွင် မှီခိုရာဂိုဏ်းချုပ်၏ ကျောပေါ်က တာ့ချင်းတောင်ပေါ်တွင် ရပ်နေသော တုန်းဟူသည် ကြယ်တာရာကောင်းကင်သို့ ပျံတက်သွား၏။